Showing posts with label poem. Show all posts
Showing posts with label poem. Show all posts
Sunday, March 19, 2017
ခရေ
.၁၉၈၂တုန်းကရေးခဲ့တာတဲ့ ကိုယ်တောင်မမှတ်မိတောဘူး သိမ်းထားတဲ့မိတ်ဆွေ ( Ko Min Thet Wai)ရဲ့ကျေးဇူးကြောင့် ပြန်လည်ရရှိခဲ့ အတိုင်းမသိ ကျေးဇူးပါ
*ခရေ*
အနားမှာ
ရစ်ဝဲကာတလည်လည်နဲ့
ချစ်သဲညှာ ရင်မှာတွယ်တဲ့
စပါယ်နဲ့ခရေ..
*ပန်းနှစ်ပွင့်
လန်းစွင့်ကြူ အကြို ထောက်သမို့
လှမ်းလင့်ယူ ဘယ်ကိုကောက်ရပါ့
မောင့်မှာကအခက်ဝေ...
*ရနံ့တလွင်လွင်
ခရေလျှင်လေမှာ ဝဲပါလို့
စပါယ်တွေပင်မှာသဲပြီဘဲ
ရင်ထဲမှာတော့ရတက်ပေ
စပါယ်လေလား
ခရေလား..
*မြေမခင် စပါယ်လျှင်မောင်မြင်တော့
လေမှာရွှင် မြေကိုလှမ်းလေတဲ့
ခရေပန်း သက်ဝေအပြုံး ကိုတော့
ပြိုင်လေလျှင်စပါယ် ရှုံးမှာပေါ့
အပြုံးတွေ ငွေရောင်သန်းပေမယ့်
ခရေကိုဘယ်လိုစမ်းမှာလဲ
အရွယ်ပျို ပန်းတွေ တောင်လိုမောက်စေဦး
မကောက်ပါရှောင်ကာကွင်းလို့ရယ်
အရောက်သာ အမြန်နှင်းမယ်ကွဲ့
ခရေ. ..ရေ
မင်းရဲ့အနား........။
ဒိုက်ဦး..စိုးမိုးသူ..4.10.1982
ပဲခူး ဓမ္မသိပ္ပံ
ယခု(USA)
မှတ်တမ်းတင်သူ.(မင်းသက်ဝေ.စင်္ကာပူ)င်္
Friday, February 17, 2017
ရေစီး
" ရေစီး "
ရေတွေကစီးနေတယ်
မြေပြင်ပေါ်မှာ
မြောင်းတစ်ခုဖြစ်လာဖို့
ရှင်သန်ရာကို အကြိမ်ကြိမ်ပွတ်တိုက်
ရေတွေကစီးနေတယ်
မြောင်းတစ်ခုထဲမှာ
ချောင်းတစ်ခုဖြစ်လာဖို့
ပွတ်တိုက်လိုက်ခြင်းက ရှင်သန်ရာ
ရေတွေကစီးနေတယ်
ချောင်းတစ်ခုထဲမှာ
မြစ်တစ်ခုဖြစ်လာဖို့
ရှင်သန်ခြင်းကို အကြိမ်ကြိမ်ပွတ်တိုက်
ရေတွေကစီးနေတယ်
မြစ်တစ်ခုထဲမှာ
ပင်လယ်တစ်ခုဖြစ်လာဖို့
ပွတ်တိုက်ခြင်းသာ ရှင်သန်ခြင်း
ရေတွေကစီးနေတယ်
ပင်လယ်တစ်ခုထဲမှာ
သမုဒ္ဒရာတစ်ခုဖြစ်လာဖို့
ရှင်သန်ခြင်းမှန်သမျှ
အကြိမ်ကြိမ်ပွတ်တိုက်ပေးလိုက်ရတယ် ။
စသအ
Wednesday, January 18, 2017
သမိုင်းပရမတ္ထ
………………………..
လမင်းဟာ
နေ့တံခါးဆွဲအဖွင့်မှာ
သူဖြန့်ခင်းတဲ့
အလင်းဂုဏ်ပုဒ်ကို
ကမ္ဘာကြီးထဲမှ ဆွဲနှုတ်လို့ သိမ်းသွားရတယ်။
နေမင်းဟာ
အမှောင်တွေကိုလှဲကျဉ်း
လောကကြီးကိုလင်းစေတယ်ဆိုလည်း
ဂေါ်ယာကျွန်းရဲ့ချောက်ထဲ လိမ့်အကျမှတော့
ညနက်နက်ကို အောင်ပွဲခံခွင့်ပေးရပြန်တယ်။
ခေတ်တံခါးချပ်
တထပ်ပြီးတထပ်သော့ပိတ်
စေတနာမမှန်သူများကတော့
သမိုင်း အမှိုက်ခြင်းထဲ
လဲသူလဲ
ကွဲသူကွဲ
ပျောက်သူပျောက်။
စေတနာ အဖြူစင်ဆုံးနဲ့
လူသားတာဝန်ကျေခဲ့သူများကတော့
လမင်းလို
လင်းတခါ မှိန်တလှည့်မဟုတ်။
နေမင်းလို
အရောင်လင်းလိုက် ၊ အမှောင်ခင်းလိုက်မဟုတ်။
သမိုင်း ရာဇာပလ္လင်အထက်
လင်းမြဲ လက်မြဲ ။
စိုးမိုးသူ(ဒိုက်ဦး)
Monday, December 19, 2016
အညတရ . . ရင်ခုန်သံ
အညတရ ရင်ခုန်သံ
...........................
အလှမဆင် အသွင်မွဲပေမယ့်
ဘဝအမြင် အစဉ်ရဲပါဘိ
ရင်းအသည်း သန့်သန့်ကြည်။
အဆင်းအတက်
နင်းချက်ဒဏ် အစဉ်ခံလို့
သင့်ကိုယ်ခန်ခြေရာထင်းပေမယ့်
တက်ဆင်းသူထည့်မတွက်သော်လည်း
ငဲ့ကွက်စရာ ဧည့်ခန်းဆောင်သို့
စိတ်မှန်းယောင် လှမ်းရည်စူးပြီး
ပေလူးနေ မြေမှုန့် အစုံနဲ့
ခြေသုတ်ခုံ ဘဝင်မညှိုး
တိုးလို့ရပ်တည်။
အလှနုံချာ
ဘဝမှုံစွာ ငါလျှောက်လှမ်းလေခိုက်
အောက်တန်း၌ နောက်တန်းကျသည်ဟု
သောကချည် ဘဝအတွေးတွေနှင့်
လောကသည် မမျှသေးပါဟု
ဟစ်ကျွေးကာ ရန်မူ၍
သာသည့်သူ မျက်မာန်ချိတ်
စိတ်ထဲမှာ အနာတည်
မျက်ရည်ပူက ရင်ခိုအောင်း ။
သောကတွေလျှင်
အလှမဆင် အသွင် နုပ်သော်လည်း
ဘဝအမြင် အစဉ်ထုတ်လေတဲ့
ခြေသုတ်ခုံ ငါမြင်မိလေတော့
ရင်ညှိတွယ် မဖွယ် အတွေးတွေလည်း
လွင့်ပြေးရှောင် လျှောပြေကျပါလို့
လောကဧည့်ခန်းဆောင်၌
ဖုံမလှောင် မြူမလွှားရအောင်
တတ်အားသမျှ ဝင်ကာကူဖို့
စိတ်ကြည်ဖြူ ဘဝအမြင်ဖက်တော့
ငါ့ရဲ့ရင်သောက ထွက်လို့
အားဘက်လှည့်ပြောင်း ။ ။
စိုးမိုးသူ (ဒိုက်ဦး)
Wednesday, September 21, 2016
ကိုယ်တိုင်ရေးရာဇဝင်
#ကိုယ်တိုင်ရေးရာဇဝင်..
အမှန်တရားအတွက်..
ခံယူချက်တိုက်ပွဲတွေ
ပြင်းထန်ခဲ့ကြ..။
စီးကြောင်းတစ်ခုလိုမျောပါခြင်းမှာ
ခေတ်တွေဟာ
ရိုးသားမှုတွေကိုပါတိုက်စားခဲ့ကြ..။
မီးစင်ကြည့်က ရတဲ့ဘဝမှာ
ခေါင်းမာခြင်းဟာ..
ခဏ ခဏ လက်ပူတိုက်ခံရတဲ့အခါ
လောကဓံကိုအပြစ်တင်ကြ..။
ယုံကြည်ချက်တွေပြန်နွှေးကြ
အိပ်မက်တွေကို ဆုပ်ကိုင်ထားကြ
ဘဝ ဟာ
ကြုံ ရာပြကွက်နဲ့ ဆွဲဆောင်တဲ့အခါ
အတ္တတွေလည်း
ဖုတ်ပူမီးတိုက် အသက်ဝင်ကြ..။
ဒီနေ့
ဒီည
မနက်ဖြန်
မသေချာဘူး..
ရှာဖွေကြ
အမှန်တရားတွေ ရှာဖွေကြ..
ချန်ခဲ့ကြ
ရိုးသားမှုတွေချန်ခဲ့ကြ..
ငါတို့မပါတော့မယ့်
အနာဂါတ်အတွက်
သမိုင်းလှလှတစ်ပုဒ်စီ
ရေးခဲ့ကြ..။ ။
#စောအေးချမ်း
ဒိုဗွီ
#ဒိုဗွီ
ဒိုဗွီ ဟာ
အရေးတကြီးကောက်ဆွဲထွက်လာရတော့
သူ့ခရီးဆောင်အိတ်လေးထဲမှာ
မေတ္တာတရားပဲ ပါခဲ့တယ်
ဒိုဗွီ ဟာ
နှလုံးသားနဲ့ဖြတ်ထားတဲ့လက်မှတ်နဲ့
ဥပက္ခာရထားလေးနဲ့လာခဲ့တယ်
ဒိုဗွီဟာ
အဖေ့ဘက်ပါတဲ့သွေးနဲ့
အမေ့ဘက်ပါတဲ့စိတ်ကြောင့်
မပြန်ဖြစ်တော့ပဲ
ဒီငရဲမှာ ကျောက်ချဖိုဖြစ်ခဲ့တယ်
ဒိုဗွီဟာ
မတရားမှုဟာ လူနဲ့ဓာတ်မတည့်တဲ့ရောဂါမှန်း
ရှာဖွေတွေ့ရှိခဲ့ပြီး
စာနာနိုင်မှု ကွာကွယ်ဆေးကို ဖော်ထုတ်နိုင်ခဲ့တယ်
ဒိုဗွီဟာ
ရေနည်းငါးတွေအတွက်
ရေသယ်မိုးတိမ်ကလေးဖြစ်ခဲ့ပြီး
တုတ်ဓါးသေနတ်ပြီးခဲ့တာကနေ
ဒူးမထောက်တတ်တာအဆုံး
တကိုယ်လုံးဖြုတ်ယူခွင့် ပြုထားတာကနေ
တစ်ဘ၀လုံး မြုပ် ထားခဲ့တာအဆုံး
ကောင်းကင်က နေမင်းလို
ဒိုဗွီကိုနတ်ဘုရားအမှတ် အိမ်မှာဆောင်ထားကြတယ်
ဒိုဗွီ ဟာ
ကျည်ဆံတွေကို သူ့ခေါင်းမှန် ပန်ပြခဲ့ပြီး
စစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို
ဝမ်းဆက် ချုပ်ဝတ်ပြခဲ့တယ်
ဒိုဗွီလာရင်
ပင်လယ်ကြီးဆီးကြို
တောင်းတန်းကြီးဦးညွှတ်
ကမ္ဘာကြီး ထရပ်ကြရတယ်
ဒိုဗွီက
အရာရာ ပြီးပြည့်စုံသူ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်
ဒါပေမယ့်
သမိုင်းက ထာဝရ ဂရန်ဒီပေးထားတဲ့
အထက်တန်းစားပဲ
ကံကောင်းလို့ပဲဆိုဆို
ထိုက်လို့ပဲပြောပြော
ဒိုဗွီကို
ငါတို့ရခဲ့တာတန်တယ်
ဒီဗိသုကာမုဆိုးမကြီးကို ရခဲ့တာ မြတ်တယ်
ဒိုဗွီဆိုတာက
ငြိမ်းချမ်းခြင်းရဲ့သင်္ကေတ လေ. . . . . .
