Friday, April 14, 2017

ကဗျာဆရာ နွေလယ်နေဆီက မုဒိတာဥဒါန်း အရှင် ဇဝန ၏ ဟာဆန်ရေးဗား မှ ကောလိယချောင်းနံဘေး သို့


................................................................
       အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့ ရောက် မြန်မာရဟန်းစာဆိုတစ်ပါး၏ "ဇာတိအလွမ်း"ဟုဆိုနိုင်လောက်သောဆောင်းပါးတစ်ပုဒ် ။

   "ဇာတိအလွမ်း"ဆိုငြား မည်ကာမတ္တကားမဟုတ် ။

    အမှန်တရားကိုချစ်သော၊အဓမ္မကိုဆန့်ကျင်သော၊ မွေးရာပါတော်လှန်ဇောကြောင့်သူဖြတ်သန်းခဲ့ရသော ကာလဝိပတ္တိတကြောမှာ ပင်ပန်းကြီးစွာ စုန်ဆန်မျောခဲ့ရသူ....

    အမုန်းသည်းသူ၊အငြိုးကြီးသူ၊ဝံပုလွေဝင်စားသူတစ်အုပ်ရဲ့ အလွန်အကျည်းတန်တဲ့အတေးအနှက်များကြောင့် ကွန်ကရစ်နံရံလေးဘက်ကြားမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ဘဝကိုသော့ခတ်ခံရသူ....

   နောက်ဆုံး....မိမိချက်မြှုပ်ခဲ့ရာမြေ၊ မိမိရှူရှိုက်ခဲ့ရာလေ၊ မိမိသောက်ချိုးခဲ့ရာရေ။
   အားလုံးကိုကျောခိုင်းကာ  ထိုင်း၊ဥရောပ၊အမေရိက....စသည်သို့ ။
             .......   ......   ......   ......
     ပစ္စက္ခခြေချရာ ဟာဆန်မြစ်ကမ်းနဖူးမှာရပ်ရင်း ဇာတိရွာဇနပုဒ်နံဘေးမှ ကောလိယချောင်းကလေးကို လွမ်းမျှော်ကာ ရမ်းရော်ရှာခြင်း။
      သို့သော်....
အနွမ်းနင့်နင့်တစ်မကြီးနှင့် အလွမ်းပင့်သက်ချပြရုံမဟုတ်။ ချောင်းကလေးကို
ဗဟိုပြုသောဝဲယာကမ်းနှစ်ဖက်ဆီမှ အကြမ်းအခက်တစ်ပုံတစ်ပင်ကို အခန်းဆက်အစုံအလင်ဖြင့် ပုံထင်အောင်ပြောပြနိုင်ဘိခြင်း။

    ကောလိယဆိုတဲ့ ချောင်းကလေးရဲ့အမည်နာမရာဇဝင်၊ သွေးညှီနံ့တွေ စွဲထင်ပျော်ဝင်ခဲ့ဖူးတဲ့ ချောင်းရေအလျဉ်ရဲ့အတိတ်သမိုင်း၊ ကလေးဘဝ ပလိုင်းလွယ်ရင်း ရေချိုးဆင်းခဲ့ချောင်းစပ်ရေတိမ်၊မိုးဦးဝင်ချိန်တောင်ရေအကျ ထင်းလိုက်ဆယ်
ကြ အုတ်အုတ်သောသော၊ ချောင်းကြောတစ်လျောက် စုန်ဆန်ကူးသန်း လမ်းပန်းသယ်ယူလွယ်ကူဆင်ပြေ၊ မိုးမှာအောင်ရေ ဆောင်းခါစိုက်ရေ သည်မြေတလွှား အားထားစရာ၊  နွေသောင်ပြင်ရေအခန်းမှာ မမောတမ်းပ ကစားသူငါ....

    ထိုမှ...တစ်ခါ ။
ချောင်းကမ်းနဖူးထက်မှ စစ်ဖိနပ်ခွါသံများ၊သေနတ်သံများ၊သွေးကွက်များ....။

    ဆိုရှယ်လစ်တလင်းပြင်မှာ တာဝန်ကျေစပါးပုံကြီးဟည်းထနေချိန်
လယ်သမားရဲ့ ဆန်အိုးစောက်တိမ်တိမ်မှာပင့်ကူအိမ်စွဲခဲ့သည့်အဖြစ်များ....။
       ......   ......  ......   ........  ......
     အိပ်မက်ဆိုးမှလန့်နိုးသူပမာ သက္ကရာဇ်ဆိုးများမှ လွန်မြောက်ခဲ့ပြီးနောက်...

     သောင်ရင်းမြစ်ကိုလွှားကျော်၍ ထိုင်းမြေပေါ် ရပ်မိတော့လည်း သူ့အတွေးထဲမှာ သူ့ပြည်မြန်မာ....

    အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့နံဘေးက ဟာဆန်မြစ်ကမ်းနဖူးမှာ ရပ်မိပြန်တော့လည်း သူ့အာရုံမှာ သူ့ဇာတိရွာ....

   "ချောင်းကိုအမှီပြုနေရသူတို့၏သမိုင်းနှင့်
ဒီချောင်းကလေး၏သမိုင်းက ခွဲမရခဲ့။ ဒီချောင်းကလေး၏အနိမ့်အမြင့်သည် သူ့ကို
မှီခိုနေရသူတို့၏ အနိမ့်အမြင့်ပင်ဖြစ်သည်"တဲ့။

    ဪ...အမိမြေကိုယာယီခွါရင်းကမ္ဘာကြီးရဲ့တနေရာရာမှာ နှစ်ပေါင်း ၆၀
ကျော်အနာဟောင်းကြီးအတွက် အကောင်းဆုံးကုထုံးတစ်လက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရှာတွေ့နိုင်စေသား ။။
       .......   .......   .......   .......   .......
     
                            လေးစားစွာဖြင့်
                                နွေလယ်နေ
                             ၁၂,ဧပြီ' ၂၀၁၇

စာကြွင်း
.............  ဒီစာကိုရေးရင်းကျနော့်စိတ်ထဲမှာ မှတ်မှတ်ရရစွဲထင်နေခဲ့တဲ့
(ကောလိယလှိုင်းယဉ်)ဆိုတဲ့ ကလောင်တစ်လက်ကို သတိရမိပါကြောင်း။

Thursday, April 6, 2017

အနုပညာ ရောစွက်လာလျှင်



ညဥ့်နက်မှာကိုလည်း တားလို့မရဘူး၊ လထွက်မှာကိုလည်း တားလို့မရဘူး။ ညဥ့် နက်နက်မှာ သာတဲ့လက ဒီလောကမှာ အလှဆုံးပါ။ ဒီစာသားလေး ကတော့ စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ “ညဥ့် နက်နက်မှာ လထွက်ခြင်း” စာအုပ်ထဲက စာသားလေးပါ။ ဆရာကြီးကတော့ ဘယ်လိုအဓိပ္ပာယ်နဲ့ ရေးခဲ့ရေးခဲ့ ကိုယ်ကလည်း ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် နှစ်သက်နေမိတာ အမှန်ပါပဲ။

ဒုက္ခတွေကြားက ရှာဖွေတွေ့တဲ့ သုခ၊ သောကတွေကြားက ဖမ်းဆုပ်မိတဲ့ ပီတိ၊ နာကျင်မှုတွေကြားက ထွေးပွေ့မိတဲ့ သက်သာမှု၊ ဒါတွေဟာ ညဥ့်နက်နက်မှာ သာတဲ့ လတွေပါပဲ။ ဦးပဉ္ဇင်းတို့ တတွေလည်း ဒုက္ခတွေထဲက သုခကို ဆွဲထုတ်၊ သောကတွေထဲက ပီတိကို ရှာဖွေ၊ မွမ်းကျပ်မှုတွေထဲက လတ်ဆတ်တဲ့ လေညင်းကို ရှုရှိုက်မိတဲ့အခါ ဒုက္ခတွေ ရှိချင် သလောက် ရှိပါစေ ဒုက္ခကို ထီမထင်တဲ့ စိတ်၊ သောကတွေ ဘယ်လောက် ပြည့်သိပ်နေပါစေ သောကဖြေဆေး ရှာဖွေထားမိသူ တယောက်လို စိတ်အားအင် ရခဲ့တာတော့ အမှန်ပါပဲ။

ဦးပဉ္ဇင်း ဆောင်းပါးတပုဒ်မှာ ရေးခဲ့ဖူးပါတယ်။ ပညာသင်ရတာ အခက်အခဲပေါင်းစုံ ပြည့်နှက်နေတဲ့ နေရာဟာ နံရံလေးဘက် ကြားက အချိန်ကာလတွေပါပဲ။ ဒီကာလတွေ အတွင်းမှာ အောင်မြင်စွာ သင်ကြားနိုင်ခဲ့တဲ့ ပညာတွေထဲမှာ ပန်းချီဆရာကြီး ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းလည်း တခုပါမယ် ထင်ပါတယ်။ ဒီသင်တန်းရဲ့ အောင်မြင်မှုတွေထဲမှာ ပန်းချီပြပွဲလေးကို နှစ်ကြိမ်လောက် လုပ်ခွင့်ရခဲ့တာပါပဲ။

တံခါးတွေနဲ့၊ သော့အထပ်ထပ် နံရံတွေနဲ့ ကာဆီးထားတဲ့ ကွန်ကရစ်တောကို ဖြတ်ပြီး ရောက်လာတဲ့ ပန်းချီဆေး၊ စုတ်တံ တွေကလည်း အသုံးဝင်၊ တန်ဖိုးအားဖြင့် ကြီးမားပါတယ်။ စွန့်စားရဲတဲ့ ဝန်ထမ်းရဲ့ ကြိုးပမ်းမှု၊ စွန့်စားချင်လာအောင်  ကြိုးပမ်း ချင်လာအောင် စည်းရုံးနိုင်တဲ့ စည်းရုံးရေး သမားကောင်း တယောက်ရဲ့ စွမ်းရည်တို့ကိုလည်း ဒီဆောင်းပါးမှာ ချန်ထားခဲ့လို့ မဖြစ်ပါဘူး။

ဆရာ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းဟာ တုတ်တချောင်းနဲ့ မြေကြီးရှိရင် မြေပြင်မှာခြစ်လို့ သင်တန်းကို စမယ်လို့ ဆိုပါတယ်။ အထောက်အကူ ပစ္စည်း ဘာမှ ရှိရှိ မရှိရှိ လုပ်လို့ရတယ်ဆိုတဲ့ သဘောပါပဲ။ ခက်ခဲမှုကို အာခံတဲ့စိတ်၊ ဘယ်လို ပစ္စည်းရှိမှ အလုပ်ဖြစ်ရမယ်ဆိုတဲ့ အားငယ်တဲ့ စိတ်တွေကို သူတို့ သင်တန်း မစခင်တည်းက အပြီးတိုင် စိတ်ထဲက နှင်ထုတ်ပြီးသား ဖြစ်နေတယ်။ ဦးပဉ္ဇင်းတွေ့တဲ့ အချိန်မှာတော့ မြေပြင်မှာ တုတ်နဲ့ခြစ်ရလောက်အောင် သူတို့သင်တန်းဟာ ပစ္စည်းမပြည့်မစုံ မဟုတ်ပါဘူး။

မယ်လမင်း ပန်းကန်ပြားပေါ်မှာ ခဲဆံနဲ့ ရေးခြစ်ရတဲ့ အဆင့်လောက် ပြည့်စုံလာတာ တွေ့ရပါတယ်။ တနေ့ တယောက် အလှည့်ကျ အကူအညီ တောင်းတာကတော့ သူတို့ရှေ့ မော်ဒယ်လ် ထိုင်ပေးရတာပါပဲ။

လောကကြီးကို ကဗျာဆရာက ကဗျာတွေလို့ မြင်မယ် ။ ပန်းချီဆရာက ပန်းချီလို့ မြင်မယ်။ ဒီလိုစကားကို စာတွေထဲဖတ်ရ တုန်းက ဖတ်ကောင်းအောင် ရေးတယ်လို့ ထင်မိခဲ့တာ။ ဆရာဦးခင်မြင့်အောင် သူ့သင်တန်းသားတွေနဲ့ စကားပြောနေတုန်း အနားကပ် နားထောင်မိတော့ သူမြင်သမျှတွေကို အရောင်တွေ ခွဲပြနေတာကို ကြားလိုက်ရတယ်။

သစ်တပင်ကိုပြပြီး “အားလုံး စိမ်းနေတာမဟုတ်ဘူး။ ကြည့်၊ အလင်းတွေ၊ အမှောင်တွေ၊ နောက် မတူတာတွေ တွေ့လိမ့်မယ်” ဆိုတာကို လက်ညှိုး ညွှန်ပြပြီး ရှင်းပြနေတာတွေ့ရတော့ သြော် … တကယ်ပါလား ။ ပန်းချီ ဆရာရဲ့ ပန်းချီဆွဲစရာ ကုန်ကြမ်းတွေ၊ သင်ကြား ပြသစရာ အထောက် အကူ ပစ္စည်းတွေဟာ သုံးမကုန်အောင် ရှိနေပါလားဆိုတာ သဘော ပေါက်ရတော့တယ်။ တကယ်တော့ သဘာဝ တရားထဲက အလှကို ထုတ်ယူတတ်သူဟာ အနုပညာ သမားတွေဆိုတာ သဘော ပေါက်မိတော့တယ်။

ကဗျာဆရာ တယောက်ရဲ့ ကဗျာထဲမှာ ဖတ်လိုက်မိတဲ့ စာသားလေးက စိတ်ထဲ စွဲနေတယ်။ ဝန်းတံခါးမှာ သံပန်းတံခါးကို မြင်ပြီးကဗျာဆရာက “အနုပညာ ရောစွက်လာလျှင် သံပင် ပန်း ဖြစ်နိုင်တကား” လို့ ဥဒါန်းကျူးရင့် ထားခဲ့တဲ့ စာသားလေးက အနုပညာ ဖန်တီးသူတွေကိုတွေ့တိုင်း ရေရွတ်မိတဲ့ စာသားလေးပါပဲ။ ဒီဆောင်းပါးလေး မရေးခင် စာပေဟောပြောပွဲတခုကို နားထောင်ထားတော့  ဟောပြောပွဲမှာ ဟောသွားတဲ့ စာရေးဆရာရဲ့ စကားလေးက ခေါင်းထဲဝင်လာပြန်တယ်။  ဗိုလ်ချုပ်အောင်ဆန်းက ဒဂုန်တာရာကို ပြောတယ် –

“ကိုဌေးမြိုင်ရ အိမ်ထောင်ရေးမှာလဲ အနုပညာ လိုအပ်သဗျ”

အရာရာ အနုပညာဆိုတာ လိုအပ်ပါလား။ အနုပညာနဲ့ ထိလိုက်ရင် လှလာပါလား ပေါ့။ သံတောင် ပန်းဖြစ်သေးတာကိုး။ နိုင်ငံရေးသမားတွေရဲ့ နှလုံးသားထဲ အနုပညာ စိုက်ထူလိုက်မိရင် သူတို့ရဲ့နိုင်ငံရေးဟာ လှပလာကြတာတွေကို တွေ့လိုက် ရတယ်။ သူတို့ရဲ့ စကားတွေဟာ အနုပညာကြောင့် လူတွေရဲ့ နှလုံးသားထဲအထိ ထိုးဖောက်သွားကြတာကို တွေ့လိုက် ရတယ်။ အနုပညာသမားတွေရဲ့ နှလုံးသားဆိုတာ ကဗျာတွေအတွက် စကားလုံးတွေ၊ ပန်းချီကားချပ်တွေအတွက် ဆေးရောင်စုံတွေ၊ တေးသီချင်းတွေ အတွက် သံစဉ်တွေကို သိုမှီးရာ တိုက်ခန်းမဟုတ်လား။ အနုပညာ နဲ့ နိုင်ငံရေး ပေါင်းစပ် မိတော့ကော …။

သင်တန်းမှာ ပါဝင်နေသူတွေထဲမှာတော့  ဦးပဉ္ဇင်းတို့ရဲ့ ယနေ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ပါဝင်ခဲ့တယ်။ သူ့မှာ ထင်ရှား သိသာတာကတော့ အနုပညာတွေ သူ့ဆီ စုပြုံနေတာပါပဲ။ ကဗျာကောင်းတွေကို ကိုယ်တိုင်လည်း ရေးသလို ကဗျာဆရာတွေရဲ့ ကဗျာကောင်းတွေကိုလည်း ရင်ထဲအထိ သိမ်းထားသူ၊ တေးသီချင်းပေါင်း များစွာကို တကယ့် အဆိုတော် ကြီးတွေလို သီဆိုနိုင်သူ၊ သူဆွဲထားတဲ့ ပန်းချီ ကားတချပ် အကြောင်းကို မပြီးသေးသော ပန်ချီးကားများဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးခဲ့ဖူးပါသေးတယ်။

သူဆွဲပေးတဲ့ ပန်းချီကားချပ်ဟာ ရင်ထဲမှာ နှစ်ရှည်လများ တည်အောင် ပေးခဲ့တဲ့ အစွမ်းကို ပြောပြချင်လွန်းလို့ အဲဒီတုန်းက ဆောင်းပါး ရေးခဲ့တာပါ။ အနုပညာ ဖန်တီးသူတိုင်းဟာ ရယ်သံကို ကဗျာ ဖွဲ့သလို၊ ရှိုက်သံကိုလည်း တေးသီချင်း အဖြစ် ပြောင်းလွှဲ နိုင်ကြတယ်။ ဒဏ်ရာနဲ့ ဝေဒနာဟာ သူတို့အတွက်ကုန်ကြမ်းတွေပဲ မဟုတ်လား။ ကိုယ်တိုင် အနုပညာ ဖန်တီးသူဟာ အခြားတယောက် ဖန်တီးထားတဲ့ အနုပညာ တခုကိုလည်း ကျကျနန ခံစားတတ်တယ် ဆိုတာ  အထူး ပြောစရာ မလိုတော့ပါဘူး။

သွေ့ခြောက်နေတဲ့ ထောင်ထဲက နေ့ရက်တွေကို စိုပြည် လန်းဆန်းအောင် ပြုလုပ်ကြတဲ့ အရာတွေထဲမှာ နိုင်ငံရေး ခံယူချက်ပါမယ်၊ ဘာသာရေး အလုပ်လည်း ပါမယ်၊ နောက်အဓိက နေရာက ပါနေမှာကတော့ အနုပညာပါပဲ (ကိုဌေးကြွယ် သင်္ကြန်ရက်ကို ရွေးပြီး ဦးပဉ္ဇင်းကို ပြောပြခဲ့ဖူးတဲ့  “ပိတောက်ပွင့်ဆဲ လသာဆဲ” ဆိုတဲ့ ဝတ္ထု အကြောင်းကိုလည်း ဆောင်းပါးတစောင် ရေးပါဦးမယ်)

သူတို့ ပန်းချီ သင်တန်းက တိုက်ခန်းထဲမှာတင် မဟုတ်ပါဘူး၊ တခါတလေ တိုက်အပြင်ထွက် ရေးဆွဲ တတ်ကြပါတယ်။ ပညာကို ရသလောက် အမိအရ ယူရုံမကပါဘူး။ အနုပညာ အခံရှိသူမှ ဒီအချိန်တွေကို အသုံးချတာပါ။ သဲကုန်းက ကိုသိန်းထွန်း အမေ ဆုံးတော့  သူတို့ အနုပညာနဲ့ နာရေးကူညီမှု တခုကို ပြုလုပ်ခဲ့တယ်။

ပန်းချီပြပွဲထဲက ရုပ်ပုံ ကားချပ်တွေထဲမှာ  ရင်ကိုထိမှန်ခဲ့တဲ့ ကားချပ်တွေ ပါဝင်နေတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။  ကိုဌေးကြွယ် ဦးပဉ္ဇင်းကို လက်ဆောင်ပေးတဲ့ ကားတကားကတော့ လှိုင်းတွေ အင်မတန်ကြီးမားနေတဲ့ ပင်လယ်ပြင်နဲ့၊ လှိုင်းတွေကို သေချာကြည့်ရင် ဘီလူးတကောင် ပါးစပ် ဟထားသလိုမျိုး။ အစ်ဇင်တွေ ဘာတွေကို ကိုယ်က နားမလည်တော့ သေချာ မပြောတတ်ပေမယ့် ခံစားလို့ ရတယ်။ နောက်ပြီး ပြပွဲက ပုံတွေကကော …။

သံတိုင်ကြားကနေ အပြင်ဘက် ရေအိုးထဲက ရေကို လှမ်းခပ်နေတဲ့ပုံရဲ့ အဓိပ္ပာယ်ကို ကိုယ့်ဘာသာ ဖော်ပြီး ခံစားလိုက်ရတာ။ ရေငတ်နေသူရဲ့ သံတိုင် အတွင်းက စိတ်ခံစားမှုတွေကို အမိအရ ဖော်ပြနိုင်တယ်လို့ ထင်တယ်။ သူဆာနေတာ ရေအပြင်  တခြား ဘာတွေကို ထောင်ထဲကနေ တမ်းတနေသေးလဲ။ ဒီမေးခွန်းကိုပါ တဆက်တည်း မွေးထုတ်လိုက်တယ်လို့ ဆိုရမယ်။ သူလှမ်းခပ်လိုက်တဲ့ ရေအိုးထဲမှာကော ရေရှိရဲ့လား။ အရောင်တွေအရ ည ရှုခင်းဆိုတာ မှန်းလို့ရတယ်။ ဒီတော့ ညခင်းကြီးမှာ  သူ ဆာနေတဲ့ရေကို ဘယ်သူကဖြည့်ပေးမှာလဲပေါ့။ ဘာပဲပြောပြော နာကျင်နေတဲ့ ဝေဒနာကို မြစ်ဖျားခံခဲ့တဲ့ ကားချပ်ဆိုတာ သိသာပါတယ်။ ဆာလောင်မှု ကုန်ကြမ်းကနေ အနုပညာ ကုန်ချော တခုကတော့ မွေးဖွားလာတာ အမှန်ပါပဲ။ အရုပ်ကဗျာကို ငရဲခန်းထဲက လူသားတွေ ဖန်တီးလိုက်မှုဟာ ဒုက္ခထဲက သုခကို ဆွဲထုတ်လိုက်တာပါပဲ။ မျက်ရည်ကြားက ပီတိ တခုကို ကောက်ရလိုက်တာပါ။

ဆရာ ဦးခင်မြင့်အောင် ကိုယ်တိုင်ရေးဆွဲထားတဲ့ နောက်ကားချပ် တခုကလည်း ရင်ထဲက မထွက်အောင် ရှိနေဆဲပါပဲ။

အသက်အရွယ် ရနေပြီးဖြစ်တဲ့ လူသားတဦးက ပခုံးပေါ်မှာ ကလေးငယ်လေးကို ထမ်းပိုးထားတယ်။ ကလေးငယ်က လူကြီး ပခုံးပေါ် မတ်တပ်ရပ်လို့ သူက အလကား ရပ်နေတာမဟုတ်ဘူး။ အလုပ်တခု လုပ်နေတယ်။ အဲဒီအလုပ်ကတော့ သူ့ လက်ထဲကနေ ငှက်တကောင်ကို လွှတ်ပေးလိုက်တာ ပါပဲ။ မျိုးဆက်သစ်တွေကို ပခုံးထမ်း တင်ပေးနေတဲ့ အနာခံစိတ်၊ ထိုစိတ်နဲ့ အတူ မွေခံထိုက်စေ ဆိုတာ ဖြစ်အောင် အစဉ်အလာ ကောင်းတွေကို လက်ဆင့်ကမ်း ပေးတဲ့ သမိုင်းတာဝန်၊  မပြီးပြတ်သေးတဲ့ အမျိုးသားရေး ကိစ္စ။ ဒါတွေဒါတွေဟာ ပန်းချီကားမှာ ပေါ်လွင်နေတယ်။ ကြည့်ရသူ လူတိုင်းကို ရင်ထဲ ထိမှန် စေတယ်ဆိုတာ အသေချာပါပဲ။ ကဗျာတပုဒ်က တာဝန်ယူချင် စိတ်တွေကို ပေးတယ်ဆိုရင် ပန်းချီ ကားတချပ်ဟာလည်း ခံစားသူတွေကို ရှေ့ခရီးရဲ့ အလုပ်တွေကို မီးမောင်း ထိုးပြနေတာပါပဲ။

နောက် ဦးခင်မြင့်အောင်ပဲ ရေးထားတဲ့ ပန်းချီကား တချပ်မှာ လူသားတယောက်ဟာ အင်မတန် လေးလံလှတဲ့ အရာတခုကို ထမ်းလို့ ကြိုးစားပြီး လှမ်းနေတဲ့ပုံ။ နောက် ဒီကားမှာ သိသာတာကတော့ နံရံ တွေကို အထင်းသား တွေ့လိုက်ရတာပါ။  လူ့ အခွင့်ရေးလို့ ပြောနေသူတွေ ဒီပန်းချီကားထဲက လိုမျိုး ခံစားမှုပေးတဲ့ အနုပညာ တခုခုနဲ့ အလုပ်လုပ် လိုက်ရင် သူတို့ အလုပ်တွေ ပိုပြီးလူတွေရဲ့ ရင်ထဲကို ရောက်မှာ သေချာတယ်။

သူတို့ပြပွဲထဲက အခုအချိန်ထိ မပျောက်မပျက် ရင်ထဲ ရှိနေသေးတဲ့ ပန်းချီကား တချပ်ကတော့ ခုတိုင် တချို့ အရပ်ဒေသမှာ ရှိသေးတဲ့ပုံပါ။ ဆီ ကြိတ်တဲ့ဆီဆုံကြီးကို နွားနဲ့ လှည့်နေတယ်။ ဆီ ကျတဲ့ နေရာမှာ ခံထားတဲ့ခွက်ကတော့ ဟန်းကောချိုင့်။ ဒီ ပန်းချီကား ကလည်း သူတို့သင်တန်းသားတွေထဲက တယောက်ရဲ့ လက်ရာပါ။ ရွှေဘိုက ကိုခင်မောင်ကြည် ရေးထားတာ။  အဆီအနှစ်တွေကို သူတို့စားသုံးနေပါလား၊ နွားက ဘယ်သူ့ကို ကိုယ်စားပြုနေလဲ၊ ဟန်းကောချိုင့်ကကော ဘယ်သူတွေရဲ့ နိမိတ်ပုံလဲ။

ထောင်ထဲရောက်စ အခန်းတိုင်းက ဝိုင်းပြီး ကြိုဆိုတဲ့ အခါက တေးသီချင်းတွေ သီဆိုကြတာကို ပြန် အမှတ်ရမိတော့တယ်။ အမှုတွဲ တယောက်က ထောင်ကျတော့မယ် ဆိုရင် သီချင်းတွေ အများကြီးယူလာခဲ့ဖို့လည်း လိုမယ်ဆိုပြီး ရယ်သလို မောသလို တောင် ပြောဖြစ်လိုက်သေးတယ်။ အနုပညာဟာ ဒဏ်ရာတွေကို သက်သာစေတဲ့ အရာဆိုတာ လက်တွေ့ ဘဝကပေးတဲ့ အသိနဲ့ကို သိလာခဲ့တာပါ။

အနုပညာကို တဘက်က ကိုင်ပြီး လုပ်တဲ့နိုင်ငံရေးဟာ သေနတ်ကိုင်ပြီးလုပ်တဲ့ နိုင်ငံရေးထက် သမိုင်းမှာ နေရာလှလှ ရမှာကတော့ အသေချာပါပဲ။

ဆရာတော် အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သည်။

Saturday, April 1, 2017

" ဒိုက်ဦး ကောလိယမြို့ဟောင်း "

