Monday, May 23, 2016

အညတရသူရဲကောင်းလေးများ ကိုလွင် ( နန်းမြေ )

တင်အေးနဲ့ မြင့်စိန်တို့နှစ်ယောက်က ဒိုက်ဦးမြို့အနောက်ဖက်မှာရှိတဲ့ ဒိုးတန်းရွာလေးမှာနေတယ် ။ တစ်ရွာထဲ သားချင်းတွေ ၊ ဥကပေါက်ကထဲက အတူတူ ၊ ကြီးပြင်းခဲ့တာလည်း အတူတူ ၊ ကျောင်းနေတော့လည်း အတူတူ၊ သူငယ်တန်းအပ်တော့ နှစ်ယောက်သားအတော်ကြီးနေပြီ ။ မိဘတွေကိုနွဲ့ဆိုးအဆိုးကောင်းနေတာနဲ့ ခုနှစ်နှစ် ရောက်မှ ကျောင်းအပ်ဖြစ်တယ် ။ ကျောင်းနေတဲ့အရွယ်ထဲမှာ ဒီနှစ်ကောင်ကအကြီးဆုံးတွေ ။ ဒီနှစ်ကောင်အ တွဲက ဆိုနီ မိုးကျော် ၊ မေတ္တာ ကွမ်းသီး ၊ မိုးဒီ မော့စ် တို့လိုအတွဲ ။တကောင်တလေပဲ့ထွက်သွားလို့မရတဲ့အတွဲ ။ တင်အေးက မှုန်ကုပ်ကုပ် ၊ မျက်စိပေါက်မှေးမှေး ။ လမ်းလျောက်တော့အများသူငှာတွေကျကျန်ရစ်တဲ့ပစ္စည်းကို ကောက်ရနိုးနိုးနဲ့ အောက်ငုံ့ကြည့်နေသလိုမျိုးလမ်းလျောက်လေ့ရှိတယ် ။ အမြဲတမ်းခေါင်းငိုက်စိုက်ချပြီးသွား တယ် ။ ဒါကြောင့်တင်အေးကို ရွာက လူကြီးလူငယ်မရွေး အားလုံးက မှုံကြီး ဆိုတဲ့အမည်ပြောင်တစ်ကိုသာရင်း ရင်းနှီးနှီး ခေါ်ဝေါ်ကြတယ် ။ ကျောင်းအမည် တင်အေး ဆိုတာ ဆရာ ဆရာမကလွဲလို့ခေါ်တဲ့သူမရှိဘူး ။ မြင့်စိန်ကတော့ တင်အေးနဲ့ကပြောင်းကပြန် ၊ အသွက်လွန်းနေတယ် ။ အခွက်ကလည်းအလွန်ပြောင် ။ မျောက် မူးလဲအောင်ဆော့ပြတယ် ။ ကဏန်းနှိုက် ၊ ငါးနှိုက် ၊ ဖားနှိုက် ၊ အလုပ်တွေနဲ့ပျော်နေတာကြောင့်ပဲ ကျောင်းအ ၀င်နောက်ကျနေခဲ့ရတယ် ။ မြင့်စိန်မှာအားနည်းချက်တစ်ခုရှိတာက မွေးကတည်းက မျက်စိတစ်လုံးဟာအ ကောင်းတိုင်းပါမလာခဲ့ဘူး ။ တစ်လုံးပဲကောင်းတယ် ။ ဒါကိုလူကြီးတွေက ငရမန်လို့အမည်ပြောင်ကိုခေါ်ကြပြန် တော့ တစ်ရွာလုံးက ငရမန်တွေဖြစ်ကုန်ရော ။ တင်အေးလိုပဲ မြင့်စိန်ဆိုတဲ့အမည်ကို ကျောင်းကဆရာ ဆရာမ ကပဲခေါ်တယ် ။ စတုတ္ထတန်းအောင်မြင်ပြီးတဲ့နောက်တစ်နှစ်စာသင်နှစ်မှာ ဒိုးတန်းရွာမူလတန်းကျောင်းလေးက ကျောင်းသားသုံး ဦးနဲ့ ကျောင်းသူငါးဦးပဲ ရွာနဲ့လေးမိုင်လေက်ဝေးတဲ့ ဗိုင်းဒါးချောင်းမြောက်ဖက်က တောင်စလဲမြှောင် အလယ် တန်းကျောင်းကို ဆက်လက်ပညာသင်နိုင်တယ် ။ စတုတ္ထတန်းအေင်မြင်သူအချို့နဲ့ ကျရှုံးသူအချို့ကတော့ ကျောင်းပြန်ဝင်နိုင်ဖို့ အခက်အခဲအမျိုးမျိုးရဲ့ အတားအဆီးအမျိုးမျိုးကြောင့်ပဲ ကျောင်းကအပြီးတိုင်ထွက်လိုက် ကြရတော့တယ် ။ တောင်စလဲမြှောင် ကျောင်းကိုတက်ရမယ့်အထဲမှာ တင်အေးနဲ့ မြင့်စိန်တို့နှစ်ယောက်ကထိပ် ဆုံးက ထောင်ထောင် ထောင်ထောင်နဲ့ပေါ့ ။ တောင်စလဲမြှောင် အလယ်တန်းကျောင်းရှိတဲ့ တောင်စလဲမြှောင်ရွာကလေးဟာ တင်အေးနဲု့မြင့်စိန်တို့ရဲ့ ဒိုး တန်းရွာကလေးကို အဖြောင့်တိုင်းလိုက်ရင် ဒိုးတန်းရွာရဲ့မြောက်ဖက်နှစ်မိုင်သာသာမှာရှိတယ် ။ ဒိုးတန်းရွာရဲ့ ဗိုင်းဒါးချောင်းတောင်ဖက်မှာရှိတဲ့ စစ်ဗိုလ်ကြီးရွာအကြား ဆက်သွယ်ရေးလမ်းရယ်လို့ရှိတာမဟုတ်ဘူး ။ လယ် ကွက်တွေကို ပေါင်ခတ်ထားတဲ့ ကန်သင်းရိုးတလျောက် ကောက်ကောက်ကွေ့ကွေ့နဲ့သွားရတယ် ။ စစ်ဗိုလ်ကြီး ရွာထိပ် အရှေ့ဖက်ကမ၀င်မီမှာ ပဲခူးရိုးမပေါ်ကဆင်းလာတဲ့ စမ်းမြောင်ချောင်းလေးက ဗိုင်းဒါးချောင်းမကြီးနဲ့ ပူး ပေါင်းလိုက်တယ် ။ စစ်ဗိုလ်ကြီးရွာအရှေ့ဖက်ချောင်းဆုံနေရာလေးမှာထိုးထားတဲ့ ၀ါးတံတားလေးတစ်စင်းကို ဖြတ်ကျော်ပြီးမှ စစ်ဗိုကြီးရွာရောက်တယ် ။ စစ်ဗိုလ်ကြီးရွာအရှေ့ဖျားကနေ၀င်ပြီး ရွာလယ်ထိလျောက်ပြီးတော့ မြောက်ဖက်မှာ ဗိုင်းဒါးချောင်းကိုဖြတ်ခင်းထားတဲ့ သစ်သားတံတားကိုကျော်ပြီးရင် ချောင်းမြောက်ဖက်ကမ်းက တောင်စလဲမြှောင်ရွာကိုရောက်တော့တယ် ။ ရွာရဲ့အရှေ့ဖျားမှာမှ အလယ်တန်းကျောင်း ။ ဒီခရီးကို တင်အေးနဲ့မြင့်စိန် အပါအ၀င်ရွာကကျောင်းသားတွေဟာနေ့စဉ် ကျောင်းဖွင့်ရက်တိုင်းမှာ နံက်တစ်ခါ ညနေတစ်ခါ အသွားအလာလုပ်နေကြရတယ် ။ ဒီခရီးလမ်ဒဟာ ရံဖန်ရံခါ သွားလာရတာမဟုတ်ဘူး ။ နိစ္စဓူဝ ဖြစ်နေတဲ့အတွက် မြွေပါး ကင်းပါးနဲ့ တခြားအန္တရာယ်တွေက အများသားလား ။ ဒါပေမယ့် ပညာရေးကိုလိုလို လားလား ရှိကြတဲ့မိဘတွေကြောင့် ကလေးတွေကို နွေ မိုး ဆောင်း ထမင်းထုပ်ကိုယ်စီနဲ့ ဒုက္ခခံပြီး ကျောင်း ဆက်နေခိုင်းကြတယ် ။ ဒိုးတန်းကနေ တောင်စလဲမြှောင်ကျောင်းကို ကျောင်းသွားတက်ကြမယ့် ကလေးတစ် သိုက်ကို ဦးစီးခေါင်းဆောင်စောင့်ရှောက်ဖို့အတွက် လူရည်လည်လည် အကောင်တွေကလည်းကြီးကြတဲ့ တင်အေးနဲ့မြင့်စိန်ကိုပဲ ခေါင်သူကြီးလုပ်ခိုင်းတယ် ။ ဒါပေမယ့်လည်း ဒီခေါင်သူကြီးနှစ်ယောက်က ရွာသူကြီးတွေ စိတ်ချယုံကြည်ရတဲ့အတိုင်း အမြဲတမ်းဖေါက်လဲဖေါက်ပြန် ။ ငါးတန်းကျောင်းတက်စဉ်ကတည်းကပဲ နံက်ပိုင်းတွေမှာ ကျောင်းကိုအတူသွားပေမယ့် ညနေပိုင်းကျောင်းဆင်း ချိန်တွေမှာ ရွာကို ကလေးတွေနဲ့အတူတူ ဘယ်တော့မှရောက်မလားဘူး ။ သူတို့ကျောင်းသွားရာလမ်းမှာ သူတို့ အတွက် ၀ါသနာကိုစေ့ဆော်ပေးနေတဲ့ သူတို့ဟင်းအိုးကြီးတစ်ခုကိုတွေ့ထားတယ် ။ အဲ့ဒါက စမ်းမြောင်ချောင်း ပဲလေ ။ မိုးရာသီမှာ စမ်းမြောင်ချောင်းထဲ ကျောင်းကအပြန် အမြဲရေဆင်းချိုးရင်း ငါးနှိုက်တယ် ။ ငါးရရင်ရ မရရင်ရေချိုးပြန်တယ် ။ မိဘတွေကတဆူဆူ ၊ အမြဲလိုလိုအိမ်ပြန်နောက်ကျတဲ့ ဒီနှစ်ကောင်ကို မိဘတွေကအ လျော့ပဲပေးရတော့မှာလိုလို ။ ဒီကြားထဲတောင်စလဲမြှောင် အလယ်တန်းကျောင်းမှာ ဒိုးတန်းရွာရဲ့အနောက်ဖက် စစ်ဗိုလ်ကြီးရွာရဲ့အနောက်တောင်ဖက်ရေလဲချင်းစုရွာသား အောင်ချစ်ဆိုတဲ့ပေစောင်းစောင်း မျောက်လောင်း တစ်ကောင်နဲ့ထပ်ဆုံကြပြန်တယ် ။ အောင်ချစ်က အသားညိုညို လူတစ်ယောက်ကိုကြည့်တဲ့အကြည့်ကိုက ခပ် စောင်းစောင်း ၊ ဒါကသူ့စတိုင်။ မျက်လုံးတစ်ဖက်က ခပ်မှေးမှေးဆိုတော့ အကြည့်ကမိုက်တိမိုက်ကန်း ။ ဒါပေမယ့်လို့ အရင်းခံစိတ်ကောင်းပြီး စိတ်ထားဖြူစင်တယ် ။ ဒီမှာသုံးယောက်ပေါင်းတော့ လောင်းကျော် ဆိုသလို စမ်းမြောင်ချေင်းထဲက မတက်ကြတော့ဘူး ။ ပဉ္စမတန်းနဲ့ဆဌမတန်းအထိ ဖျားနာ ကိစ္စကလွဲပြီး ကျောင်းမပျက်ခဲ့ကြတဲ့ကောင်တွေ သတ္တမတန်းလည်းရောက်လာရော ကျောင်းကဆရာ ဆရာမတွေနဲ့ အိမ်က မိဘတွေကိုသွေးတိုးစမ်းလာကြတယ် ။ တော်သလင်း သီတင်းကျှတ်ရေစစ်ချိန်မှာ စမ်းမြောင်ချောင်းတလျောက် ငါးတွေဆင်းတတ်တယ် ။ ဒီလိုအချိန်တွေမှာ သုံးကောင်သား တိုးတိုးတိတ်တိတ် တိုင်ပင်ပြီး ကျောင်းမတက်ကြ တော့ဘူး ။ ကျောင်းကိုလည်း အကြောင်းပြချက်အမျိုးမျိုးတွေကိုထည်လဲသုံးပြီး ပါးစပ်ခွင့်တိုင်ခိုင်းတယ် ။ တစ်ခါလည်းမဟုတ် ။ နှစ်ခါလည်းမဟုတ်ဆိုတော့ တောင်စလဲမြှောင်ကျောင်းကဆရာ ဆရာမတွေက သင်္ကာမ ကင်းဖြစ်တော့တယ် ။ ကျပ်ကျပ်စစ်မေးလိုက်တော့မှ တင်အေး မြင့်စိန်နဲ့ အောင်ချစ်တို့ရဲ့ အလိမ်အညာတွေ ဘူးပေါ်သလိုမျိုး ပေါ်ထွက်လာတယ် ။ အိမ်အသီးသီးကိုလည်း တိုင်စာတွေပို့တော့တာပေါ့ ။ အဲဒီလိုတိုင်စာတွေ ကြောင့်ပဲ တင်အေး မြင့်စိန်နဲ့အောင်ချစ်တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေအနှံ့အပြား ၊ ဖူးဖူးတွေကိုယောင်လို့ ဒါပေမယ့် အနှီးသုံးကောင်ကတော့မဖြုံရေးချ မဖြုံ ၊ အထုအထောင်းတွေခံရပြီးတဲ့နောက်တစ်ရက် ကျောင်းအ တက်မှာ ဒဏ်ရာတွေဘယ်သူကများသလည်းဆိုတာ ပြိုင်ပွဲတောင် ပြိုင်လိုက်သေးတာ ။ တင်းအေးကအရိုက် ကြမ်းတဲ့အဖေရဲ့ရိုက်နှက်ဆုံးမမှုတွေကို မဖြုံပေမယ့် သူ့အဖေရဲ့တစ်ချက်လွှတ်အမိန်ကိုတော့ အတော်လေးဖြုံ တယ် ။ ဒီတစ်ခါ ကျောင်းမတက်ပါဘူး ဆိုတဲ့ ကျောင်းကတိုင်စာရောက်လာခဲ့ရင်ကျောင်းကအပြီးတိုင်ထုတ်ပစ် မယ် ` ဆိုတဲ့စကားကိုပဲ ။ တင်အေးတို့ သုံးကောင်သား ရံဖန်ရံခါကျောင်းပျက်ကြပေမယ့် တစ်ယောက်မှကျောင်းတက်မပျင်းကြဘူး ။ ပြောရရင်တော့ ကျောင်းပျော်တယ်ပေါ့ ။ဒါကြောင့်လည်းနောက် ထပ်ကျောင်းမပျက်ရဲကြတော့ဘူး ။ စမ်းမြောင်ချောင်းထဲရေကူး ငါးနှိုက်ချင်ရင် ညနေပိုင်းကျောင်းဆင်းပြီးကာမှ လုပ်ရဲတော့တယ် ။ အိမ်တွေကလည်း အိမ်ပြန်နောက်ကျတာလောက်ကိုတော့ စာမဖွဲ့ကြတော့ဘူး ။ တင်အေးရေ တင်အေး ကျောင်းသွားကြမယ်လေကွာ ။ မြင့်စိန်ရဲ့အသံစူးစူးကြောင့်ပဲ တင်အေးတစ်ယောက် အိပ်ယာကနိုးလာရတယ် ။ နံနက်ပိုင်းသုံးနာရီဝန်းကျင်မှာ အခါမဟုတ်ဘဲရွာလိုက်တဲ့မိုးကအတော်ကြီးတယ် ။ ညဦးပိုင်းကတည်းက ချည်တိုင်မှာချည်ထားပြီးတင်းကုပ်ထဲမသွင်းမိတဲ့နွားတွေကိုအဖေနဲ့ နှစ်ယောက်သားကြိုး စားပြီး ကြီူးတွေဲဖြည် နွားတင်းကုပ်ထဲနေရာချနဲ့ အလုပ်တွေရှုပ်နေလိုက်တာ ရွာဦးကျောင်းက နံက်လေးနာရီတုံး မောင်းခေါက်သံကြားရတော့မှပဲ အိမ်ပေါ်တက်အိပ်ယာပြန်ဝင်ခဲ့ရတယ် ။ တင်အေးအဖေနဲ့အမေက တင်အေး ကျောင်းသွားဖို့ထမင်းချိုင့်လေး အဆင်သင့်လုပ်ထားပြီး လယ်ထဲဆင်းသွားကြပြီ။ တင်အေးကိုနှိုးမယ့်သူမရှိ ။မြင့်စိန်နှိုးမှ အိပ်ယာကကမန်းကတန်းထလိုက်ရတယ် ။အပြင်မှာ မိုးတဖွဲဖွဲ ။ တင်အေးနဲ့ မြင့်စိန်ရွာအရှေ့ဖျား ဖက်ကထွက်လာတော့ မြင့်စိန်သွားနှင့် ခိုင်းထားတဲ့ ဒိုးတန်းကကျောင်းသားအစုတွေက စိမ်းပြီးမှောင်နေတဲ့ စပါး ခင်းတွေအကြား အချို့ကထီး အချို့ကမိုးကာအပြာ အစိမ်းတွေကိုခြုံလို့ စပါးပင်တွေအကြားမြုပ်ချည်း ပေါ်ချည်း နဲ့ ဟိုးခပ်ဝေးဝေးရောက်နှင့်နေကြပြီ ။ရှေ့အဖွဲ့တွေကို မမှီနိုင်မှန်းသိတော့ တင်အေးကောမြင့်စိန်ပါ မှီအောင် မလိုက်ကြတော့ပဲ ပုံမှန်ခြေလှမ်းနဲ့ပဲ သွားဖြစ်ကြတယ် ။ မိုးက အခုအချိန်အထိခပ်ဖွဲဖွဲ စွေပြီးရွာနေသလိုမျိုး ၀န်း ကျင်တစ်ခုလုံးလည်း နေရောင်မမြင်ရတော့ ။ ကောင်းကင်တစ်ခုလုံးဟာ မှိုင်းမှိုင်းညိုညို ။ရေစိုနေတဲ့ကန်သင်း ပေါ်ကမြက်တွေက စီးထားတဲ့ရော်ဘာဖိနပ်တွေကို ဒုက္ခလှလှပေးနေတော့တယ် ။ ကန်သင်းကောက်ကောက် ကွေ့ကွေ့တွေပေါ်က ခြေချော်မကျအောင် မနည်းထိမ်းသွားနေရတော့ ခရီးမတွင်တော့ ။ ဒီကြားထဲလွယ်ထား တဲ့လွယ်အိပတ်ကို မိုးရေမစိုဖို့ မိုးကာကိုလုံအောင်ဆွဲဆွဲပြင်နေရသေးတယ် ။နောက်ဆုံးဖိနပ်နဲ့ဒီလမ်း ဘယ်လိုမှ အံမ၀င်တော့ နှစ်ယောက်သားဖိနပ်ချွတ်ပြီး လက်တစ်ဖက်ကကိုင်လိုက်ရတော့ တစ်ဖက်ကဖိနပ် တစ်ဖက်က ထမင်းချိုင့်ကိုယ်စီနဲ့ ခြေဗလာချီတက်ကြတော့မှပဲ ခရီးတွင်တော့တယ် ။ တင်အေးနဲ့မြင့်စိန်ထွက်လာပြီး နာရီဝက်နီးပါးရှိတော့ ၀မ်းမြောင်ချောင်းကို ၀ုန်ဆင်းလာတဲ့စက်လှေသံသဲ့သဲ့ကို ကြားနေရပြီ ။ ဒီစက်လှေက နှစ်ရက်တစ်ခါ သုံးရက်တစ်ခါဆိုသလို ကြားနေကြအသံပါပဲ ။ှဇရပ်ကြီးကုန်းနဲ့ ဘုရားကြီးကုန်းဖက်ကရွာသားတွေဟာစမ်းမြောင်ချောင်းအတိုင်း ပေါင်းမိုးတပ်ထားတဲ့စက်လှေနဲ့ ဗိုင်းဒါးချောင်း အထိစုန်ဆင်းရတယ် ။ ဗိုင်းဒါးချောင်းအတိုင်းဝင်ပြီး ဆက်စုန်ဆင်းလိုက်ရင် ရန်ကုန် မန္တလေးကားလမ်းဘေးမှာ ရှိတဲ့ ဗိုင်းဒါးရွာကလေးကိုရောက်ပြီ ။ အဲဒီကမှ ဒိုက်ဦးမြို့ကို ကား မြင်းလှည်း ဆိုက်ကားတစ်ခုခုနဲ့သွားပြီး ဈေး ၀ယ်ကြတယ် ။တင်အေးနဲ့မြင့်စိန် စမ်းမြောင်ချောင်းကူးတံတားလေးကိုရောက်ဖို့ နှစ်ဖာလုံလောက်အလိုမှာ ဒိုးတန်းကျောင်းသားတစ်စုဟာ စစ်ဗိုလ်ကြီးရွာရဲ့အရှေ့ဖျားကိုဝင်သွားကြပြီ ။ စမ်းမြောင်ချောင်းအတွင်းကစက် လှေသံကိုလည်း ပိုပြီးကျယ်ကျယ်လောင်လောင်ကြားနေပြီ ။ မိုးနှောင်းပိုင်းမှာရွာတဲ့ မိုးကလည်းရပ်ပြီ ။အခုတော့နံက်လင်းအားကြီးချိန်ရွာခဲ့တဲ့မိုးကသူမဟုတ်သလိုလိုပင် ။ တိမ်တွေကြားက ပြူထွက်လာတဲ့ နံက်ခင်း နေရောင်ခြည်က ထိန်ထိန်တောက်နေတော့တယ် ။ စပါးပင်တွေရဲ့ အဖျားမှာသီပြီးတွဲခိုနေတဲ့မိုးရေ မိုးစက်တွေ က နေရောင်ကြောင့်စိန်ရောင်လက်လက်တောက်ပနေတယ် ။ တင်အေးနဲ့မြင့်စိန်တို့လမ်းလျောက်ရင်းက ဆောင်းထားတဲ့မိုးကာတွေကို ခေါက်သိမ်းဖို့အတွက် ဖိနပ်ကိုချပြီးစီးရင်း ထမင်းချိုင့်ကိုပါ ကန်သင်းပေါ်ချလိုက် တယ် ။ မိုးကာတွေကို ရေပြောင်စင်အောင်ခါပြီး ပြန်ခေါက်သိမ်းတယ် ။ နှစ်ဦးသားဆက်လျောက်ရင်းက စမ်း မြောင်ချောင်းကမ်းပါးကိုရောက်တဲ့အချိန်မှာပဲ စမ်းမြောင်ချောင်းကိုကြည့်လိုက်တော့တစ်မိုးတွင်းလုံးပုံမှန်ရေ ပြည့်ပြီး ငြိမ်ငြိမ်သက်သက်အခြေအနေမျိုးမဟုတ်တာကို အံ့သြစွာတွေ့ရတယ် ။ စမ်းမြောင်ချောင်းဟာဒေါသ တကြီးခက်ထန်နေတယ် ။ မိုးနှောင်းပိုင်း ရေစစ်ချိန်မှာ လက်ကျန်မိုးရဲ့အငြိုးကြီးကြီးသွန်းချထားတဲ့ ပဲခူးရိုးမ ပေါ်ကရေတွေက စမ်းမြောင်ချောင်းအတွင်းမှာ အထိမ်းအကွပ်မဲ့ သောင်းကျန်းပြီး