Thursday, February 18, 2016

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) – သမိုင်းထဲမှာ ချန်ထားခဲ့လို့မရသူ

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆ River of No return ဒီသီချင်းစာသား လေးကို သီဆိုသံ ကြားခဲ့ဖူးသည်။ ကြားခဲ့သည့်နေရာက နရသိန်နေ့ရက်များထဲက ကေတုမတီ မှာဖြစ်သည်။ သီဆိုသူမှာ အဘဦးတင်အေးလေးဖြစ်သည်။ အဘဦးတင်အေးလေးဟု ပြောရခြင်းက ဦးတင်အေး နှစ်ယောက်ရှိ၍ ပြောရခြင်းဖြစ်သည်။ ဦးတင်အေးနှစ်ယောက် အမှုတွဲ။ အဖေနာမည်ကအစ ခပ်ဆင်ဆင် ။အင်းစိန်ထောင်ထဲ တုန်းက ထောင်ဝင်စာ လူမှားခေါ်တာ ကြုံဖူးသည်ဟုဆိုသည်။ ဦးတင်အေးတယောက်ကို မြို့မဦးတင်အေးဟု လူသိများ ကြသည်။ သူ့ကိုတော့ ဦးတင်အေးလေး ဟုသိကြမည်ထင်သည်။ သူတို့က ကျောင်းသားလှုပ်ရှားမှူသမိုင်းထဲ သူပါဝင်ခဲ့သော အခန်းကဏ္ဌ ကိုပြောပြမိလို့ ထောင်အကျခံကြရခြင်းဖြစ်သည်။ သူ့ခေတ်သူ့အခါက ကျောင်းသားအဖွဲ့ အစည်းများမှာ ယနေ့ ခေတ်လို မဟုတ်။ တရားဝင် ရပ်တည်၍ရသော အနေထားဖြစ်သည်။ သူနှင့်အတူ သူ့အမှူတွဲ ရှေ့နေကြီး ဦးခင်မောင်ငြိမ်း တို့ တခန်းတည်းနေကြသည်။ အဘဦးတင်အေး တို့နှင့် တောင်ငူ ထောင်ကို အတူတူပြောင်းခဲ့ကြရသည့်အထဲတွင် ကျောင်းသားလူငယ်များက အများစု။ ဒီစာကိုရေးမည်လုပ်တော့ စာသင်ခန်း တံခါးများ ပိတ်လိုက်ခြင်းသည် ထောင်တံခါးများကို ဖွင့်လိုက်ခြင်းပင် ဖြစ်သည်ဟူသော အယူအဆဖြင့် ဟောပြောခဲ့သော ဆရာကြီးဦးအောင်သင်း၏ စကားကို ကြားယောင် လာသည်။ ပညာ ရေးခရီးကို ရပ်တန့်ရင်း ခေတ်စနစ်၏ ဘဝရှေ့တဲ့တဲ့ ရင်ဆိုင်တိုးလာသည့် ကြုံတွေ့ရသော အခြေနေကို မျက်နှာမလွှဲနှိုင်ကြသော လူငယ်လေးများမှာ သူတို့ လှုပ်ရှားမှုကြောင့် တိုင်းပြည်အတွင် တစုံတခု အပြောင်းအလွှဲ အရွေ့တခု ဖြစ်ရေး တခုတည်းသာ ရင်ဝယ်ထားပြီး ရပ်တန့်နေသော သမိုင်းလမ်းကြောင်းပိတ်ဆို့နေသော ကျောက်တုံးကြီးကိုဝိုင်းတွန်းခဲ့ကြခြင်းဖြစ်သည်။ သူတို့ အခုတော့ပညာ တပိုင်းတစဖြင့် သော့အလုံပိတ် နံရံလေးဘက်ကြား အချိန်တွေကို အဟောသိကံ အဖြစ် ဖန်တီးနေရသည်။ သူတို့ အတွက် အလဟဿ ဖြစ်နေသော နေ့ရက်များကို တန်ဖိုးရှိရှိဖြစ်အောင် ပြောင်းလဲပေးခဲ့သူတဦး ပေါ်ပေါက်ခဲ့သည်ဟု ဆိုလျှင် ထိုတဦးသည် အဘဦးတင်အေးလေးပင်ဖြစ်သည်။ ကျောင်းသားတို့အတွက် လိုအပ်သည်မှာ စာသင်ကြားရေးဖြစ် သည်။ အဘစာသင်ပေးမည်ဟု အားလုံးကို အသိပေးလိုက်တော့ ထောင်ပြောင်းလာသူများကော ထောင်ငူထောင်တွင် ရောက် နှင့် နေကြသူများပါ ဆာလောင်နေသော စိတ်အဆာနှင့် တကယ့်လိုအပ်ချက်ကို ရတော့မည်ဟု အားရဝမ်းသာ ဖြစ်ကြ သည်။ အဘဦးတင်အေးလေးသည် မန္တလေးမြို့မကျောင်းထွက်ဖြစ်သည်။ မြို့မကျောင်းထွက်ဆိုကတည်းက ဆရာကြီး ဦးရာဇတ်ကို ပြေး မြင်ကြလိမ့်မည်။ ဟုတ်သည်။ အဘဦးတင်အေးလေးသည် ဆရာကြီးဦးရာဇတ်၏ တပည့်အရင်းဖြစ်သည်။ အမျိုးသား ကျောင်းထွက်တယောက်၏ အင်္ဂလိပ်စာစွမ်းရည်ကို အဘဦးတင်အေးကိုကြည့်ပြီးခန့်မှန်းနှိုင်မည်ထင်သည်။ သူတို့ခေတ်က ကျောင်းမှာ အင်္ဂလိပ်စကားပြောအတွက် သင်ကြားပုံကိုလည်းအဘ မကြာခဏပြောပြတတ်သည်။ မြန်မာစကားပြောမိလျှင် ဒဏ်ပေးပုံကို အဘမကြာခဏ ပြန်ပြန်ပြောပြရင်း ငယ်ဘဝကို အားရပါးရ နှစ်လိုသော စကားတို့ အဘပြောပြခဲ့သည်။ စကား အပြောတွင် ဘိုလို မပြောမိသူသည် ကျောင်းဝင်းတခုလုံးကိုခတ်သော သော့တွဲကြီးကို လွယ်ရသည်။ ထိုသော့တွဲလွယ်ထားသူ သည် တကျောင်းလုံးလှည့်ပတ်သွားရင်း မြန်မာစကားဖြင့် စကားပြောမည့်သူကို လိုက်ရှာရသည်။ ဘိုလိုမပြောပဲ မြန်မာစကား ပြောသူတဦးတွေ့က မိမိပွေ့ယူထားသောသော့တွဲကို ထိုမြန်မာ စကားပြောသူထံ You speak in Burmese. Take the Lock.