Mပိုင်
Tuesday, August 23, 2016
ခရီးသွား
ခရီးသွား
သောတာပန်အကြောင်းမသိတဲ့
ပုထုဇဉ်လူသားတစ်ယောက်
သစ္စာတရားကိုအရေခွံမျာများထည့်ခြုံထားတာ။
မာနအသားက ဘာရနံ့ ရလဲ။
အတ္တတရားဟာ နိဗ္ဗာန်ရောက်ကြောင်းလား။
မဖြစ်နိုင်တဲ့တရားသဘောမှာ
ဖြစ်ချင်လိုတဲ့ဆန္ဒတွေကို ဆွဲတင်မနေနဲ့ ။
မင်းရဲ့ ချက်မြှုပ်မှာ ငိုကြွေးသံတွေ
ဌာပနာထိုးခဲ့ကြရင် သင်္ခါရတွေပါ။
တရင်းတနှီးကျွမ်းဝင်ခြင်းမှာလဲ
သူလို...ငါလို ဧည့်သည်တွေချည်းပဲ။
ကျော်ရဲလင်း
Friday, July 1, 2016
ပန်မတွေ့တော့တဲ့ကြယ်ကလေး
ပြန်မတွေ့တော့တဲ့ကြယ်ကလေး
အဲ့ဒီညက
အိမ်အပြင်ထွက်မိတော့
သတိလက်လွတ်ကောင်းကင်ကိုမော့ကြည့်မိ
ငါ့နဲ့တူရှုရာမှာ တဖြတ်ဖြတ်လက်နေတဲ့ကြယ်ကလေး
ရင်ဘတ်ထဲ တိုးဝင်လာတယ် ။
အမှတ်ရလိုက်မိကြောင်း
ငါ့ကိုယ်ငါသိလိုက်တယ် ။
အဲ့ဒီအတွေးဟာ
ငါ့ဆိုင်ကယ်ပေါ်ကိုလိုက်လာတယ်
ငါထိုင်နေကျလဖက်ရည်ဆိုင်ထဲအထိ
ငါ့သူငယ်ချင်းတွေနဲ့စကားသံကြားမှာ
ရနံ့တွေ
ကြယ်ကလေးရဲ့ရနံ့တွေ
မော့သောက်နေမိတယ် ။
အပြန်ခရီးမှာ ငါဟာနှုတ်ဆိတ်လို့
ငါ့လက်ကဆွဲထားတဲ့လီဗာကြိုးဟာ
ကီလိုလေးဆယ်မကျော်ဘူး . . . .
ငါ့မျက်နှာကိုငါပြန်ကြည့်ချင်ပေမယ့်
နောက်ကြည့်မှန်ဟာ
ငါ့ကိုယ်ငါကြည့်လို့မရဘူး ။
အဲ့ဒီကြယ်ကလေး
တစ်ညလုံးငါ့ရင်ထဲလင်း
အညှီအဟောက်တရားတွေကင်းလို့ ။
ညတိုင်းမော့မော့ကြည့်နေမိတယ် ။
စစ်သွေးအိမ်
Tue Jun 28 / 2016
1: 48 Am
Tuesday, June 14, 2016
စရွေးကိုက်
စရွေးကိုက်
•••••••••••••••••
- ငါ့စိတ်တွေကို
အင်္ဂါနေ့ နဲ့ တိုင်းပြီးဖြတ်လိုက်တော့
ရင်ခုန်သံဟာ
ဘဝနဲ့  စရွေးကိုက်သွားတယ်။
- အိပ်မက်ထဲက
ပဲ့ထွက်လာတဲ့
ကြွေးကြော်သံမှာတောင်
နှင်းဆီရနံ့ တွေ ထုံမွမ်းနေမှတော့
အိပ်ထောင်ထဲထည့်
ထမ်းပိုးခဲ့တဲ့ ရှိုက်သံတချို့ ကို
လမ်းခင်းပေးလိုက်ရတာဟာ
ပျော်စရာပဲ။
- ဘဝမှာ
ရရှိခဲ့တဲ့ အရှိုးရာတွေနဲ့ 
ခရီးလမ်းထဲက ချိုင့်ခွက်တွေကို
ဖြည့်ပေးခွင့်ဆိုတာ
နည်းတဲ့အခွင့်အရေးလား။
- ငါ့ခြေထောက်ကို
စူးတဲ့ ဆူးတစ်ချောင်းက
ငါ့လို
လမ်းလျှောက်သူတစ်ယောက်ကိုကာကွယ်ဖို့ 
ငါ့မိတ်ဆွေ
လမ်းလျှောက်ဖော်တစ်ယောက်ကို
ကာကွယ်ပေးဖို့ ဖြစ်တယ်။
- ငါ့စိတ်တွေဟာ
ငါ့ဘဝနဲ့ 
စရွေးကိုက်နေရမယ်။ ။
#စိုးမိုးသူ( ဒိုက်ဦး )
Friday, February 12, 2016
မိတ်အင်နက်မောက်
“ မိတ်အင် နက်မောက် ”
မွေးကတည်းကသာ
တော်လှန်မယ့်ကောင်မှန်းသိခဲ့ရင်
ဒီအမှတ်တံဆိပ်ကို စောစောစီးစီး
မျက်နှာဖြူတွေဖြုတ်ချထားမှာသေချာတယ် ။
ခုတော့သူတို့သင်ပေးတဲ့ ပညာနဲ့
ဗျူရိုကရေစီယန္တယားကြား အညှပ်မခံတဲ့အသားစက
ဒီလို “ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေမယ်” ဟစ်ကြွေးခဲ့တာ
ဘယ်လောက်သွေးပျက်ဖို့ကောင်းသလည်း ။
လူကြီးလည်းမဟုတ် လူငယ်လည်းမဟုတ်
၃၂ နှစ်သားလောက်နဲ့
နယ်ချဲ့ရင်ဘတ်ထဲထိုးခွင်းလိုက်တဲ့မြား
တဆတ်ဆတ်ခါသွားအောင်
ဒီလိုပြတ်ပြတ်သားသား သူလိုလူကလွဲလို့
ဘယ်သူမှမပြောရဲခဲ့ဘူး ။
တို့နိုင်ငံရဲ့လွတ်လပ်ရေး
တို့နိုင်ငံရဲ့အမျိုးသားရေး
အရေးမှန်သမျှ သူကိုယ်လုံးထဲလောင်းထည့်ထားပြီး