အပိုင်းလေးပိုင်းလုံးတစ်တွဲတည်းတင်ပေးလိုက်ပါတယ် ပြီးတော့မပြီးသေးပါဘူး

" ဒိုက်ဦး ကောလိယမြို့ဟောင်း "အပိုင်း 1+2+3+4

၂၀၁၂ ခုနှစ် အောက်တိုဘာလ ( ၂ ) ရက်နေ့က ညောင်လေးပင် မြို့နယ် -၀ါးရုံကုန်းရွာရှိ မိခင်ကြီးကိုသွား ရောက်ကန်တော့ပြီးအပြန်တွင် ကောလိယမြို့ဟောင်းနေရာကို ၀င်ရောက်လေ့လာဖြစ်ခဲ့သည် ။ ထိုနေ့က ရာသီ ဥတုသည် သာယာနေရာမှ မိုးတိမ်မိုးသားများတက်လာပြီး ရုတ်တရက်မိုးရွာချတော့မည့်ဟန်မျိုး မှောင်ကျလာ သည် ။ မိုးသာရွာလျှင် ဆက်မသွားပဲ ပဲခူးကိုဘဲပြန်မည်ဟု ဆုံးဖြတ်လာခဲ့ရာ ဒိုက်ဦးရောက်သည့်အခါ နေသည် လွတ်လွတ်ကျွတ်ကျွတ်သာလာသည် ။
ထိုကြောင့် ဒိုက်ဦးအ၀င် ဒရယ်မီးလမ်းဆုံမှ လက်ယာဖက်ကိုထွက်သော လက်ပံသုံးခွလမ်းခွဲအတိုင်းသွားရာ ( ၂ ) မိုင်ခန့် လက်ဝဲဘက်တွင် ဘုရားကြီးတစ်ဆူကိုလှမ်းပြီးဖူးမြှော်ရသည် ။ မြို့ရိုးဘုရားကြီးဖြစ်သည် ။ ယခုဘွဲ့ တော်အသစ်ချည်ထားပြီးဖြစ်သည် ။ ဘုရားကြီးမှ အနောက်ဖက်လှမ်းလှမ်းတွင် မြို့ရိုးရွာကြီးကိုမည်းမည်း အုပ်အုပ်မြင်နေရသည် ။ လမ်းခရီးတလျောက်တွေ့သည့် ကြုံသည့်ဒေသခံများကို မေးမြန်းစုံစမ်းရင်းမြို့ရိုးရွာကို ပေါက်သောမြေသားလမ်းအတိုင်း မော်တော်ဆိုင်ကယ်ကို သတိထားမောင်းကာရောက်လာကြသည် ။
ရွံ့ဗွက်စပ်စပ်ဖြစ်နေသဖြင့် ဆိုင်ကယ်ကို ရွာဦးတစ်နေရာတွင်ရပ်ထားခဲ့ပြီး ခြေကျင်လျောက်၍ ၀င်ခဲ့ကြသည် ။ အရှေ့မှအနောက်သို့ပေါက်နေသော ရွာလယ်လမ်းမှာမြို့ရိုးကုန်းတန်းဖြစ်သည် ။ ရှေးဟောင်အုတ်များကို အလွှာလိုက် အချပ်လိုက်တွေ့ရတော့မှ မြို့ရိုးပေါ်တွင်တည်ထားမှန်းသိလိုက်ရသည် ။ ရှေးဟောင်းအုတ်အရွယ် အစားများက အလျား ( ၁၂ ) လက်မ အနံ ( ၆ ) လက်မ ထု ( ၂ ) လက်မ အရွယ်အစားဖြစ်သည် ။ ရွာလယ်ကုန်းအတိုင်းလျောက်ရင်း မြောက်ဘက်သို့ထွက်သောပယ်လမ်းတစ်လမ်းကိုတွေ့၍ ဆက်လိုက်သည့် အခါ ရွာအပြင်အနောက်ဘက် မြို့ရိုးကုန်းတန်းကို ဘွားကနဲတွေ့ရသည် ။ အနောက်ဘက်မြို့ရိုးသည်အချို့နေ ရာ၌ အတော်ပြုန်းတီးလျက်ရှိပြီး မြှို့ရိုးသဏ္ဍန်ပင် မဆောင်နိုင်တော့ချေ ။
မြောက်ဘက်မြို့ရိုးကိုပတ်၍လျောက်ကြည့်သည့်အခါ အချို့နေရာ၌ပြုန်းတီးနေသော်လည်း မြို့ရိုးပုံဟန်ဆောင် နိုင်ဆဲရှိသေးသည် ။ ပကတိမြေပြင်မှ ၁၂ ပေခန့်အမြင့်ပင်ရှိသေးသည် ။ လူနေတဲလေးငါးလုံးလည်း ဤမြို့ရိုး ပေါ်တွင်နေရာယုထားပြီးဖြစ်သည် ။ ထိုလူနေတဲရှိရာနေရာများ၌ မူလမြို့ရိုး၏ အုတ်စီအလွှာများပကတိအတိုင်း ကျန်ရှိသေးသည်ကို တွေ့ရသည် ။ မြို့ရိုးတည်ပုံကလေးထောင့်စတုဂံပုံဖြစ်သည် ။ အရှေ့ အနောက် အလျား ရှည်ပြီး အနံတိုသည် ။ ဒေသခံရွာသားကြီးတစ်ဦးဖြစ်သည့် ဦးသိန်းလှိုင်နှင့် မြို့ရိုးပေါ်တွေ့ပြီးမေးမြန်းစူးစမ်း သည့်အခါ မြို့ရိုးအပြင်ပတ်လည်တွင်ရေကန်ဟောင်း ( ၇ ) ကန်ခန့်ရှိကြောင်း မြောက်ဘက်၌ ( ၂ ) ကန် အနောက်ဘက်၌ ( ၂ ) ကန် တောင်ဘက်၌ ( ၃ ) ရှိကြောင်း ယခုအခါ ( ၂ ) ကန်မှာကောသွားပြီဖြစ်ကြောင်း ပြောသည် ။ သူပြောသည့် မြို့ရိုးပတ်လည်ရေကန်ဆိုသည်မှာ ယခင်မြို့ဟောင်းအပြင်ရှိ ကျုံးဟောင်းဖြစ်ဖွယ် ရှိသည် ။ ကျုံးဟောင်းကို ကန့်၍ ကန့်၍ ရေကန်ပြုထားခြင်းဖြစ်မည် ။ မြို့ရိုးလေးဘက်လေးတန်အတွင်း၌ ရေများရှိပြီး မြက်ပင်များ ဒိုက်များ ဖုံးလွှမ်းနေရာ ပီဘိရေကန်ကြီးပမာဖြစ်သည် ။ လူတစ်ရပ်ခန့် နက်သည်ဟု သိရသည် ။
ရေကန်ထဲမဆင်းနဲ့နော် . . .  နက်တယ် ဟု ရွာဦးမှာတွေ့သည့်မိန်းမကြီးတစ်ဦးကလမ်းညွှန်သတိပေးသည်ကို သတိရမိသည် ။ `ရှေးကဆိုရင်  . . ဒီကန်မှာ . . နွေရာသီတောင်လူမမှီဘူး ´ ဟု ဦးသိန်းလှိုင်က သူမှတ်သားမိသ မျှပြောပြသည် ။ မြို့ရိုးကုန်းကြီးဆိုလည်း မောလောက်အောင်တက်ရတယ် . . . ဟုလည်းကလေးသဘာဝ သူ တို့ငယ်ငယ်က ပြေးဆော့ကစားခဲ့သည်ကို အမှတ်ထင်ထင်ပြောပြနေသည် ။ သိုက်တုးတဲ့သူတွေ သိုက်တူးဖို့လာ တာကိုလည်း ငယ်ငယ်ကကြုံဖူးတယ် ။ ခေါင်းရင်းအိမ်မှာတည်းကြတာ ။ အဲဒါသူတို့တည်းတဲ့အိမ်ကို ခဲတွေ တ၀ုန်းဝုန်းကျတာနဲ့ ပြန်ပြေးသွားတယ် ။ ´မြို့ရိုးနှင့်ပက်သက်၍ ထူးထူးခြားခြားဖြစ်စဉ်များကိုလည်း သူ့ထံမှ စိတ် ၀င်စားဖွယ်ကြားရ နာရသည် ။ သူ့စကားထဲတွင်ရေကန်ဖေါ်မည်ဟု စက်ဖြင့်တူးခဲ့သေးကြောင်း မိုးတွေချုန်း မိုးကြိုးတွေပစ်၍ ဆက်မတူးရဲတော့သဖြင့် မတူးခဲ့ရကြောင်း . . . . . . . . . . . .

( ဆက်ပါဦးမည် ။ . . . . . . . .  )

မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် )  . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။

ကောလိယသမိုင်း ( ဒုတိယပိုင်း )

၁၄ လက်မ ၁၅လက်မ အရွယ် ကျွန်းပြားများကိုလည်း ကန်ထဲမှ အထပ်လိုက်တွေ့ဘူးကြောင်း ဘာမှန်းမသိ၍  မဖေါ်ရဲဘဲ ထားခဲ့ရကြောင်း ညနေခင်းနွားရိုင်းသွင်းချိန်များ၌ နွားကျောင်းသားတွေခေါင်းမပါ ကိုယ်ခန္ဓာချည်း ပြပြီး သရဲအခြောက်ခံရတာလည်း မကြခဏခံရကြောင်း ယခုတော့မရှိတော့ကြောင်းတွေလည်းစုံသည် ။
မြောာက်ဖက်မြို့ရိုးတွင် တံခါးပေါက်ဟု ယူဆရသည့် အပေါက် ( ၃ ) ပေါက်တွေ့ရသည် ။ အရှေ့ဖက်မြို့ရိုးအနီး ရှိအပေါက်ကိုမူ ဒေသခံတို့အလိုအရ ကျီးကန်းပေါက်ခေါ်ကြောင်းသိရသည် ။ ထိုမြောက်ဘက်မြို့ရိုးအလယ် တံခါးပေါက်တွင် အုတ်စီအုတ်ရိုးများပင်ရှိသေးကြောင်း မကြာသေးမီက ကျောင်းသူ ကျောင်းသားများပါသည့် လေ့လာရေးအဖွဲ့တစ်ဖွဲ့ ထိုတံခါးပေါက်ကိုလာရောက်လေ့လာသွားဖူးကြောင်း ဆရာလုပ်သူကရှင်းပြပြီး ဓါတ်ပုံ ရိုက်သူကရိုက် တိုင်းထွာသူက တိုင်းထွာကြကြောင်း လိုက်အကျိုးဆောင်ပေးသူ အသက် ( ၂၀ ) ကျော်အရွယ်ရှိ ကိုငယ်ဆိုသူကပြောပြသည် ။
ရေကန်ကြီးလိုဖြစ်နေသောမြို့ရိုးတွင်းဧရိယာသည် ခန့်မှန်းဧက ( ၁၀၀ ) ခန့်ရှိမည်ဖြစ်သည် ။ ထိုကန်ထဲမှ ရေ တွေစီးထွက်နေရာ အရှေ့ဘက်မြို့ရိုးတွင် ( ၂ ) ပေါက်တွေ့ရသည် ။ ရှေးကမြို့ရိုးတံခါးပေါက်ဖြစ်မည် ။ ရွာတည်ထားသည့် အရှေ့အနောက်တန်း တောင်ဘက်မြို့ရိုးကုန်းတန်းမှာလည်း ဒေသခံတို့အခေါ် ` ပယ်လမ်း ´ များမှာ ရှေးမြို့ရိုးတံခါးပေါက်များဖြစ်ပေလိမ့်မည် ။ ဤသို့ဖြင့်ကောလိယမြို့ရိုးတွင် အရှေ့ဘက်၌ တံခါး ( ၂ ) ပေါက် တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးများတွင် တံခါး ( ၃ ) ပေါက်စီ ရှိခဲ့မည်ဟူ၍ ဆိုနိုင်သည် ။ အနောက် ဖက်မြို့ရိုးမှာမူ သတိမထားမိခဲ့ချေ ။
ကိုငယ်ဦးဆောင်ခေါ်သွားသဖြင့် အရှေ့ဘက်ထောင့်မြို့ရိုးပေါ်ရှိ စေတီကုန်းဟောင်းရှိရာ အိမ်ဝိုင်းတစ်ခုကို ရောက်သွားသည် ။ ဘုရားကုန်းကိုဖြိုရင်း ဆင်းတုရုပ်ပွားအကျိုးများထွက်ပေါ်လာသဖြင့် ဆက်မဖြိုရဲတော့ဟုဆို သည် ။ တူးဖေါ်ရရှိသည့်ဆင်းတုတော်များကို ထိုစေတီကုန်းဟောင်းပေါ်မှာပင် ၀ါးတဲလေးဆောက်ကာပြန်လည် ပူဇော်ထားသည် ။ ထိုစေတီကုန်းဟောင်းပေါ်၌ အမိုးအုတ်ကြွပ် အကျိုးအပျက်အပိုင်းအစများစွာလည်းတွေ့ရ သည် ။ စဉ့်သုတ်အုတ်ကြွပ်လည်းပါသည် ။ ရိုးရိုးရွှံ့မီးဖုတ်အုတ်ကြွပ်တွေလည်းပါသည် ။ ၀ါးတဲအောက်၌ ပစ်ထားသောအုတ်ခဲပိုင်းကျိုးတစ်ခုကအရွယ်အစားကြီးမားသည် ။ အနံ ( ၈ ) လက်မ ထု ( ၃ ) လက်မ အလျား ( ၈ ) လက်မခွဲအုတ်ပိုင်းကျိုးဖြစ်သည် ။ အမှတ်မထင်ထိုအုတ်ခဲကျိုး၌ ကန့်လန့်ဖြတ်လက်စင်းရာ ( ၃ ) ကြောင်း စီပါရှိသည် ကိုတွေ့ရသည် ။ ဤသို့လက်စင်းရာပါသောအုတ်မျိုးကို ရှေးဟောင်းပျူဒေသများဖြစ်သော သရေ ခေတ္တရာ ဗိဿနိုး ဟန်လင်းစသည်တို့တွင်တွေ့ရသလို ပဲခူးအနီးဝေါမြို့ ကြုံတူဘုရားမှလည်းရရှိဖူးသည် ။။ ထို သို့ဆိုလျှင်ဤကောလိယမြို့ဟောင်းသည် ရှေးဟောင်းပျူဒေသတစ်ခုဖြစ်နေသလော . . . . . . .

( ဆက်ပါဦးမည် . . . . . .  )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) .  .. . . . ပဲခူးဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်မှကူးယူဖေါ်ပြသည် ။

တတိယပိုင်း ( ကောလိယသမိုင်း )

အေဒီ ၉၆၄ မတိုင်မီ ပြုစုခဲ့သည့် တရုတ်ထန်မင်းဆက် သမိုင်းဟောင်း အေဒီ ၉၆၁ မှ ပြုစုခဲ့သည့် ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း အေဒီ ၁၀၆၀ ၌ပြုစုခဲ့သည့် ထန်မင်းဆက်သမိုင်းသစ်များတွင် ဖေါ်ပြထားသောပျူနိုင်ငံ အကျယ်အ၀န်းအတွင်း၌ ကောလိယမြို့ဟောင်းဒေသသည်ပါဝင်နေသည် ။ ထန်မင်းဆက်သမိုင်းသစ်တွင် ပျူ တပ် ( ၉ )မြို့ ပျူဒေသ ( ၃၂ ) မြို့ကိုဖေါ်ပြထားရာ လုဝူး ( ဒိုက်ဦး ) လည်းပါဝင်နေသည်ကိုတွေ့ရသည် ။ ထိုလုဝူး ( ဒိုက်ဦး ) သည် ယခုကောလိယတည်ရှိရာနေရာဖြစ်သည် ။ ထိုထန်မင်းဆက် သမိုင်းသစ်၏အဆိုကို ကောလိယမြို့ဟောင်းတွင်တွေ့ရသည့် လက်စင်းရာပါအုတ်ခဲကြီးက သက်သေခံလိုက်ပြီဟုဆိုရပေမည် ။
ဒေသခံတို့ကမူ လက်ရှိမြို့ရိုးကျေးရွာရှိ မြို့ရိုးဟောင်းကြီးအပြင်ဘက်၌ မြို့ရိုးဟောင်းကြီးတစ်ခုရှိသေးကြောင်း ပြောကြသည် ။ အချို့နေရာ၌ လုံးဝကွယ်ပျောက်နေသဖြင့် အင်္ဂါမစုံတော့ကြောင်း မြို့ရိုးဟုပင် အခိုင်အမာမပြော နိုင်တော့ကြောင်းပြောသည် ။ ဤကောလိယမြို့ဟောင်းကို မည်သည့်ကာလက တည်လုပ်ခဲ့သနည်းဟုမေးခွန်း ထုတ်စရာရှိသည် ။ သမိုင်းစာမျက်နှာများတွင် ထင်ရှားသည့်က ဟံသာဝတီ ဒုတိယခေတ် ရာဇာဓိရာဇ် ( အေဒီ ၁၃၈၂ - ၁၄၃၂ ) တည်လုပ်ခဲ့ကြောင်းဆိုသည် ။ ဘိုးတော်( ဗဒုံမင်း ) ( အေဒီ ၁၇၈၂ - ၁၈၁၉ ) လက်ထက်ကောက်ခံသော ဟံသာဝတီ ( ၃၂ ) မြို့စစ်တမ်းတွင် အတိအကျဖေါ်ပြထားသည် ။
ဘိုးတော် ( ဗဒုံမင်း ) လက်ထက် သက္ကရာဇ် ( ၁၁၆၄ ) ခု တော်သလင်းလဆန်း ( ၉ )ရက်နေ့ ကောလိယမြို့တံ ဆိပ်တော်ရ သူကြီးဗညားအိန္ဒကျော် အသက် ( ၆၅ ) နှစ်အားစစ်မေးသည့်စစ်တမ်း၌
`ကောလိယမြို့သည် အရှေ့ကိုလားသော် တာ၁၀၀၀၀ ဘန်းမြို့ တလခွာမြေနှင့်အစပ် ၊ ကျိုက်ပလဲခွာဘုရား အထိ ၊ အရှေ့တောင်ကိုလားသော် တလနွမ်းချောင်း ကောက်ကောက်စင်းစင်း ၊ စစ်တောင်းမြို့မြေနှင့်အစပ် ၊ တမာကပေါထိ ၊ တောင်ကိုလားသော်တာ ၁၀၀၀၀ ကွာ ၊ ဟံသာဝတီမြို့မြေနှင့်အစပ် ၊ ကျုက်စကောဆိုသည့် ကျိုက်လပို့ဘုရားအထိ ၊ အနောက်ကိုလားသော် ထန်းတောကြီးမြေနှင့်အစပ် ၊ အနောက်ကိုလားသော် တာ ၁၅၀၀၀ကွာ ဇောင်းတူမြို့နှင့်အစပ် ၊ ကျိုက်ဒေးပါဘုရားအထိ ၊ အနောက်မြောက်ကိုလားသော် ရဲနွဲမြို့မြေနှင့် အစပ် ၊ တာ ၂၀၀၀၀ကွာ ၊ ၀ါးတောကြီး တုံခန်းရဲနွဲရဲလှမြေနှင့်အစပ် ၊ ကျိုက်ပ္ပံတောရီးဘုရားထိ ၊ အရှေ့မြောက် ကိုလားသော် ရွှေကျင်မြေနှင့်အစပ် ၊ ညောင်လေးပင်ထိ နယ်လေးရပ် ရှစ်ရပ်သတ်မှတ်ထားကြောင်းပါရှိသည် ။ နယ်မြေအပိုင်းအခြားကျယ်ဝန်းကြီးမားကြောင်းတွေ့ရသည် ။ ဟံသာဝတီ ၃၂ မြို့ စစ်တမ်းအရ မွန်ဘုရင် ရာဇာဓိရာဇ်တည်လုပ်ခဲ့သည်ဆိုသော်လည်း ဆရာကူးရေးသည့် ရွှေမော်ဓောဘုရားသမိုင်း၌မူ ကောလိမြို့ကို ဇောင်းတူဘုရင် သမန္တရာဇာ၏အမတ် အမတ်ဟံဆိုသူတည်လုပ်ကြောင်းပြဆိုထားသည် ။ ရွှေမောဓောဘုရား သမိုင်းနှင့်လည်းဆက်စပ်နေသည် ။