ဟူပြောပြီး ရော့ အင့်ဟု ထိုးထည့်ပြီး မှ သူပြစ်ဒဏ်မှ လွတ်သည်။ ညနေ ကျောင်းဆင်းချိန်မှာ သော့လက်ထဲရှိတဲ့သူကို ကျောင်းအုပ်ဆရာကြီး ဦးရာဇတ် ရုံးခန်းသို့ သတင်းပို့ရန်ကျောင်းစောင့်ကြီးကလိုက်အော်သည်။ The student who has the lock report to the headmaster office. ထိုသော့နောက်ဆုံးရထားသော ကျောင်းသား က ကျောင်းအုပ်ကြီးရုံးခန်းသွားပြီး သော့ကိုအပ်ရသည်။ ထိုကျောင်းသားကို ဆရာကြီးက အပြစ်ပေးသည်။ ပြီးနောက် တကျောင်းလုံးကို ဆရာကြီးက မင်းတို့ကို အင်္ဂလိပ်စာ သင်ခိုင်း ပြောခိုင်းနေတာ အင်္ဂလိပ်ကို ချစ်လွန်းလို့ လုပ်နေတယ် လို့ မထင်လိုက်ကြနဲ့။ ငါတို့ တနိုင်ငံလုံးကိုကျွန်ပြုထားတဲ့ ဒီအင်္ဂလိပ်တွေလက်ကလွတ်ချင်ရင် သူတို့စာ သူတို့ စကားကို တတ်ထားမှ သူတို့နှင့်ယှဉ်ပြိုင်နိုင်မယ်ဟု ညနေတိုင်း ဆုံးမသည်ကိုလည်း အဘက ကြုံတိုင်း ပြောပြတတ်သည်။ ထိုသည်ပင် အဘအတွက် အပျော်နှင့် ရောမွှေထား သော ပညာရေး ခရီးမှ အမှတ်ရစရာဖြစ်နေသည်။ သူငယ်စဉ်က အင်္ဂလန်နိုင်ငံကို သွားရောက်ရပုံကိုလည်း အဘပြောပြဘူးသည်။ အင်္ဂလိပ် အင်ပါယာ အတွင်းရှိ ကျောင်းသား လေးများကို တနိုင်ငံနှင့်တနိုင်ငံ အလည်ပို့လွှတ်ခြင်းမှာ အချင်းချင်း ချစ်ကြည်ရင်းနှီးရေး အတွက် အကောင်းဆုံး သော လုပ်ဆောင်ချက် အဖြစ် နားလည်လိုက်ရသည်။ ထို ပုံစံမျိုး ယနေ့ခေတ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု အသားကုန် အော်ဟစ်နေမည့်အစား ခလေးဘဝထဲကပင် တပြည်နယ်နှင့်တပြည်နယ် နားလည်မှူပိုမိုရအောင် လုပ်ဆောင်လို့ ရသော အလုပ်တခုအဖြစ် သဘောပေါက်ခဲ့သည်။ (ဒီနေရာမှာစကားစပ်လို့ မိမိ ဥရောပမှာနေတုန်းက ဥရောပ နိုင်ငံအချင်းချင်း ကျောင်းသားများ အပြန်အလှန် လည်းပတ်ကြ သော အဖြစ်နှင့်အမေရိကမှာလည်း တပြည်နယ်နှင့်တပြည်နယ် အပြန်အလှန်ခရီးများ ရှိကြောင်း သိခဲ့ရသည်။) အဘငယ်စဉ်က လည်ပတ်ခဲ့ရသော အကြောင်းနှင့်တည်းခိုခဲ့ရသော အိမ်မှ အမှတ်ရစရာများကို အသက်အရွယ် ရင့်ရော်တဲ့ အထိ စွဲစွဲမြဲမြဲရှိတုန်း။ မှတ်ဥာဏ် သိုလှောင်ခန်းထဲ မပျက်မစီး သိမ်းဆည်းထားတုန်း ။ဘယ်လောက်တန်ဖိုး ရှိသည် ဆိုတာ ခန့်မှန်းလို့ရမည်ထင်သည်။ ငယ်စဉ်ထဲက သံယောဇဉ်တရားနှင့် မှတ်ဥာဏ်အခန်းထဲ ထည့်သိမ်းစ ပြင်ပ အကြောင်း အရာဖြစ် သည်။ အဘ လည်ပတ်စဉ်က ယခု ဘုရင်မကြီး မှာ သူတို့အရွယ် မတိမ်းမယိမ်း ဆိုတာကိုလည်းအဘ ပြောပြ ဘူးသည်။ အတွေ့အကြုံ များပြားစွာရှိသူတို့နှင့်အတူတူ နေထိုင်ရခိုက် သူတို့ အတွေ့အကြုံကို ကြားနာရခြင်းသည် တကယ့်သက်ရှိ စာအုပ်ကြီးကို ကိုယ့်ရှေ့ လာချပေးသလို ပင်ဖြစ်သည်။ အဘမိသားစု အတွင်း ရာထူးအရာခံကြီးသော မွေးချင်းများသာဖြစ်ကြသည်။ အဘတယောက်သာ ဝန်ထမ်းမဟုတ် သူ။ အဘမှာ ကျန်ညီအကိုများနှင့် ကွဲလွဲစွာ ခေတ်အဆက်ဆက် အစိုးရဆန့်ကျင်သူ ဖြစ်သည်။ ကျောင်းသားဘဝက သူတို့ခေတ် ထောင်အကြောင်းကို ပြောပြမှ ကိုယ်တွေကြားဖူးနေသော ဘီကလပ်ဆိုသော ထောင်ထဲကစနစ်ကို သေချာ သိရသည်။ ထောင်မှအထွက် ဘီကလပ် အခွင့်အရေးမှရသော ထောပတ် ပေါင်မုန့်တို့ကို အပြင်အထိယူ၍ ဗကသ ရုံးမှာ လာသမျှလူစားရန် ထားပေးသည်ဟု အဘကပြောပြသည်။ အဘက ဘီကလပ်တွင် ထောင်ကျဘူးသော ကိုယ်တွေ၏ သမိုင်းသက်သေ လူသားတဦးဖြစ်နေသည်။ အင်္ဂလိပ်စာကျွမ်းကျင်သော အဘ၏အလုပ်သည် တတ်ထားသော ပညာနှင့်လိုက်ဖက်ညီစွာ ရခဲ့သည်ဟု ဆိုရမည်။ သူ့အလုပ် က ဆိုဗီယက်သံရုံတွင် ဘာသာပြန်ရသောအလုပ်ဖြစ်သည်။ အဘ ဘာတွေဘာသာပြန်ရလဲဟုမေးသောအခါ နေ့စဉ်သတင်းစာ တွေထဲက သတင်းတွေကို ဘာသာပြန်ပေးရတယ်ဟု အဘကပြောသည်။ အဘ က မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ကိုအတော်ကျွမ်းကျင်သည်။ တောင်ငူထောင်တွင် ရောက်နှင့်နေပြီးသော သတင်းစာဆရာ ဦးအုန်းကြိုင်သည် အောင်ဝင့်ကလောင်အမည်ဖြင့်တချိန်က ဗိုလ်တထောင်သတင်းစာ မှာ တနင်္ဂနွေနေ့တိုင်း နိုင်ငံတကာဆောင်းပါးများရေးသားသူဖြစ်သည်။ သူရေးသော ဆောင်းပါး များကို လူအများ သဘော ကျ နှစ်ခြိုက်ကြသည်။ ထိုသတင်းစာ ဆရာကြီးကပင် အဘ၏ ဘာသာပြန်ချက်များကို အားကျကြောင်းနှင့် သူ အဘ ဆီမှ ထိုပညာရပ်ကို သင်ကြားလိုကြောင်းပြောကြားသည်ကို တွေ့ရသည်။ ထောင်ထဲမှာ ရေးဖြစ်သောဝတ္ထုတိုလေးကို ဖတ်ရန် အဘဆီသွားပေးထားသည်။ နောက်တနေ့တွင်ထို ဝတ္ထုတိုလေးကို ဘာသာပြန်ပြီး ဖြစ်နေသည်။ မကြာခန ဦးဇင်း လုပ်လေနောက်တပုဒ်လောက် ဟုမကြာခဏ စာရေးဖို့ အဘတိုက်တွန်းသည်။ သူဖတ်ဖို့ထက် ဘာသာပြန်ဖို့ ဖြစ်မည်ထင်သည်။ အဘနှင့် မိမိပိုရင်းနှီးတာ နောက်တချက်ရှိသေးသည်။ “ အဘ အိမ်ထောင်ကျ ဘူးတယ်” မိမိက အဘကိုတကိုယ်တည်း လူလွတ်ဟု အစကထင်ထားခဲ့သည်။ “ဟဲဟဲ … ဘုန်းကြီးတို့ ဒိုက်ဦးသူဗျ ” အဘ သူ့ဘဝဇာတ်ကြောင်းထဲက တချို့ကို ပြောပြရင်း မိမိနှင့်အမျိုးစပ်ကာ ပိုခင်မင်ခဲ့တာဖြစ်သည်။ ထောင်ထဲ အဘ စာသင်စက ကျောင်းသားတွေကိုအားလုံး တစုတည်း သင်သည် နောက် သူ့အဆင့်လိုက် ခွဲခြားပြီး အဘ သင်ပေးသည်။ ကိုသားကြီး ကိုဇော်ရဲဝင်း ကိုအောင်ခိုင်မင်းတို့က သီးသန့်တတန်းဖြစ်သည်။ မိမိတို့က တတန်း ။ အဘဆီ စာသင်ရသည်မှာ မစားသာ။ ဖတ်လည်းဖတ်ရသည်။ ရေးလည်းရေးရသည်။ စာသင်အပြီး သူ၏ ချစ်လှစွာသော တူ တော်မောင် အကြောင်း အလွမ်းပြောပြီး အမောဖြေတတ်သည်။ သူ့ တဦးတည်းသော တူတော်မောင်ကို သူအတော်ချစ်သည်။ ခုတော့ သူ့ တူက ဆရာဝန်ဖြစ်နေပေပြီ။ ငယ်စဉ်ထဲက သူ့ လက်ပေါ်ကြီးလာသူ တူ အကြောင်း သူမကြာမကြာပြောပြသည်။ ခလေးလေးထဲက သူ့တူကို အင်္ဂလိပ်စာ စကားပြော သင်ပေး သည်။ သင်ပေးသော အင်္ဂလိပ်စကားလုံးကို နေရာမရွေး ရွတ်ဆိုတတ်တာကို သူပြောပြောပြီး သဘောကျ တတ် သည်။ သန့်စင်ခန်းထဲ ထိုင်ရင်း အဘဆီ လှမ်းလို့ “ဦးကြီး ဦးကြီး Do you eat ? ”ဟု လှမ်းပြောသည်ကို အဘက ရယ်မောစရာအဖြစ်ပြောရင်း သူ့တူဆီသတိရသဖြင့် အလွမ်းတွေနှင့်ပေကျံနေသောစိတ်ကို ဟာသဖြင့် ဆေးချသည်။ အဘ မကြာခဏ ပြောပြောနေသောအကြောင်းအရာကိုသတိရ နေသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် အဘတို့ခေတ် ဖြတ်သန်းမှူအရ လက်ဝဲ ဝါဒသည် အဘတို့ ချစ်ခင်မြတ်နိုးသော နိုင်ငံရေး အယူအဆ ဖြစ်သည်။ သို့သော် ၈၈ နောက်ပိုင်း ဖြစ်ရပ်များကို ကြည့်ပြီး အဘ ပြောစကားများက လက်ဝဲ ဝါဒအပေါ် အမြင်တမျိုး ဖြစ်သွားပုံရသည်။ အဘတို့က တဘဝလုံးပုံ၍ လက်ဝဲဝါဒကို စွဲမက်ခဲ့သူများဖြစ်သည်။ လက်ဝဲဝါဒသည်သာ တကယ့် အဖိနှိပ်ခံ ပြည်သူတွေ ဘက်က ရပ်တည်သောဝါဒ ဟု အသည်းထဲက လက်ခံထားသူများဖြစ်သည်။ ထိုလက်ဝဲဝါဒဖြင့် တိုင်းနိုင်ငံ တည်ထောင် ထားသော တိုင်းပြည်တို့သည်သာ တကယ့် အဖိနှိပ်ခံတို့ဘက်မှ ရပ်တည်ပေးမည့်နိုင်ငံများဟုလည်း လက်ခံထားကြသည်။ သူမျက်စေ့ရှေ့တည့်တည့်မှ၈၈ မြင်ကွင်းများသည် ဖက်ဆစ်လိုအာဏာရှင်ကို တော်လှန်ကြသော ရဟန်းရှင်လူပြည်သူများ ။ ထိုတော်လှန်သူတို့ ဘက်မှ တကယ်ရပ်တည်ခဲ့သူများမှာ အဘတို့ တသက်လုံး စိတ်ချယုံကြည် ထားသော အဖိနှိပ်ခံ တို့ ဘက်တော်သား ထင်မှတ်ထားသူ တိုင်းနိုင်ငံတို့မဟုတ်ခဲ့။ ထိုနိုင်ငံတို့သည် နင်းပြား ပြည်သူဘက်မှ မပါတဲ့အပြင် ဖိနှိပ်သူ များကိုပင် အကာကွယ်ပေးသော တိုင်းပြည်တို့ဖြစ်နေသည်။ သူ ရွံမုန်းသူသော တိုင်းနိုင်ငံတို့က တကယ့်ပြည်သူတွေ တောင်းဆိုသည်ကို လိုလားထောက်ခံ အားပေးနေတာကိုသူမြင်တွေ့နေရသည်။ ဒီ အဖြစ်ကို အဘ ရင်နာနာ မကြာခဏ ပြောနေသော အကြောင်းအရာဖြစ်သည်။ အဘ အင်္ဂလိပ်စာကို အထူးကျွမ်းကျင်သလို သီချင်းဆိုသည်ကပင် ဘိုသီချင်းဖြစ်သည်။ ဤဆောင်းပါးအစမှာ ပြောခဲ့သည့်အတိုင်း အဘ မကြာခဏ ဆိုတတ်သော သီချင်းမှာ .. River of No return ဖြစ်သည်။ ဒီသီချင်း မှာ တောင်ငူထောင်ထဲတွင် အမှတ်ရစရာ ဇာတ်လမ်းတခုရှိခဲ့ ဘူးသည်။ တောင်ငူထောင်သည် ထောင်ပိုင်သဘောကောင်းသော အစပိုင်း ကာလာများက တိုက်တခုနှင့်တခု သွားရောက်လည်ပတ်၍ ရသည်။ အဘနှင့် ပဲခူး ၉လေးလုံးအမှူတွဲမှ ဦးအေးဆွေတို့နှစ်ယောက်သား အဘတို့ နေထိုင်ရာ လေးတိုက်မှ တစ်တိုက်သို့ လာရောက်လည်ပတ် ကြသည်။ အဘတို့အပြန် မိုးသည် သဲကြီး မဲကြီး ရွာချသည်။ ထောင်တခုလုံး၏ ရေထွက်ပေါက်သည် တစ်တိုက် ရှေ့မှ ဖြတ်သန်းသွားသည်။ မိုးရွာခြင်းအတူ တထောင်လုံးမှ ရေများသည် တစ်တိုက် ရှေ့မြောင်းထဲ ပြည့်လျှံ ကုန်သည်။ မိုးကများသဖြင့်ရေက လျှံမြဲလျှံလျှက်ရှိသည်။ အချိန်တန် တန်း ပိတ်ဖို့နီးသော်လည်း မိုးကမရပ်သေး။ ရေကတိုးတိုးလာ။ တစ်တိုက်သို့ အလည်လွန်သူ အဘတို့နှစ်ယောက် မူလနေထိုင်ရာ လေးတိုက်သို့ မပြန်လို့မဖြစ် ပြန်ရတော့သည်။ ဒီတော့ ရေလျှံနေသည့် မြောင်းဘေးမှ ကပ်ပြီး သူတို့လေးတိုက်ကိုပြန်ကြသည်။ အဘက မိုးအေးအေးမှာ River of No return ကို ညည်းလျှက် အဘနောက်မှာ လူပျော်ကြီး ဦးအေးဆွေမှာ အဘနောက်မှ တေးတကြော်ကြော်ဟစ်ရင်းပြန်ကြသည်။ ဒီတွင်ရေးမြောင်းနဘေးစမ်းစမ်းနှင့် လာသောအဘတို့နှစ်ယောက် ရေမြောင်းထဲ ပြုတ်ကျကုန်သည်။ ရေက အဘတို့ တရပ်ကျော်နေသည်။ အားလုံး အမြန် ဆွဲတင် ကြရသည်။ တေးသီချင်းသံနှင့်အတူ အဘတို့အဖြစ်ကို မကြာခဏ ပြန် ပြောရင်း ထောင်တွင်း ပြောစမှတ် တခုဖြစ်ခဲ့သည်။ အဘတို့ ကျောင်းသားသမိုင်းစာအုပ်ကြောင့် ထောင်ကျကြသူများ ဦးဇင်းတို့ထက်စောစွာ အပြင်လောက ပြန်ရောက် သွားကြသည်။ ကိုယ်တွေ ၂၀၀၉ခု ထောင်မှ လွတ်ခါနီးလေးမှာ သူမြင်တွေ့လိုသော အဖိနှိပ်ခံတို့ လွတ်မြောက်ရေး ခရီး မပြီးဆုံးခင် အဘ တယောက် သမိုင်း တခုလုံးကို ကျောခိုင်းပြီး လောကကြီးမှ ထွက်ခွါသွားလေပြီ။ ထောင်တွင်း အတူတူ နေခဲ့သူတွေထဲက လောကကြီးကို စွန့်ခွါသူတွေ၏ ရုပ်ပုံလွှာကို ရေးနေစဉ် မပါမဖြစ် ပါရမည့်သူတွေထဲ အဘ အကြောင်းကို ထည့်ရမည်ဟု အသိစိတ်က နိုးဆော်နေသည်မှာ ကြာပြီ ။ ထိုနိုးဆော်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်းအခုတော့ အကောင်အထည်ပေါ်သွားလေပြီ။ ခုလောက်ဆို အဘတယောက်တမလွန်မှ သူသင်ပြပေးသောစာတွေ၏ အသုံးဝင် ပုံကိုကြည့်ပြီး ကျေနပ်နေမည်ထင်သည်။ အဘလိုလူတယောက်သည် သူခေတ်အတွင်း မတရားခံနေရသူများ အတွက် ပေးဆပ်ရခြင်းကို မဖြစ်မနေ ထမ်းဆောင်ရမည့် လူသားတာဝန်ဟု လက်ခံထားသူဖြစ်သည်။ ဒီတော့ သူလို စိတ်ဓာတ်ရှိသော လူမျိုးကို ရာဇဝင်ထဲမှာသာ သော့ခတ်ထားခဲ့၍မဖြစ် ။ တခေတ်တခါက လူသားတို့ အပေါ် တာဝန် ကျေခဲ့ကြသူများ ရှိကြောင်း နှောင်းခေတ်လူသားတိုင်းကို သိစေဖို့ ကိုယ်နိုင်သမျှအားနှင့် နိုးဆော် ရဦးမည် ဖြစ်သည်။

Sunday, February 14, 2016

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အမှတ်ရမိသော ရှေ့နေကြီးတယောက်အကြောင်း

February 14, 2016 အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အမှတ်ရမိသော ရှေ့နေကြီးတယောက်အကြောင်း (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆ တောင်ငူ ထောင်ကို ထောင်ပြောင်းတော့ ကားပေါ်မှာ မျက်နှာသိ ဆိုလို့ နှစ်ယောက်သာပါသည်။ သာယာဝတီမှ အင်းစိန်ကို ပြောင်းလာသည့်ရက်က ၁၉၉၉ခုဇူလိုင် ၂၂ရက် ။ အခု တောင်ငူကို ပြောင်းရတော့ သက္ကရာဇ် ၂၀၀၀ပြည့် ဇန်နဝါရီ ၂၂ ။ ၆လ တိတိ အင်းစိန် အကျဉ်းထောင်မှာနေလိုက်ရသည်။ ခြောက်လအတွင်း မကြာခဏ ဆုံဖြစ်သူက ဦးခင်မောင်ငြိမ်းဖြစ်သည်။ သူကရှေ့နေ။ သူနှင့်ကိုယ် အင်းစိန်လို တကယ့်အကျဉ်းအကျပ်ထဲ ဆုံကြသည့်နေရာက ဆေးခန်းမှာ။ ဆရာဝန်ဆေးမှူးတွေ ဆီ ကိုယ့်အလှည့်မရောက်ခင် မိတ်ဆက်ရင်း ရင်းနှီးခဲ့ကြခြင်းဖြစ်သည်။ ကားပေါ်ပါလာသူ ၁၉ ယောက်ထဲ သိရှိ ရင်းနှီးသူ နောက်တယောက်ကတော့ ကိုစိုးလွင်ဖြစ်သည်။ သူကပုဇွန်တောင်သား ။ သူ့ကိုကတော့ ထောင်ပြောင်းမည့် ည ၂ နာရှိထိုး မိန်းဂျေလ်မှာ လူစုတုန်း ပြန်ဆုံကြခြင်းဖြစ်သည်။ ထောင်ထဲ စရောက်ခဲ့သည့် ၁၉၉၃ခုနှစ် အင်းစိန် သီးသန့်ထောင် စရောက် ထဲက ကိုယ့်အရင်ရောက်နှင့်နေသော ကိုစိုးလွင်မှာ လူသစ် မိမိတို့ကို ထောင်ထဲနေနည်း၊ စားနည်းကအစ လက်ဆင့် ကမ်းခဲ့သော ကျေးဇူးရှိသူဖြစ်သည်။ ထောင်ပြောင်းမည့်ညမှာမှ မထင်မှတ်ပဲ သူ့ကို ပြန်တွေ့ခြင်းဖြစ်သည်။ ကိုယ်က သူ အပြင်လောကမှာ အဆင်ပြေနေလောက်ပြီ အေးဆေးနေပြီဟု ထင်ထားခဲ့သည်။ ထင်တာမှားသည်။ သူနောက်တမှု ဖြင့် ပြန်ရောက်နေတာကို ကိုယ်က မသိရှိခဲ့။ ထောင်ဆိုတာက မရောက်ဖူးသူတွေက ကြောက်စရာအဖြစ် လန့်ကြသော်လည်း ထောင်ထဲနေခဲ့ဘူးသူအဖို့ ဘာမှ မထူးဆန်းသော နေရာတခု ဖြစ်နေသည်။ ကိုယ်က ထောင်ပြန်ကျရန် တမင်ပြုလုပ်ခြင်း မဟုတ်သော်လည်း အတူနေခဲ့သူတွေ၏အလုပ်ကို တခုခုကူညီရင်း ပြန်အမှူတွဲပြီး ဒုတိယအကြိမ် တချို့လည်း တတိယအကြိမ် ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။ အခုကိုစိုးလွင်က ဒုတိယအကြိမ်။ ပြန်ဆုံတော့ သူက ကိုယ့်ကို လူနှင့် နာမည် မတွဲ စပ်မိ။ ကိုယ့်ကို လက်ညှိုးထိုးပြီး “သူ့ကို ကျနော် တရင်းတနှီးကို