Tuesday, February 21, 2017

အကျဉ်းစံအပြန်လမ်း

ရန်ကုန်ဘူတာကြီးက စထွက်ကတည်းက ဦးကြည်ကို ကျနော်မြင်တယ် ။ အသွင်သဏ္ဍန်ကသာ သားသား နားနားနဲ့ ရထားတွဲကြီးတလျောက် ရှေ့နောက်သွားနေတာမို့ ( သူ့လှုပ်ရှားမှုကိုနားမလည်သေးတာမို့ ) မခေါ်လိုက်သေးပဲ လိုက်ကြည့်နေမိတယ် ။ မခေါ်လိုက်နှုတ်မဆတ်ဖြစ်လိုက်မှာကိုလည်း စိုးနေမိသေးတယ် ။ ခုံနေရာမရတာကြောင့် ကျနော်အိမ်သာအပေါက်ဝနားကနေ မတ်တပ်ရပ်လိုက်လာရတော့ ကျနော်ပုံကြီး ကို ဦးကြည်ဘယ်လိုမှ မမြင်နိုင်စရာမရှိပါဘူး ။ ကျနော်တို့တွဲထိပ်ကို တစ်ခေါက်ကျော့လာကတည်းက တစ် ချက်လှမ်းအကဲခတ်ကြည့် ကြည့်လိုက်တာကိုလည်း ကျနော်သိလိုက်မိတယ် ။ ဒီတစ်ခေါက်ရောက်လာရင် တော့စပြီးနှုတ်ဆက်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး ရထားတွဲဆက်နားကစောင့်နေလိုက်တယ် ။ သူကလည်းရိပ်မိလို့ထင်တယ် ။ ချက်ချင်းပဲရောက်လာတော့ ` ၀ိဇ္ဇာကြည် ´ လို့ခပ်တိုတိုပဲခေါ်လိုက်လျင်ပဲ ရှေ့သွားပေါ်အောင် ပြုံးပြုံးကြီးမော့ကြည့်ပြီး ကျနော်လက်ကို တင်းတင်းကြီးဆွဲတော့တာပါပဲ ။ `ကျနော်လက်က ၀ဲတွေကူးကုန်ပါဦးမယ် အရာရှိမင်းကြီးရယ် ´ လို့နောက်လိုက်ပြန်တော့ အရင်ဝသီအ တိုင်း တဟားဟား ။ ရထားကြီးကလည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်း ကျနော်တို့နှစ်ယောက်မှာလည်း ပြောစရာ တွေကအစုံ ။ ဦးကြည်က ရှေ့နှစ်တွဲကျော်လောက် ကျနော်ကိုခေါ်သွားပြီး ခုံနေရာတစ်ခုရှာပေးတယ် ။ `ပဲခူး ဘူတာရောက်ရင်ခင်ဗျားဆက်မသွားပဲ ဆင်းရမယ်လို့အမိန့်ချတယ် ။ ဟိုမှာ ၀က်ကြီးတို့ သိန်းအောင်တို့ လည်းရှိတယ် ။ ခင်ဗျားကိုပြုစုကြလိမ့်မယ် တဲ့´ ဆိုပြီး ကျနော်ကိုထားခဲ့ကာ ရှေ့တွဲကိုကူး သွားပြန်ရော ။ တရိပ်ရိပ်လည်ပြီး ကျန်ရစ်ခဲ့တဲ့လယ်ကွင်းတွေ ကုက္ကိုပင်တွေ ထန်းပင်အုပ်လေးတွေ ၀န်းရံထား တဲ့ ရွာက လေးတွေကို ရထားပြူတင်းပေါက်နေ ငေးမောရင်းလိုက်ပါလာခဲ့ပေမယ့် ကျနော်အတွေးထဲမှာကတော့ ဦးကြည်တို့နဲ့အတူ တောင်ငူထောင်ထဲမှာ . . . . . . . . 