( ဆက်ပါဦးမည် . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) )  . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။

စတုတ္ထပိုင်း ကောလိယသမိုင်း
မြတ်စွာဘုရားရှင်သည် ခြောက်ဝါမြောက် ရာဇဂြိုလ်ပြည်အနီးမကုလပဗ္ဗတောင်ခြေ ချယားတောအုပ်ကြီး၌ သီတင်းသုံးလျက်ရှိစဉ်ဇောင်းတူမြို့သား သူဌေးကုန်သည်ညီနောင်ဖြစ်သော စူဠသာလ မဟာသာလတို့သွား ရောက်ဖူးမြော်စဉ် နောင်အရှည်ကိုးကွယ်ပူဇော်ရန်ဆံတော် ( ၂ ) ဆူကိုပေးသနားတော်မူခဲ့သည် ။ ကုန်သည် ညီနောင်တို့ ဇောင်းတူမြို့ကို ဆံတော်ပင့်ပြီးပြန်ရောက်လာသည့်အခါ ဇောင်းတူဘုရင် သမန္တရာဇာမင်းကြီးနှင့် တကွမြို့သူမြို့သားအပေါင်းတို့ဝမ်းပန်းတသာ ကြိုဆိုပင့်ဆောင်ပူဖော်ကြသည် ။ သည့်နောက်သမန္တရာဇာမင်း ကြီးသည် ပဲခူး ဟင်္သာကုန်းတန်းရှိ သုဒဿနမြင့်သီတပဗ္ဗတကုန်းတော်၌ ဆံတော်ဌာပနာ၍ စေတီကိုတည်လုပ် စေသည် ။ မဟာသက္ကရာဇ် ၁၁၅ ခု တန်းခူးလဆန်း ( ၁ ) ရက် စနေနေ့တွင်အလုံးစုံပြေခဲ့သည် ။ ထို့နောက် သမန္တရာဇာမင်းကြီးသည် စေတီတော်ကိုအဓွန့်ရှည်စွာတည်ထွန်းရန်ရည်ရွယ်ပြီး မော်စော်ကနုရွာနေ သိင်္ဃဒတ္ထ စစ်ကဲ ငကွံလှနှင့် လူပေါင်းတစ်ရာ ၊ ငတံရွာနေ ငအေးနှင့်ငယ်သားခြောက်အိမ်ထောင် ၊ သင်လည်ရွာနေ ပန်းပဲ ငသိုင်းနှင့် ငယ်သားခြောက်အိမ်ထောင် ၊ တွံတာရွာနေ သိုင်းတော်ကိုင်သင်ပုတ်တော်တင် ငကွံထော်နှင့် ငယ်သားခုနှစ်အိမ်ထောင် ၊ အင်းရွာနေ တံမြတ်လှည်း ငထော်ကလင်နှင့်လူပေါင်းခုနှစ်အိမ်ထောင်တို့ကို ကျွန် တော်အသီးသီးအဖြစ်ရေစက်ချ လှူဒါန်းတော်မူခဲ့ပါသည် ။
စေတီတော်၏ ၀တ္တကနယ်မြေကိုလည်း အရှေ့ အနောက် မြောက်တာတစ်ရာကျ တောင်ကိုတာငါးဆယ်ဖွဲ့၍ လည်းလှူတော်မူခဲ့သည် ။ သမန္တရာဇာမင်းကြီးက အိမ်ခြေသုံးထောင်ရှိသောမဟာဂါမရွာကြီးကို အဂ္ဂမဟာသေ နာပတိဘွဲ့ခံ အမတ်ဟံကို အပိုင်စားပေးခဲ့ကြောင်း ၊ နောင်တွင်ထိုရွာကိုကောလိယမြို့ဟုတွင်ကြောင်း ( သစ်ထိန်ညင်ရွာလို့ မှတ်ဖူးသည် ။ စာရိုက်သူ ) ပြဆိုထားသည် ။ ထိုဘုရားသမိုင်းအရဆိုလျှင် ကောလိယမြို့၏ သက်တမ်းသည် နှစ်ပေါင်းနှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်ဟုဆိုနိုင်သည် ။  မြတ်စွာဘုရားသက်တော်ထင်ရှားရှိ စဉ်ကတည်းက အိမ်ခြေသုံးထောင်ရှိသော မဟာဂါမရွာကြီးတွင် ရာဇဓိရာဇ်ဘုရင်လက်ထက်၌ မူလမြို့ရိုးကို ချုံ့လိုက်ကာ မြို့သစ်အဖြစ်တည်ခဲ့ခြင်းလောဟူ၍ ဆင်ခြင်စရာရှိသည် ။
မည်သို့ဆိုစေ မွန်ဘုရင်ရာဇာဓိရာဇ်လက်ထက်၌ ကောလိယမြို့သည် မွန်မြန်မာနယ်စပ်ခံမြို့ဖြစ်၍ တစ်ခါတစ်ရံ ချစ်ကြည်ရေးနယ်ခြားတပ်မြို့လည်းဖြစ်သည်ဟုဆိုနိုင်သည် ။ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်က အင်းဝနှင့်ဟံသာ ၀တီတစ်ပြည်နှင့်တစ်ပြည် ချစ်ကြည်ရင်းနှီးမှုကို မြှော်တွေးလျက် အမတ်ဒိန်မဏိရွတ်ကို လက်ဆောင်ပဏ္ဍာများ ဖြင့် အင်းဝဘုရင်မင်းခေါင်ထံစေလွှတ်ခဲ့ဘူးသည် ။ ` ငါတို့ပြည်ထောင်ချင်းမင်းနှစ်ပါးတို့သည် ဒေ၀ဒဟကပိလ မြို့ကဲ့သို့ အစဉ်ရှည်စွာဖြစ်စေချင်သည် ။ ငါ့သမီးတော် တလမဲကြိုး သည် ရွှေနန်းသခင်အပါးတော်ဝယ်ရှိလေပြီး သည် ။ အဆွေတော်ကို နှမတော်မင်းလှမြတ်နှင့် စုံတော်မူလျှင် တိုက်ဆင် ( ၃၀ ) နှင့်ပုသိမ်သင်္ဘောအကောက် အခွန်ကို နှစ်စဉ်ဆက်သွင်းပါမည် ´ ဟူ၍ မဟာမိတ်ရာဇသံရွှေပေလွှာလည်း ပါးလိုက်သည် ။
မြန်မာဘုရင်မင်းခေါင်လည်း အရှည်ကိုမြှော်တွေးလျက် မင်းရာဇာနှင့်တိုင်ပင်ပြီး လက်ဆောင်ပဏ္ဍာ တုံ့လှယ်ကာ ပညာရှိအမတ်ကြီး မင်းရာဇာအား ဟံသာဝတီသို့စေလွှတ်၍ ပြင်ဆင်ဆောင်ရွက်ဖွယ်များကို သွားရောက်ဆောင် ရွက်စေသည် ။ ရာဇာဓိရာဇ်လည်း စစ်သူကြီးသမိန်ြှဗက်စ ၊ အမတ်ဒိန်မဏိရွတ်နှင့်တိုင်ပင်ပြီး ကောလိယမြို့တွင် တန်ဆောင်းသုံးဆောင်ဆောက်စေ၍ လက်ထပ်နန်းကိုလည်း တည်ဆောက်စေသည် ။ အမတ်ကြီးကတော် မယားလေးယောက်ကိုလည်းအဆောင်အယောင်များနှင့်တကွ အင်းဝသို့ မင်းရာဇာနှင့်အတူ ထည့်လိုက်သည် ။ လက်ဆောင်ပဏ္ဍာများည်းအများပင်ပေးလိုက်သည် ။ ဘုရင်မင်းခေါင်းလည်းအရေး အရာပြီးပြေကြောင်း မင်းရာဇာ၏ လျောက်ထားချက်အရ နှမတော်မင်းလှမြတ်ကို ဦးဆေးမင်္ဂလာပြုစေပြီး ` သုပဘာဒေ၀ီ ´ ဟူသော အမည်ဖြင့် မိဖုရားတို့၏ အဆောင်အယောင်နှင့်ကိုယ်လုပ်တော်သုံးကျိပ်ပေးတော်မူသည် ။ လင်္ကျာကြီးကတော် ကိုအထိန်းခန့်တော်မူသည် ။ ပခန်းတရဖျား တစ်တပ် ၊ တောင်တွင်းသီဟပတော့ တစ်တပ် ၊ ပေါက်မြို့စည်သူ တစ်တပ် ၊ တလုပ်ရာဇသူတစ်တပ် ၊ ပုဂံဥဇနာတစ်တပ် ၊ တောင်ငူမင်းနေပိ တစ်တပ် ၊ မင်းရာဇာ တစ်တပ် ၊ ဤခုနှစ်တပ်တွင် ဆင်လုံးမြင်းရင်းကား တိုက်ဆင်နှစ်ရာ ၊ မြင်းသုံးထောင့်ငါးရာ ၊ စစ်သူရဲခုနှစ်သောင်းပါသည် ။

( ဆက်ပါဦးမည် . . . . . . . . .  )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) )  . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။

Friday, March 24, 2017

( ဒိုက်ဦးသားတစ်ယောက်အကြောင်း ) ပို့ပို့ လို့ခေါ်တဲ့ ကို နေ ဝင်း

ပို့ပို့ အ ကြောင်းပြော ရ ရင် မေမေရယ် ကိုဝင်းခိုင်ရယ် က မပါမဖြစ်။ မေ မေ က ငယ်ငယ်လေး ကတည်းက စိတ်ထားနုညံ့သိမ်မွေ့သူ၊ ၁၆နှစ် သမီးကတည်းက ဝိပဿနာ အားထုတ်သူ၊ သားသမီးတွေကိုလည်း အမြဲ တရားထိုင်ခိုင်းသူ။ ပို့ပို့နဲ့ ကိုဝင်းခိုင်က သူငယ်ချင်းညီအစ်ကို။ ညီအစ်ကို ၆ယောက် ညီမ ၁ ယောက်ဟာ မိဘတွေရဲ့ ပုံစံအတိုင်း ရိုးဖြောင့်တယ်၊ အရှက်အကြောက်ကြီးတယ်၊ ညှာတာစာနာစိတ်တွေရှိတယ်၊ ချစ်ခြင်းမေတ္တာအားကြီးကြတယ်။ သူငယ်ချင်း ညီအစ်ကို နှစ်ယောက်က ပိုပြီးတွဲပါတယ်။ စာအတူဖတ်၊ တရားအတူထိုင်၊ အတူဆွေးနွေး မေ မေက ဘေးက ကူညီပေါ့။ မေ မေရဲ့ ဆုံးမသွန်သင်မှုအောက်မှာ တရားထိုင်ရင်း၊စာတွေဖတ်ရင်း ငယ်ရွယ်တဲ့ ပို့ပို့နဲ့ ကိုဝင်းခိုင်တို့ နိဗ္ဗာန်ဆိုတဲ့ လွတ်မြောက်ခြင်းကို တစ်ဦးတစ်ယောက်တည်း မသွားချင်တော့ဘဲ လူအများကို ခေါ်သွားချင်တယ်။ လူအများရဲ့ကောင်းကျိုးကို အားသွန်ခွန်စိုက် လုပ်ပေးချင်လာကြတယ်။ နိဗ္ဗာန်တောင် တစ်ဦးတစ်ယောက်တည်းဆို မသွားချင်သေးဘဲ လူတွေကို ကူညီကယ်တင်လိုတဲ့ အ တွေးတွေဟာ တရားထိုင်ရင်း စာဖတ်ရင်း ပေါ်လာကြတယ်။ လူတွေကို ကယ်တင်နိုင်ဖို့ ပါရမီ ဆယ်ပါး ဖြည့်ရမယ် ဆိုတဲ့ အ တွေးတွေနဲ့ ကောင်းတာတွေချည့် ရှာလုပ်ကြတော့တယ်။ ၁၉၆၂ ဗိုလ်နေဝင်း တက်လာပြီး ပါပါးတို့ မေ မေတို့ ကုမ္ပဏီ ပြည်သူပိုင်သိမ်းခံရတယ်။ ဒိုက်ဦးမြို့လည်က အိမ်ကြီးရဲ့ အောက်ထပ် လေးပုံသုံးပုံကို "ပ ပ က ဆိုင်" အဖြစ် ပြည်သူပိုင် သိမ်းခံရတယ်။ ကိုဝင်းခိုင် ၁၀တန်းအောင်တယ် ၊ ပဲခူးတိုင်း ပထမ။ ပို့ပို့ ၁၀ တန်းအောင်တယ်၊ ဆေးတက္ကသိုလ် အမှတ်မှီတယ်။ ပါပါးက ဂျပန်ခေတ် အပြီး လူငယ် ဘဝကတည်းက အလုပ်လုပ်ဖို့ လာတဲ့ တရုတ် အမျိုးသားပါ။ ဒီခေတ် ခရိုနီတွေနဲ့ လုံးဝမတူတဲ့ ရိုးသား၊ ကြိုးစား၊ ဖြောင့်မတ်တဲ့ တရုတ်ပါ။ One FRC တွေ ဆေးကျောင်း မတက်ရတော့ သူတို့ ခံစားရပါတယ်။ လူတွေကို ကယ်တင်ချင်တဲ့ ဆရာဝန်၊ ရွှေလင်းယုန်ရဲ့ "သူ"၊ ဒေါက်တာမြင့်မောင်လို ဆရာဝန် ဖြစ်ချင်ခဲ့ကြတာ။ ဥာဏ်ကောင်းတဲ့ လူတွေဆို တော့ ဒီခံစားချက်တွေက နေ စနစ် တစ်ခုရဲ့ အမှားတွေ မြင်လာကြတယ်။ ပို့ပို့နဲ့ ကိုဝင်းခိုင် ဒေသ ကောလိပ် အတူတက်တော့ ညီအစ်ကို နှစ်ယောက် ထမင်းဖိုးကို တစ်ယောက်စာပဲ မှာပြီး တစ်ယောက်စာကို စာအုပ်တွေဝယ်ဖတ်၊ ရုပ်ရှင်တွေ ကြည့်ကြတယ်။ ရုပ်ရှင်က ကားအားလုံးကြည့် နိုင်ဖို့ ရှေ့ဆုံး ငါးမူးတန်းက ကြည့်ကြတာ။ ဆေးလိပ်ခုံ ဖင်စီခံလုံးမယ့် စာအုပ်တွေထဲက စာအုပ်ကောင်းတွေကို ပိဿာချိန်နဲ့ ဝယ်ဖတ်ကြတာ။ စာအုပ်ကောင်းတွေ အများကြီး ပိဿာချိန်နဲ့ ဝယ်ဖတ်ခဲ့ကြတယ်။ ဒေသကောလိပ်ပြီးတော့ ကိုဝင်းခိုင်က စိုက်ပျိုးရေး တက္ကသိုလိ။ ပို့ပို့ က တစ်တန်းငယ်တော့နောက်နှစ်မှ တိမွေးကု တက္ကသိုလ် ရောက်ပါတယ်။ အဲဒီ့တုန်းက Vet က ရန်ကုန်၊ အင်းစိန်မှာပဲရှိသေးတယ်။ ပို့ပို့ အင်းစိန်မှာ စာပေကိစ္စတွေလုပ်ရင်း မိတ်ဆွေ၊ သူငယ်ချင်း၊ ရဲဘော်တွေနဲ့ တွေ့ဆုံရတယ်။ အလုပ်တွေ ပိုလုပ်ဖြစ်ကြတယ်။ ပို့ပို့ရဲ့ ပုံစံက အားလုံးကို တကယ်စွန့်လွှတ်တဲ့သူ။ လမ်းမှာတွေ့တဲ့သူ ဖိနပ်လိုရင် လမ်းမှာတင် ချွတ်ပေးခဲ့တာ၊ မုန့်ဟင်းခါးစားနေရင်း လာတောင်းတဲ့သူရှိရင် ကိုယ်တိုင်ရိုးရိုးစားပြီး တောင်းသူကို ရှယ်ပွဲ မှာပေးတဲ့သူ။ တခါတ လေ ရှပ်အကျီင်္ ချွတ်ပေးခဲ့ ပြီး စွပ်ကျယ်နဲ့ အိမ်ပြန်လာသူပါ။ သူ့ရဲ့ပုံစံက အင်မတန် ယဉ်ကျေး နူးညံ့ သိမ်မွေ့ပါတယ်။ ဒါပေမယ့် ခေါင်းသိပ်မာပါတယ်။ ယုံကြည်ချက် တစ်ခုကို အမြဲစွဲကိုင်သူပါ။ အင်းစိန်မှာ ပြဇာတ် ဒါရိုက်တာ ဦးရဲဝင်းနဲ့ တွေ့ခဲ့ ခင်ခဲ့ပါတယ်။ ဦးရဲဝင်းရဲ့ တစ်ဦးတည်းသောသမီး သန္တာခင်ကို စိတ်ဝင်စားခဲ့တယ်။ Vet က ရေဆင်းကို ပြောင်းတော့ ရေဆင်း က နေ B.Vs ဘွဲ့ရခဲ့တယ်။ သန္တာနဲ့ အိမ်ထောင်ကြပါတယ်။ ၁၉၈၈၊ ၈ လပိုင်းမှာ သမီးဖြိုးဖြိုးအောင်ကို မွေးဖွားခဲ့ပါတယ်။ အ ရေးအခင်း အတွင်း မွေး တဲ့ သမီးနဲ့ ဇနီးကိုပြစ်ထားပြီး ယုံကြည်ရာ လှုပ် ရှားခဲ့တယ် အမျိုးသား နိုင်ငံ ရေးတပ်ပေါင်းစု(မနတ) မှာအထွေထွေ အတွင်းရေးမှူး အောက်မြန်မာနိုင်ငံ တာဝန်ယူခဲ့ပြီး မကြာခင်မှာ UG ဆိုပြီး ကိုဌေးသိန်း Dr.ဇော်မင်းတို့နဲ့အတူ အဖမ်းခံရပါတယ် ထောင် ၂၆ နှစ် အချခံရပါတယ် အင်းစိန် ထောင် မြင်းခြံ ထောင် မန္တလေး သီးသန့်။အိုးဘိုထောင် တွေ မှာ သံခြေချင်းခတ်နဲ့ နေခဲ့ရပါတယ် ထောင်သက်၁၆ နှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ် မွေးပြီးကတည်းက အဖေ နဲ့ခွဲ ထောင်ဝင်စာကို အမေ နဲ့အတူ ထောင်ပေါင်းများစွာ လိုက်ဝင် ထောင်ဆိုတာကြောက်ချင်စရာ အားငယ်ချင်စရာ ဖြိုးဖြိုး မကြောက်ခဲ့တာ သန္တာရဲ့ပြုစု ပျိုးထောင်မှုကြောင့် အမှန်တရားအတွက် အဖေ့ ရဲ့သွေး နဲ့ အမေ့သတ္တိ အဖွါးကူညီစောင့်ရှောက်မှုတွေဟာ ဖြိုးဖြိုးရဲ့အားတွေပါ ဖြိုးဖြိုး အောင် ဆယ်တန်းအောင်တော့ မြို့ပြအင်ဂျင်နီယာ ဘာသာနဲ့GTC တက်ပါတယ် ။GTC တက်ရင်းသမဂ္ဂ လှုပ်ရှားမှုတွေရှိနေတော့ အမြဲအလိုက်ခံနေရတယ် နာဂစ် ဖြစ်တော့ဧရာဝတီတိုင်းကို ကူညီဖို့ပို့ပို့သွားပါတယ် အဲဒီမှာ အလောင်းတွေကိုဘယ်သူမှတာဝန်ယူ မသိမ်းဆည်းတော့ ပို့ပို့တို့အုပ်စု အလောင်းကောက်သင်္ဂြိုလ်ကြတယ် ဖြိုးဖြိုးပါ ပါသွားတာပါ ကိုယ်တိုင် အလောင်းကောက်ရတဲ့အတွေ့အကြုံ ခံစားချက်တွေ သူတို့သားအဖရခဲ့ကြတယ်။ အဲဒီ့ကနေ ရန်ကုန်အပြန်မှာ ကိုနေဝင်း၊ ဖြိုးဖြိုးအောင်တို့ အုပ်စု အဖမ်းခံရပါတယ်။ ကိုနေဝင်းက ဘားအံ နှစ်နှစ်၊ ဖြိုးဖြိုးအောင်က မော်လမြိုင် မှာ သုံးနှစ်ကျော် ထောင်ကျ ခဲ့ပါတယ်။ အသက်အငယ်ဆုံး အမျိုးသမီး နိုင်ငံရေး အကျဉ်းသူပါ။ ဧရိယာ တစ်ခုထဲမှာ သားအဖ ထောင်ကျလို့ တော်သေးတယ်။ မော်လမြိုင်နဲ့ မြစ်ကြီးနားဆိုရင်တော့ ကျမ သေပြီလို့ သန္တာပြောပါတယ်။ စနစ်တစ်ခု ကောင်း မ ကောင်း ကိုနေဝင်းနဲ့ ဖြိုးဖြိုးတို့ ကောင်းကောင်းသိကြပါတယ်။ မနီတာ ၁၅.၃.၁၅

Sunday, March 19, 2017

ခရေ

.၁၉၈၂တုန်းကရေးခဲ့တာတဲ့ ကိုယ်တောင်မမှတ်မိတောဘူး သိမ်းထားတဲ့မိတ်ဆွေ ( Ko Min Thet Wai)ရဲ့ကျေးဇူးကြောင့် ပြန်လည်ရရှိခဲ့ အတိုင်းမသိ ကျေးဇူးပါ *ခရေ* အနားမှာ ရစ်ဝဲကာတလည်လည်နဲ့ ချစ်သဲညှာ ရင်မှာတွယ်တဲ့ စပါယ်နဲ့ခရေ.. *ပန်းနှစ်ပွင့် လန်းစွင့်ကြူ အကြို ထောက်သမို့ လှမ်းလင့်ယူ ဘယ်ကိုကောက်ရပါ့ မောင့်မှာကအခက်ဝေ... *ရနံ့တလွင်လွင် ခရေလျှင်လေမှာ ဝဲပါလို့ စပါယ်တွေပင်မှာသဲပြီဘဲ ရင်ထဲမှာတော့ရတက်ပေ စပါယ်လေလား ခရေလား.. *မြေမခင် စပါယ်လျှင်မောင်မြင်တော့ လေမှာရွှင် မြေကိုလှမ်းလေတဲ့ ခရေပန်း သက်ဝေအပြုံး ကိုတော့ ပြိုင်လေလျှင်စပါယ် ရှုံးမှာပေါ့ အပြုံးတွေ ငွေရောင်သန်းပေမယ့် ခရေကိုဘယ်လိုစမ်းမှာလဲ အရွယ်ပျို ပန်းတွေ တောင်လိုမောက်စေဦး မကောက်ပါရှောင်ကာကွင်းလို့ရယ် အရောက်သာ အမြန်နှင်းမယ်ကွဲ့ ခရေ. ..ရေ မင်းရဲ့အနား........။ ဒိုက်ဦး..စိုးမိုးသူ..4.10.1982 ပဲခူး ဓမ္မသိပ္ပံ ယခု(USA) မှတ်တမ်းတင်သူ.(မင်းသက်ဝေ.စင်္ကာပူ)င်္

ဝန်မင်းများ အမတ်မင်းများအတွက် မုန့်ဖက်ထုပ်လက်ဆောင်

**** --*--*--*--*--*--*--*--*--*--*--*-- သူရိန်ထက်။ မေ ၃၀၊ ၂၀၁၂ ( မိုးမခမှာ ၂၀၁၂ ပြည်သူ့ခေတ်မှာ ၂၀၁၆ က လက်ဆောင်ပေးခဲ့တဲ့ သရော်စာ အဟောင်းပါခင်ဗျား ) ရောင်းရင်းရေ … ဒီဖက်နှစ်ပိုင်းအတွင်းမှာ တီဗွီတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဘာဘာညာညာ မီဒီယာတွေမှာ အတွေ့ရအများဆုံးဟာ ခေါင်းပေါင်းစ တလူလူနဲ့ အမတ်မင်းတွေ၊ ၀န်ကြီး ၀န်မင်းတွေပဲ ဆိုရင် မှားမယ်မထင်ဘူးဗျ.. နော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ… ခုလို အမတ်မင်း၊ ၀န်မင်းတွေ ရာထောင်မက မြင်တွေ့ရတာ၊ ခုထိတော့ ဟုတ်တိပတ်တိ မရှိလှပေမယ့် နိုင်ငံ့အကျိုး ရွက်သယ်ပိုးတော့မယ့်ဟန် တပြင်ပြင် လုပ်နေကြတာတော့ တယ် အားတတ်ဖွယ်ကောင်းသကိုးဗျ။ တဟုန်းဟုန်းထနေတဲ့ အလုပ်သမားပြသနာတွေ၊ တဆူဆူ တပူပူဖြစ်နေတဲ့ လယ်သမား အခက်အခဲတွေ၊ တမဟုတ်ချင်း ကျယ်ပြန့်လာတဲ့ လျှပ်စစ်မီး ဆန္ဒဖေါ်ထုတ်မှုတွေ၊ တသေသေ တကျေကျေနဲ့ ဆိုးဝါးနေတဲ့ ကချင် ပြည်နယ် စစ်ပွဲနဲ့ စစ်ဘေးဒုက္ခသည်ပြသနာတွေ၊ တအုံနွေးနွေးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြသနာတွေ၊ မထင်မှတ်ပဲ ဖြစ်ပေါ်နေတဲ့ ရေဘေး အခက်အခဲပြသနာတွေ… စတဲ့ စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို အမတ်မင်းတွေက မသိကျိုးကျွန်ပြုတဲ့သူကပြု၊ နှမ်းဖြူး တဲ့သူက ဖြူး၊ လေပင့်တဲ့သူကပင့်၊ ရိသဲ့သဲ့ လုပ်တဲ့သူကလုပ်၊ မတော်တရော် ပြောသူကပြော၊ စားပြီး နားမလည် လုပ်တဲ့သူကလုပ်၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်ပြသူက လုပ်ပြ၊ နှာစေးတဲ့သူက စေး စသဖြင့် နည်းပေါင်းစုံနဲ့ အမတ်မင်းများ ၀န်မင်းများက ဖြေရှင်းနေကြတာ ကိုလည်း အင်မတန်မှ အားတတ်ဖွယ် တွေ့နေရတာကလား။ ဒီလို အားတတ်ဖွယ်တွေ အင်မတန်တွေ့ရလေတော့ တခါတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောဖူးတဲ့ မုန့်ဖက်ထုပ်ခြောက်ဝန်ကြီး ဆိုတာကို သွားသတိရမိတယ်။ (စကားချပ်။ ။စာအုပ်စာတမ်းတွေ အင်မတန်ချိနဲ့နေရတဲ့ အခြေအနေမို့ မူရင်းအတိုင်း ပြန်မဖေါ်ထုတ်နိုင်တာကိုတော့ သည်းခံပေးပါ တကာတော်။) ဆရာကြီးပြောခဲ့တာကို မှတ်မိသလောက် ပြန်ဖေါက်သည်ချပါရစေ။ တခါတုန်းက..ပေါ့ဗျာ။ ရှင်ဘုရင်ကြီးတပါးမှာ သမီးတော်လေး တယောက်ရှိဆိုပဲ။ တခါမတော့ မင်းသမီးလေး ဟာ မကျန်းမမာဖြစ်သတဲ့။ ဝေဒနာဟာ တစစ ဆိုးဝါးနေတာမို့ သမားတော်တွေ၊ အထူးကုတွေ အစုံအလင်နဲ့ ကြိုးစားကုသပေမယ့် မသက်သာ မပျောက်ကင်းတဲ့အပြင် အိပ်ယာထက်မှာ ခပ်မျော့မျော့လေးပဲ ရှိတော့တယ်တဲ့။ (ခုခေတ်လို စင်္ကာပူမှာ ဆေးသွားကုတာတွေဘာတွေလည်း ခေတ်မစားသေးဘူးကိုးဗျ။) ဘုရင့်သမားတော်တွေ၊ ကျန်းမာရေးဝန်ကြီး (ဟိုတုန်းကတော့ သမားဝန်ကြီးလို့ ခေါ်တယ်ဆိုပဲ) က အစ လက်လျော့ရတော့မယ့် အခြေအနေ ဖြစ်နေတော့ ဘုရင်ကြီးလည်း အင်မတန်မှ စိုးရိမ်းသောကတွေ ဖြစ်ပြီး ကြံရာမရ ဖြစ်နေသတဲ့။ ဒီလိုနဲ့ နောက်ဆုံး သမီးတော်လေးရဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသနိုင်ရင် သမားဝန်ကြီး ခန့်မယ် လို့ မြို့တွင်းမြို့ပြင် တိုင်းရပ်အခွင်ခွင်ကို မောင်းခတ်ကြေညာစေသတဲ့။ အဲဒီအချိန်မှာ မြို့ပြင် ကျူးကျော်ရပ်ကွက်မှာ ဆေးကုစားတဲ့ ဆရာတယောက်လည်း ရှိသတဲ့။ နာမည်က ဗိန္ခောဆရာ ဆရာဇော် ဆိုပါတော့။ သူက ဆေးပညာကို ကျွမ်းကျင် တတ်မြောက်လှချည်ရဲ့တော့ မဟုတ်တာမို့ လျက်ဆားလေး ဘာ လေး ဖေါ်ပြီး ရမ်းသမ်းကုရတဲ့ ဆရာရမ်းကု ဆိုပါတော့။ တပည့်တယောက်တော့ ရှိပေမယ့် ငတ်တလှည့် ပြတ်တလှည့်နဲ့ ခက်ခက်ခဲခဲ အသက်မွေးနေရရှားသကိုးဗျ။ ဘုရင့်သမီးတော် မကျန်းမာလို့ ဆေးကုသပေးနိုင်ရင် ၀န်ကြီးခန့်မယ် ဆိုတဲ့ မောင်းခတ် ကြေညာသံကို ဆရာဇော် ကြားတော့ … “အင်း… ခုလို ငတ်တလှည့် ပျက်တလှည့် နေတာထက်စာရင် ရမ်းသမ်းကုလိုက်လို့ မင်းသမီးလေး ကျန်းမာသွားလို့ကတော့ ကြိုတင်မဲတွေ မဲလိမ်တာတွေ လုပ်စရာတောင် မလိုပဲ ၀န်ကြီးဖြစ်မယ်။ သေသွားရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ.. သေမြေကြီး ရှင်ရွှေထီးပဲ။ ကြုံတုန်း ၀င်စမ်းကြည့်ဦးမှပဲ” လို့ တွေးမိပြီး ကြေညာမောင်းခတ်တဲ့ ပြန်ကြားရေးဝန်ထမ်းတွေဆီ သွားတွေ့သတဲ့။ “ဗျို့.. ဆရာလေးတို့.. မင်းသမီးက အတော်လေး နေမကောင်းဖြစ်နေတာလားဗျ။ ဘာရောဂါလဲ” “ဒါတော့ မသိဘူးဗျို့..။ ခင်ဗျားက ဘာလုပ်မလို့လဲ“ “သြော်.. ကျုပ်က သမားတော်ကြီးပါ။ ခုတလော အထူးကု ဆေးခန်းတွေ ပြသနာဖြစ်နေတာနဲ့ အနားယူ နေတာဗျ..။ နေပါဦး.. ခင်ဗျားတို့ ဘုရင့်သမီးတော်ကို ဆေးကုနိုင်ရင် သမားဝန်ကြီး တကယ်ပေးမှာလား” “ဟ.. ရှင်ဘုရင်ဗျ.. လူကြားကောင်း နားထောင်ကောင်းအောင် ပြောရုံပြောတတ်တဲ့ သမ္မတ မဟုတ်ဘူး။ ကတိတည်တယ်။ ခင်ဗျားကုနိုင်ရင် ၀န်ကြီးခန့်မှာဗျ“ “ရွေးကောက်ပွဲရော ၀င်ရဦးမှာလား။ ကြိုတင်မဲတွေ၊ ဖယောင်းသုတ်တာတွေ လုပ်ဦးမှာလား” “ဟာ.. ဒါတွေ မလိုဘူး။ ကုသနိုင်လို့ကတော့ ၀န်ကြီးတန်းခန့်မှာဗျ။ ခေါင်းပေါင်း ပေါင်းတတ်ဖို့သာ လေ့ကျင့်ထား” “မဆိုးဘူးဗျ..။ အဲ.. နေဦး.. ၀န်ကြီးပဲ ခန့်မှာလား။ မင်းသမီးလေးနဲ့ လက်ထပ်ပေးပြီး “စိန်စီသောည” တွေ ဘာတွေရော လုပ်ဦးမှာလားဗျ.. ဟီး” “အာ.. အဲဒါတော့ မပါဘူး.. ကဲဗျာ.. လေရှည်တယ်.. ခင်ဗျား လိုက်ကုမလား။ နန်းတွင်း သမားတော်ကြီးတွေတောင် လက်လျော့ထားရတာနော်။ ကုနိုင်ရင် တပါတည်း ခေါ်ခဲ့ ရမယ်တဲ့.. ” ဆရာဇော်လည်း အတော်လေး စဉ်းစားပြီး “ကုမယ်ဗျာ.. ခု လိုက်ခဲ့မယ်.. ” ဆိုပြီး ရှိတဲ့ အ၀တ်နွမ်းလေး နှစ်စုံလောက် လွယ်အိတ်ထဲထည့်ရင်း တပည့် လုပ်သူကိုလည်း ဆေးတွေ ထည့်ခိုင်းသတဲ့။ “ဆရာ.. ဆေးက ဘာဆေးတွေ ယူခဲ့ရမှာလဲ။ ဖေါ်စပ်ပြီးသားကလည်း လျက်စားပဲ ရှိတာလေ” “အာ.. ရှိတာသာ ထည့်ခဲ့။ အဲ.. နေဦး.. ဟိုနေ့က နေလှမ်းထားတဲ့ ဆေးမြစ်တွေ ရသလောက် ထည့်ခဲ့ကွာ” တဲ့။ ဒါနဲ့ တပည့်လုပ်သူကလည်း နေလှမ်းထားတဲ့ ဆေးမြစ်တွေထဲက လက်လှမ်းမှီသမျှ ဟိုနည်းနည်း ဒီနည်းနည်း ထည့်ယူပြီး နန်းတော်ထဲ လိုက်သွားရော ဆိုပါတော့။ ဘုရင်ကြီးက ဆေးကုနိုင်တဲ့သူ ပါလာတယ်ဆိုလို့ ၀မ်းသာပေမယ့် ဆရာဇော်ရဲ့ ခပ်နွမ်းနွမ်း မခန့်မငြား အနေအထားကိုကြည့်ပြီး စိတ်တော့ ပျက်မိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကုနိုင်မယ့်သူ မရှိတဲ့ အခြေအနေမှာ ကောက်ရိုးတမျှင်လို သဘောထားကြီး ဆရာဇော် ဆေးကုတာကို ခပ်လှမ်းလှမ်းက ၀န်ကြီး အခြွေအရံတွေနဲ့ အကဲ ခတ်ကြည့်နေသတဲ့။ အိပ်ယာသလွန်ပေါ်မှာ မလှုပ်မယှက် ရှိနေတဲ့ မင်းသမီးလေးကို ကြည့်လိုက်၊ လက်ကလေး ကိုင်ကြည့်လိုက်၊ ဆေးအိတ်ထဲက ဆေးမြစ်တွေ ကြည့်လိုက်နဲ့ အကြံထုတ်နေတဲ့ ဆရာဇော့်ပုံစံက အားရစရာ မရှိတာတော့ အမှန်ပါပဲ။ နောက်ဆုံး ဆရာဇော်လည်း မထူးဘူးလို့ ဆုံးဖြတ်လိုက်တယ်ထင်ရဲ့။ တပည့်ဆီက ဆေးလွယ်အိတ်ကို ယူပြီး ကြည့်တောင်မကြည့်ပဲ လက်လျှိုပြီး တွေ့ရာ ဆေးမြစ်တခုကို ကောက်ယူ၊ ကျောက်ပြင်တချပ်ပေါ်မှာ ရေသန့်လေးနဲ့ တပည့်ကို သွေးခိုင်းပြီး ဆေး တပန်းကန်လုံးလောက်ရတော့ အထိန်းတော်ကြီးကို ပေးပြီး ဇွန်းကလေးနဲ့ ဖြေးဖြေးချင်း မင်းသမီးလေးကို တိုက်လိုက်ပါလေရော..။ ဆေးတိုက်နေချိန်မှာ နန်းတော်ထဲမှာလည်း ငြိမ်သက်ပြီး မင်းပရိသတ်တွေက ဆေးကုသတာကို ၀ိုင်းကြည့်နေသလို ဆရာဇော်လည်း ဘာဆက်လုပ်ရင် ကောင်းမလဲလို့ အကြံထုတ်နေတာပေါ့။ အကြံထုတ်ချိန် ရအောင် ဆေးတိုက်တာကိုလည်း ဖြေးဖြေးချင်း အကြာကြီး တိုက်ခိုင်းသတဲ့။ အတော်ကြီးကြာတော့ အသက်တောင် ငွေ့ငွေ့လေး ရှူနေတဲ့ မင်းသမီးလေးဟာ မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ် လှုပ်၊ ပါးစပ်ကလေးက ဟစိဟစိလုပ်လာတာကို တွေ့လိုက်ရသတဲ့။ ဘုရင်ကြီးနဲ့ တကွ တနန်းတော်လုံးလည်း ၀မ်းသာအားရဖြစ်လာသလို ဆရာဇော်ဆိုရင် ကိုယ့်မျက်စိတောင် ကိုယ်မယုံလို့ ပွတ်ကြည့် ရ ဆိုပဲ။ ဒါနဲ့ အားတက်လာပြီး လက်ကျန် ဆေးမြစ်လေးကို ဆက်သွေးပြီး တိုက်ခိုင်းတာပေါ့။ ဒုတိယအကြိမ် ထပ်တိုက်ပြီး အတော်လေးကြာတော့ မင်းသမီးလေးက ခပ်တိုးတိုးလေးနဲ့ “ရေ.. ရေ ပေးပါ” ဆိုပြီး တောင်းသတဲ့။ အားလုံးလည်း ၀မ်းသာပြီး ရေလည်းတိုက်၊ ၀ိုင်းလည်း အုံလာလို့ ဆရာဇော်က ခပ်တည်တည် နဲ့ လူနာနားသိပ်မကပ်ဖို့ (လူကြီးကို လုံခြုံရေး လုပ်ပေးနေကြတဲ့ လူတွေ မျက်နှာပေးမျိုးနဲ့ပေါ့လေ) မောင်းထုတ်ရ ဆိုပဲ။ မင်းသမီးလေး သက်သာလာတယ်ဆိုတော့ ဆရာဇော်လည်း အတော်လေး စဉ်းစားရ ကြပ်နေတာပေါ့။ သူ တိုက်လိုက်တဲ့ ဆေးဟာ ဘာဆေးလဲ၊ ချိုလား၊ ချဉ်လား၊ ငန်လား၊ ဘာအမြစ်လဲ။ နံ့သာဖြူလား၊ ကရမက်လား၊ ဆေးဒန်းလား၊ တောင်တန်ကြီး လား၊ ဆင်တုံးမနွယ်လား.. ပေါ့လေ။ သူများမပြောနဲ့ သူကိုယ်တိုင်တောင် မသိလို့ ဆေးလက်ကျန်လေးကို မသိမသာ လျှာနဲ့ တို့ကြည့်သတဲ့။ ဒီတော့မှ သူ့ဆေးအကြောင်းရော၊ မင်းသမီးလေးရဲ့ ရောဂါအခြေအနေရော သဘောပေါက်ပြီး ဆေးကျန်ကလေးကို ကျင်းပြီး တိုက်၊ အဟာရဖြစ်မယ့်ဟာလေးတွေ တိုက်လိုက်နဲ့ ကုသလိုက်တာ မကြာခင် ပျောက်ကင်းပြီး ဆရာဇော်လည်း သမားဝန်ကြီး ဖြစ်သွားပါလေရော တဲ့ဗျား..။ တကယ်တော့ ဆရာဇော် မကုခင်ကတည်းက ရောဂါက ပျောက်ကင်းနေပါပြီ။ ဆေးဆရာပေါင်းစုံ၊ ဆေးနည်း ပေါင်းစုံနဲ့ ဆေးဝါး မန္တန် ပရိတ်ပဌာန်း က အစ အမျိုးမျိုး သက်သာပျောက်ကင်းအောင် ကုသထားပြီးသားပါ။ ဒါပေမယ့် ဆေးဆရာတွေ မေ့နေတာက လူနာကို အာဟာရ တိုက်ကျွေးဖို့ပါ။ ရောဂါပျောက်ပေမယ့် ရက်ရှည်လများ အာဟာရ မရရှိတော့ မေ့မျောနေတဲ့ လူနာကို ဆရာဇော်က မထင်မှတ်ပဲ အာဟာရ ကျွေးလိုက်မိလို့ပါ။ ဆရာဇော် လျှာနဲ့တို့ပြီး မြည်းကြည့်လိုက်တဲ့ ဆေးဟာ တကယ်တော့ ဆေးမြစ်မဟုတ်ပဲ ဆေးမြစ်တွေ လှမ်းထားတဲ့အပေါ် ကျေးငှက်တွေ ချီလာတဲ့ မုန့်ဖက်ထုပ်တခုဟာ နေလှမ်းလို့ ခြောက်ပြီး ဆေးမြစ်ထဲ ရောနေတဲ့ မုန့်ဖက်ထုပ်ခြောက်ကို သွေးတိုက်မိ လျက်သား ဖြစ်နေတာကိုး။ ဆေးပညာ မတတ်ပေမယ့် သမားဝန်ကြီး ဖြစ်သွားရတဲ့ ဆရာဇော်လို ၀န်ကြီးမျိုးတွေ ဒီခေတ် ဒီအခါ ခေတ် ပြောင်းချိန် လိုလို ဘာလိုလို အခြေအနေထဲ ရောနှောမပါလာပါစေနဲ့လို့ ဆုတောင်းမိပါရဲ့ဗျာ။ ပြည်သူပြည်သားတွေမှာတော့ ရှင်ကြီးဝမ်းထဲ နေရတော့လည်း မသက်သာ၊ ရှင်ငယ်ဝမ်းထဲ နေရတော့လည်း မလွယ်ကူ၊ ခု တခါ ရှင်သစ်ဝမ်းထဲ ၀င်ရရင်တော့ ချောင်လည်တန်ကောင်းရဲ့လို့ မျှော်လင့်ချက်ကလေးတွေ တဝေေ၀ ဖြစ်နေတာကို ပန်းကောင်းအညွှန့်ကျိုးတော့ တယ် မဖြစ်စေချင်ဘူးကိုးဗျ။ အမတ်မင်းတို့ ၀န်မင်းတို့ ခေတ်မှာ ပြောင်းအောင်လည်းလုပ်နိုင်ကြပါစေ..။ ကောင်းအောင်လည်း လုပ်နိုင်ကြပါစေ… လူထုအကျိုးလည်း (နည်းနည်းပါးပါးဖြစ်ဖြစ်) သယ်ပိုင်းနိုင်ကြပါစေ ….။ မုန့်ဖက်ထုပ်ခြောက် ၀န်ကြီးတွေ မဖြစ်ကြပါစေ သတည်း..။ (နတ်လူ သာဓုခေါ်စေသောဝ်) ၀န်ခံချက်။ ။ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောတဲ့ ပုံပြင်ကို မှီငြမ်းပါကြောင်း