လူတကာမအိပ်နိုင်တဲ့ ကြမ်းပိုးများနဲ့အိပ်ယာပေါ်
ကျေကျေနပ်နပ်ကြီး ကျောချ
မက်မက်စက်စက်အိပ်ပြခဲ့တယ် ။
အခန်းတိုင်းရဲ့ ထောင့်ကွေးတွေမှာ လွတ်လပ်ရေးအကြောင်းတွေးတယ်
ထိုင်ခုံပေါ်ထိုင်နေတဲ့အခါမှာလည်း လွတ်လပ်ရေးအကြောင်းတွေးတယ်
ထမင်းစားနေတော့လည်း လွတ်လပ်ရေးအကြောင်းတွေးတယ်
လမ်းလျောက်နေတဲ့အခါမှာလည်း လွတ်လပ်ရေးအကြောင်းတွေးတယ်
အိပ်စက်နေချိန်တောင် တော်ဝင်နန်းတော်ကြီးဖန်ဆင်း
မုဒ်ဦးရဲ့အ၀င်ဝမှာ လွတ်လပ်ရေးဆိုတဲ့ စကားလုံးကိုချိတ်ဆွဲ
သူ့ကိုယ်က သွေးတွေကိုများ ဖေါက်ထုတ်ပြီး ပက်ဖြန်းနေဦးမလား ။
သူဘာလိုချင်လည်းဆို
လွတ်လပ်ရေး
သူဘာဆာလောင်သလည်းဆို
လွတ်လပ်ရေး
သူဘာစားမလည်းဆို
လွတ်လပ်ရေး
သူဘာသောက်မလည်းဆို
လွတ်လပ်ရေး
သူဘာဝတ်မလည်းဆို
လွတ်လပ်ရေး
ဒီအရေးထက် တစ်ပြားမှခွာစရာမရှိအောင်
မွဲတယ် ။
ဘယ်လောက်မွဲသလည်းဆို
အိန္ဒိယခဏအနားမှာ နေရူးက ကုတ်အင်္ကျီဝယ်ပေးရတာကြည့်
အဲ့ဒါကျုပ်တို့ခေါင်းဆောင်
ကျုပ်တို့လိုက်မမှီ မမှီလိုက်တဲ့
ကျုပ်တို့ရဲ့ ထာဝရခေါင်းဆောင်
ဘယ်ခေတ်မှာမှ အစားထိုးခွင့်မရှိတဲ့
ကျုပ်တို့ရဲ့ထာဝရခေါင်းဆောင်
ဘယ်ကာလမှာမှ အလဲထိုးခွင့်မရှိတဲ့
ကျုပ်တို့ရဲ့ ထာဝရခေါင်းဆောင်
ဘယ်လိုရိုးသားမှုကိုမှ ပြင်ဆင်ခွင့်မရှိတဲ့
ကျုပ်တို့ရဲ ထာဝရခေါင်းဆောင်
ဘယ်လိုစွန့်လွတ်မှုကိုမှ ပြောင်းလဲခွင့်မရှိတဲ့
ကျုပ်တို့ရဲ့ ထာဝရခေါင်းဆောင်
သူ့ကိုတစ်ချက်ထိကြည့်
ပန်းလည်းပွင့်တယ်
အနာဂါတ်လည်းပွင့်တယ်
နေရှိရာကိုသာ ဦးညွတ်တတ်တဲ့ နေကြာလည်းပွင့်တယ်
နောက်ဆုံး သဲကန္တရကလာထိမယ်ဆိုရင်တောင်
ဆူးကြားကနေ ပန်းတစ်ပွင့်ရဲရဲထပွင့်ပြမယ့်သူ ။
သူဟာ တို့နိုင်ငံအတွင်းမှာ ပန်းပွင့်ဖြစ်သလောက်
နယ်ချဲ့လက်ပါးစေထက်ရောက်ခဲ့ရင်
ချက်ခြင်းမီးထတောက်
စကားပရိယာယ်မှာ ရန်သူကတောင်ဦးညွတ်ရတဲ့သူ
မြန်မာအလယ် ကမ္ဘာ့အလယ်
ငါတို့ရဲ့ အဓိပတိဖွား စနေသား
မွေးစကဓားထမ်းမကျော်ပဲ
နယ်ချဲ့ကမ်းကိုကျော်ဖြတ် တက်ပြခဲ့တဲ့သူ
တိုင်းပြည်အတွက်သူပေးဆပ်သမျှ
နိုင်ငံ့ခေါင်းဆောင်တွေကားစီးနိုင်မှ
ပြည်သူတွေ ဆိုင်ကယ်လောက်စီးနိုင်မယ်လို့
သူ့ဘ၀ကိုမြုပ်ပြီး တစ်ခွန်းမှမပြောခဲ့ဘူး
အေးအေးချမ်းချမ်း
စာလေးရေးချင်တယ်ဆိုတဲ့စကား
သူ့ဂုဏ်ပုဒ်တွေကိုဖယ်ချထားလိုက်တာ
ကဲ ….. အဲဒီစကားဟာ ကျည် တစ်ဆယ့်သုံးချက် …… တန်ရဲ့လားဗျာ ။
ခ၀ါသည်လက်က အ၀တ်တွေလို ဖွေးဖွေးဖြူနေတဲ့စိတ်
တရားအမှန် အမှန်တရားအတွက်
အောင်ဆန်းဆိုတဲ့သွေးကို သွန်းထုခဲ့တဲ့နေရာ
နက်မောက်ဆိုတာ ကမ္ဘာပေါ်မှာ မသေတဲ့တံဆိပ်
ဘ၀တွေထပ်တလဲလဲခပ်နှိပ်လိုက်ရင်တောင်
Expired date က တစ်လက်မပိုတယ် ။
စစ်သွေးအိမ်
၇၂၂၀၁၅
Monday, February 1, 2016
"ချစ်သူတီထွင်မှု"
ငါ့ကို လိမ့်ပြီး
ငွေစက္ကူ ဖြစ်အောင်လုပ်တယ်
ငါ့ကို တစ်စဆီ ဖြုတ်ပြီး
ဂဏန်းပေါင်းစက် တစ်လုံး ရအောင်ဖန်တီးတယ်
ငါ့ဦးခေါင်းခွံကြီးထဲ ငါမှတ်မိတဲ့ အမှတ်အသားထိုးထည့်ရင်
အသုံးလိုတာတွေ ဝေါကနဲ ထိုးကျလာတာမျိုး တီထွင်ကြည့်တယ်
ငါ့နှလုံးသားကို လက်ဗွေရာ တင်လိုက်တာနဲ့
သွေးတွေတောင့်ခဲပြီး ရွှေချောင်းတွေ စီတန်း ထွက်ကျလာမျိုး ဆန်းသစ်ပြန်တယ်
ငါ့DNAကိုယူ
ငါ့ပုံတူပွား
ငါ့အစား ပုံမှား ကိုးကွယ်တယ်
ငါ့မေတ္တာတရားကိုတော့
လက်လန်လို့
ဒီအတိုင်း ပြန်ထည့်ပေးထားခဲ့တယ် ။
ဏီသူကို
Saturday, January 2, 2016
· နောင်ဘ၀အထိဆက်ချစ်ဖို့
ချစ်သူနဲ့အတူ ထမင်းစားပြီး
သူလေချဉ်တက် အက်တက်တက်ကို
ဆောရီးရယ်လို့ သူမပြော
ခွင့်လွှတ်နိုင်လား နိုင်ရဲ့လား
ချစ်သူနဲ့အတူ အဲကွန်းအခန်း
အတူတူယှဉ် ရုပ်ရှင်ကိုကြည့်
သူ လေလည်သံ ထိုရနံကို
သည်းခံနိုင်ရဲ့ နိုင်ရဲ့လား
လက်မောင်းပေါ်အိပ် ချစ်ရတဲ့သူ
သူရဲ့နှုတ်ခမ်း ထောင့်တစ်နေရာ
သွားရည်တွေကျ လာတဲ့အခါ
အချစ်ရယ်လို့ဆက်တွေးနိုင်ရဲ့ နိုင်ရဲ့လား
ချစ်သူနဲ့အတူ အသုပ်စားပြီး
သူ့သွားကြားမှာ ကပ်တဲ့ငရုတ်ဖတ်
ကပ်နေတဲ့အခါ ကြင်နာနာနဲ့
ဖယ်ပေးနိုင်ရဲ့ နိုင်ရဲ့လား။
ချစ်သူ ဆံနွယ်နမ်းရှိုက်တဲ့အခါ
သူ့ ဦးခေါင်းထက် နေလောင်အနံတွေ
ရှူခါရှိုက်မိ ရနံ့သိတဲ့အခါ
ဆက်ချစ်နေသေး နိုင်ရဲ့လား။
ချစ်သူရေချိုး သည်ခါတမျိုးမှာ
ဆပ်ပြာတုံးပေါ်ရစ်ပတ်ကျန်ရစ်
ဆံပင်ချည်ကို မြင်ရတဲ့အခါ
ခွင့်လွှတ်သည်းခံ နိုင်ရဲ့လား ။
ချစ်သူ ကလို ပူဆာတဲ့ခါ
အခြေအနေ မကြည့်
အခက်ခဲကြုံ ဆုံနေတဲ့ခါ
နားလည်ခွင့်လွှတ် ပေးနိုင်ရဲ့လား ။
ချစ်သူ ခံတွင်းနံ့ သွားမတိုက်မိလို့
သွားပုပ်နံထ ရနံပုတ်အက်ကို
ရနေတဲ့အခါ မျက်လုံးစုံက
သူ့အပြုံးတွေလှ လှသေးရဲ့လား ။
ချစ်သူ ခန္ဗ္ဓာ ထွက်လာရနံ
သည်ချွေးအနံ ချိုင်းလက်ပတ်ကို
ရှူမိချိန်ခဏ သည်ကာလနောက်
သတိရနေသေး နိုင်သေးရဲ့လား ။
ချစ်သူသူနာ နေမကောင်းခါကို
ဆီးဝမ်းမသွားနိုင် ကူညီအခါဝယ်
သူ့ကိုဘယ်မပစ် မေတ္တာစစ်နဲ့
ချစ်နေနိုင်သေး ချစ်သေးရဲ့လား ။
ချစ်သူပြုမိ ဒုက္ခ အစုကို
တနေ့သိမိ အပြစ်ရှိတဲ့အခါ
ကြင်နာယုယ သမုဒယ ချစ်နဲ့
ချစ်သေးနိုင်ရဲ ချစ်သေးရဲ့လား ။
စောနှင်းဖြူ....29.12.2015 (11.11 am)
L
လာဘ်လာဘ စိုက်ခင်း
^^^^^^^^^^^^^^^
တော်တော် ခရီးရောက်ခဲ့ပြီ ဆိုပဲ
နောက်လှည့်ကြည့်လို့ ပြာအတိပြီးတဲ့
မျက်စောင်းမျိုး
ငါလည်းလိုချင်သပ ..
အချိန်ကိုမှ နားထဲထည့် ချိန်တွယ်ရင်း
ဆိုခဲ့တဲ့ သစ္စာဟာ
ကျိန်စာသာ သင့်ခဲ့ရင် ပြန်ပေါက်လာစရာသစ်ပင်
ဘာတစ်ပင်မှ ငါမမြင်တော့ဘူး
အခုတလော
ပုရစ်တက်လာစမှာ
ပုရစ်တွေက ပြန်ကိုက်သတ်သလိုမျိုး
အညွန့်ခြွေဖို့ အမြစ်ကို ဝိုင်းထားကြတယ်။
ဒါ ...သက်ကြီးစိုက်ခင်းပါပဲ
တောင်တွေ ကတုံးဖစ်အောင် မီးရှို့မှတော့
အငိုမတိတ်သေးတဲ့ ငစ်တောက်ငှက်ကလေးတွေ
ခပ်ဝေးဝေးကို ထပ်ပျံသွားကြလေသတည်းပဲပေါ့ ။
ဆယ်လွန်နိုင်
ရတုမြေ မဂ္ဂဇင်း အမှတ်(၃)ဒီဇင်ဘာ ၊၂၀၁၅။
Wednesday, December 30, 2015
သေဒဏ်
ကျနော်တို့ရေပိုင်နက်ထဲ
ငါးသေးငါးမွှားပါမကျန် ပိုက်စိတ်တိုက် ငါးဝင်ခိုးဖမ်းသူများကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့မြေပိုင်နက်ထဲ
စံချိန်မှီ / မမှီ ရသမျှသစ်ခိုးခုတ်တဲ့သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့မြေအောက်သယံဇာတ