သိတယ်ဗျာ” ဟု စကားစရင်း သူနှင့်ကိုယ်၏ ထောင်တွင်း ကြုံဆုံခဲ့ရပုံကို စိတ်ထွင်မက နှုတ်ပါဖွင့်ဟပြီး အတိတ်ကို ခြေရာကောက်သည်။ ကိုယ်ကတော့ တွေ့တွေ့ခြင်း သူကိုမှတ်မိနေသည်။ “ဟာ … ဟေ့ကောင် စိုးလွင် ဘာအမှုလဲ”ဟု နာမည်ကိုပါတွဲ ခေါ်တော့ သူ မမှတ်မိသူမှာ ထောင်ထဲမှာ အတူနေခဲ့သူအဖြစ် သေချာကြောင်းကိုတော့ သူ ကောက်ချက်ချပြီး ဖြစ်မည်။ ဒီလိုပဲ စကားပြောရင်း သူအကုန် ပြန်မှတ်မိသွားသည်။ ၉၃က အတူတူနေခဲ့သူများ၏နာမည်ကို ရေရွတ်ရင်း ဒုတိယအကြိမ် ပြန်ရောက်တော့ ပြန်တွေ့ဆုံသူတို့ကို ပြောပြနေသည်။ ကိုယ်နှင့်ခင်မင်ရင်းနှီးပြီးသား ဦးခင်မောင်ငြိမ်းမှာ သူ၏နောက်မှု အမှုတွဲ ဖြစ်ကြောင်းသိရပြန်တော့ သူတို့အမှုအကြောင်းပါ ကို သိလိုက်ရပြန်သည်။ တောင်ငူထောင်ကို ပြောင်းတော့ ကားနှစ်စီး။ တစီးမှာ ၅ညများသာဖြစ်ပြီး တစီးမှာ ထောင်နှစ်ရှည်က အခြားအမှူများ ဖြစ်ကြ သည်။ ကားပေါ်ရောက်မှ ကိုစိုးလွင်တို့ ဦးခင်မောင်ငြိမ်းတို့ နှင့်အတူတူ အမှုတွဲ အဘနှ စ်ယောက်ပါပါလာသည်။ အဘနှစ်ယောက်လုံး လူနှစ်ယောက်ကို နာမည်က တခုတည်း။ အဘနှစ်ယောက်လုံးအမည်မှာ ဦးတင်အေးဖြစ်သည်။ ဗကသ သမိုင်းကို ပြန်လည်ပြောပြမှုဖြင့် ထောင်အချခံသူများဖြစ်သည်။ ခါးကိုင်းကိုင်း အဘဦးတင်အေးမှာ တကသ ဥက္ကဌ ဖြစ်ခဲ့ဘူးသူဖြစ်ပြီး နောက်ဦးတင်အေးတယောက်မှာ တကသ အတွင်းရေးမှူးဟောင်းဖြစ်သည်။ သူတို့ က အမှုတွဲ၊ လေးယောက် တထောင်တည်း အတူတူ ။ နောက်လူများမှာ ကိုဇော်ရဲဝင်း ကိုကျော်ဝေစိုးနှင့် ကိုညီထွေးခေါ် စန်းဇော်ထွေး ကျော်အေးနိုင် တို့ ဖြစ်သည်။ သူတို့က တစု။ နောက် ၉လေးလုံး အမှုတွဲများ။ ပဲခူးသားလူငယ်လေးများအများစု ဖြစ်သည်။ ကိုယ့် အမှူတွဲအလိုက် စကားတွတ်ထိုးကြရင်း ကိုယ်ကလည်း ကိုယ်နှင့် သိပြီးသား ကိုစိုးလွင် ၊ ဦးခင်မောင်ငြိမ်းတို့နှင့် စကားတွေ ပြောလာကြသည်။ ထူးခြားသည်က အခြားအမှု နှင့် ထောင်ကျများကိုတင်ဆောင်လာသော ကားတွင် ဘယ်လို တပ်ဆင်ထားသည် မသိရသော်လည်း မိမိတို့ကားတွင်တော့ သီချင်းကို အကျယ်ကြီး ဖွင့်ပေးထားသည်။ သီချင်းကို ဖွင့်ပေးထားသော်လည်း ကားအိတ်ဇော မီးခိုးတွေက အလျှံပယ် ကားထဲ ဝင်နေသည်။ အဘဦးတင်အေး နှစ်ယောက်လုံးမှာ ဦးခင်မောင်ငြိမ်းလို ရှေ့နေများပင် ဖြစ်ကြသည် ။ အရွယ်ကြီးရင့်ပြီး ခါးပင်ကိုင်းနေပြီဖြစ်သော အဘဦးတင်အေးမှာ အများသူငါလိုမထိုင်နှိုင် ကားဘီးအပို ထပ်တင်ထားသည့်နေရာတွင် ဦးခင်မောင်ငြိမ်းနှင့်အတူ ထိုင်ကြရသည်။ ကားအိတ်ဇောမှထွက်သော မီးခိုးက သူတို့နှစ်ယောက် တည့်တည့် မှ ကားထဲကိုဝင်နေသည်။ ဦးခင်မောင်ငြိမ်း မှာ ရောဂါစုံသည်။ သူ့ဆီမှာ အဓီကက ဆီးချိုရောဂါဖြစ်သည်။ ခရီးလမ်း အပင်ပမ်းနှင့်ရောဂါ နှစ်ခုလုံးကို ခံစားရင်း လိုက်ပါလာခြင်းဖြစ်သည်။ ကားပေါ်တွင်ပါလာသော ကျောင်းသားလူငယ်လေးများမှာ ကား မှဖွင့်ထားသော တေးသီချင်းကို လိုက်ပါသီဆိုရင်း ခရီးလမ်းတလျှောက် ထောင်ပြောင်းတာနှင့်မတူအပျော်ခရီးတခုကိုထွက်လာကြသလို ဖြစ်နေတော့သည်။ ဒီတော့လည်း သူ၏ရောဂါတွေကို မေ့လျှော့သွားဟန်ရှိသည်။ ပဲခူးရောက်တော့ ပဲခူးမှ လူငယ်လေးများက ပဲခူးမှ ထင်ရှားသောသူတို့၏ စားသောက်ဆိုင်နာမည်ကို တပ်ပြီး “အဲ့ဒီစားသောက်ဆိုင်ကို သွားပြောပေးပါ။ မင်းမင်းစိုး တောင်ငူကို ထောင်ပြောင်းသွားပြီ” လို့. ဝိုင်းအော်ကြသည်။ ဒီလိုနှင့်ကားက ဒိုက်ဦးကိုရောက်လာသည်။ ကောလိယချောင်းတံတား ပြင်နေချိန်မို့ ကားကဖြေးဖြေးလေးမောင်းလာသည်။ ဘေးမှ ရပ်ကြည့်နေသော ဆိုက်ကားဆရာများကို “စိန်ပန်းကျောင်းကို သွားပြောပေးပါ။ ဦးဇဝန တောင်ငူထောင်ကို ပြောင်း သွားပြီ” လို့..