1975 ပဲခူးရိုးမပြိုတော့ ကျနော်တို့လည်းအဖမ်းခံရပြီး မတရားအသင်းပုဒ်မနဲ့ထောင် 3 နှစ်ကျခဲ့ရတယ် ။ တောင်ငူထောင်ဝင်ရင် ဇာတ်ကြမ်းတွေခင်းရတော့မယ်ဆိုတာကိုကြိုသိထားတယ် ။ နောက်ဆုံးစီရင်ချက်ချ တဲ့ညောင်လေးပင်အချုပ်မှာလာနှုတ်ဆက်ကြတဲ့ မိသားစုတွေ မိတ်ဆွေတွေရဲ့ လက်ဆောင်တွေကို ကျနော် ယူမသွားချင်တော့ဘူး ။ အလကားဆုံးရှုံးကုန်တော့မှာလို့ လာနှုတ်ဆက်တဲ့ကဗျာဆရာအောင်ဇင်မင်းကို တိုးတိုးပြောမိတော့ နည်းနည်းမှမျက်နှာမကောင်းဘူး ။ `ယူသာသွားပါဗျာ ´ လို့အံကြိတ်ပြီးပြောရှာတယ် ။ တောင်ငူထောင်အ၀င်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ ။ ပုံစံမထိုင်လို့ဆိုပြီး ၀ိုင်းသမ ။ ကျနော်တို့ကလည်း ပြန်ချ ။ ကြိုးတိုက်ထဲကို ဘယ်လိုရောက်သွားမှန်းမသိလောက်အောင် လောကကြီးနဲ့တစ်ညလောက်ဝေး ကွာသွားခဲ့ရတယ် ။ မြေကြီးမှာ ကျနော်ကိုဒရွတ်တိုက်ဆွဲသွားတာလို့ နောက်မှသိရတယ် ။ တစ်လလောက်ကြာမှ အပြင်ကရဲဘော်တွေနဲ့အဆက်အသွယ်ရတယ် ။ စာလာပို့ပေးတာက၀က်ကြီး ။ နာမည်နဲ့လိုက်အောင် မဲမဲ၀၀ ဗိုက်ပူပူကြီး ။ ကတုံးပြောင်ပြောင်နှုတ်ခမ်းမွှေးကားကားကြီးနဲ့ ။ အခန်းစဉ် လိုက်မိုက်ကြည့် ကြည့်ပြီး ကြိမ်းဝါးလိုက်သေးတယ် ။ ပြီးမှအလစ်မှာ ကျနော်ကိုစာလေးပစ်ပေးသွားတာ ။ ထောင်တွင်းပါတီကော်မတီက ထောင်စည်းကမ်းကိုလိုက်နာပြီး ထောင်သားအများစုနဲ့ရောနှောနေခြင်းသာ သင့်လျော်ကြောင်း အကြံပေးထားတယ် ။ အတူနေ အတူစား ။ အတူလေ့လာ အတူတိုက်ပွဲဝင် ။ ( တူလေး လုံး ) ကျင့်သုံးဖို့ပေါ့ ။ အဲ့ဒီအချိန်တုန်းက ဦးသန့်ုတို့မှိုင်းရာပြည့်ကာလဆိုတော့ ထောင်ထဲမှာလည်း ကျောင်း သားတွေပြည့်နေတယ် ။ အများစုကတော့ ကျေးလက်ကကျောင်သားတွေ ။ ထောင်ပုံစံအတိုင်းနေပါတော့မယ်လို့ပြောလိုက်တော့ ကျနော်တို့ကိုတိုက်ကထုတ်ပြီး အိပ်ဆောင်တွေဆီခွဲ ပို့ပါတယ် ။ တစ်ခန်းမှာ လူငါးဆယ်ကျော်လောက်နဲ့ရောနှောနေရတာပါ ။ ကျနော်အလုပ်လုပ်ရတာက လက်သမားရုံမှာ ။ နောက်တော့ တက္ကသိုလ်တုန်းကသူငယ်ချင်းတစ်ယောက်က ထောင်မှူးလေးကိုပြောပေး တာနဲ့ ကြိမ်ရုံမှာစာရေးလုပ်ရပါတယ် ။ ထောင်အရာရှိတွေကတော့ ကျနော်တို့ကိုသတိထားပြီး ပြောဆို ဆက်ဆံပါတယ် ။ အရောမ၀င်ရဲကြဘူး ။ အောက်ခြေဘာယာတွေ ထောင်မင်းသားတွေကတော့ထုံးစံအ တိုင်းလူကြမ်းတွေ ။ ဗိုလ်နေ၀င်းကစပြီး ကျနော်တို့အထိအားလုံးဟာစနစ်ရဲ့သားကောင်တွေဖြစ်တယ်လို့ ကျနော်တို့ယုံကြည် တယ် ။ လူသားတိုင်းဟာ မွေးလာကတည်းက သဘာဝအလိုက်ရိုးသားကြသူတွေဖြစ်တယ် ။ တွေ့ကြုံဖြတ် သန်းလာရတဲ့ဘ၀တွေက စာရိတ္တတွေကိုဖြစ်ပေါ်လာစေတာဖြစ်ပါတယ် ။ ဦးကြည်တို့ ၀က်ကြီးတို့လိုထောင် ကိုအိမ်လုပ်နေသူတွေကအစ ကျနော် သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံပါတယ် ။ တချို့လယ်သမားတွေဆို အိမ်က ထောင်ဝင်စာလာမတွေ့နိုင်ကြတော့ တအားချို့တဲ့ကြတာတွေ့ရတယ် ။ ဒါနဲ့ပဲ ကျောင်းသားတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့အိမ်ကလာတဲ့ထောင်ဝင်စာပစ္စည်းတွေ ဆေးဝါးတွေကို အခန်းထဲကအကျဉ်းသားတွေ နဲ့ အမြဲပဲမျှဝေစားကြတယ် ။ နှစ်ဆယ်ဝန်းကျင်အသက်အရွယ်သူငယ်လေးတွေ ဘ၀ရဲ့အတက်ကြွဆုံးကာ လတွေတုန်းကပေါ့ဗျာ ။ သူခိုးဓါးပြတွေက သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံတာကို ကြည်နူးကြ တုန့်ပြန်ကြ တာတွေ့ရပါတယ် ။ အရေးအကြောင်းတွေကြုံလာရင် ထင်မှတ်ထားတာထက်ပိုပြီးသစ္စာရှိကြ နှလုံးသားကြီးကြတာကိုလည်းတွေ့ရပါတယ် ။ ထောင်ထဲမှာအဓိကပြဿနာက သတ်မှတ်ထားတဲ့ရိက္ခာကိုအပြည့်အ၀မရတာနဲ့ မတန်မဆညှင်းပန်းနှိပ် စက်ခံရတာပဲဖြစ်ပါတယ် ။ တစ်ပါတ်တစ်ခါအသားကျွေးတဲ့နေတွေဆို ထောင်မှူးကြီးအိမ်မှာ အသားတွေ အခြောက်လှမ်းထားတာကိုဗြောင်ကျကျပဲတွေ့နေရတယ် ။ အဲဒါတွေကို ကျနော်တို့နှစ်ကြိမ်တိုင်တိုင်ရှေ့ ဆောင်ပြီးဆန္ဒြ့ပခဲ့တာ အောင်မြင်ခဲ့ပါတယ် ။ ပထမအကြိမ်ကတော့ ရိုက်နှက်နှိပ်စက်တာခံရတဲ့ ကျောင်း သားတစ်ယောက်ကိစ္စ ။ ရိုက်နှက်တာက မောင်မောင်လွင်ဆိုတဲ့ထောင်မှူးကလေး ။ ကရာတေးသိုင်းသမား စတိုင်နဲ့ တကဲ့စောင့်ကြွားကြွားကောင်ပါ ။ ` ပြည်သူ့ကောင်စီ ခေါ်ပေး ´ ဆိုပြီးကျနော်တို့ကြွေးကြော်ကြ တယ် ။ အဲ့ဒီခေတ်က မဆလခေတ်ဆိုတော့ ပါတီကောင်စီတွေကြီးဆိုးနေတဲ့ခေတ်ကိုး ။ ကောင်စီတွေဝင် လာတော့ကျနော်တို့ကအရိုက်ခံရတဲ့အကျဉ်းသားကိုပြပြီးတိုင်တန်းကြပါတယ်။ ကောင်စီဝင်တစ်ယောက်က ကျနော်တို့အကျဉ်းသားရှေ့မှာတင် မောင်မောင်လွင်ပုခုံးပေါ်က အပွင့်ကိုဖြုတ်ပြလိုက်တယ် ။ အကျဉ်းသား တွေက လက်ခုပ်တီးကောင်းချီးပေးလို့ အောင်ပွဲလေးတစ်ခုရလိုက်တာပေါ့ ။ ကျောင်းသားတွေကတော့ မဆလတွေအမှတ်ယူသွားတာမခံချင်ဘူးဖြစ်နေကြတယ် ။ ကျိုးကြောင်းဆီလျော်ရမယ် ။ အကန့်အသတ် ရှိရမယ် ။ အကျိုးအမြတ်ရှိရမယ် ( ကသုံးလုံး ) တိုက်ပွဲနည်းနာကို မနည်းရှင်းပြရသေးတယ် ။ သူတို့က ထောင်ထဲကနေပြီး ` စစ်အစိုးရ အလိုမရှိ ´ အော်ချင်နေကြတာ ။ ကျနော်တို့က မဆလတွေကိုထောင်တွင်း အခြေအနေတွေကို လေးလေးစားစားတင်ပြနေတာကို သူတို့ကအူယားနေကြတယ် ။ တကယ်တော့ ကျနော်တို့ကွန်မြူနစ်ဆိုတာ အဲ့ဒီမဆလတွေကောင်းကောင်းသိတာပေါ့ ။ သူတို့ပြန်သွားပြီးနောက်တစ်နေ့ ကစပြီးကြိမ်ရုံမှာ ဒိုင်းတွေ တုတ်တွေကို ထောင်ပိုင်ကစပြီးလုပ်ခိုင်းတော့တယ် ။ နောက်တစ်ကြိမ်က ပုံစံ ထမင်းဟင်းအပြည့်အ၀ရရှိရေးတိုက်ပွဲ ။ထောင်ကကြွေးတဲ့ ပုံစံကိုပြပြီး တောင်းဆိုတာ ။ မဆလတွေလည်း ကျနော်တို့ရှေ့မှာ ထောင်မှူး ထောင်ပိုင်တွေကို ဆဲဆိုပြပြီးပြန်သွားတာပါပဲ ။ သိပ်မကြာခင် ထမင်းပုံစံက ယခင်အတိုင်း ဖြတ်စားလက်စားလုပ်လျက်ပါပဲ ။ ထောင်ဝန်ထမ်းတွေမှာကလည်း ဒါပဲသူတို့ရဲ့အဓိက၀င်ငွေ ဖြစ်နေတာကိုး ။ ထောင်ဝန်ထမ်းတွေက ကျနော်တို့ထက်ကို ဦးကြည်တို့ ၀က်ကြီးတို့လိုရာဇ၀တ်သား