Wednesday, December 30, 2015
သေဒဏ်
ကျနော်တို့ရေပိုင်နက်ထဲ
ငါးသေးငါးမွှားပါမကျန် ပိုက်စိတ်တိုက် ငါးဝင်ခိုးဖမ်းသူများကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့မြေပိုင်နက်ထဲ
စံချိန်မှီ / မမှီ ရသမျှသစ်ခိုးခုတ်တဲ့သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့မြေအောက်သယံဇာတ
အလကားနီးပါးဈေးနဲ့ မတရားတူးဖေါ်ယူတဲ့သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့ရဲ့အမျိုးသမီးကောင်းတွေကို
လိမ်ညာလှည့်ဖျား ပက်ပုန်းလိုအရပ်မှာ
မတရားလိင်ကျေးကျွန်အဖြစ် စေခိုင်းသူများကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့ရဲ့ မြစ်မင်း သံလွင်ဆီက
မြောင်းဖေါက်ကာရေသွယ်
ရေအားလျှပ်စစ်ထုတ်ဖို့ကြိုးစားသူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
နယ်စပ်တလျောက်
အမှတ်တံဆိပ်အမျိုးမျိုးနဲ့ အတုကုန်ပစ္စည်း
အမျိုးမျိုးတင်သွင်းသူများကို
သေဒဏ်ချမှတ်ပေးပါ ။
လုပ်ငန်းခွင်ထဲ မတရားညှင်းပန်းနှိပ်စက်
ပြန်လှန်ရင်သတ်
ထွက်ပြေးရင်သတ်
လုပ်ခလစာအလကားမတ်တင်းနဲ့
ကျနော်တို့အမျိုးသားတို့ရဲ့ ခွန်အားစုပ်ယူ
မြန်မာမှန်ရင် အထင်သေးတဲ့သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့တိုင်းပြည်ရဲ့အမွေအနှစ်
ရှေးဟောင်းလက်ရာတွေကိုခိုးထုတ်
နိုင်ငံကို ဂုတ်သွေးစုပ်နေသူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
စိတ်မထင်လျှင် နယ်စပ်ဂိတ်ကိုပိတ်
အားမျှခြေမမျှတဲ့ကုန်သွယ်ရေးစနစ်ကိုဆုပ်ကိုင်လို့
နိုင်ငံရဲ့လည်မျိုကိုဖြန်နင်းထားတဲ့ သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့ရဲ့ သဘာဝတွင်းထွက် ဂတ်စ်အငွေ့တွေကို
ဈေးပေါင်းကျိုးနဲ့ယူငင်သွားသူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ဒုက္ခသည်စခန်းကိုအကြောင်းပြ
နိုင်ငံတကာသံခင်းတမန်ခင်းမှာ
လူလုံကြွ ကြွ မျက်နှာရအောင် နာမည်ကောင်းယူနေတဲ့သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့ရဲ့သားငယ်သမီးငယ်တွေကအစ
အသုံးဝင်သမျှအကုန်မ
တစ်နိုင်ငံလုံး ကုန်းပေးထားရလောက်အောင်
လူပါးဝနေတဲ့သူတွေကို
အကုန်သေဒဏ်ချမှတ်ပေးပါ ။
ပြီးရင်တော့ ရက် ၃၀အတွင်းအယူခံ
မတရား မမျှတ လူပါးဝစွာ
