Monday, December 19, 2016
အညတရ . . ရင်ခုန်သံ
အညတရ ရင်ခုန်သံ
...........................
အလှမဆင် အသွင်မွဲပေမယ့်
ဘဝအမြင် အစဉ်ရဲပါဘိ
ရင်းအသည်း သန့်သန့်ကြည်။
အဆင်းအတက်
နင်းချက်ဒဏ် အစဉ်ခံလို့
သင့်ကိုယ်ခန်ခြေရာထင်းပေမယ့်
တက်ဆင်းသူထည့်မတွက်သော်လည်း
ငဲ့ကွက်စရာ ဧည့်ခန်းဆောင်သို့
စိတ်မှန်းယောင် လှမ်းရည်စူးပြီး
ပေလူးနေ မြေမှုန့် အစုံနဲ့
ခြေသုတ်ခုံ ဘဝင်မညှိုး
တိုးလို့ရပ်တည်။
အလှနုံချာ
ဘဝမှုံစွာ ငါလျှောက်လှမ်းလေခိုက်
အောက်တန်း၌ နောက်တန်းကျသည်ဟု
သောကချည် ဘဝအတွေးတွေနှင့်
လောကသည် မမျှသေးပါဟု
ဟစ်ကျွေးကာ ရန်မူ၍
သာသည့်သူ မျက်မာန်ချိတ်
စိတ်ထဲမှာ အနာတည်
မျက်ရည်ပူက ရင်ခိုအောင်း ။
သောကတွေလျှင်
အလှမဆင် အသွင် နုပ်သော်လည်း
ဘဝအမြင် အစဉ်ထုတ်လေတဲ့
ခြေသုတ်ခုံ ငါမြင်မိလေတော့
ရင်ညှိတွယ် မဖွယ် အတွေးတွေလည်း
လွင့်ပြေးရှောင် လျှောပြေကျပါလို့
လောကဧည့်ခန်းဆောင်၌
ဖုံမလှောင် မြူမလွှားရအောင်
တတ်အားသမျှ ဝင်ကာကူဖို့
စိတ်ကြည်ဖြူ ဘဝအမြင်ဖက်တော့
ငါ့ရဲ့ရင်သောက ထွက်လို့
အားဘက်လှည့်ပြောင်း ။ ။
စိုးမိုးသူ (ဒိုက်ဦး)
Labels:
poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment