Tuesday, March 15, 2016

မေမေ့ အက်ဆေး - ၂

မေမေ့ အက်ဆေး - ၂ ဖခင်ဆုံးပြီးတာ သိပ်မကြာသေးတဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ သူက သူ့အဖေကို အမြဲပဲ သတိရနေတာ ဖြစ်နိုင်လား ယုံလားတဲ့။ ကျွန်မ ချက်ချင်းပဲ ပြန်ဖြေလိုက် ပါတယ်။ ဖြစ်နိုင်တာပေါ့လို့။ ကျွန်မဆို မေမေ ဆုံးတာ နှစ် ၂၀ ကျော်ပြီ သတိရနေသေးတာပဲလို့ အသေအချာ ထပ်ပြီး ပြောလိုက်ပါသေးတယ်။ မေမေနဲ့ ကျွန်မရဲ့ ကြား အမှတ်တရတွေက များလွန်း လှပါတယ်။ များလွန်းလှတဲ့ထဲကမှ အမေနဲ့ သမီးကြားက ချစ်စရာ ဆက်နွှယ်မှုလေးတွေ ဘာတွေများ ရှိနေမလဲ စဉ်းစားကြည့်မိတယ်။ ကျွန်မ မေမေဟာ ကျွန်မအတွက်တော့ သမီးတစ်ဦးအပေါ် သိပ်ကို နားလည်မှု ပေးလွန်းတတ်သူ မိခင်တစ်ဦး ဖြစ်ပါတယ်။ ကျွန်မ ဘာဝါသနာပါမလဲ ၀ါသနာပါရာ လုပ်နိုင်ဖို့ကို အမြဲပဲ အားပေးတတ်သူပါ။ ငယ်ရွယ်သူတွေ ငယ်ရွယ်စဉ်မှာ ဖြစ်လေ့ရှိတဲ့အတိုင်း အနုပညာ တစ်ခုခုကို အရူးထတတ်ကြသလို ကျွန်မလည်း အဆို သင်ချင်တယ် ဆိုတာမျိုး ဖြစ်ရတာပေါ့။ ဒီအခါမှာ မေမေက ၇ တန်း လောက်အရွယ် ကျွန်မကို အဆိုတော် အန်တီမာမာအေးဆီကို တကူးတကကို ပို့ပေးခဲ့ပါတယ်။ အမှန်တော့ သီချင်းဆိုသင်ချင်တယ်သာ ပြောတာ လူရှေ့ သူရှေ့ ရောက်ရင် အသံက ထွက်တော့တာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အမေတစ်ယောက်အတွက်တော့ သားသမီး ဆိုတာ ဘယ်လို နေရာမှာပဲဖြစ်ဖြစ် ထူးချွန်လာလေမလား ရယ်လို့ မျှော်လင့်တတ်ကြမှာပဲ ထင်ပါတယ်။ နောက်တော့ အဖေကလည်း သူ့သူငယ်ချင်း စန္ဒရား ဦးတင်ဝင်းလှိုင်ကို သီချင်းတစ်ပုဒ်ရေးခိုင်းလို့ စတူဒီယို တစ်ဆိုင်းငှားပြီး သီချင်း သွင်းပေးလိုက်သေးတာ။ ခုနေ တွေးကြည့်တော့ ဖေဖေ မေမေတို့ရဲ့ ဂရုစိုက်မှုဟာ ပိုတောင် ပိုလွန်းနေလှပါကလားလို့ တွေးမိရပါတယ်။ အဲဒီလိုသာ ဂရုစိုက်တယ်။ ကျောင်းသွားကျောင်းပြန် စာမေးပွဲဖြေတာမျိုးကိုတော့ အရေးတယူ လိုက်စောင့် တတ်တာမျိုး မရှိပြန်ပါဘူး။ ကျောင်းမှာ အတန်းပိုင် ဆရာမ တွေနဲ့ ကျူရှင်ယူရမယ် ဆိုတာမျိုးလည်း မလုပ်တတ်ပြန်ပါဘူး။ ကျောင်းတွင်း စာစီစာကုံး ၀င်ပြိုင်လို့ ကံကောင်းစွာနဲ့ ဆုရလို့တောင်မှ ဆုပေးပွဲမှာ ကျွန်မနဲ့အတူ လိုက်တာမျိုး မရှိခဲ့ပြန်ပါဘူး။ ဒါကြောင့်မို့လည်း မေမေ ဆုယူတော့သာ ကျွန်မတို့နဲ့ တွဲပြီး ရိုက်ထားတဲ့ ပုံရှိတယ်။ ကျွန်မ တစ်ခါ တစ်ခေါက် ဆုလေးရလို့ မေမေနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံမျိုး မရခဲ့ပါဘူး။ ဘာလို့ရယ်တော့လည်း မမှတ်မိပါ။ ဒါပေမဲ့ ထူးဆန်းစွာပဲ ကျွန်မကလည်း ဒီလို တစ်ယောက်တည်း ဆုယူရလို့ ၀မ်းနည်း နေတာမျိုး မရှိခဲ့တာတော့ သေချာ ပါတယ်။ မေမေက ကျွန်မကို ပုံသွင်းတယ်လို့ မရှိပေမယ့် မေမေ့ရဲ့ အပြောအဆို အပြုအမူတွေကပဲ ကျွန်မကို သူ လိုချင်တဲ့ ပုံစံကို အလိုလို ရယူနေစေတာမျိုးလား မသိပါ။ မေမေက ပြောဖူးပါတယ်။ တစ်ယောက်တည်း မဟုတ်ဘူး၊ တစ်ပိုင်းတည်းလည်း နေရဲတယ်၊ တစ်စိတ်တည်းလည်း နေရဲတယ်တဲ့။ အဲဒီ စကားဟာ ကျွန်မအတွက်တော့ တစ်သက်တာ မမေ့တဲ့ စကားပဲ ဖြစ်ပါတယ်။ အဲဒီစကား အတိုင်းပဲ၊ ကျွန်မကလည်း ငယ်ငယ်ကတည်းက နေထိုင် တတ်လာသလို ဖြစ်ရပါတယ်။ ကျွန်မလည်း သူငယ်ချင်း တွေ ရှိတယ်ဆိုပေမယ့် တစ်ယောက်တည်း နေရလည်း အားငယ်စိတ် ၀င်မလာတတ်တော့ပါဘူး။ အမေတောင် ဒီလို စိတ်မျိုးရှိရင် ငါရော ဘာလို့ မနေနိုင်ရမလဲလို့ ကိုယ့် ဘာသာ စိတ်ထဲ စွဲနေမိသွားသလိုပါ။ ဒီလိုနဲ့ အဲဒီစိတ်ဟာ ကျွန်မ သမီးလေးအထိ အမွေဆက်ခံသွားပါတော့တယ်။ ကျွန်မသမီးလေးကလည်း ပြောလာပါတယ်။ မေမေ့ကို ကြည့်ပြီး သမီးလည်း တစ်ယောက်တည်း နေရမှာ မကြောက် တတ်တော့ဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ မေမေ့ရဲ့ စိတ်ဓာတ်တွေ အကုန်လုံးကို မမီနိုင်ရင်တောင် အတော် များများကို အရယူလိုစိတ် ရှိတာ အမှန်ပါ။ တစ်ခါ တစ်ခါတော့လည်း မေမေနဲ့ ကျွန်မ မကိုက်ညီ တာလေးတွေ ရှိကြရတာ သတိထားမိပါတယ်။ ဆယ်ကျော် သက်ရွယ် သမီးငယ်ကို လွတ်လပ်ခွင့်တွေ ပေးထားတယ် ဆိုပေမယ့်လည်း အမေတစ်ယောက်ရဲ့ စိုးရိမ်လွန်မှုလေး ကိုတော့ မှတ်မှတ်ရရ ကြုံရဖူးပါတယ်။ ကျွန်မ ဘယ်သွားသွား မေမေက တစ်ယောက်တည်း ယုံကြည်စိတ်ချစွာ လွှတ်လေ့ ရှိပါတယ်။ တစ်ခါတော့ မေမေနဲ့အတူ ရပ်ကွက်အတွင်းက တစ်နေရာကို အတူသွားကြတော့၊ ကျွန်မက ကျွန်မသွားချင်တဲ့ လမ်းတစ်လမ်းကနေ ဖြတ်သွားဖို့ မေမေ့ကို ပြောလိုက်မိပါ တယ်။ ကံက မကောင်းချင်တော့၊ အဲဒီလမ်းမှာ ကောင်လေး ငယ်ငယ်ရွယ်ရွယ်တွေ အုပ်စုလိုက် ထိုင်နေတာနဲ့ သွားတိုးပါ တော့တယ်။ အဲဒါကို အကြောင်းပြုပြီး မေမေက ကျွန်မ က တမင် အဲဒီလမ်းကို ခေါ်သွားပြီး ကျွန်မ သဘောကျတဲ့ ကောင်လေးရှိနေတယ်လို့ ပြောပါတော့တယ်။ ကျွန်မကလည်း ဒီလို စွပ်စွဲတာမျိုး ငြိမ်မခံတတ်လေတော့ မေမေနဲ့ ကျွန်မ တစ်ပွဲတစ်လမ်း ဆိုသလို စကားတွေ များကြရတော့တာပါပဲ။ နောက်တော့ ကျွန်မကို အိမ်မှုကိစ္စ သိပ်မလုပ်ခိုင်းတတ်တဲ့ မေမေက ကိုယ့်အ၀တ်ကိုယ်လျှော်ဝတ်ဆိုပြီး ခိုင်းလာပါတော့တယ်။ ကျွန်မ အရွယ်မရောက်သေးဘဲ အရွယ်ရောက်သူလို ဖြစ်ချင်ရင် အရွယ်ရောက်သူလို အပင်ပန်းခံကြည့်လို့များ ပြောချင်သလား မသိပါ။ မိခင်တစ်ဦးရဲ့ စိုးရိမ်မှုဟာ ဘယ် လောက် လွတ်လပ်တယ်ဆိုတဲ့ မိခင်ပဲ ဖြစ်ပါစေ၊ သမီးတစ်ဦး အပေါ် အခြား ယောက်ျားလေးတစ်ယောက်နဲ့ အချိန်မတိုင်ခင် ပတ်သက်မိသွားမှာကို ကြောက်ရွံ့ပူပင်မှုကတော့ ရှိနေတာ ပါပဲ။ မေမေ ဆုံးတဲ့ နေ့ဟာ ဖုန်းမော် ကျဆုံးတဲ့နေ့ နောက်တစ်နှစ်အတိကြာ တစ်နေ့တည်း ဖြစ်နေတာဆိုတော့ ခု မေမေ့အကြောင်း ပြန်တွေးတဲ့အခါ မေမေနဲ့ အတူ ၈၈ အရေးတော်ပုံကြီးကို အတူ ဖြတ်သန်းခဲ့ရတာကို သတိရမိ ပါတယ်။ ကျွန်မတို့ မောင်နှမ ၃ ယောက် ရှိတဲ့ထဲကမှ အရေးတော်ပုံ ကာလတွေမှာ ကျွန်မတို့ အစ်ကိုနဲ့ ဖေဖေက သူတို့ ဆောင်ရွက်စရာ ကိစ္စတွေကို ဆောင်ရွက်နေကြတာ ဆိုတော့ မေမေရယ် ကျွန်မရယ် မောင်လေးရယ် ၃ ယောက် ကတော့ ကျောက်မြောင်းအိမ်မှာ အတူနေကြရပါတယ်။ ကျွန်မက အရေးတော်ပုံ ကာလတွေကို သိပ်အများကြီးတော့ လည်း မမှတ်မိပါဘူး။ အရေးတော်ပုံ ဘယ်လို ဖြစ်တယ် ဆိုတာထက် အရေးတော်ပုံ ကာလမှာ ကျွန်မတို့ ဘယ်လို နေထိုင်ကြတယ် ဆိုတာမျိုးကိုပဲ ပိုပြီး မှတ်မိပါတယ်။ အဲဒီ အချိန်ကာလများမှာ ကျွန်မတို့ ကျောက်မြောင်းမှာနေတော့ ကိုယ့်ရပ်ကွက်ကို ကိုယ်တိုင် အုပ်ချုပ်စီမံကြတဲ့ အချိန်ကာလ တစ်ခု ရှိခဲ့ပါတယ်။ လမ်းထိပ်က ကင်းတဲတွေမှာ ကင်း အလှည့်ကျ စောင့်ကြတဲ့ အချိန်ပါ။ ဒီလို အချိန်တွေမှာ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်တောင် အဆက်အသွယ် မရှိကြတော့ပါဘူး။ ရပ်ကွက်ထဲကို အပြင်က ၀င်လာတဲ့ သတင်းတစ်ပုဒ်ရှိခဲ့ရင် တန်ဖိုးရှိစွာ အချင်းချင်း မျှဝေ ပြောဆိုကြရတဲ့အခါပါ။ အဲဒီ အချိန်က တယ်လီဖုန်း ဆက်သွယ်မှု ရသေးတဲ့ အချိန်ကာလတစ်ခုမှာ ကျွန်မတို့ ဖေဖေဆီက ဖုန်းဝင်လာပြီဆိုရင် ဖုန်းရှိတဲ့ အိမ်လေးက “မမိုးရေ ဖုန်းလာတယ်”လို့ ၀မ်းသာအားရ လာခေါ်ကြပြီး မေမေ ဖုန်းပြောအပြီးကို အားလုံး ၀ိုင်းစောင့်နေကြပါတယ်။ ပြီးရင်တော့ ဘယ်နေရာမှာ ဘာဖြစ်နေပြီလဲ၊ မြို့ထဲမှာ ဘယ်လို အခြေအနေ ရှိပြီလဲ ဆိုတာကို ၀ိုင်းအုံ မေးကြတော့တာပါ။ အဲဒီလို ပုံစံနဲ့ ကျွန်မတို့ဟာ သတင်းမှန် တစ်ခုကို ရယူကြရပါတယ်။ ကျွန်မတို့ လမ်းထဲက အပျိုပေါက်ရွယ်တူ သူငယ်ချင်း တစ်သိုက်ကတော့ ဘာကိုမှ သိပ် စိတ်ပူပင်မနေပါဘူး။ ခုနေမှာ တိုင်းပြည် တစ်ခုခု မတည်ငြိမ်ရင် ကိုယ့် သားသမီး လေးတွေနဲ့ ဘယ်လို စားသောက် နေထိုင်ရမလဲလို့ တွေးမိတဲ့အခါတိုင်း အဲဒီ ၈၈ အရေးတော်ပုံကြီးက ကျွန်မတို့ မောင်နှမကို ဘယ်လို စားသောက်ရမလဲ ဆိုတာ လုံးဝ မတွေးခဲ့ရအောင် မေမေက တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်း စောင့်ရှောက်ခဲ့တာကို ပြန်ပြီး အသိအမှတ်ပြုမိရပါတယ်။ ကျွန်မတို့တော့ နေ၀င် မီးငြိမ်းဆိုလည်း မေမေနဲ့ အတူ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ဖြတ်သန်းလိုက် ကြတာပါပဲ။ တစ်ခါ တစ်ခါ ဟိုး ကျောက်မြောင်းရပ်ကွက်ထိပ် လမ်းမကြီးမှာ လက်ခုပ်သံတွေ တဖြောင်းဖြောင်း စကြားရပြီ ဆိုရင် ဒါဟာ ကျောင်းသားတွေ ချီတက်လာပြီ ဆိုတဲ့ အချက်ပေးလိုက်သံပါပဲ။ ဒီလို ဆိုရင်တော့ ကျွန်မတို့တစ်တွေ အိမ်မှာ ရှိသမျှ လက်ကိုင်ပ၀ါတွေ အပြေးအလွှားယူပြီး ဟိုး လမ်းထိပ် လမ်းမကြီးထက်ဆီကို အပြေးအလွှား သွားကြတော့တာ။ ခဏအကြာဆို မျက်နှာမှာ လက်ကိုင်ပ၀ါ ဖုံးလွှမ်းထားတဲ့ ကျောင်းသားတွေ ချီတက်လာတော့တာပဲ။ ကျွန်မတို့တွေကလည်း လက်ကိုင်ပ၀ါတွေကို ကျောင်းသား တွေဆီ ကမ်းလိုက်ကြပြီး လက်ခုပ်တွေ တီးကြ၊ သူတို့တွေ ကျော်ဖြတ်သွားကြတဲ့အခါမှ ကိုယ့်အိမ်ဆီကို အပြေး ပြန်ဝင်ကြတော့တာပါ။ အစားအသောက် အနေအထိုင်မှာ မေမေရှိရင်ပြီးရော ဘာမှမပူခဲ့ရဘူးဆိုပေမယ့် ပြင်ပ ကောလာဟလတွေကြောင့် ပူပင်ရတာမျိုးတော့ ကြုံကြရပါတယ်။ ဘဲဥတွေထဲကို ဆေးတွေ ထိုးထားတယ်ဆိုပြီး သတင်းတွေ ပျံ့လာပြန်တော့ တစ်ခါ ကျွန်မတို့မှာ ဘဲဥ ကြက်ဥတွေ မစားရဲအောင် ဖြစ်ကြရပါတယ်။ သားသမီးငယ်လေးတွေ နှစ်ယောက်နဲ့ အိမ်မှာနေတဲ့ အကူ တစ်ယောက်ကို တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ရတဲ့ မိခင်တစ်ယောက် ကိုယ်တိုင်မှာတော့ ဘယ်လောက်တောင် ပူပင်ခဲ့ရမလဲ ကျွန်မ မသိပါ။ ကျွန်မတို့တော့ ညနေရောက်ရင် မေမေနဲ့ အတူ ဟိုဘက် ဘေးခန်းက ကျွန်မ သူငယ်ချင်းနဲ့ အတူ ကျွန်မတို့တွေ အပျော်တမ်း ဖဲရိုက်ကစားရတာကိုပဲ ပျော်နေပြန်သေးတာပါ။ အရေးတော်ပုံကြီးမှာ ကျွန်မ ဘာကို ကောင်းကောင်း သိသွားလဲ ဆိုတော့ ဖဲရိုက်တာကို ကောင်းကောင်း တတ်မြောက်သွားတယ်လို့ပဲ ပြောရတော့မှာပါ။ တစ်နေ့ တစ်နေ့ အချိန်တွေက ဘာမှ လုပ်စရာ မရှိ ညဘက်တွေက မှောင်အတိ အားငယ်စရာ။ သတင်းတွေက ဟိုမှာ ခေါင်းဖြတ်တယ်တို့ ဒီမှာ သေနတ်ပစ်ခံရတယ်တို့ ဆိုတာမျိုး။ အဲဒီကြားထဲကမှ ကျွန်မတို့တစ်တွေက ဖြစ်အောင် ရပ်တည် နေကြရတာမျိုးပါ။ ဖဲတွေ ရိုက်ပါများလွန်းလို့ ဖဲကစားနည်း ပေါင်းစုံ တတ်သွားလိုက်တာ ငယ်ငယ်ရွယ်ရွယ်နဲ့လည်း ရှိုးတို့ ဟောလိဝုဒ်တို့ ဆိုတာမျိုးကို နားလည်သွားတာပါ။ ပိုက်ဆံကတော့ အပျော်ကြေးပါ။ ဒီလိုနဲ့ အရေးတော်ပုံကာလကြီး တစ်လျှောက်လုံးဟာ မေမေ့ရဲ့ ပြုစု စောင့်ရှောက်မှုအောက်မှာ လုံလုံခြုံခြုံနဲ့ နေထိုင်ခဲ့ရပါတယ်။ ကျွန်မတို့ မေမေလိုပဲ အခြားသော မိခင်များလည်း အရေးတော်ပုံကာလကြီးကို သားသမီးတွေနဲ့ ဖြတ်သန်းခဲ့ကြရပါလိမ့်မယ်။ အရေးတော်ပုံကြီးမှာ ပါဝင် လှုပ်ရှားခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ မိခင်တွေ စိတ်သောကရောက် ပူပင်ခဲ့ကြရသလိုပဲ။ အရေးတော်ပုံကြီးမှာ မပါဝင်ပေမယ့် ငယ်ရွယ်သေးတဲ့ သားသမီးတွေ ကြောက်ရွံ့ စိုးရိမ်ခြင်း မရှိအောင် တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြရတဲ့ မိခင်များကိုလည်း အတွေးနဲ့တင် အင်မတန် ချီးကျူးမိပါတယ်။ ခုနေ မေမေသာ ရှိသေးမယ် ဆိုရင်တော့ မေမေ ဖြတ်သန်းခဲ့ရတဲ့ ခေတ်အကြောင်းကို စိတ်ဝင်စားဖွယ် အများကြီး မေးမြန်း လေ့လာနိုင်မှာပါ။ ခုတော့လည်း ကိုယ် မှတ်မိသလောက်လေးသာ ပြန်ပြီး ပုံဖော်ကြည့်နိုင်ပါတယ်။ မေမေနဲ့ နှစ်အကြာကြီး အတူမနေရလို့ ကံမကောင်းတဲ့ ကြားထဲကပဲ မေမေနဲ့ ကျွန်မအကြားမှာ အမှတ်ရစရာ လေးတွေ အများကြီး ကျန်ရစ်ခဲ့လို့ ကံကောင်းတယ်လို့ ဆိုချင်ပါတယ်။ နောက်တစ်ခုကတော့ မေမေ့ အက်ဆေး တွေကို ရေးနေတယ် ဆိုပေမယ့်လည်း လက်ရှိမှာ အသက်ရှင်လျက် ကျွန်မအနား ရှိနေတာ ကျွန်မကို စောင့်ရှောက်နေတာက ဖေဖေဖြစ်တဲ့အတွက် ဖေဖေ့ကိုတော့ စိတ်ချမ်းသာအောင် ထားမယ်လို့ စိတ်ကူးရပါတယ်။ မေမေရဲ့ ၂၆ နှစ်ပြည့် နှစ်ပတ်လည် အမှတ်တရအနေနဲ့ ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းများ အားလုံးလည်း အမိအဖတွေနဲ့ အိုအောင်မင်းအောင် နေနိုင်သော ကုသိုလ်ကံများ တိုးပွားကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သွယ်သွယ်မျိုးညွန့်