သေဒဏ်ချမှတ်ခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုအတွက်
ငါတို့ကောင်းကောင်းခံလိုက်ကြမယ် ။
စစ်သွေးအိမ်
8 : 51 Pm
Tuesday, December 8, 2015
" ၈၈ သူရဲကောင်းများသို့ "
စနစ်ဟောင်းကို ၊ အသစ်ပြောင်းဖို့
ခွပ်ဒေါင်းအလံကိုင်စွဲ
တိုက်ပွဲဝင်တဲ့သူရဲကောင်းများ ။
မိုးနှောင်းကာလ ၊ ဆောင်းတစ်ညမှာ
ဒေါင်းသွေးမြေခ
ဒေါင်းအလှကြယ်တွေကြွေခဲ့သည် ။
ဒေါင်းအိုးဝေသံစီစီ
" ပြောင်းလဲချိန်တန်ပြီ "တဲ့
အမေ့စကား ၊ အမှန်တရားမို့
မညှာဘူးလေ ၊ ပဋာလူးစေ
အာဏာရူးတွေကို ၊ တံမြက်လှဲ
တိုက်ပွဲအမေ ၊ နိုင်ခဲ့ပြီ ။
" ဒီမိုကရေစီရမှ
အမျှဝေပါ သူငယ်ချင်း "
မင်းမှာစကား ၊ ကတိထား
နားကမထွက်ဘူး ။
မနက်ဖြန်
အမျှဝေသံ ၊ ဘဝဂ်ညံအောင်
မင်းထံအရောက်ပို့လိုက်မယ် ။
ဆရာကျောင်း ( ၈၈ )
Saturday, December 5, 2015
ဇော "
သံသရာကို လွှင့်တင်ကြည့်ရင်
စေတသိတ်ရေလှိုင်း
ဂယက် ပြင်းပြင်း ထတယ်
အတ္တ နဲ့ ပရ မျှတ ဖို့
ရုပ်နာမ် နှစ်ပါး မှာ
အနတ္တ ကို သိမြင် နိုင်ခြင်းက
မဖြစ်မနေ လိုအပ်သလို မျိုး
ဥပေက္ခာတရားက
ကိုယ့်ကိုမိတ်ဆွေ ဖွဲ့ချိန်
ဘ၀ ကို
သမုဒယတွေသာချည်နှောင် နေရစ်ခဲ့
လောကီ ထုပ္ပါတ် လူတို့ ဇာတ်..တဲ့
နေမ၀င် မီးမငြိမ်းခင်
သစ္စာ တရားကိုရှာဖွေဖို့
ဒုက္ခ ကို
စက်ဘီးလိုလည်းကုန်းရုန်းနင်းနေရဦးမယ် ။
မိုးဦး
Friday, December 4, 2015
ဒိုက်ဦးကန်တော်မင်္ဂလာလမ်းဆုံက ရုပ်ထု
ကျနော်ဒိုက်ဦးမြို့နဲ့ပက်သက်တာလေးနည်းနည်းပြောဦးမယ်ဗျ ။ မပြောနဲ့ဆိုတော့လည်းမပြောပဲနေမှာလည်း မဟုတ်ပါဘူး ။ ပြောမှာပဲဖြစ်ပါတယ် ။ တကယ်လို့သိပြီးသားသူများဖြစ်ခဲ့တယ်ဆိုရင်တော့ မျက်စိညောင်းမခံပဲ ကျော်ဖတ်သွားလိုက်ဖို့ပဲမေတ္တာရပ်ခံပါတယ် ။ ဖေံဘုတ်ကြီးဆိုတာက ဘယ်သူမှ မလုပ်နဲ့ မကိုင်နဲ့လို့တားဆီးလို့ ရကောင်းတဲ့အရာတော့မဟုတ်ပေမယ့်လို့ မဆီမဆိုင်အကောင်းဖက်ကလည်းမရှုမြင် ကိုယ်တိုင်လည်းမလုပ် သူများလုပ်မှ ဘေးကနေထိုင်ကလော်တတ်တဲ့သူတွေကရှိတတ်တော့ ကြိုတင်မေတ္တာရပ်ခံထားရတာပါ ။
တခြားတော့မဟုတ်ဘူးဗျ ။ ကျနော်ရန်ကုန်မှာ စာရေးဆရာတစ်ယောက်နဲ့ကြုံတော့ စကားပြောဖြစ်တယ်ဆိုပါ တော့ ။ သူကဒိုက်ဦးမှာသူငယ်ချင်းရှိတယ်လို့ပြောတယ် ။ ဒီအထိကပြဿနာမရှိဘူးဗျ ။ သူကဆက်ပြီးပြောတာ က နောက်ခင်ဗျားတို့ဒိုက်ဦးမှာ မြို့ဟောင်းတစ်ခုရှိတယ်ဆို တဲ့ ။ ကနော်လည်း ဟုတ်ကဲ့ရှိပါတယ် ပေါ့ ။ ဒါပါပဲ ။ ဒီထက်လည်းပိုမပြောနိုင်ဘူး ။ တစ်နည်းအားဖြင့် မကြွားနိုင်ဘူးပေါ့ဗျာ ။ ဘာဖြစ်လို့လည်းဆိုတော့ အသစ်ဆို တာနေရာတိုင်းမှာရှိပေမယ့်လို့ အဟောင်းဆိုတာက နေရာတိုင်းမှာရှိတာမှမဟုတ်တာ ။ အချိန်ကြာကြာ တည်ရှိနေလေ တန်ဖိုးမြင့်လေဆိုသလိုပေါ့ ။ ကနော်တို့ဆီမှာရှိနေတဲ့ မြို့ဟောင်းဆိုတာကြီးကို ကျနော်တိတိ ကျကျ မသိတာအမှန် ။ အဲ့ဒီတော့ ကျနော်တို့ရဲ့ သမိုင်းမှာ ဘယ်လိုရှိခဲ့တယ်ဆိုတာကိုဖြင့် ရမ်းသမ်းမှန်းဆော် လို့ဘယ်ဖြစ်မလည်း ။တစ်ချိန် အဲဒီလူက ဒီသမိုင်းအကြောင်းတကယ်သိခဲ့မယ်ဆိုရင် ကျနော်ဘာဖြစ်သွားမ လည်း ။ ဒီလောက်ဆိုကောလိယမြို့ဟောင်းအကြောင်းပြောနေတယ်ဆိုတာ အားလုံးသိလောက်ပါတယ် ။ အဲဒီ ကတည်းက ကျနော်ကောလိယကိုစိတ်ထဲမှာ တေးထားခဲ့တာ ။ ဒါကြီးကဘာကြီးလည်း ဘာလုပ်တာလည်း ။ တကယ်ကော မြို့ဟောင်းဟုတ်ရဲ့လား ။ စသည်ဖြင့်ပေါ့ဗျာ ။ နောက်တွေ့တယ်လူတိုင်းလည်းမေးကြည့်တယ် ။ တချို့ကြတော့ အရင်တုန်းကကျနော်တို့နေရာတွေက ရေလွှမ်းတဲ့နေရာတွေဖြစ်ခဲ့တော့ ဒီနေရာက ရေတပ်စခန်း တစ်ခုလို့ပြောတယ် ။ တချို့ကြတော့ အမေကိုလက်ဆွဲပြီးနန်းတက်ခဲ့လို့ နန်းတော်တစ်ခုလုံးမြေမျိုသွားတာလို့ ဆိုသူလည်းရှိပါတယ် ။ တချို့ကြတော့လည်း အင်းဘာဖြစ်မလည်းတော့မသိဘူး အဲ့ဒီမှာတော့ရှေးဟောင်းအုတ် တွေ ရေကန်တွေရှိခဲ့တယ်လို့ဆိုကြပြန်တယ် ။
တကယ်တော့ကောလိယမြို့ဟောင်းရှိတဲ့နေရာက ကျနော်သွားရင်မိနစ် ၂၀ မကြာပါဘူး ။ အဲ့ဒါကိုမရောက်ဖြစ် တာပါ ။ ရောက်တော့ကော ကျနော်ဘာများသိမှာမိုလို့လည်း ။ ဒါရှေးဟောင်းအုတ်တွေလေဆို အင်းအင်းကနေ ကျနော်ဘာများပြောတတ်ဦးမှာမိုလို့လည်း ။ ဘာမှမသိတာဆိုတော့ ဘာဘာဘာမှမသိဘူးဖြစ်နေမှာပေါ့နော့် ။ ခုတော့ ဆရာတင့်ဆန်းထွန်းတို့ကောင်းမှုနဲ့ တစ်ခေါက်ရောက်ခဲ့ပြီးသလို သူပို့စ်တွေကြောင့် အရင်ကထက်စာရင် နည်းနည်းတော့ပြောတတ်လာပြီလို့ဆိုရမယ် ။ နောက်ကိုယ့်ဘာသာဝမ်းသာမိတာက ဟောဒီကောလိယမြို့ ဟောင်းဆိုတာက မြို့ဟောင်းမဟုတ်ဘူး ။ ရာဇာဓိရာဇ်နဲ့ မင်းမြတ်လှ ခေါ် သူပဘာဒေ၀ီတို့မင်္ဂလာဆောင်တဲ့ ဟာယီနန်းတစ်ခုလို့ ပြောနိုင်တာပါပဲ ။ ဒီနေ့ရာဟုတ်တယ်မဟုတ်ဘူးဆိုတာက တစ်ချက်ထောက်စရာရှိပါတယ် ။ တကယ့်မြို့ဟောင်းနေရာဆိုလျှင် မြို့ရိုးတွေကို