ကိုယ်က စအော်တော့ ကျန် တကားလုံးမှလည်း သံပြိုင်ဝိုင်းအော်ပေးကြပြန်သည်။ ဖြူးရောက်တော့လည်း ဒီလိုတခါ အော်ကြပြန်သည်။ ဖြူးသားကိုမြင့်ဦးမှာ လဝက မှာ ဝန်ထမ်းလုပ်ဖူးသူ ဖြစ်သောကြောင့် ဖြူးမှ လူတော်တော်များများကိုသိနေသည်။ တောင်ငူထောင်ရောက်တော့ ကားပေါ်ပါလာသူများမှာ မီးသွေး အိတ်ထမ်းပြီး ပြန်လာကြသူများလို မဲတူးနေကြသည်။ အထူးသဖြင့် ကားအိတ်ဇော မီးခိုးငွေ့တဲ့တဲ့ နေသောဦးတင်အေးနှင့် ဦးခင်မောင်ငြိမ်းမှာ အဆိုးဆုံးဖြစ်သည်။ ခရီးစဉ် တလျှောက်ရော နောက်နေထိုင်ခဲ့စဉ် ထူးခြားသော ဖြစ်ရပ်များကြောင့်လည်း အားလုံးထဲမှာ ဦးခင်မောင်ငြိမ်းက ပို အမှတ်ရ စရာ လူဖြစ်ခဲ့သည်။ ရောက်စက ဦးခင်မောင်ငြိမ်းဟုသာ အားလုံးကခေါ်ကြသော်လည်း အနေကြာလာသောအခါ ခင်မင် စရာ အမှတ်ရစရာတွေ လေးစားစရာတွေကြောင့် လူငယ်အများကကောရွယ်တူများကပါ သူ့ကို ဦးငြိမ်း။ အသက်ကြီးသူများက လည်း ကိုငြိမ်းဟုခေါ်လာကြသည်။ (မိမိတို့ ကားပေါ်မှ အော်ဟစ်အကူညီတောင်းမှူကြောင့် နောက်နေ့ အိမ်တွေမှ ချက်ခြင်း လိုက်လာနှိုင်ကြသည်။ ကြားသိသူများကလည်း ပြောခိုင်းသောနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားပြောပေးကြသည်။ မိမိအတွက် အော်ပြောခဲ့သော စိန်ပန်းကျောင်းသို့ ဆိုက်ကားဆရာများတန်းစီ ချီတက်ပြီး ဘုန်းကြီးကျောင်းကို သွားပြောပေး သည်ဟု ဆိုသည်။ ) တောင်ငူထောင်က ၂၀၀၀ခုနှစ် မိမိတို့ရောက်ချိန်တွင် တနိုင်ငံလုံးရှိထောင်များထဲတွင် အလွတ်လပ်ဆုံးထောင်ဟု ပြောရမည်။ ထောင်ပိုင်ကြီးသည် နိုင်ငံရေးအမှုများကို အသက်သာဆုံးသော နေထိုင်ခွင့်ကိုပေးထားသလို အဆောင်ရှိ ကျန်ထောင်ကျများ ကိုလည်း နှိပ်ကွပ်ခြင်းမရှိ။ လူစိတ်ရှိသော ထောင်ပိုင်ကြီးဟုပင် ဆိုရမည်။ ထောင်မှာ နေရာချပေးတော့ ကိုယ်နှင့်အဆင်ပြေသူ များသာ စိတ်ကြိုက် ကိုယ့်ဘာသာ တွဲပြီးနေကြရန် ထောင်က ပြော သည်။ ဒီလို အခွင့်အရေးမျိုး မြန်မာပြည် ဘယ်လိုထောင်မှာမှ ရမည်မဟုတ်။ ထောင်မှ သဘောကောင်းသလိုမျိုး ထောင်ဆရာဝန်ကလည်း ကောင်းသည်ဟုပင်ဆိုရမည်။ နောက်နေ့မနက်တွင် ထောင် ဆရာဝန်မှ စားပွဲ တလုံးဖြင့် မိမိတို့ထားရာ လေးတိုက် ရှေ့မှာ လာရောက်ပြီး တယောက်ချင်းကို ရောဂါတွေကို လာစစ် ပေးသည်။ ဒီမှာ အမှတ်ရစရာ အကောင်းဆုံးလူတယောက် ကို ပြောပါဆိုလျှင် ဦးခင်မောင်ငြိမ်းကို ပြောရပေမည်။ သူ့ဆီမှာက ရောဂါစုံသည်။ ဆရာဝန်မှညွှန်းထားသောဆေးမှန်သမျှအစုံ သူ့ထံတွင်ပါလာသည်။ ထိုဆေးများ အားလုံးကို ပလစတစ် အခင်းပေါ်တွင် ဖြန့်ခင်းပြီး ဆရာဝန်ကို တခုစီပြသည်။ ဆရာဝန်လည်း ခေါင်းတော်တော်စားသွားဟန်ရှိသည်။ သတင်းစာ ရှင်းလင်းပွဲတခုအလား သူက သူ့ဆေးနှင့်သူ့ရောဂါတွေအကြောင်းကို ရှေ့နေပီပီ စီကာပတ်ကုံးပြောနေသည်။ အိုင်စီအာစီ ထောင်ထဲဝင်ပြီးနောက်ပိုင်း ထောင်တိုင်းတွင် စာဖတ်ခွင့်ကို တရားဝင်ရသွားပြီဖြစ်သည်။ စာအုပ် အများဆုံးသွင်းသူ မှာ ဦးခင်မောင်ငြိမ်းပင်ဖြစ်သည်။ သူက စာအစုံဖတ်သလို တရားထိုင်နည်းများကိုလည်း အစုံသိနေသည်။ မဟာသရဏ ဂုံတော်ကြီး ဘုရားရှိခိုးကို နေ့စဉ် ဝတ်မပျက် ရှိခိုးသည်။ ဘာသာရေးအကြောင်းတွေကိုလည်း ကျကျနန သိချင် သည်။ သူမရှင်းလင်းသည်များကို မကြာခဏ လာမေးတတ်သည်။ သူ၏ကျန်းမာရေးက လေ့ကျင့်ခန်းများများလုပ်ရမည်ဖြစ်သည်။ ဆီးချိုကျဖို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းအဖြစ် ထောင်ပတ်လမ်းတလျှောက် မနက်တိုင်း သူ ပြေးသည်။ တောင်ငူထောင်သည် အထူးလွတ်လပ်နေသောအချိန်ဖြစ်သည်။ တိုက်မှ ၅ညများသာမက အဆောင်မှ အမှုစုံတို့သည်လည်း ထောင်ပတ်လမ်းကို လှည့်ပတ် လမ်းလျှောက်ကြသည်ကို ထောင်က ဘာမှလာပြီး မတားမြစ်။ ဦးခင်မောင်ငြိမ်း လေ့ကျင့်ခန်းလုပ်ဟန်က လူတိုင်း အာရုံစိုက်စရာဟန်ဖြစ်သည်။ ပြေးသည်ဆိုသော်လည်း သွက်သွက် ပြေးခြင်းမဟုတ်။ ရုပ်ရှင်တွေထဲကလို စလိုးမိုးရှင်းဟန်ဖြစ်နေသည်။ အဆောင်မှ လူများပါ လမ်းလျှောက်ချိန် မို့ အားလုံးကို သူ့ပြေးဟန်ကို ငေးကြည့်ကြသည်။ ဒီတွင် အဆောင်မှ လူနောက်တယောက်က ဦးခင်မောင်ငြိမ်ဟန်အတိုင်း သူ့နောက်က လိုက်ပြေးသည်။ သူတို့နှစ်ယောက်ဟန်က အားလုံး ရယ်စရာအသွင်ဖြစ်နေသည်။ ပထမတော့ ထိုလူနောက် တယောက်ထဲသာ နောက်ကလိုက်ပြေးနေသော်လည်း တခဏအကြာမှာ လေးငါးဆယ်ယောက် ဖြစ်လာသည်။ အားလုံး စလိုးမိုးရှင်းဖြင့် တအုပ်ကြီး ထောင်ပတ်လမ်းမှာ။ ပြေးနေသူလူအားလုံးကိုမြင်သူများက မပြုံးပဲ နေနိုင် သူ ရှိမည် မထင်။ ဦးခင်မောင်ငြိမ်းကို အထူးအမှတ်ရစေသော အမူအရာတခုကိုပြောပါဆိုလျှင် ဒေါသတကြီး အော်တတ်သော အမူအရာ ဖြစ်သည်။ သူ၏အမူအကျင့်ကို သူ မသိမဟုတ် သိပြီးဖြစ်သည်။ တခါခါ သူ၏ အမူအရာကို ရယ်စရာအဖြစ် ပြောပြ တတ်သည်။ ရှေ့နေဆိုတော့ မျက်လုံပြူးပြီး အသံကျယ်ကျယ် နဲ့ ပြန်အော်ရတယ် .