လှိုင်းတွေအဖြစ် ၀ါးလုံးထိုး ထိုးဆင်းနေပုံက ကြောက်မက်ဖွယ်အတိ ။ တင်အေးတို့နှစ်ဦး ကမ်းပါးကိုအရောက် ရေလှိုင်းလုံးတွေတ၀ုန်းဝုန်းအကြားမှာ ပေါင်းမိုးတပ်စက်လှေကလည်း ခရီးသည်တွေနဲ့အတူ လူးလူးလိမ့်လိမ့်ထိုးဆင်းလာတာဆုံဖြစ်ကြတယ် ။ ဟိုးတုန်းကလိုပဲ နှစ်ကောင်သားလက် တွေပြပြီးနှုတ်ဆက်ကြတော့ စိုးရိမ်စိတ်အသီးသီးကြောင့်ပဲလို့ထင်တယ် ။ ပြန်ပြီးနှုတ်ဆက်လက်ကာပြတဲ့အပြု အမူတွေအသက်မ၀င် ။ သူတို့နှစ်ယောက်ရဲ့နံဘေးချောင်းထဲကနေရှေ့ကိုကျော်ဖြတ်သွားတဲ့ ပေါင်းမိုးတပ်စက် လှေဟာ စမ်းမြောင်ချောင်းကူတံတားလေးအောက်ကိုလျှိုဝင်သွားပြီး ဗိုင်းဒါးချောင်းဆီကို ဦးတည်ဝင်သွားတာ ကိုတွေ့ရတယ် ။ တကယ်တော့ ဗိုင်းဒါးချောင်းနဲ့ စမ်းမြောင်ချောင်းဟာ ပဲခူးရိုးမပေါ်ကရေစေ ရေလဲဒေသတစ်ခုအတွင်းမှာပဲ ချောင်းဖျားခံလာကြတာဖြစ်တယ် ။ ရိုးမအပေါ်မှာ ဒီချောင်းနှစ်ခုရဲ့အစဟာနှစ် မိုင်နီးပါးသာဝေးကွာကြတယ် ။ စမ်းမြောင်ချောင်းပေါ်တောင်ကျရေဆင်းတာနဲ့ ဗိုင်းဒါးချောင်းဟာလည်း တောင် ကျရေဆင်းတော့တာပါပဲ ။ စမ်းမြောင်ချောင်းလှိုင်းထန် ရေထန်ရင် ဗိုင်းဒါးချောင်းလည်း လှိုင်းထန် ရေထန်နေ တတ်တယ် ။ ၀ုန်း ။ အသံကတော်တော်ကလေးကျယ်လောင်လှတယ် ။ တင်အေးနဲ့မြင့်စိန် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်ဖြစ်ကြတယ် ။ ဘာသံပါလိမ့်ပေါ့ ။ ပြီးတော့နှစ်ယောက်သားအကြည့်ထဲမှာ အဓိပ္ပါယ်တွေပေါ်ထွက် လာတော့ စမ်းမြောင်ချောင်းလူကူးတံတားပေါ်မတက်တော့ဘဲ ဗိုင်းဒါးချောင်းဆုံကိုခြေကုန်သုတ်ပြေးကြတယ် ။ လွယ်အိတ်တွေ ထမင်းချိုင့်တွေက တရမ်းရမ်းနဲ့ပေါ့ ။ ဗိုင်းဒါးချောင်းကမ်းကို ရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်း ကမသက်မသာ ။ လှေကစောင်းပြီး ချောင်းဆုံမှာဖြစ်နေတဲ့ဝဲကတော့ကြီးထဲမှာ တလည်လည် လှိုင်းတွေကတ ဘုန်းဘုန်းမြည်အောင်ထနေတဲ့ မှုတ်ဝဲကြီးအတွင်းမှာ စက်လှေပေါ်ပါလာတဲ့လူတချို့နဲ့ ပစ္စည်းတွေက ဗရပွ၊ စောင်းနေတဲ့လှေကို ဖက်တွယ်ထားတဲ့လူတချို့ကလည်း ကြောက်လန့်တကြားအော်ဟစ်နေကြတယ် ။ အော် သံ ဟစ်သံတွေက ငရဲတမျှပါပဲ ။ ကယ်ကြပါဦး . . . . . ကယ်ကြပါဦး . . . . . ကယ်ကြပါဦး . . . . . ကယ်ကြပါဦး ။ တင်အေးကောမြင့်စိန်ပါ တိုင်ပင်ထားသလို လွယ်အိတ်နဲ့ ထမင်းချိုင့်တွေကိုပစ်ချလိုက်တယ် ။ အကျီင်္ကိုဆွဲချွတ် လိုက်ပြီး လုံချည်တွေကိုခါးတောင်မြှောင်ကျစ်ကျစ်ပါအောင်ကျိုက်ထဲ့ပြီး မြင့်စိန်က တင်အေးရေ တစ်ယောက် တည်းအဆယ်နဲ့ဟေ့ နှစ်ယောက်ပြိုင်တူဆွဲမှဖြစ်မယ် ။ုမြင့်စိန်စကားအတိုင်းတင်းအေးက နားလည်သလိုခေါင်း ညိတ်ပြပြီး ဦးစားပေးဆယ်ရမယ့်သူကို ရှဖွေကြည့်လိုက်တယ် ။ ၀န်းကျင်တစ်ခုလုံးတစ်ခဏအတွင်းဖြန့်ကြည့် လိုက်တော့ လသားအရွယ်ကလေးတစ်ယောက်ရေပေါ်မှာပေါ်နေတာကိုတွေ့ရတယ် ။ ကလေးကိုရေအောက် မှာရှိတဲ့ မိခင်ကလက်နှစ်ဖက်နဲ့ တင်းတင်းကိုင်းပြီးရေပေါ်ကိုထိုးတင်ထားတယ် ။ တင်အေးနဲ့မြင့်စိန်နှစ်ယောက် ရေထဲကိုပြိုင်တူခုန်ဆင်းပြီး