အလကားနီးပါးဈေးနဲ့ မတရားတူးဖေါ်ယူတဲ့သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့ရဲ့အမျိုးသမီးကောင်းတွေကို
လိမ်ညာလှည့်ဖျား ပက်ပုန်းလိုအရပ်မှာ
မတရားလိင်ကျေးကျွန်အဖြစ် စေခိုင်းသူများကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့ရဲ့ မြစ်မင်း သံလွင်ဆီက
မြောင်းဖေါက်ကာရေသွယ်
ရေအားလျှပ်စစ်ထုတ်ဖို့ကြိုးစားသူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
နယ်စပ်တလျောက်
အမှတ်တံဆိပ်အမျိုးမျိုးနဲ့ အတုကုန်ပစ္စည်း
အမျိုးမျိုးတင်သွင်းသူများကို
သေဒဏ်ချမှတ်ပေးပါ ။
လုပ်ငန်းခွင်ထဲ မတရားညှင်းပန်းနှိပ်စက်
ပြန်လှန်ရင်သတ်
ထွက်ပြေးရင်သတ်
လုပ်ခလစာအလကားမတ်တင်းနဲ့
ကျနော်တို့အမျိုးသားတို့ရဲ့ ခွန်အားစုပ်ယူ
မြန်မာမှန်ရင် အထင်သေးတဲ့သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့တိုင်းပြည်ရဲ့အမွေအနှစ်
ရှေးဟောင်းလက်ရာတွေကိုခိုးထုတ်
နိုင်ငံကို ဂုတ်သွေးစုပ်နေသူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
စိတ်မထင်လျှင် နယ်စပ်ဂိတ်ကိုပိတ်
အားမျှခြေမမျှတဲ့ကုန်သွယ်ရေးစနစ်ကိုဆုပ်ကိုင်လို့
နိုင်ငံရဲ့လည်မျိုကိုဖြန်နင်းထားတဲ့ သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့ရဲ့ သဘာဝတွင်းထွက် ဂတ်စ်အငွေ့တွေကို
ဈေးပေါင်းကျိုးနဲ့ယူငင်သွားသူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ဒုက္ခသည်စခန်းကိုအကြောင်းပြ
နိုင်ငံတကာသံခင်းတမန်ခင်းမှာ
လူလုံကြွ ကြွ မျက်နှာရအောင် နာမည်ကောင်းယူနေတဲ့သူတွေကို
သေဒဏ်ချမှတ်ပေးပါ ။
ကျနော်တို့ရဲ့သားငယ်သမီးငယ်တွေကအစ
အသုံးဝင်သမျှအကုန်မ
တစ်နိုင်ငံလုံး ကုန်းပေးထားရလောက်အောင်
လူပါးဝနေတဲ့သူတွေကို
အကုန်သေဒဏ်ချမှတ်ပေးပါ ။
ပြီးရင်တော့ ရက် ၃၀အတွင်းအယူခံ
မတရား မမျှတ လူပါးဝစွာ
သေဒဏ်ချမှတ်ခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုအတွက်
ငါတို့ကောင်းကောင်းခံလိုက်ကြမယ် ။
စစ်သွေးအိမ်
8 : 51 Pm
Tuesday, December 8, 2015
" ၈၈ သူရဲကောင်းများသို့ "
စနစ်ဟောင်းကို ၊ အသစ်ပြောင်းဖို့
ခွပ်ဒေါင်းအလံကိုင်စွဲ
တိုက်ပွဲဝင်တဲ့သူရဲကောင်းများ ။
မိုးနှောင်းကာလ ၊ ဆောင်းတစ်ညမှာ
ဒေါင်းသွေးမြေခ
ဒေါင်းအလှကြယ်တွေကြွေခဲ့သည် ။
ဒေါင်းအိုးဝေသံစီစီ
" ပြောင်းလဲချိန်တန်ပြီ "တဲ့
အမေ့စကား ၊ အမှန်တရားမို့
မညှာဘူးလေ ၊ ပဋာလူးစေ
အာဏာရူးတွေကို ၊ တံမြက်လှဲ
တိုက်ပွဲအမေ ၊ နိုင်ခဲ့ပြီ ။
" ဒီမိုကရေစီရမှ
အမျှဝေပါ သူငယ်ချင်း "
မင်းမှာစကား ၊ ကတိထား
နားကမထွက်ဘူး ။
မနက်ဖြန်
အမျှဝေသံ ၊ ဘဝဂ်ညံအောင်
မင်းထံအရောက်ပို့လိုက်မယ် ။
ဆရာကျောင်း ( ၈၈ )
Saturday, December 5, 2015
ဇော "
သံသရာကို လွှင့်တင်ကြည့်ရင်
စေတသိတ်ရေလှိုင်း
ဂယက် ပြင်းပြင်း ထတယ်
အတ္တ နဲ့ ပရ မျှတ ဖို့
ရုပ်နာမ် နှစ်ပါး မှာ
အနတ္တ ကို သိမြင် နိုင်ခြင်းက
မဖြစ်မနေ လိုအပ်သလို မျိုး
ဥပေက္ခာတရားက
ကိုယ့်ကိုမိတ်ဆွေ ဖွဲ့ချိန်
ဘ၀ ကို
သမုဒယတွေသာချည်နှောင် နေရစ်ခဲ့