Tuesday, February 21, 2017

အကျဉ်းစံအပြန်လမ်း

ရန်ကုန်ဘူတာကြီးက စထွက်ကတည်းက ဦးကြည်ကို ကျနော်မြင်တယ် ။ အသွင်သဏ္ဍန်ကသာ သားသား နားနားနဲ့ ရထားတွဲကြီးတလျောက် ရှေ့နောက်သွားနေတာမို့ ( သူ့လှုပ်ရှားမှုကိုနားမလည်သေးတာမို့ ) မခေါ်လိုက်သေးပဲ လိုက်ကြည့်နေမိတယ် ။ မခေါ်လိုက်နှုတ်မဆတ်ဖြစ်လိုက်မှာကိုလည်း စိုးနေမိသေးတယ် ။ ခုံနေရာမရတာကြောင့် ကျနော်အိမ်သာအပေါက်ဝနားကနေ မတ်တပ်ရပ်လိုက်လာရတော့ ကျနော်ပုံကြီး ကို ဦးကြည်ဘယ်လိုမှ မမြင်နိုင်စရာမရှိပါဘူး ။ ကျနော်တို့တွဲထိပ်ကို တစ်ခေါက်ကျော့လာကတည်းက တစ် ချက်လှမ်းအကဲခတ်ကြည့် ကြည့်လိုက်တာကိုလည်း ကျနော်သိလိုက်မိတယ် ။ ဒီတစ်ခေါက်ရောက်လာရင် တော့စပြီးနှုတ်ဆက်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး ရထားတွဲဆက်နားကစောင့်နေလိုက်တယ် ။ သူကလည်းရိပ်မိလို့ထင်တယ် ။ ချက်ချင်းပဲရောက်လာတော့ ` ၀ိဇ္ဇာကြည် ´ လို့ခပ်တိုတိုပဲခေါ်လိုက်လျင်ပဲ ရှေ့သွားပေါ်အောင် ပြုံးပြုံးကြီးမော့ကြည့်ပြီး ကျနော်လက်ကို တင်းတင်းကြီးဆွဲတော့တာပါပဲ ။ `ကျနော်လက်က ၀ဲတွေကူးကုန်ပါဦးမယ် အရာရှိမင်းကြီးရယ် ´ လို့နောက်လိုက်ပြန်တော့ အရင်ဝသီအ တိုင်း တဟားဟား ။ ရထားကြီးကလည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်း ကျနော်တို့နှစ်ယောက်မှာလည်း ပြောစရာ တွေကအစုံ ။ ဦးကြည်က ရှေ့နှစ်တွဲကျော်လောက် ကျနော်ကိုခေါ်သွားပြီး ခုံနေရာတစ်ခုရှာပေးတယ် ။ `ပဲခူး ဘူတာရောက်ရင်ခင်ဗျားဆက်မသွားပဲ ဆင်းရမယ်လို့အမိန့်ချတယ် ။ ဟိုမှာ ၀က်ကြီးတို့ သိန်းအောင်တို့ လည်းရှိတယ် ။ ခင်ဗျားကိုပြုစုကြလိမ့်မယ် တဲ့´ ဆိုပြီး ကျနော်ကိုထားခဲ့ကာ ရှေ့တွဲကိုကူး သွားပြန်ရော ။ တရိပ်ရိပ်လည်ပြီး ကျန်ရစ်ခဲ့တဲ့လယ်ကွင်းတွေ ကုက္ကိုပင်တွေ ထန်းပင်အုပ်လေးတွေ ၀န်းရံထား တဲ့ ရွာက လေးတွေကို ရထားပြူတင်းပေါက်နေ ငေးမောရင်းလိုက်ပါလာခဲ့ပေမယ့် ကျနော်အတွေးထဲမှာကတော့ ဦးကြည်တို့နဲ့အတူ တောင်ငူထောင်ထဲမှာ . . . . . . . . 1975 ပဲခူးရိုးမပြိုတော့ ကျနော်တို့လည်းအဖမ်းခံရပြီး မတရားအသင်းပုဒ်မနဲ့ထောင် 3 နှစ်ကျခဲ့ရတယ် ။ တောင်ငူထောင်ဝင်ရင် ဇာတ်ကြမ်းတွေခင်းရတော့မယ်ဆိုတာကိုကြိုသိထားတယ် ။ နောက်ဆုံးစီရင်ချက်ချ တဲ့ညောင်လေးပင်အချုပ်မှာလာနှုတ်ဆက်ကြတဲ့ မိသားစုတွေ မိတ်ဆွေတွေရဲ့ လက်ဆောင်တွေကို ကျနော် ယူမသွားချင်တော့ဘူး ။ အလကားဆုံးရှုံးကုန်တော့မှာလို့ လာနှုတ်ဆက်တဲ့ကဗျာဆရာအောင်ဇင်မင်းကို တိုးတိုးပြောမိတော့ နည်းနည်းမှမျက်နှာမကောင်းဘူး ။ `ယူသာသွားပါဗျာ ´ လို့အံကြိတ်ပြီးပြောရှာတယ် ။ တောင်ငူထောင်အ၀င်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ ။ ပုံစံမထိုင်လို့ဆိုပြီး ၀ိုင်းသမ ။ ကျနော်တို့ကလည်း ပြန်ချ ။ ကြိုးတိုက်ထဲကို ဘယ်လိုရောက်သွားမှန်းမသိလောက်အောင် လောကကြီးနဲ့တစ်ညလောက်ဝေး ကွာသွားခဲ့ရတယ် ။ မြေကြီးမှာ ကျနော်ကိုဒရွတ်တိုက်ဆွဲသွားတာလို့ နောက်မှသိရတယ် ။ တစ်လလောက်ကြာမှ အပြင်ကရဲဘော်တွေနဲ့အဆက်အသွယ်ရတယ် ။ စာလာပို့ပေးတာက၀က်ကြီး ။ နာမည်နဲ့လိုက်အောင် မဲမဲ၀၀ ဗိုက်ပူပူကြီး ။ ကတုံးပြောင်ပြောင်နှုတ်ခမ်းမွှေးကားကားကြီးနဲ့ ။ အခန်းစဉ် လိုက်မိုက်ကြည့် ကြည့်ပြီး ကြိမ်းဝါးလိုက်သေးတယ် ။ ပြီးမှအလစ်မှာ ကျနော်ကိုစာလေးပစ်ပေးသွားတာ ။ ထောင်တွင်းပါတီကော်မတီက ထောင်စည်းကမ်းကိုလိုက်နာပြီး ထောင်သားအများစုနဲ့ရောနှောနေခြင်းသာ သင့်လျော်ကြောင်း အကြံပေးထားတယ် ။ အတူနေ အတူစား ။ အတူလေ့လာ အတူတိုက်ပွဲဝင် ။ ( တူလေး လုံး ) ကျင့်သုံးဖို့ပေါ့ ။ အဲ့ဒီအချိန်တုန်းက ဦးသန့်ုတို့မှိုင်းရာပြည့်ကာလဆိုတော့ ထောင်ထဲမှာလည်း ကျောင်း သားတွေပြည့်နေတယ် ။ အများစုကတော့ ကျေးလက်ကကျောင်သားတွေ ။ ထောင်ပုံစံအတိုင်းနေပါတော့မယ်လို့ပြောလိုက်တော့ ကျနော်တို့ကိုတိုက်ကထုတ်ပြီး အိပ်ဆောင်တွေဆီခွဲ ပို့ပါတယ် ။ တစ်ခန်းမှာ လူငါးဆယ်ကျော်လောက်နဲ့ရောနှောနေရတာပါ ။ ကျနော်အလုပ်လုပ်ရတာက လက်သမားရုံမှာ ။ နောက်တော့ တက္ကသိုလ်တုန်းကသူငယ်ချင်းတစ်ယောက်က ထောင်မှူးလေးကိုပြောပေး တာနဲ့ ကြိမ်ရုံမှာစာရေးလုပ်ရပါတယ် ။ ထောင်အရာရှိတွေကတော့ ကျနော်တို့ကိုသတိထားပြီး ပြောဆို ဆက်ဆံပါတယ် ။ အရောမ၀င်ရဲကြဘူး ။ အောက်ခြေဘာယာတွေ ထောင်မင်းသားတွေကတော့ထုံးစံအ တိုင်းလူကြမ်းတွေ ။ ဗိုလ်နေ၀င်းကစပြီး ကျနော်တို့အထိအားလုံးဟာစနစ်ရဲ့သားကောင်တွေဖြစ်တယ်လို့ ကျနော်တို့ယုံကြည် တယ် ။ လူသားတိုင်းဟာ မွေးလာကတည်းက သဘာဝအလိုက်ရိုးသားကြသူတွေဖြစ်တယ် ။ တွေ့ကြုံဖြတ် သန်းလာရတဲ့ဘ၀တွေက စာရိတ္တတွေကိုဖြစ်ပေါ်လာစေတာဖြစ်ပါတယ် ။ ဦးကြည်တို့ ၀က်ကြီးတို့လိုထောင် ကိုအိမ်လုပ်နေသူတွေကအစ ကျနော် သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံပါတယ် ။ တချို့လယ်သမားတွေဆို အိမ်က ထောင်ဝင်စာလာမတွေ့နိုင်ကြတော့ တအားချို့တဲ့ကြတာတွေ့ရတယ် ။ ဒါနဲ့ပဲ ကျောင်းသားတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့အိမ်ကလာတဲ့ထောင်ဝင်စာပစ္စည်းတွေ ဆေးဝါးတွေကို အခန်းထဲကအကျဉ်းသားတွေ နဲ့ အမြဲပဲမျှဝေစားကြတယ် ။ နှစ်ဆယ်ဝန်းကျင်အသက်အရွယ်သူငယ်လေးတွေ ဘ၀ရဲ့အတက်ကြွဆုံးကာ လတွေတုန်းကပေါ့ဗျာ ။ သူခိုးဓါးပြတွေက သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံတာကို ကြည်နူးကြ တုန့်ပြန်ကြ တာတွေ့ရပါတယ် ။ အရေးအကြောင်းတွေကြုံလာရင် ထင်မှတ်ထားတာထက်ပိုပြီးသစ္စာရှိကြ နှလုံးသားကြီးကြတာကိုလည်းတွေ့ရပါတယ် ။ ထောင်ထဲမှာအဓိကပြဿနာက သတ်မှတ်ထားတဲ့ရိက္ခာကိုအပြည့်အ၀မရတာနဲ့ မတန်မဆညှင်းပန်းနှိပ် စက်ခံရတာပဲဖြစ်ပါတယ် ။ တစ်ပါတ်တစ်ခါအသားကျွေးတဲ့နေတွေဆို ထောင်မှူးကြီးအိမ်မှာ အသားတွေ အခြောက်လှမ်းထားတာကိုဗြောင်ကျကျပဲတွေ့နေရတယ် ။ အဲဒါတွေကို ကျနော်တို့နှစ်ကြိမ်တိုင်တိုင်ရှေ့ ဆောင်ပြီးဆန္ဒြ့ပခဲ့တာ အောင်မြင်ခဲ့ပါတယ် ။ ပထမအကြိမ်ကတော့ ရိုက်နှက်နှိပ်စက်တာခံရတဲ့ ကျောင်း သားတစ်ယောက်ကိစ္စ ။ ရိုက်နှက်တာက မောင်မောင်လွင်ဆိုတဲ့ထောင်မှူးကလေး ။ ကရာတေးသိုင်းသမား စတိုင်နဲ့ တကဲ့စောင့်ကြွားကြွားကောင်ပါ ။ ` ပြည်သူ့ကောင်စီ ခေါ်ပေး ´ ဆိုပြီးကျနော်တို့ကြွေးကြော်ကြ တယ် ။ အဲ့ဒီခေတ်က မဆလခေတ်ဆိုတော့ ပါတီကောင်စီတွေကြီးဆိုးနေတဲ့ခေတ်ကိုး ။ ကောင်စီတွေဝင် လာတော့ကျနော်တို့ကအရိုက်ခံရတဲ့အကျဉ်းသားကိုပြပြီးတိုင်တန်းကြပါတယ်။ ကောင်စီဝင်တစ်ယောက်က ကျနော်တို့အကျဉ်းသားရှေ့မှာတင် မောင်မောင်လွင်ပုခုံးပေါ်က အပွင့်ကိုဖြုတ်ပြလိုက်တယ် ။ အကျဉ်းသား တွေက လက်ခုပ်တီးကောင်းချီးပေးလို့ အောင်ပွဲလေးတစ်ခုရလိုက်တာပေါ့ ။ ကျောင်းသားတွေကတော့ မဆလတွေအမှတ်ယူသွားတာမခံချင်ဘူးဖြစ်နေကြတယ် ။ ကျိုးကြောင်းဆီလျော်ရမယ် ။ အကန့်အသတ် ရှိရမယ် ။ အကျိုးအမြတ်ရှိရမယ် ( ကသုံးလုံး ) တိုက်ပွဲနည်းနာကို မနည်းရှင်းပြရသေးတယ် ။ သူတို့က ထောင်ထဲကနေပြီး ` စစ်အစိုးရ အလိုမရှိ ´ အော်ချင်နေကြတာ ။ ကျနော်တို့က မဆလတွေကိုထောင်တွင်း အခြေအနေတွေကို လေးလေးစားစားတင်ပြနေတာကို သူတို့ကအူယားနေကြတယ် ။ တကယ်တော့ ကျနော်တို့ကွန်မြူနစ်ဆိုတာ အဲ့ဒီမဆလတွေကောင်းကောင်းသိတာပေါ့ ။ သူတို့ပြန်သွားပြီးနောက်တစ်နေ့ ကစပြီးကြိမ်ရုံမှာ ဒိုင်းတွေ တုတ်တွေကို ထောင်ပိုင်ကစပြီးလုပ်ခိုင်းတော့တယ် ။ နောက်တစ်ကြိမ်က ပုံစံ ထမင်းဟင်းအပြည့်အ၀ရရှိရေးတိုက်ပွဲ ။ထောင်ကကြွေးတဲ့ ပုံစံကိုပြပြီး တောင်းဆိုတာ ။ မဆလတွေလည်း ကျနော်တို့ရှေ့မှာ ထောင်မှူး ထောင်ပိုင်တွေကို ဆဲဆိုပြပြီးပြန်သွားတာပါပဲ ။ သိပ်မကြာခင် ထမင်းပုံစံက ယခင်အတိုင်း ဖြတ်စားလက်စားလုပ်လျက်ပါပဲ ။ ထောင်ဝန်ထမ်းတွေမှာကလည်း ဒါပဲသူတို့ရဲ့အဓိက၀င်ငွေ ဖြစ်နေတာကိုး ။ ထောင်ဝန်ထမ်းတွေက ကျနော်တို့ထက်ကို ဦးကြည်တို့ ၀က်ကြီးတို့လိုရာဇ၀တ်သား အကျဉ်းသားတွေကို ပိုပြီးတီးချင်နေကြတယ် ။ သူတို့ကလည်းတကယ်ပဲ လက်ဝဲကြချင်နေကြတာကိုးး ။ ဦးကြည်ဆိုအရင်က ၀ိဇ္ဇာကြည်ဆိုတဲ့ မျက်လှည့်ဆရာကြီးပါ ။ ကျနော်တို့မြို့မှာ ငယ်ငယ်ကတည်းက သိခဲ့ ဘူးတယ် ။ သူ့သားလေးကိုဒကောက်ဖာထဲထည့်ပြီး အပေါ်ကနေဟန်ပါပါနဲ့ လှံနဲ့ထိုးပြတာတွေကို အပြော ပိုင်ပိုင်နဲ့ဆေးရောင်းနေတာတွေကြည့်ခဲ့ရဘူးတယ် ။ ကျနော်ငယ်ငယ်ကမြို့နယ်ပွဲတွေမှာဘောလုံးကန်တာ ကိုလည်း တက်တက်ကြွကြွနဲ့လိုက်အားပေးလေ့ရှိပါတယ် ။ ကျနော်ကိုတော်တော်လေးခင်တယ် ။ ကျနော် ကျောင်းပိတ်လို့ တက္ကသိုလ်ကျောင်းကပြန်လာရင် လာလာလည်တယ် ။ အဖေ့အလစ်မှာလာရတာ ။ အဖေ ကသူ့ကို တစ်စက်မှကြည့်လို့မရအောင် အမြင်ကပ်တာ ။ ကျနော်တောင်ငူထောင်ထဲရောက်တော့ သူပဲအရင်လာပြီး အစစစအရာရာကူညီပေးခဲ့တာ ။ `ကွန်မြူနစ်ဆိုပြီး မင်းတို့ကောင်တွေတရားဟောတာ လည်းမတွေ့ဘူး ´ ဆိုပြီးစဝေဖန်တာသူပေါ့ ။ သူ့လိုအပြောပိုင်ပိုင်နဲ့ရွာတွေမှာလိုက်ပြီးမဟောပြောတတ်လို့ ဒီလိုရှုံးနိမ့်ရတာလို့ သူကထင်နေတယ် ။ နောက်တစ်ခါတောပြန်ခိုရင် သူ့ကိုပါခေါ်ဖို့ပြောတယ် ။ ` မလုပ်ပါနဲ့ ဦးကြည်ရယ် ဒီထက်ပိုဆိုးသွားနေပါဦးမယ် ´ပြောတော့ သူဒေါပွနေလေရဲ့ ။ လေဘာတီမမြရင်တို့ ခင်မောင်ရင်တို့ခေတ်က သီချင်းလေးတွေတောင်းဆိုရင်တော့ ကြည်ကြည်နူးနူးကြီးကို ဆိုပြတတ်သူပါ ။ ၀က်ကြီးဆိုရင်လည်း အချိန်ရတာနဲ့ နာကျည်းစရာသူ့ဘ၀တွေကိုရင်ဖွင့်နေတော့တာပါပဲ ။ ငယ်ငယ်က တည်းက မိဘမဲ့ အနှိပ်ခံဘ၀နဲ့ပြည်တွင်းစစ်ထဲပြေးလွှားခဲ့ရတာတွေ ။ ခိုးဆိုးလုယက်ခဲ့ရတာတွေ ။ နောက်လူလစ်တာနဲ့အမျှ မကြာခဏပြောတတ်တာကတော့ ထောင်အာဏာပိုင်တွေကိုသတ်ပြီး တောခိုဖို့ အကြောင်းတွေပဲဖြစ်ပါတယ် ။ ကျနော်တို့တွေဟာ ဒီလိုရင်ဖွင့်ကြရင်းနဲ့ပဲ ညီအစ်ကိုတွေလို တကယ်ချစ်ခင် လာကြသလိုခံစားရပါတယ် ။ ကိုစိန်လှိုင်ဆိုတဲ့ ကျွဲပွဲဖက်က နွားခိုးကြီးတစ်ယောက်ဆိုရင်လည်း တကယ်ကို အေးအေးငြိမ်းငြိမ်းနေတတ်သူပါ ။ ကျနော်တို့ကို ပြုံးပြုံးလေးကြည့်နေလေ့ရှိတာကို မြင်ယောင်မိတယ် ။ စကားလည်းသိပ်မပြောဘူး ။ တစ်ခါတော့ အလုပ်နားရက် ထောင်မှူးကြီးကအိပ်ဆောင်တွေကိုလိုက်ကြည့် တယ် ။ ကိုစိန်လှိုင်က တစ်ချက်မှလှည့်မကြည့်ပဲ ဗန်းမော်တင်အောင်စာအုပ်ကြီးကို သဲသဲမဲမဲဖတ်နေတုန်း ပေါ့ ။ ထောင်မှူးကြီးက သူ့ကို ` ဟော့ကောင်စိန်လှိုင် မင်းကနွားခိုးမဟုတ်ဘူးလား ´ လို့မေးတယ် ။ သူက `ကျုပ်မနေ့က နွားခိုး ဒီနေ့ကွန်မြူနစ် ´ ဆိုပြီးလှည့်မကြည့်ပဲဖြေလိုက်တယ် ။ ထောင်မှူးကြီးလည်း တဟားဟားရယ်ပြီးပြန်သွားတယ် ။ ` ကွန်မြူနစ်ကြီး လေ့လာပါ ဆက်လေ့လာပါ ´လို့ခပ်ရိရိတောင်ပြော သွားသေးတယ် ။ ဘယ်လောက်အူးယားသွားမလည်း စဉ်းစားသာကြည့်ပါတော့ ။ စနစ်တကျထောင်တွင်းတိုက်ပွဲတွေဆက်မ၀င်နိုင်ပဲ ကျနော်တို့တတွေ တိုက်ထဲရောက်ကုန်ကြတာက လူသတ်မှုဖြစ်လို့ပါ ။ ဖြစ်ပုံက ကျနော်တို့အခန်းထဲကိုထောက်လှမ်းသွေးခွဲဖို့ ထောင်အာဏာပိုင်တွေက လက်ကောက်အကျဉ်းသားတစ်ယောက်ထည့်လာပါတယ် ။ ဒီကောင်အကြောင်းကိုအားလုံးသိထားတော့ သတ်ချင်နေကြတယ် ။ ကျနော်ကသူ့ကို နှလုံးသားနဲ့ဆက်ဆံပြီး အစွဲချွတ်ဖို့စဉ်းစားတယ် ။ အကုန်လုံးက ပြောမရ စည်းရုံးမရလောက်အောင် ပြင်းထန်နေကြလေရဲ့ ။ ထောင်တွင်းပါတီကော်မတီကလည်း မဖြစ် အောင်တားဖို့ ကျနော်ကိုပြောတယ် ။ အပြောရအခက်ဆုံးက ကျောင်းသားတွေပါပဲဗျာ ။ ကျောင်းသားတွေ နဲ့ငြင်းခုန်ရင်း စိတ်တိုလာတော့ ကျနော်ကစပြီး အဲ့ဒီလက်ကောက်ကောင် ဦးကြည်အိပ်ယာမှာအိပ်နေ တာကိုသွားပြီး မျက်နှာကိုဆောင့်ကန်လိုက်တာက စတာပါပဲ ။ တစ်ဆောင်လုံးက၀ိုင်းရိုက်ကြ ဓားနဲ့ထိုးကြ နဲ့ဆူညံသွားတာပါပဲ ။ ထောင်အာဏာပိုင်တွေလာတော့ အဲ့ဒီကောင်က သွေးအိုင်ထဲလဲနေပြီ ။ ကျနော် လည်းအခန်းတံခါးတွေမပိတ်ခင် တခြားအခန်းမှာရောက်နေပြီ ။ ခါတိုင်းနားရက်တွေဆိုရင်လည်း အဲ့ဒီအခန်း မှာသွားပြီး မစ္စတာချန်တင်ဆိုတဲ့ တရုတ်ကြီးဆီမှာ အင်္ဂလိပ်သတင်းစာသွားဖတ်နေကြလေ ။ ဆေးရုံမှာဆေး စစ်ချက်ယူတော့ အဲ့ဒီလက်ကောက်ကောင်က ကျနော်ကိုပဲမှတ်မိတယ်လို့ပြောတယ် ။ မသေတော့ ချောက် ကျသွားတာပေါ့ဗျာ ။ ကျနော်ကိုလာခေါ်ထုတ်တော့ အဲ့ဒီတစ်ခန်းလုံးကထုတ်မပေးဘူးလို့ ငြင်းဆန်နေကြ တယ် ။ ကျနော်ဟာအခင်းဖြစ်တဲ့အချိန်မှာ ဒီအခန်းထဲမှာရှိနေတယ်ဆိုပြီး တညီတညွတ်ထဲပြောကြတယ် ။ နောက်ဆုံးတော့ ညှင်းပန်းနှိပ်စက်မှာမဟုတ်ပါဘူးဆိုတဲ့ကတိနဲ့ ကျနော်ကိုယ်တိုင်ကပဲ ထောင်အာဏာပိုင်နဲ့ ညှိပြီး တိုက်ထဲလိုက်သွားခဲ့တော့တယ် ။ နောက်တော့ ဦးကြည်အိပ်ယာပေါ်မှာဖြစ်တာမို့ ဦးကြည်ကိုအမျိုးမျိုးညှင်းပန်းနှိပ်စက်ကြပေမယ့် သူလုံးဝ မသိလိုက်ဘူးဆိုပြီး တင်းခံခဲ့ကြောင်းကြားရပါတယ် ။တကယ်တော့ ကျနော်စလုပ်တာ သူကောင်းကောင်း တွေ့လိုက်တာပဲလေ ။ ဘယ်လိုပဲမက်လုံးတွေပေးပေး ဦးကြည်ဟာ မျက်မြင်သက်သေအဖြစ်မခံပဲ တင်းခံခဲ့ ကြောင်းသိခဲ့ရတယ် ။ တစ်ရက်ထောင်ပိုင်ကြီးတိုက်ထဲလှည့်ရင်းပေါ့ ။ နောက်အမှုနဲ့ရုံးထွက်ဖို့ပြင်ထားဆိုပြီး ချိန်းခြောက်ပါတယ် ။ ကျနော်ကလည်း ကျနော်မှာတရားရုံးရောက်ရင် ခင်ဗျားတို့အကြောင်းဖွင့်ချစရာတွေ ပြောလို့ရတာပေါ့လို့ ပြန်ပြောလိုက်တယ် ။ ကုလားကြီးမျက်လုံးကိုပြူးသွားတာပဲ ။ အဲဒါတွေကြောင့်လား မသိဘူး ။ နောက်အမှုလည်းမတိုးတော့ဘူး ။ ဟိုလက်ကောက်ကောင်ကိုလည်းထောင်ပြောင်းပေးလိုက် တယ် ။ ကျနော်ဘယ်လောက်တောင် အတိတ်ကြောင်းတွေတွေးနေမိလည်းမသိ ။ သတိထားမိတော့ ရထားက ပဲခူးဘူတာဝင်တော့မယ် ။ ဦးကြည်လည်းရောက်မလာပါလားလို့ သတိထားမိတယ် ။ အော်ကျေးဇူးတင် စကားလေးတောင်မပြောလိုက်ရပါလားလို့စိတ်ထဲမကောင်း ။ လူရင်းတွေတွေ့ရင် နောက်ပြောင်လိုက် ဒေါက်ဖြုတ်လိုက်တတ်တဲ့ကိုယ့်အကျင့်ကိုလည်း အပြစ်တင်မိတယ် ။ ဘူတာထဲကို ပြူတင်းဝကခေါင်းထွက် ပြီး ရှေ့နောက်ဝဲယာ ကြည့်နေတုန်းမှာပဲ ဦးကြည်အသံကနောက်ကပေါ်လာတယ် ။ ` ကဲ ဆင်းဆင်းတဲ့ ´။ ဘူတာအထွက်ကလဖက်ရည်ဆိုင်လေးမှာထိုင်မိတယ်ဆိုရင်ပဲ ကိုယ်ကဦးစွာကျေးဇူးတင်စကားပြောလိုက် တယ် ။ ` ဦးကြည်ရယ် ခင်ဗျားသာဖေါ်လိုက်လို့ကတော့ ထောင် 5 နှစ်လောက်ထပ်ကျဦးမှာ ´ လို့ဆိုတော့ ဦးကြည်ကပြုံးပြုံးကြီးကြည့်ရင်းနဲ့ပြန်ပြောတယ် ။ ` ကိုအောင် ကျနော်ဘ၀မှာအဲသလိုနှိပ်စက်ခံရတာရိုးနေ ပါပြီဗျာ ´ ` နောက်ပြီးကျနော်တို့ကို လူကိုလူလိုဆက်ဆံတာခင်ဗျားတို့ပါပဲဗျာ ´ တဲ့ ။ သားသားနားနားဖြစ် နေလို့ခုဘယလုပ်စားသလည်းလို့မေးမိပြန်တော့ ` ခိုးတယ်လေ ´ တဲ့ ။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ဒီလိုပဲဖြတ်သန်းနေရတာပဲဆိုပြီး ကျနော်တို့လေသံတွေနဲ့ပြန်တရားဟောနေသေးတယ် ။ အဲဒီတုန်းမှာပဲ ညီလေးလို့ခေါ်သံနဲ့အတူ ပုခုံးလာဖက်တာတာနဲ့လှည့်ကြည့်လိုက်တော့ ၀က်ကြီး ။ ဂျင်းဘောင်းဘီနဲ့ မျက်မှန်နဲ့ ။ သိန်းအောင်ကတော့ ကျနော်အတွက်ဂျာကင်အကျီ င်္လက်ဆောင်ပေးဖို့ဆိုပြီး သူတဲကိုပြန်ပြေး နေတယ်လို့ပြောတယ် ။ ဘူတာနားကထမင်းဆိုင်တစ်ခုမှာ သူတို့ကျနော်ကိုထမင်းကျွေးကြတယ် ။ ကိုသိန်း အောင်ရောက်လာတော့ သူ့ဂျကင်ကြီးကိုအတင်းဝတ်ခိုင်းနေတယ် ။ ` ခင်ဗျားခိုးထားတာဆိုရင် အမှုပတ် နေပါဦးမယ်ဗျာ´ဆိုတော့ မဟုတ်ကြောင်း နိုင်ငံခြားသားတစ်ယောက်ကလက်ဆောင်ပေးခဲ့တာဖြစ်ကြောင်း ရှင်းပြတယ် ။ ကိုဝက်ကြီးက သူ့နေကာမျက်မှန်ကို အတင်းပေးတယ် ။ ` ကိုယ့်ညီ တကယ်ကသူပုန်မလုပ် ပဲ မင်းသားလုပ်ရမှာဆိုပြီး ထပ်ပင့်နေလို့ ` အစ်ကိုရယ်ကျနော်မှာ ပြန်ပေးစရာဆိုလို့ လောလောဆယ် ၀ဲတွေပဲရှိပါတယ် ´ လို့ဝသီအတိုင်းပြန်ပြောမိတော့ အားလုံးရယ်မောကြရင်း စကားတွေအလုအယက်ပြော နေကြတယ် ။ သူ့တို့အဓိကသိချင်တာက ဘယ်တော့တောထဲပြန်သွားမလည်းဆိုတာပါပဲ ။ ကျနော်လည်း ` လောလောဆယ်ဘယ်တောခိုရမှန်းမသိသေးပဲ ကောင်မလေးတစ်ယောက်ရဲ့အချစ်တော ထဲမှာမိနေကြောင်း ´ အမှန်အတိုင်းပဲပြောလိုက်မိတယ် ။ အလုပ်အကိုင်ကလည်းမရှိ အာဝဇ္ဇန်းကလည်း မရွှင်တော့ ဦးကြည်ကြီးကိုပဲ ဆရာတင်ရမည့်အကြောင်း ရယ်စရာပြောရင်းနဲ့ နှုတ်ဆက် ခဲ့ရတယ် ။ တောင်ငူလော်ကယ်ရထားကြီးထွက်တော့ လက်ပြရင်း ကျနော်ရင်ထဲမှာတော့ မလွတ်မြောက်သေးတဲ့ဘ၀ တွေ အတွက် ခရီးသွားနေသလိုလိုထင်မိခဲ့လေရဲ့ .။ ကိုအောင် ( ဒိုက်ဦး )