အခိုင်အမာတည်ဆောက်ထားရပါတယ် ။ ခုတော့ ကောလိယ မှာတွေ့ရတဲ့ မြို့ရိုးတွေက အုတ်တစ်ထပ် ရွံ့တစ်ထပ်ဖြစ်နေပါတယ် ။ ဆိုလိုတာက အုတ်ရိုးထုထည်ရအောင် အမြန်စီမံထားတဲ့သဘောဖြစ်နေတာပါ ။ ဒါကကျနော်အမြင်ပေါ့ ။ ပညာရှင်အမြင်တွေကတော့ဘယ်လိုရှိမ လည်းဆိုတာမသိဘူးပေါ့ ။ ကြုံလို့တစ်ခုထပ်ကြော်ငြာဝင်ချင်တာက အခုလိုကောလိယအကြောင်းလိုက်ရင်းနဲ့ ဟံသာဝတီခေတ်တင်မဟုတ်ပဲ ပျူခေတ်ကိုရောက်နေတဲ့အထောက်အထားတချို့ကိုတွေ့ရတာပါပဲ ။ ဒါတွေကို လည်းကောလိယမြို့ဟောင်းဆိုင်ရာ ဂရုထဲမှာ ဆရာတင့်ဆန်းထွန်းတင်ထားပါတယ် ။ ကျနော်တွေးကြည့်မိ တယ် ။ တကယ်လို့များ တကယ့်ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်နေခဲ့မယ်ဆိုရင် ကျနော်တို့မြို့လေး ဘယ်လောက်ဂုဏ်ကျက်သရေ ရှိမလည်းလို့ပေါ့ ။ သမိုင်းမှတ်တမ်းတစ်ခုမှာ နာမည်လေးတစ်ခုပါဖို့ဆိုတာ ငွေဘယ်လာက်ပေးပေးမရပါဘူး ။ အာဏာဘယ်လောက်ရှိရှိမရပါဘူး ။ နေရာတိုင်း မြို့တိုင်းဖြစ်ချင်လို့မရပါဘူး ။ သူ့ဘာသာဖြစ်နေတဲ့သမိုင်းတစ်ခုလို့ ဆိုလို့မရပါဘူး ။ ဒီမြေ ဒီရေပေါ်မှာနေထိုင်တဲ့သူတွေအားလုံးဟာ ဒီမြေ ဒီရေ ရဲ့ကောင်းမွေ ဆိုးမွေ အားလုံးနဲ့မပက်သက်လို့ရပေမယ့်လို့ မသက်ဆိုင်လို့ကိုမရပါဘူး ။ သမိုင်းတစ်ခုဟာ သူ့ဘာသာချထားပေမယ့်လို့ ကျနော်တို့ရဲ့ဖြစ်စဉ်တွေကိုမောင်းနှင်နေတယ်ဆိုတာ မမေ့သင့်ပါဘူး ။ ဥပမာ အိမ်တစ်အိမ်မှာပဲကြည့်ဦးလေ ။ ကိုယ့်မိဘ ကိုယ့်ဆွေမျိုးတို့ရဲ့ ဖြစ်စဉ်သမိုင်းကိုအလေးမထားရင်ဘာတွေဖြစ် သွားတတ်တယ်ဆိုတာ ခင်ဗျားတို့ ကျနော်တို့ရဲ့ အနီးနားမှာတင်လေ့လာလို့ရပါတယ် ။ နောက်တစ်ခုက တိုး တက်မှုဖြစ်စဉ်ကိုလိုချင်ရင် သမိုင်းကိုသိမှဖြစ်မယ် ။ သမိုင်းကိုမသိရင် ဘာလုပ်လုပ်ဖြစ်သင့်သလောက်မဖြစ်တာ အသေအချာပဲ ။ လူတစ်ယောက်ရဲ့သမိုင်းကိုသိမှ ဒီလူဟာဘယ်နေရာမှာတာဝန်ယူသင့်တယ် တာဝန်ပေးသင့် တယ်ဆိုတာဖြစ်လာမှမဟုတ်ဘူးလား ။ မသိပဲနဲ့ သူတောင်လုပ်လို့ရသေးတာ ငါလည်းလုပ်နိုင်လို့ဆိုပေမယ့်လို့ ဖြစ်စဉ်ခြင်းမှမတူတာ ။ ကျနော်တို့ပြောလေ့ရှိတဲ့ ငါးပိသည်ကအိပ်လို့ ဆားသည်ကခွေးမောင်းတဲ့လုပ်ရပ်မျိုးတွေ ဖြစ်နေပြီး လုပ်ငန်းစဉ်တစ်ခုတော့ပြီးသွားပေမယ့်လို့ အကျိုးရလာဒ်ညံ့ဖျင်းတာမျိုးတွေချည်းပဲဖြစ်နေမှာသေချာ ပါတယ် ။