လောကီ ထုပ္ပါတ် လူတို့ ဇာတ်..တဲ့
နေမ၀င် မီးမငြိမ်းခင်
သစ္စာ တရားကိုရှာဖွေဖို့
ဒုက္ခ ကို
စက်ဘီးလိုလည်းကုန်းရုန်းနင်းနေရဦးမယ် ။
မိုးဦး
Sunday, October 11, 2015
ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်များစွာ
စီးမျောသွားခဲ့ပြီလား
သံလွင်လှိုင်းကြား
မြုပ်ထားခဲ့တဲ့ ဝေဒနာတွေ
သွေးပေစွန်းရစ်ခဲ့တဲ့ ငွေနှစ်သောင်စပ်မှာ
နေကြာပန်းရိုင်းတွေက
စိမ်းကားစွာ လှပနေလေရဲ့ ။
တကယ်ပဲ သူစိမ်းတစ်ယောက်လေလား သံလွင်ရေ
ဒီကျွန်းပင် အင်ပင်ကြီးတွေ
မြက်ရိုင်းတောကြီးတွေကြားမှာ
လှုပ်ရှားသွားလာနှစ်များစွာဟာ
ဟိုး တောင်တန်းမြင့်ကြီးတွေ ငွေတိမ်ဖြူတွေထက်က
အိမ်မက်တေလေတွေပဲလား ဝိုးတဝါးစိတ်ငယ် ။
အို ဒါပေမယ့် သည်တောလမ်းလေးမှာတော့
ငါတကယ်ဖြတ်သန်းဘူးတယ် ထင်တယ်ကွယ်
နုပျိုတက်ကြွတဲ့ ကဗျာလှလှ လေးတွေကို
သတိရလာတယ် ။
ရဲဘော်ကြီးသံလွင်ရယ်
တောင်ကျစမ်းတွေ
ကန္တာရပန်းတွေဝန်းရံခလို့
အမြဲထာဝရ စိမ်းလန်း
ငြိမ်းချမ်းကြပါစေကွယ် ။
ပင်မွန်း
( ၂၀၀၈ ခရစ်စမတ် မယ်စဲ့ မြို့ )့
Wednesday, October 7, 2015
* မြင်းစီးသူရဲ *
ဒီနေ့မနက်
လေကို အန်ပြီးတဲ့နောက်
ပျွတ်ပျွတ်ထနေတဲ့ ခွာခတ်မြည်းများအကြောင်း
စဉ်းစားတော့
ကိုယ့်မှာ လုံးလုံးလျားလျားအင်အားတက်လာပေါ့ ။
ကိုယ်ဟာ
ရာနှုန်းပြည့်
မဖြူစင်နိုင်ပေမယ့်
ဝတ်ရုံအနီရောင်ရဲရဲနဲ့
ပြန်တွေ့တော့
ပျော်ဝင်လွယ်ခြင်းကို ဂုဏ်ယူမိ
ပွဲနဲ့
အောင်မြင်တန်းဝင်သွားသူတို့ အချင်းချင်းနဲ့
ရှန်ပိန်ရဲ့ လွတ်မြောက်ခြင်းနဲ့
တန်ဖိုးကြီး ဖော့ဆို့တစ်ခုကိုဖွင့်လှစ်ခြင်းနဲ့
ကိုင်စုပ်မြှောက်ချီဖို့ အသစ်တစ်ခုဆီနဲ့
အဆိပ်ကို
တင်ဆောင်လာခဲ့ပါတယ်
ခန္ဓာကိုယ် မာကြွပ်ကြွပ်ကို ဆင်မြန်းနိုင်တဲ့
ပရိဒေဝဟာ
ပိုးလောက်တို့ကို သေစေ
ရွက်နုတို့ကို စိမ်းလန်းစေ . .
အကြားအမြင်လမ်းကြောင်းတစ်လျှောက်
ဆူးလက်ဖားဖား
အရိုးအခက်ဖားဖားများဟာ
ကျေးဇူးရှင် ကိုယ့်အစာတစ်ဖြစ်လည်း
စွန့်ပစ်စရာ ကိုယ်မစင်လည်း ဖြစ်ရဲ့ . .။
ကြည့်မှန်တစ်ချပ်လုံးလုံးနဲ့
ပိတ်မိနေတဲ့ အနားသတ်ဝိဥာဉ်ကိုကယ်ဖို့ပါ
သူရှင် ကိုယ်ရှင်ကိုက်ဆွဲနည်းဖြင့်
သံဝါသပြုခြင်းအပြီး
သန္ဓေအသစ်မှာ နိုင်ငံတော်ဝင်စားပါစေသား ..။
ဆယ်လွန်နိုင်
( ၁/၁၀/၂၀၁၅)၈:၄၁ ည
" တို့အရေး "
သစ်ရွက်ကြွေ ဖို့ဆို
ဒီမှာ ခြွေချရဲတဲ့ပင်စည်ရှိမှ
ဒါကိုစွန့်လွှတ်စွန့်စားခြင်းလို့တွေးနေရုံလောက်နဲ့
သမိုင်းတွင်မယ့်အမျိုးအစားထဲ
ခပ်တည်တည်နဲ့ဝင်ထိုင်နေခဲ့တာမဟုတ်ဘူး ။
တစ်သွေးညီ တစ်သားစီလို့
တို့တတွေရဲ့ရင်ဘတ်ထဲအထိ စီးဆင်း
ဒီလိုညီမျှခြင်းဟာ အာဏာရှင်သရဲသဘက်လက်က
လွတ်မြောက်လိုခြင်းကစတယ် ။
ကိုယ့်ဘဝကို ကိုယ်ချစ်တယ်
ကိုယ့်ဘဝလိုပဲ သူများဘဝတွေကိုချစ်တယ်
လူကိုလူလိုတန်ဖိုးထားလေးစား
လူ့အသက်တစ်ချောင်းမကုန်ခင်
လွတ်လပ်စွာရှင်သန်
လွတ်လပ်တဲ့စီးပွား
လူတစ်ယောက်ရဲ့အခွင့်အရေး
ဘယ်သူဆီက ပေးပါလို့တောင်းစရာမလိုအောင်
ပြောင်းမယ် . . . . .
ခေတ်အဆက်ဆက် အဆိပ်မဲ့နေရတဲ့ပြည်သူတွေအတွက်
ပြောင်းမယ် . . . . . . . . .