ကလေးရှိရာကိုကူးခတ်သွားကြပြီး ကလေးကိုလှမ်းယူလိုက်တော့ ကလေးအတွက် စိတ်ချသွားခဲ့တဲ့ မိခင်ကတော့ရေအောက်မှာစုန်းစုန်းမြုပ်ပြီး ရေစီးနဲ့မျောပါသွားတော့တယ် ။ ကလေးကိုကမ်းအ ရောက်ပြန်သယ်လာပြီး ကမ်းပေါ်မှာ အသင့်ရောက် ကိုပါစို့ လက်ထဲထည့်လိုက်တယ် ။ ကိုပါစို့ က စစ်ဗိုလိကြီးရွာကသူ့လယ်မြွေေက စမ်းမြောင်ချောင်းနဲ့ဗိုင်းဒါးချောင်းဆုံအရှေ့တောင်ဖက်က လယ်ပွဲ တွေပဲဖြစ်တယ် ။ နွားစာအတွက်လှေတစ်စင်းနဲ့ သူ့ကန်သင်းရိုးကမြက်တွေကိုကိုလာရိတ်နေချိန် စက်လှေ မှောက်သံနဲ့အော်ဟစ်သံတွေကြားရတော့ လယ်ကွက်ထဲကပြေးထွက်လာခဲ့တာဖြစ်တယ် ။ ကိုပါစို့က ကလေး ကိုလုံခြုံစိတ်ချရတဲ့နေရာမှာထားခဲ့ပြီးတဲ့နောက် သူ့ရဲ့လှေဆီကိုအရောက်ပြေးပြီး လှေကိုအပြေးတစ်ပိုင်းလှော် ခတ်လာတာကို တင်အေးရောမြင့်စိတ်ပါနှစ်ယောက်သားမြင်ရတော့ နှစ်ယောက်သားအားတက်မိကြတော့တာ ပေါ့ ။ ရေထဲမှာမြုပ်ချည် ပေါ်ချည်ဖြစ်နေတဲ့ အမျိုးသား အမျိုးသမီးတွေကိုတင်အေးနဲ့မြင့်စိန်တို့တစ်ယောက် ချင်းဆယ်ယူပြီးကမ်းရောက်အောင်ဆွဲတင်နေသလို ကိုပါစို့ကလည်း သူ့ရဲ့လှေတစ်စင်းနဲ့ဆယ်နိုင်သမျှလူတွေ ကိုလှေပေါ်ဆွဲတင်နေတော့တယ် ။ ဒီအချိန်ကမ်းပါးပေါ်မှာလူတစ်စုရောက်လာတယ် ။ စက်လှေမှောက်တဲ့နေ ရာနဲ့သိပ်မဝေးတဲ့လေးအိမ်စုရွာကလေးက ကာလသားခေါင်း ကိုမောင်ဝင်းတို့အစုဖြစ်တယ် ။ ကမ်းပေါ်မှာ သတိလစ်နေတဲ့သူတွေကို အချို့က သတိရအောင်လုပ်ပေးကြတယ် ။ ပထမဆုံးကယ်လိုက်တဲ့လသားကလေး ကို ဆာပါချိုံအနောက်စုက မစန်းကြည်ကပွေ့ပိုက်ထားတယ် ။ မကြာခင်မှာပဲ လေးအိမ်စုတစ်ရွာလုံးကလူတွေ စက်လှေမှောက်တဲ့သတင်းကြောင့် ရွာလုံးကျွတ်မျှပဲ ကမ်းပါးပေါ် ယောက်ယက်ခပ်နေကြတယ် ။ တင်အေးနဲ့ မြင့်စိန်တို့နှစ်ယောက်သားဘယ်သူ့ကိုမှ ရှာဖွေမတွေ့တော့တဲ့နောက်ဆုံးမှ ကမ်းပေါ်ကိုပင်ပန်းကြီးစွာနဲ့တွယ် ဖက်တက်လာခဲ့တယ် ။ နှစ်ယောက်သားရေနစ်နေသူတွေကိုဆယ်ရင်း သယ်ရင်းက ကိုပါစို့လယ်ပွဲကိုကျော်လွန် လာခဲ့ပြီး စက်လှေမှောက်တဲ့ချောင်းဆုံကို ပင်ပန်းကြီးစွာနဲ့တဖြည်းဖြည်းအတူလျောက်ပြန်လာခဲ့ကြတယ် ။ အချိန်ကနေမွန်းတည့်ချိန်ရောက်တော့မယ် ။ ခြေကုန်လက်ပန်းကျနေတဲ့ တင်အေးနဲ့မြင့်စိန်ဟာလွယ်အိတ်နဲ့ထ မင်းဘူးတွေရှိရာကနေ ကိုပါစို့နဲ့ ချောင်းနဲ့မလှမ်းမကမ်းကတဲဆီ နှစ်ယောက်သားအားတင်းပြီးအရောက်သွားကြ တယ် ။ တဲပေါ်ကို ထမင်းချိုင့်နဲ့ လွယ်အိတ်ကိုပစ်တင်ပြီး အနားယူဖို့အတွက်ရေစိုနေတဲ့ပုဆိုးကိုယ်စီနဲ့ ပက်လက်လှန်လိုက်တာ တစ်ချိုးတည်းအိပ်ပျော်သွားတော့တယ် ။ ညနေသုံးနာရီကျော်ကျော်မှာ ဆတ်ကနဲလန့် နိုးလာတော့ဗိုက်တွေကဆာလောင်နေပြီ ။ ဒန်ချိုင့်ထဲက ထမင်းကိုအားပါးတရစားသောက်ဖို့အဖုံးကိုဖွင့်လိုက် တော့ နေ့လယ်ကမိမိတို့ရှေ့မှာတင်ဖြစ်ပျက်ခဲ့တဲ့ အနိဠာရုံကြီးက ချက်ချင်းကြီးပေါ်လာတယ် ။ ဒီအဖြစ်ဆိုးကြီး အတွင်းကမိမိရဲ့မျက်မှောက်ရုပ်ပျက်ဆင်းပျက် သွေးပျက်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ လူတွေရဲ့အဖြစ်ကိုပြန်လည် မြင်ယောင်လာလို့ တင်အေးကမျက်ရည်ကျတော့ မြင့်စိန်ကချော့ရင်းမော့ရင်းနဲ့ သူပါမျက်ရည်တွေ တပေါက် ပေါက်ကျလာတော့တယ် ။ မျိုမကျတော့တဲ့ထမင်းကိုမစားကြတော့ပဲ ဒန်ချိုင့်ကလေးကိုပြန်ဖုံးပြီးနှစ်ယောက် သားဒိုးတန်းရွာဖက်ကိုဖင့်ဖင့်နှေးနှေးပြန်လာခဲ့ကြတယ် ။ တင်အေးကရွာအ၀င်မှာ မြင့်စိန်နဲ့လမ်းခွဲပြီး မိမိအိမ်ရှိရာကိုပြန်ခဲ့တယ် ။ အိမ်ခြံဝင်းထဲကိုရောက်တော့အိမ် အောက်တန်းလျားမှာအဖေနဲ့အမေ့ကိုအတူတူအခန့်သားတွေ့ရတယ် ။ တင်အေးလည်းသူ့အဖေနဲ့အမေကို နှုတ်မဆက်ပဲအိမ်ပေါ်ကို တက်တော့မယ်လို့အလုပ်မှာ အဖေဖြစ်သူက ဟေ့ကောင် . . . ကျောင်းကပြန်လာပြီလားကွ ပုံမှာအခေါ်အဝေါ်ဖြစ်တဲ့ လူလေးဆိုတဲ့နာမ်စားအစား ဟေ့ကောင်လို့ခေါ်လိုက်တဲ့ သူ့အဖေခေါ်သံကြောင့် တင် အေးဆတ်ကနဲတွန့်သွားတယ် ။နားထဲမှာလည်းအဆန်းဖြစ်နေလို့ အဖေ့ကိုလှမ်းကြည့်လိုက်တော့ အဖေ့မျက်နှာ ဟာခက်ထန်မာကြောနေပုံရတယ် ။ အမေ့မျက်နှာလည်းမကောင်း ။ ဘာတွေဖြစ်နေပါလည်းလိမ့်ပေါ့ ။ တင် အေးကလည်းသူ့အဖေနဲ့အမေရှိရာကိုသွားလိုက်တယ် ။ အနားကိုရောက်တော့ အသားတွေတဆတ်ဆတ်တုန်နေတဲ့ဖအေကိုတွေ့လိုက်ရတော့ အဖေအတော့ကိုဒေါသ ထွက်နေမှန်းသိရတယ် ။ မင်း . . အဲ့ဒီတိုင်ကိုဖက်လိုက်စမ်း ။ အမိန့်ပေးသံကိုတင်အေးမကြးမိသလို အူအူငူငူ ကြည့်နေတုန်း နောက်တစ်ကြိမ် တိုင်ကိုဖက်ခိုင်းပြန်တယ် ။ ဒုတိယအကြိမ် ဖိအားပေးထားတဲ့အဖြစ်မှာ တင် အေးဟာ ကိုယ့်အပြစ်ကိုယ်သိနေလို့ မျက်စိမှိတ်ပြီး တိုင်ကိုကျစ်ကျစ်ပါအောင် ဖက်ထားလိုက်တယ် ဆိုရင်ဘဲ ခြေသလုံး တင်ပါး ကျောပြင်တွေကို စက်သေနတ်နဲ့ဒရစပ်ဆွဲသလို မရပ်မနားပဲ နွားရိုက်ကြိမ်ကြိုးနဲ့တွယ်တော့ တယ် ။ ရိုက်နေတဲ့ကြားက ငါတို့လိုသေကောင်ပေါင်းလဲလုပ်ရပြီး မကြီးပွားတဲ့ ဒီလယ်ယာမြေပေါ်မှာ ရှိမနေစေ ချင်လို့ ကျားကုတ်ကျားခဲကျောင်းထားနေတာကွ ။ အခုတော့မင်းကအလေလိုက်နေတယ် ။ မင်းမှာအပြစ်ရှိ သလား မရှိဘူးလားပြော ။ ခန္ဓာကိုယ်ပေါ်ကထိချက်တွေက နာလွန်းပေမယ့်ရင်ထဲက အနာကိုတော့မမှီဘူးလို့ တင်အေးထင်မိတယ် ။ အမေ့ကိုကြည့်လိုက်တော့ တစ်ဖက်ကိုလှည့်ပြီး မျက်ရည်ကျနေတယ် ။ အဖေ့ရဲ့အမေး ကိုလည်း နာလွန်းတဲ့ကြားကမှ ခေါင်းကိုတွင်တွင်ညိတ်ပြနေဖြစ်တယ် ။ အဖေ့ဒေါသတွေပြေပါစေတော့ရယ်လို့ လေ တိုင်ဖက် အံကြိတ်ပြီးအသေအချာကြီး အရိုက်ခံလိုက်တယ် ။ ဘာအကြောင်းကိုမှလည်းစောဒကမတက် ။ အဖေက သွားတော့လို့အမိန့်ပေးမှ တင်အေးလည်းအိမ်ပေါ်ကိုတက်ခဲ့တော့တယ် ။ တစ်နေကုန်စိတ်ရောခန္ဓာ ပင်ပန်းခဲ့တဲ့တင်အေး နွားရိုက်ကြိမ်နဲ့သွက်သွက်ကြီး အရိုက်ခံလိုက်ရတော့ အိမ်ပေါ်ကအခန်းထဲမှာ စောင်ကိုခေါင်းမြီးခြုံရင်း တုံးလုံးလှဲလိုက်တာ မှေးကနဲအိပ်ပျော်သွားပါလေရော ။ တသ်အေး . . . ရေ လာဟေ့ ဒီမှာလှသန်းနဲဖိုးနီတို့တောင်ရောက်နေကြပြီ ။ သူ့အဖေအသံဝါ၀ါကြီးကြားလိုက်ရ တော့တင်အေး အိပ်ပျော်နေရာကနေ လန့်နိုးလာတယ် ။ ခေါင်းမြီးခြုံထားတဲ့စောင်ကိုအသာလှပ်ပြီး အပြင်ကို