Friday, February 17, 2017

ရေစီး

" ရေစီး " ရေတွေကစီးနေတယ် မြေပြင်ပေါ်မှာ မြောင်းတစ်ခုဖြစ်လာဖို့ ရှင်သန်ရာကို အကြိမ်ကြိမ်ပွတ်တိုက် ရေတွေကစီးနေတယ် မြောင်းတစ်ခုထဲမှာ ချောင်းတစ်ခုဖြစ်လာဖို့ ပွတ်တိုက်လိုက်ခြင်းက ရှင်သန်ရာ ရေတွေကစီးနေတယ် ချောင်းတစ်ခုထဲမှာ မြစ်တစ်ခုဖြစ်လာဖို့ ရှင်သန်ခြင်းကို အကြိမ်ကြိမ်ပွတ်တိုက် ရေတွေကစီးနေတယ် မြစ်တစ်ခုထဲမှာ ပင်လယ်တစ်ခုဖြစ်လာဖို့ ပွတ်တိုက်ခြင်းသာ ရှင်သန်ခြင်း ရေတွေကစီးနေတယ် ပင်လယ်တစ်ခုထဲမှာ သမုဒ္ဒရာတစ်ခုဖြစ်လာဖို့ ရှင်သန်ခြင်းမှန်သမျှ အကြိမ်ကြိမ်ပွတ်တိုက်ပေးလိုက်ရတယ် ။ စသအ

Wednesday, January 18, 2017

သမိုင်းပရမတ္ထ

……………………….. လမင်းဟာ နေ့တံခါးဆွဲအဖွင့်မှာ သူဖြန့်ခင်းတဲ့ အလင်းဂုဏ်ပုဒ်ကို ကမ္ဘာကြီးထဲမှ ဆွဲနှုတ်လို့ သိမ်းသွားရတယ်။ နေမင်းဟာ အမှောင်တွေကိုလှဲကျဉ်း လောကကြီးကိုလင်းစေတယ်ဆိုလည်း ဂေါ်ယာကျွန်းရဲ့ချောက်ထဲ လိမ့်အကျမှတော့ ညနက်နက်ကို အောင်ပွဲခံခွင့်ပေးရပြန်တယ်။ ခေတ်တံခါးချပ် တထပ်ပြီးတထပ်သော့ပိတ် စေတနာမမှန်သူများကတော့ သမိုင်း အမှိုက်ခြင်းထဲ လဲသူလဲ ကွဲသူကွဲ ပျောက်သူပျောက်။ စေတနာ အဖြူစင်ဆုံးနဲ့ လူသားတာဝန်ကျေခဲ့သူများကတော့ လမင်းလို လင်းတခါ မှိန်တလှည့်မဟုတ်။ နေမင်းလို အရောင်လင်းလိုက် ၊ အမှောင်ခင်းလိုက်မဟုတ်။ သမိုင်း ရာဇာပလ္လင်အထက် လင်းမြဲ လက်မြဲ ။ စိုးမိုးသူ(ဒိုက်ဦး)