ကျမ မသေခင်အစိုးရဆီကအာဏာကို
ပြည်သူတွေလက်ထဲထည့်ပေးချင်တဲ့ ဆန္ဒပြည့်ဖို့
ပြောင်းမယ် . . . . . . ။
ဘယ်သူပြောင်းခိုင်းပြောင်းခိုင်း
လိုက်ပြောင်းစရာ လိုအပ်ခဲ့တာမဟုတ်ဘူး
ကိုယ်အသာရဖို့ထက် နာနေရတဲ့ဘဝတွေကိုလှမ်းကြည့်
ဆီမီးတစ်ခွက်အောက် အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့
ဘဝတွေကိုစာနာကြည့်
ကိုယ်ပိုင်တဲ့သယံဇာတတွေကို
သူများတွေလာထုတ်သုံးနေတဲ့ဘဝတွေကို ခံစားကြည့်
ငါတို့ရဲ့အိမ်ဦးခန်းမှာ ခွင့်ပြုချက်မပါပဲ ဝင်ထိုင်နေတဲ့သူတွေကိုကြည့်
ကိုယ့်လယ် ကိုယ့်ယာကို စိုးရိမ်စိတ်နဲ့ ဖက်အိပ်နေရတဲ့
ဘဝတွေကိုကြည့်
. . . ကြည့် . . . . . . ကြည့် . . . . . . . ကြည့် ။
ဟောဟိုကလမ်းသစ်ကြီးကနေ
ဟောဟိုကတံတားသစ်ကြီးကနေ
တို့တတွေ နဖားကြိုးတပ်ခံရဖို့ သွားဖို့ရယ်
ငါတို့ကိုယ်ငါတို့ သိက္ခာတရားတွေ သွားရောက်ရောင်းချဖို့ရယ်
ငါတို့ဆီက လတ်ဆတ်တဲ့အသွေးအသားတွေသွားရောက်ပူဇော်ဖို့ရယ်
ကဲ . . . . . အဲ့ဒီလမ်းတွေပေါ်ခြေချလိုက်ရုံနဲ့
ကြက်သီးထစရာကောင်းလောက်တဲ့ တာဝန်မဲ့မှုတွေအပြည့်နဲ့
ပြောင်းလဲသွားမှုဟာ
နိုင်ငံခြားငွေလေးကိုင်ဘူးတာပဲရှိတယ် ။
တစ်ခါလာလည်း ယူနီဖေါင်းဝတ်လိုက်
တစ်ခါလာလည်း အမျိုးသားဝတ်စုံဝတ်လိုက်
ဘယ်မှာပြည်စေ့ကျွန်
ဘယ်မှာလည်းပြည်သူအတွက်
ဘယ်မှာလည်းပြည်သူစကား
ဘယ်မှာလည်း ပြည်သူလိုအင်
ဘယ်မှာလည်းပြည်သူအနာဂါတ်
ငါတို့ရိုးသားမှုကိုခုတုံးလုပ်
ငါတို့ရဲ့ခွင့်လွှတ်စိတ်ကို ဖိနင်းလို့
လူကြိုက်များတဲ့စကားလုံးတွေလှိုင်လှိုင်သုံးရင်း
မှတ်ထား
ဂုဏ်ယူစရာဆိုလို့
ကမ္ဘာ့အဆင်းရဲဆုံး ၂၃ နိုင်ငံမှာ
အချမ်းသာဆုံးနိုင်ငံဖြစ်နေတာပဲရှိတယ် ။
တို့ပြည်သူရဲ့အတွေး
တို့ပြည်သူရဲ့အရေး
တို့တတွေသွေးအေးလို့မနေသင့်ပြီမို့
တို့ရတဲ့အခွင့်အရေးကိုဖမ်းဆုပ်
တို့နိုင်ငံအတွက်အလုပ် လုပ်ကြရအောင်
အမျိုးတို့ ရေ
ကဲ . . . . . . . . . . . .
ရွေးလိုက်ကြရအောင် ။
စစ်သွေးအိမ်
´ တိုက်စားခံရခြင်း ကာလများ `
အချိန်တွေကုန်တယ်ဆိုတာ မြန်ပေမဲ့
ငါတို့ သယံဇာတပေါတဲ့ နိုင်ငံမှာမှ
အာဏာရဲ့  အရုးအမူးတွေ နေရာလုကျခဲ့ရတယ်။
ကိုယ့်ကိုကိုယ်ထက် လူထုတွေရဲ့  လှပတဲ့မေတ္တာတရားဟာ
ဖိနှိပ်မှုအောက်မှာ လှလှပပနဲ့ ကို ဂရုဏာဆန်ခဲ့။
အငြိုးများတဲ့ ရာသီခွင်ရဲ့  ယြတရာချေမှုတစ်ခုလို့ လဲ ဆိုလိုနိုင်တယ်။
အပျိုရည်မပျက်သေးတဲ့ ဖိနှိပ်မှုတရားအောက်က
အာဏာတွေတည်မြဲနေတဲ့ ကန္တာရကြီးတစ်စု ပျောက်ပျက်သွားချင်ယုံ။
ဒါကို ပြည်သူမှားသလား
ယူသူမှားသလား အစအဆုံး ရှင်းပြ။
တို့ လျှောက်တဲ့လမ်းဟာ
ငါတို့ အသက်ရဲ့ ထက်ဝက်
မင်းတို့ စုဆောင်းခဲ့တဲ့ ခဲယမ်းလက်နက်ထက်တော့
ပြန်ထက်ဝက်ကျရင်ကျလိမ့်မယ်။
ဒီအရာကြီး ဒီနှစ်ရှည်စီမံကိန်းကြီး နဲ့ 
ခုထိ အတိုက်အခံနဲ့ စလို့  ငါတို့ ဘဝဟာ
တောတောင်ထဲကျင်လည်ခဲ့ရ...
ငှက်တစ်သိုက်နားလဲ ချိုးကူခဲ့ရ...
မျက်ရည်တွေတည်ခင်း အမှောင်အမဲကြားမှာ
သွေးစက်တွေနဲ့ တိုက်ရင်း။
အဲ့လိုမျိုး အတိတ်ဆိုးမှာ ရင်နာခဲ့ရရင်း
ဒီအရေး ဒီ့ထက်ဆိုးမယ်တွေးပီး
အာဏာကိုအံတုခဲ့တာ
ခုကြည့်လေ ငါ့လက်ဖမိုးနုနုတောင် မရှိတော့ဘူး။
ဒီလာဘ်စားကောင်တွေကို ကျိန်စာမတိုက်
သူ့ သံသရာနဲ့ သူပါ မြေမျိုမဲ့ လူပါးဝတွေပဲ ခနထားလိုက်။
သံချေးတက်နေတဲ့ အမာရွတ်တွေပါ
ဒီခေတ်အချိန်ကိုရေးရင် နိုင်ငံရဲ့ မြေပုံမှာမှ
ငါတို့ မြင်ရခဲတဲ့ ရေနံ/ဓါတ်ငွေ့ /လျှပ်စစ်/သတ္တု/တွေနဲ့ 
လူတစ်စုအတွက် ပြည်ပမှာ ပြည့်လျှံနေတယ်။
မနက်ကထွန်းလိုက်တဲ့ နေအလင်းရောင်မှာတောင်
ငါတို့ ဟာ မှိုတက်နေရသလို ဘဝ။
ငါတို့  သမိုင်းသံမှာ...
ငါတို့  မျက်ရည်ကြီးပေါက်မှာ...
ငါတို့  သွေးအလူးလူးမှာ...
ငါတို့  ပြောင်းလဲခြင်း မှတ်တိုင်နားမှာ.
သိပ်လှပနူးညံ့တဲ့ မနက်ဖြန်တိုင်း ပွင့်မဲ့အလှတရားတွေကို ဆက်ကြစို့ 
အနာဂါတ်ဆိုတာကြီး တရွရွ ညွန့် လူးလာလိမ့်မယ်။
K.Y.L
Subscribe to:
Posts (Atom)