ကျနော်နည်းနည်းပေရှည်သွားသလားမသိ ။လက်ကအကျင့်ပါနေလို့ပါ ။ကျနော်ပြောချင်တာ စောစောက မင်းလှမြတ်နဲ့ရာဇာဓိရာဇ်တို့အကြောင်းပါ ။ တစ်ချိန်က အားလုံးသိတဲ့အတိုင်း ဘဘကြီးတို့ခေတ်မှာ ကျနော်တို့ မြို့ဝင် ရုပ်ထုတစ်ခုလုပ်ဖို့စီစဉ်ပါသတဲ့ ။ ဘဘကြီးတို့ပြောသမျှဗောင်းတော့ညိမ့် အလိုတော့ကျ လုပ်ပေးနေရတဲ့ ခေတ်ကို ။ ဘာမဟုတ်တဲ့ သူတောင်မှ နောက်ကထီးတော်မိုးနဲ့မင်းမူနေတဲ့ခေတ်မှာ ရိုးရာယဉ်ကျေးမှုလေးပါ အောင် ရုပ်ထုလေးလုပ်ချင်ပါသတဲ့ ။ ဆိုပါတော့ အဲ့ဒီမှာမြန်မာ့ယဉ်ကျေးမှု သင်္ကြန်ရေးကစားနေတဲ့ပုံလေး အတည်ဖြစ်သွားတယ် ။ အဲ့ဒီရုပ်ထုကိုကြည့်ပြီး ကျနော်အမြဲတမ်းဒေါသထွက်တယ် ။ အခုလုပ်ထားတဲ့နေရာ ဟာဆိုရင် ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောခဲ့ဘူးတဲ့နေရာ ။ ဖြစ်သင့်တာက ဗိုလ်ချုပ်လိုလူမျိုး တစ်ယောက်က ရှားရှားပါးပါး ဒီလိုမြို့သေးသေးလေးမှာမိန့်ခွန်းပြောခဲ့ဘူးတာကို တစ်နည်းနည်းနဲ့ကြိုးစား သင့်တယ်လို့ထင်ခဲ့တယ် ။ ဒါမှမဟုတ် ကျနော်တို့မြို့ရဲ့ သူရဲကောင်းတစ်ဦးဖြစ်တဲ့ စာရေးဆရာမ မိုးမိုး ( အင်းလျား ) ကိုဂုဏ်ပြုတဲ့အနေနဲ့ ဆရာမပုံလုပ်သင့်တယ်လို့မြင်ခဲ့တယ် ။ နောက်ပြီးကျနော်တို့မြို့မှာလွတ်လပ် ရေးတလျောက် တိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့သူတွေရှိတယ် ။ အဲ့ဒါတွေကိုလည်း ကျနော်တို့မြို့က ဂုဏ်ပြုဖို့မေ့နေ ကြတယ် ။ တကယ့်နေရာတွေကိုဟာအားလုံးပစ္စလက္ခထားသလိုဖြစ်နေတယ် ။ အဲ့ဒါကြောင့် ကျနော်စိတ်တို တယ် ။ တိုတယ်ဆိုတာကလည်း ကိုယ်ကဘာမှမလုပ်နိုင်တဲ့သူဖြစ်နေတော့ တိုတာပဲတတ်နိုင်တာပေါ့ ။ အခု တော့နောက်ထပ်တတ်နိုင်တာလေးလုပ်လိုက်တာလို့လည်းဆိုနိုင်ပါတယ် ။ အဲ့ဒီလိုစိတ်တိုနေတာဟာအခု တော့မရှိတော့ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီရုပ်ထုကိုထုတဲ့နေရာမှာ ဘဘကြီးတို့အလိုကျလုပ်ခဲ့ရပေ မယ့်လို့ တိတ်တဆိတ်ကြံစည်လိုက်တဲ့ဖြစ်ရပ်တစ်ခုက အဲဒီရုပ်ထုကို ရှင်မြတ်လှနဲ့ ရာဇာဓိရာဇ်တို့ရဲ့ပုံကိုထု လုပ်စေခဲ့လို့ပဲဖြစ်ပါတယ် ။ အဲ့ဒီရုပ်ထုဟာ မင်းလှမြတ်နဲ့ ရာဇာဓိရာဇ်အတိအကျဖြစ်ပ်ါကြောင်း မသိသေးသော ဒိုက်ဦးသားများကိုကြေငြာမောင်းခတ်လိုက်ရပါတယ်ခင်ဗျားးးးးးးး ။
စသအ
Subscribe to:
Posts (Atom)