ဒါမှ တဖက်က အသံကြားရုံနှင့် နောက်ဆုတ်သွားတတ်လို့ ဒီအကျင့်ကိုမဖျောက်ပဲ တမင် ထိမ်းထားတာဟု ရယ်စရာလုပ်ပြောတတ်သည်။ ရှေ့နေပီပီ စကားတတ်သောနောက်ကိစ္စတခုကိုလည်း သူ့အတွက်အမှတ်ရနေသေးသည်။ ထိုကိစ္စကတခြားမဟုတ်။ သူ စိတ်တိုလွယ်တတ်သော အဖြစ်ကို ဝေဖန်တုန်းက သူပြန်ပြောသောစကားဖြစ်သည်။ “ဦးငြိမ်း လောက် တရားအားထုတ်တာ တရားရွတ်တာ ဒီတိုက်မှာ ဘယ်သူမှမရှိဘူး၊ ဒါပေမယ့်ဘယ်လောက်ပဲ တရားအားထုတ်ထုတ် ဦးငြိမ်းက စိတ်တိုတတ်ဆုံးပဲ” လို့ ဝေဖန်သောအခါ “ဒီလောက်တရားအားထုတ်လို့ ဒီလောက်ပဲစိတ်တိုတာ ။ တရားသာအား မထုတ်ရင် ဒီထက်ပိုဆိုးမှာဗျ ၊ ဒီထက်ပိုဆိုးမှာ ၊ သိရဲ့လား” ဟု ပြောရင်း “ဒါ … တရားအားထုတ်တဲ့အတွက် တရားကို ကျေးဇူးတင်ရမယ်” လို့ ပြန်ပြောတတ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် စာစုံအောင်ဖတ်ထားသော ဦးငြိမ်းဆီမှ မှတ်သားစရာစကားများလည်း ကြားရတတ်သည်။ ခေတ်စနစ်ဆိုး အတွင်း မတရားထောင်ကျ ခံရသူများကြောင့် “ဒီနိုင်ငံမှာ ဥပဒေဆိုတာ မရှိပါဘူးဗျာ”ဟု ပြောလာသူတိုင်းကို “ဥပဒေမရှိတာ မဟုတ်ဘူးဗျ၊ ဥပဒေအတိုင်း မလုပ်တာ”ဟု သူပြန်ပြောတတ်တာကို အမှတ်ရနေသေးသည်။ သူထောင်ဝင်စာလာပြီးတိုင်း တိုက်ထဲမှ လူတော်တော်များများကိုသူ့အခန်းခေါ်ပြီး ကော်ဖီတိုက်တတ်သည်။ အစပထမက သူကိုယ်တိုင်ဖျော်တိုက်သည်။ သူကဆီချိုသမားဖြစ်တော့ သကြားကို ပါလေဟန်နဲနဲသာထည့်သည်။ တိုက်မှ လူငယ်များက “ဦးငြိမ်း ကော်ဖီကလည်း အကန်းမျက်ရည်ကြနေတာပဲ” ဟု မကြားတကြားပြောတာ သူသိသွားဟန်ရှိသည်။ နောက်ဆို ကော်ဖီ တိုက်တိုင်း နို့မှူန့်ဗူးသကြားဗူးချထားပေးပြီး “စိတ်ကြိုက်ထည့်သောက်နော်” ဟု သူကပြောသောအခါ အားလုံးက ကိုယ်စီပြုံးမိ ကြသည်။ ထောင်ဆိုတာကလည်း အမြဲတမ်း ငြိမ်းချမ်းနေသည်မဟုတ်။ အာဏာပါဝါပြသောထောင်ပိုင်များလက်ထက်တွင် စိတ်ဆင်းရဲ စရာများပြည့်နှက်နေတတ်သည်။ စရောက်ခါစထောင်ပိုင် ကောင်းသော်လည်းနောက်ထောင်ပိုင်များလက်ထက်တွင် အခြေနေ အဆိုးကို ရင်ဆိုင်ခဲ့ကြရသည်။ တယောက်နှင့်တယောက်တွေ့ခွင့်မရတော့ ။ တိုက်တွေကွဲကုန်သည်။ တယောက်တနေရာ။ ဒီလိုအခြေနေမျိုးမှာပင် ဦးငြိမ်းစာဖတ်မပျက် ။ အသိပညာကို လိုလိုလားလား ရှာဖွေမြဲ ရှာဖွေသည်။ တခါက စိတ်ချရသော ဝန်ထမ်းနှင့် စာတိုလေးတစောင် ဦးငြိမ်းဆီက ရောက်လာသည်။ “ဦးဇင်း အဓိကရုဏ်းလေးပါး ကို သမထ(၇)ပါး နှင့် ငြိမ်းအေး ရမယ်လို့ တပည့်တော် ဖတ်နေတဲ့အထဲ ပါတာ နားမလည်လို့ ရှင်းပြပေးပါ” ဆိုသောစာတိုလေးဖြစ်သည်။ ရဟန်းတော်တွေအတွက် ပညတ်ထားသောဝိနည်းတွေအကြောင်း သူဖတ်မိပုံရသည်။ သူကို တခုချင်းစီကို အသေးစိတ် ရှင်းပြ လိုက်ပြသည့်စာတစောင် ရေးပို့လိုက်သည်။ သူအတော်ကျေနပ်ကြောင်း ကျေူးဇူးတင်ကြောင်း ပြန်လာသည်။ ဦးငြိမ်း တို့က ကိုယ့်ထက် အရင်ထောင်က လွတ်သွားကြသည်။ မိမိအပြင်လောကရောက်တော့ တွေ့ချင်သူများကို တဦးချင်း နာမည်တပ်ပြီး အသိမိတ်ဆွေတွေကို လိုက်ပို့ခိုင်းသည်။ သို့သော်လည်း ကိုယ်တွေ့ချင်သော ဦးငြိမ်းတယောက် လောက ကြီးတွင် မရှိတော့။ မျိုးစုံသောသူ့ရောဂါများက လောကဓံငရဲသားတယောက်ကို အမြန်ဆုံး ခေါ်ယူဖို့ အခွင့်အရေးရသွားသည်။ အရာရာကို သိချင်စိတ် ပြင်းပြစွာ ဗဟုသုတဆာလောင်သော ဦးငြိမ်း ယနေ့လိုခေတ်တွင် ကိုယ်လိုချင်သည့် အကြောင်း အရာကို စာရိုက်ထည့်လိုက်ရုံနှင့် ပေါ်လာသော အင်တာနက်ခေတ်ကြီးကိုသူကျကျနန မြင်ခွင့်ရမသွားခဲ့။ တမလွန် မှာ ဆန်းပြားသော အွန်လိုင်းပေါ်က သိချင်တာတွေကို ဆက်လက်ရှာဖွေနေမည်လားတော့မသိ။ စိတ်တိုတတ်သော်လည်း စိတ်ကောင်းရှိသော တရားနှင့်မပြတ်သော ဦးငြိမ်းတယောက် ကောင်းရာဘုံဘဝရောက်နေမှာကတော့သေချာပါသည်။ အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)

Friday, February 12, 2016

မိတ်အင်နက်မောက်

“ မိတ်အင် နက်မောက် ” မွေးကတည်းကသာ တော်လှန်မယ့်ကောင်မှန်းသိခဲ့ရင် ဒီအမှတ်တံဆိပ်ကို စောစောစီးစီး မျက်နှာဖြူတွေဖြုတ်ချထားမှာသေချာတယ် ။ ခုတော့သူတို့သင်ပေးတဲ့ ပညာနဲ့ ဗျူရိုကရေစီယန္တယားကြား အညှပ်မခံတဲ့အသားစက ဒီလို “ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေမယ်” ဟစ်ကြွေးခဲ့တာ ဘယ်လောက်သွေးပျက်ဖို့ကောင်းသလည်း ။ လူကြီးလည်းမဟုတ် လူငယ်လည်းမဟုတ် ၃၂ နှစ်သားလောက်နဲ့ နယ်ချဲ့ရင်ဘတ်ထဲထိုးခွင်းလိုက်တဲ့မြား တဆတ်ဆတ်ခါသွားအောင် ဒီလိုပြတ်ပြတ်သားသား သူလိုလူကလွဲလို့ ဘယ်သူမှမပြောရဲခဲ့ဘူး ။ တို့နိုင်ငံရဲ့လွတ်လပ်ရေး တို့နိုင်ငံရဲ့အမျိုးသားရေး အရေးမှန်သမျှ သူကိုယ်လုံးထဲလောင်းထည့်ထားပြီး လူတကာမအိပ်နိုင်တဲ့ ကြမ်းပိုးများနဲ့အိပ်ယာပေါ် ကျေကျေနပ်နပ်ကြီး ကျောချ မက်မက်စက်စက်အိပ်ပြခဲ့တယ် ။ အခန်းတိုင်းရဲ့ ထောင့်ကွေးတွေမှာ လွတ်လပ်ရေးအကြောင်းတွေးတယ် ထိုင်ခုံပေါ်ထိုင်နေတဲ့အခါမှာလည်း လွတ်လပ်ရေးအကြောင်းတွေးတယ် ထမင်းစားနေတော့လည်း လွတ်လပ်ရေးအကြောင်းတွေးတယ် လမ်းလျောက်နေတဲ့အခါမှာလည်း လွတ်လပ်ရေးအကြောင်းတွေးတယ် အိပ်စက်နေချိန်တောင် တော်ဝင်နန်းတော်ကြီးဖန်ဆင်း မုဒ်ဦးရဲ့အ၀င်ဝမှာ လွတ်လပ်ရေးဆိုတဲ့ စကားလုံးကိုချိတ်ဆွဲ သူ့ကိုယ်က သွေးတွေကိုများ ဖေါက်ထုတ်ပြီး ပက်ဖြန်းနေဦးမလား ။ သူဘာလိုချင်လည်းဆို လွတ်လပ်ရေး သူဘာဆာလောင်သလည်းဆို လွတ်လပ်ရေး သူဘာစားမလည်းဆို လွတ်လပ်ရေး သူဘာသောက်မလည်းဆို လွတ်လပ်ရေး သူဘာဝတ်မလည်းဆို လွတ်လပ်ရေး ဒီအရေးထက် တစ်ပြားမှခွာစရာမရှိအောင် မွဲတယ် ။ ဘယ်လောက်မွဲသလည်းဆို အိန္ဒိယခဏအနားမှာ နေရူးက ကုတ်အင်္ကျီဝယ်ပေးရတာကြည့် အဲ့ဒါကျုပ်တို့ခေါင်းဆောင် ကျုပ်တို့လိုက်မမှီ မမှီလိုက်တဲ့ ကျုပ်တို့ရဲ့ ထာဝရခေါင်းဆောင် ဘယ်ခေတ်မှာမှ အစားထိုးခွင့်မရှိတဲ့ ကျုပ်တို့ရဲ့ထာဝရခေါင်းဆောင် ဘယ်ကာလမှာမှ အလဲထိုးခွင့်မရှိတဲ့ ကျုပ်တို့ရဲ့ ထာဝရခေါင်းဆောင် ဘယ်လိုရိုးသားမှုကိုမှ ပြင်ဆင်ခွင့်မရှိတဲ့ ကျုပ်တို့ရဲ ထာဝရခေါင်းဆောင် ဘယ်လိုစွန့်လွတ်မှုကိုမှ ပြောင်းလဲခွင့်မရှိတဲ့ ကျုပ်တို့ရဲ့ ထာဝရခေါင်းဆောင် သူ့ကိုတစ်ချက်ထိကြည့် ပန်းလည်းပွင့်တယ် အနာဂါတ်လည်းပွင့်တယ် နေရှိရာကိုသာ ဦးညွတ်တတ်တဲ့ နေကြာလည်းပွင့်တယ် နောက်ဆုံး သဲကန္တရကလာထိမယ်ဆိုရင်တောင် ဆူးကြားကနေ ပန်းတစ်ပွင့်ရဲရဲထပွင့်ပြမယ့်သူ ။ သူဟာ တို့နိုင်ငံအတွင်းမှာ ပန်းပွင့်ဖြစ်သလောက် နယ်ချဲ့လက်ပါးစေထက်ရောက်ခဲ့ရင် ချက်ခြင်းမီးထတောက် စကားပရိယာယ်မှာ ရန်သူကတောင်ဦးညွတ်ရတဲ့သူ မြန်မာအလယ် ကမ္ဘာ့အလယ် ငါတို့ရဲ့ အဓိပတိဖွား စနေသား မွေးစကဓားထမ်းမကျော်ပဲ နယ်ချဲ့ကမ်းကိုကျော်ဖြတ် တက်ပြခဲ့တဲ့သူ တိုင်းပြည်အတွက်သူပေးဆပ်သမျှ နိုင်ငံ့ခေါင်းဆောင်တွေကားစီးနိုင်မှ ပြည်သူတွေ ဆိုင်ကယ်လောက်စီးနိုင်မယ်လို့ သူ့ဘ၀ကိုမြုပ်ပြီး တစ်ခွန်းမှမပြောခဲ့ဘူး အေးအေးချမ်းချမ်း စာလေးရေးချင်တယ်ဆိုတဲ့စကား သူ့ဂုဏ်ပုဒ်တွေကိုဖယ်ချထားလိုက်တာ ကဲ ….. အဲဒီစကားဟာ ကျည် တစ်ဆယ့်သုံးချက် …… တန်ရဲ့လားဗျာ ။ ခ၀ါသည်လက်က အ၀တ်တွေလို ဖွေးဖွေးဖြူနေတဲ့စိတ် တရားအမှန် အမှန်တရားအတွက် အောင်ဆန်းဆိုတဲ့သွေးကို သွန်းထုခဲ့တဲ့နေရာ နက်မောက်ဆိုတာ ကမ္ဘာပေါ်မှာ မသေတဲ့တံဆိပ် ဘ၀တွေထပ်တလဲလဲခပ်နှိပ်လိုက်ရင်တောင် Expired date က တစ်လက်မပိုတယ် ။ စစ်သွေးအိမ် ၇၂၂၀၁၅

Monday, February 1, 2016

"ချစ်သူတီထွင်မှု"

ငါ့ကို လိမ့်ပြီး ငွေစက္ကူ ဖြစ်အောင်လုပ်တယ် ငါ့ကို တစ်စဆီ ဖြုတ်ပြီး ဂဏန်းပေါင်းစက် တစ်လုံး ရအောင်ဖန်တီးတယ် ငါ့ဦးခေါင်းခွံကြီးထဲ ငါမှတ်မိတဲ့ အမှတ်အသားထိုးထည့်ရင် အသုံးလိုတာတွေ ဝေါကနဲ ထိုးကျလာတာမျိုး တီထွင်ကြည့်တယ် ငါ့နှလုံးသားကို လက်ဗွေရာ တင်လိုက်တာနဲ့ သွေးတွေတောင့်ခဲပြီး ရွှေချောင်းတွေ စီတန်း ထွက်ကျလာမျိုး ဆန်းသစ်ပြန်တယ် ငါ့DNAကိုယူ ငါ့ပုံတူပွား ငါ့အစား ပုံမှား ကိုးကွယ်တယ် ငါ့မေတ္တာတရားကိုတော့ လက်လန်လို့ ဒီအတိုင်း ပြန်ထည့်ပေးထားခဲ့တယ် ။ ဏီသူကို