လှမ်းကြည့်လိုက်တော့ အလင်းရောင်တွေပြိုဆင်းသွားပြီ ။ မှန်အိမ်မီးကအရောင်ဝါကျင်ကျင်မှိန်ပျပျလောက်သာ ရှိတော့တယ် ။ တင်အေးအဖေကညစဉ်တိုင်းမှာရွာက အပေါင်းအသင်းတွေနဲ့ ဓာတ်ခဲရေဒီယိုကိုစုပေါင်း နားထောင်ကြတယ် ။ ရေဒီယိုအစီအစဉ်တွေတ၀ကြီးနားထောင်ရင်း မြန်မာပိုင်းအစီအစဉ်တွေပြီးတော့မှ လူစု ခွဲဖြစ်ကြတယ် ။ ဒါကလည်းနေ့စဉ် ညစဉ်အဖေတို့တစ်သိုက် ရေဒီယိုနားထောင်နေစဉ်အတွင်းမှာ အမေကမီးဖို ချောင်ကိစ္စတွေကို အပြီးဆောင်ရွက်နေသလို တင်အေးကကျောင်းစာတွေကိုကျက်မှတ်နေတယ် ။ ရေဒီယိုနား ထောင်နေချိန်အတွင်းမှာ တင်အေးတို့သားအမိနှစ်ယောက် သူ့အဖေကိုဘာမှပြောမရ ။ စိတ်ဆိုးတတ်မှန်းသိ တော့ ခပ်ဝေးဝေးနေကြတယ် ။ သူတို့နားထောင်သူအချင်းချင်းတောင်မှ စကားပြောရင်တိုတိုပြတ်ပြတ် ။ ဒီအ ချိန်ဟာလည်း အမှန်တော့ တစ်နေကုန်နွားနဲ့ဖက်ရုန်းပြီး ဘ၀အမောတွေကိုညဖက်ရောက်တော့မှ ရေဒီယိုက လာတဲ့သီချင်း ဇာတ်လမ်းပမာနားဆင်စရာ သတင်း အသံလွှင့်ဇာတ်လမ်း စတာတွေကိုရေနွေးကြမ်းတစ်အိုး အ မြည်းတစ်ပွဲနဲ့ အားရပါးရဖြေဖျောက်ကြရတယ် ။ ဒီအချိန်မှာပဲ ည ( ၈ ) နာရီသတင်းမှာထူးခြားတဲ့သတင်းတစ်ပုဒ်ကိုတင်အေးအဖေနဲ့သူ့အပေါင်းအသင်းတွေ စိတ်ဝင်တစားစူးစိုက်နားထောင်နေကြတယ် ။ တင်အေးလည်းနိုးနေတော့ နားမထောင်ပေမယ့် ကြည်ကြည် လင်လင်ကြီးကိုကြားနေရတယ် ။ ရိုမေးနီးယားဆိုရှယ်လစ်နိုင်ငံဘူခါရက်မြို့မှာကျင်းပတဲ့ နှစ်ဆယ့်သုံးကြိမ် မြောက်အပြည်ပြည်ဆိုင်ရာကြက်ခြေနီညီလာခံမှာ မြန်မာနိုင်ငံက မြန်မာနိုင်ငံသား စိုင်းအောင်လှိုင်မြင့်ကိုကမ္ဘာ့ အမြင့်ဆုံးကြက်ခြေနီ ဟင်နရီဒူးနန့် ဆုတံဆိပ်အပ်နှင်းလိုက်ကြောင်း မြန်မာနိုင်ငံမှ စိုင်းအောင်လှိုင်မြင့်အပါအ ၀င်တစ်ကမ္ဘာလုံးမှာဆုတံဆိပ်ရရှိသူတစ်ဆယ့်သုံးဦးသာရှိကြောင်းနဲံ မြန်မာနိုင်ငံကစိုင်းအောင်လှိုင်မြင့်ဟာ မြစ် ကြီးနားကူးတို့ဆိပ်အနီးက ဧရာဝတီမြစ်ထဲကိုလူတစ်ဦးအပါအ၀င် ကားတစ်စီးထိုးကျခဲ့ကြောင်း ရေခဲတမျှအေး လွန်းလှတဲ့ရေထဲကို မိမိအသက်ကိုပဓာနမထားပဲငုပ်ဆင်းပြီး ကယ်တင်ခဲ့ကြောင်း ။ ရဲဝံ့စွန့်စားတဲ့စိုင်းအောင် လှိုင်မြင့်ကို ဤကဲ့သို့ ဟင်နရီဒူးနန့်ဘွဲ့အပ်နှင်းရကြောင်း အဖြစ်အပျက်တွေကိုပြန်လည်ဖေါ်ထုတ်ပြီးကြေငြာနေ တော့တယ် ။ ရေဒီယိုနားထောင်နေကြတဲ့သူအပေါင်း အထင်းသားမျက်နှာတွေမှာ ၀မ်းသာပီတိရိပ်တွေတဖျပ် ဖျပ် လျှပ်ပြေးနေတော့တယ် ။ ဟင်နရီဒူးနန့်ဘွဲ့တံဆိပ်ရှင် စိုင်းအောင်လှိုင်မြင့်ရဲ့ သတင်းအဆုံးမှာတင်အေးအ ဖေက သူ့ရဲ့အသံဝါ၀ါကြီးနဲ့ `ကွာ . . ဒီလိုသားကောင်းဇာနည်တစ်ယောက်လောက်တို့မိသားစုထဲမှာပါလာရင် သိပ်ကောင်းပဲဟေ့ ` အိပ်ခန်းထဲမှာအသာငြိမ်နေတဲ့ တင်အေးဟာ သူ့အဖေရဲ့စကားသံကြောင့်ပဲ စောင်ကိုခေါင်းအထိရောက်အောင် ဆွဲတင်ရင်း ခြေသလုံးသားကဖူးရောင်နေတဲ့ ဒဏ်ရာတွေကို ဒူးကွေးပြီး ကယောင်ကတမ်း လှမ်းစမ်းလိုက်တော့ တယ် ။ ( သူငယ်ချင်း သူရဲကောင်းနှစ်ယောက်ကိုဂုဏ်ပြုရင်း . . . . . . . ။ ) ကိုလွင် ( နန်းမြေ