အကျဉ်းသားတွေကို ပိုပြီးတီးချင်နေကြတယ် ။ သူတို့ကလည်းတကယ်ပဲ လက်ဝဲကြချင်နေကြတာကိုးး ။ ဦးကြည်ဆိုအရင်က ၀ိဇ္ဇာကြည်ဆိုတဲ့ မျက်လှည့်ဆရာကြီးပါ ။ ကျနော်တို့မြို့မှာ ငယ်ငယ်ကတည်းက သိခဲ့ ဘူးတယ် ။ သူ့သားလေးကိုဒကောက်ဖာထဲထည့်ပြီး အပေါ်ကနေဟန်ပါပါနဲ့ လှံနဲ့ထိုးပြတာတွေကို အပြော ပိုင်ပိုင်နဲ့ဆေးရောင်းနေတာတွေကြည့်ခဲ့ရဘူးတယ် ။ ကျနော်ငယ်ငယ်ကမြို့နယ်ပွဲတွေမှာဘောလုံးကန်တာ ကိုလည်း တက်တက်ကြွကြွနဲ့လိုက်အားပေးလေ့ရှိပါတယ် ။ ကျနော်ကိုတော်တော်လေးခင်တယ် ။ ကျနော် ကျောင်းပိတ်လို့ တက္ကသိုလ်ကျောင်းကပြန်လာရင် လာလာလည်တယ် ။ အဖေ့အလစ်မှာလာရတာ ။ အဖေ ကသူ့ကို တစ်စက်မှကြည့်လို့မရအောင် အမြင်ကပ်တာ ။ ကျနော်တောင်ငူထောင်ထဲရောက်တော့ သူပဲအရင်လာပြီး အစစစအရာရာကူညီပေးခဲ့တာ ။ `ကွန်မြူနစ်ဆိုပြီး မင်းတို့ကောင်တွေတရားဟောတာ လည်းမတွေ့ဘူး ´ ဆိုပြီးစဝေဖန်တာသူပေါ့ ။ သူ့လိုအပြောပိုင်ပိုင်နဲ့ရွာတွေမှာလိုက်ပြီးမဟောပြောတတ်လို့ ဒီလိုရှုံးနိမ့်ရတာလို့ သူကထင်နေတယ် ။ နောက်တစ်ခါတောပြန်ခိုရင် သူ့ကိုပါခေါ်ဖို့ပြောတယ် ။ ` မလုပ်ပါနဲ့ ဦးကြည်ရယ် ဒီထက်ပိုဆိုးသွားနေပါဦးမယ် ´ပြောတော့ သူဒေါပွနေလေရဲ့ ။ လေဘာတီမမြရင်တို့ ခင်မောင်ရင်တို့ခေတ်က သီချင်းလေးတွေတောင်းဆိုရင်တော့ ကြည်ကြည်နူးနူးကြီးကို ဆိုပြတတ်သူပါ ။ ၀က်ကြီးဆိုရင်လည်း အချိန်ရတာနဲ့ နာကျည်းစရာသူ့ဘ၀တွေကိုရင်ဖွင့်နေတော့တာပါပဲ ။ ငယ်ငယ်က တည်းက မိဘမဲ့ အနှိပ်ခံဘ၀နဲ့ပြည်တွင်းစစ်ထဲပြေးလွှားခဲ့ရတာတွေ ။ ခိုးဆိုးလုယက်ခဲ့ရတာတွေ ။ နောက်လူလစ်တာနဲ့အမျှ မကြာခဏပြောတတ်တာကတော့ ထောင်အာဏာပိုင်တွေကိုသတ်ပြီး တောခိုဖို့ အကြောင်းတွေပဲဖြစ်ပါတယ် ။ ကျနော်တို့တွေဟာ ဒီလိုရင်ဖွင့်ကြရင်းနဲ့ပဲ ညီအစ်ကိုတွေလို တကယ်ချစ်ခင် လာကြသလိုခံစားရပါတယ် ။ ကိုစိန်လှိုင်ဆိုတဲ့ ကျွဲပွဲဖက်က နွားခိုးကြီးတစ်ယောက်ဆိုရင်လည်း တကယ်ကို အေးအေးငြိမ်းငြိမ်းနေတတ်သူပါ ။ ကျနော်တို့ကို ပြုံးပြုံးလေးကြည့်နေလေ့ရှိတာကို မြင်ယောင်မိတယ် ။ စကားလည်းသိပ်မပြောဘူး ။ တစ်ခါတော့ အလုပ်နားရက် ထောင်မှူးကြီးကအိပ်ဆောင်တွေကိုလိုက်ကြည့် တယ် ။ ကိုစိန်လှိုင်က တစ်ချက်မှလှည့်မကြည့်ပဲ ဗန်းမော်တင်အောင်စာအုပ်ကြီးကို သဲသဲမဲမဲဖတ်နေတုန်း ပေါ့ ။ ထောင်မှူးကြီးက သူ့ကို ` ဟော့ကောင်စိန်လှိုင် မင်းကနွားခိုးမဟုတ်ဘူးလား ´ လို့မေးတယ် ။ သူက `ကျုပ်မနေ့က နွားခိုး ဒီနေ့ကွန်မြူနစ် ´ ဆိုပြီးလှည့်မကြည့်ပဲဖြေလိုက်တယ် ။ ထောင်မှူးကြီးလည်း တဟားဟားရယ်ပြီးပြန်သွားတယ် ။ ` ကွန်မြူနစ်ကြီး လေ့လာပါ ဆက်လေ့လာပါ ´လို့ခပ်ရိရိတောင်ပြော သွားသေးတယ် ။ ဘယ်လောက်အူးယားသွားမလည်း စဉ်းစားသာကြည့်ပါတော့ ။ စနစ်တကျထောင်တွင်းတိုက်ပွဲတွေဆက်မ၀င်နိုင်ပဲ ကျနော်တို့တတွေ တိုက်ထဲရောက်ကုန်ကြတာက လူသတ်မှုဖြစ်လို့ပါ ။ ဖြစ်ပုံက ကျနော်တို့အခန်းထဲကိုထောက်လှမ်းသွေးခွဲဖို့ ထောင်အာဏာပိုင်တွေက လက်ကောက်အကျဉ်းသားတစ်ယောက်ထည့်လာပါတယ် ။ ဒီကောင်အကြောင်းကိုအားလုံးသိထားတော့ သတ်ချင်နေကြတယ် ။ ကျနော်ကသူ့ကို နှလုံးသားနဲ့ဆက်ဆံပြီး အစွဲချွတ်ဖို့စဉ်းစားတယ် ။ အကုန်လုံးက ပြောမရ စည်းရုံးမရလောက်အောင် ပြင်းထန်နေကြလေရဲ့ ။ ထောင်တွင်းပါတီကော်မတီကလည်း မဖြစ် အောင်တားဖို့ ကျနော်ကိုပြောတယ် ။ အပြောရအခက်ဆုံးက ကျောင်းသားတွေပါပဲဗျာ ။ ကျောင်းသားတွေ နဲ့ငြင်းခုန်ရင်း စိတ်တိုလာတော့ ကျနော်ကစပြီး အဲ့ဒီလက်ကောက်ကောင် ဦးကြည်အိပ်ယာမှာအိပ်နေ တာကိုသွားပြီး မျက်နှာကိုဆောင့်ကန်လိုက်တာက စတာပါပဲ ။ တစ်ဆောင်လုံးက၀ိုင်းရိုက်ကြ ဓားနဲ့ထိုးကြ နဲ့ဆူညံသွားတာပါပဲ ။ ထောင်အာဏာပိုင်တွေလာတော့ အဲ့ဒီကောင်က သွေးအိုင်ထဲလဲနေပြီ ။ ကျနော် လည်းအခန်းတံခါးတွေမပိတ်ခင် တခြားအခန်းမှာရောက်နေပြီ ။ ခါတိုင်းနားရက်တွေဆိုရင်လည်း အဲ့ဒီအခန်း မှာသွားပြီး မစ္စတာချန်တင်ဆိုတဲ့ တရုတ်ကြီးဆီမှာ အင်္ဂလိပ်သတင်းစာသွားဖတ်နေကြလေ ။ ဆေးရုံမှာဆေး စစ်ချက်ယူတော့ အဲ့ဒီလက်ကောက်ကောင်က ကျနော်ကိုပဲမှတ်မိတယ်လို့ပြောတယ် ။ မသေတော့ ချောက် ကျသွားတာပေါ့ဗျာ ။ ကျနော်ကိုလာခေါ်ထုတ်တော့ အဲ့ဒီတစ်ခန်းလုံးကထုတ်မပေးဘူးလို့ ငြင်းဆန်နေကြ တယ် ။ ကျနော်ဟာအခင်းဖြစ်တဲ့အချိန်မှာ ဒီအခန်းထဲမှာရှိနေတယ်ဆိုပြီး တညီတညွတ်ထဲပြောကြတယ် ။ နောက်ဆုံးတော့ ညှင်းပန်းနှိပ်စက်မှာမဟုတ်ပါဘူးဆိုတဲ့ကတိနဲ့ ကျနော်ကိုယ်တိုင်ကပဲ ထောင်အာဏာပိုင်နဲ့ ညှိပြီး တိုက်ထဲလိုက်သွားခဲ့တော့တယ် ။ နောက်တော့ ဦးကြည်အိပ်ယာပေါ်မှာဖြစ်တာမို့ ဦးကြည်ကိုအမျိုးမျိုးညှင်းပန်းနှိပ်စက်ကြပေမယ့် သူလုံးဝ မသိလိုက်ဘူးဆိုပြီး တင်းခံခဲ့ကြောင်းကြားရပါတယ် ။တကယ်တော့ ကျနော်စလုပ်တာ သူကောင်းကောင်း တွေ့လိုက်တာပဲလေ ။ ဘယ်လိုပဲမက်လုံးတွေပေးပေး ဦးကြည်ဟာ မျက်မြင်သက်သေအဖြစ်မခံပဲ တင်းခံခဲ့ ကြောင်းသိခဲ့ရတယ် ။ တစ်ရက်ထောင်ပိုင်ကြီးတိုက်ထဲလှည့်ရင်းပေါ့ ။ နောက်အမှုနဲ့ရုံးထွက်ဖို့ပြင်ထားဆိုပြီး ချိန်းခြောက်ပါတယ် ။ ကျနော်ကလည်း ကျနော်မှာတရားရုံးရောက်ရင် ခင်ဗျားတို့အကြောင်းဖွင့်ချစရာတွေ ပြောလို့ရတာပေါ့လို့ ပြန်ပြောလိုက်တယ် ။ ကုလားကြီးမျက်လုံးကိုပြူးသွားတာပဲ ။ အဲဒါတွေကြောင့်လား မသိဘူး ။ နောက်အမှုလည်းမတိုးတော့ဘူး ။ ဟိုလက်ကောက်ကောင်ကိုလည်းထောင်ပြောင်းပေးလိုက် တယ် ။ ကျနော်ဘယ်လောက်တောင် အတိတ်ကြောင်းတွေတွေးနေမိလည်းမသိ ။ သတိထားမိတော့ ရထားက ပဲခူးဘူတာဝင်တော့မယ် ။ ဦးကြည်လည်းရောက်မလာပါလားလို့ သတိထားမိတယ် ။ အော်ကျေးဇူးတင် စကားလေးတောင်မပြောလိုက်ရပါလားလို့စိတ်ထဲမကောင်း ။ လူရင်းတွေတွေ့ရင် နောက်ပြောင်လိုက် ဒေါက်ဖြုတ်လိုက်တတ်တဲ့ကိုယ့်အကျင့်ကိုလည်း အပြစ်တင်မိတယ် ။ ဘူတာထဲကို ပြူတင်းဝကခေါင်းထွက် ပြီး ရှေ့နောက်ဝဲယာ ကြည့်နေတုန်းမှာပဲ ဦးကြည်အသံကနောက်ကပေါ်လာတယ် ။ ` ကဲ ဆင်းဆင်းတဲ့ ´။ ဘူတာအထွက်ကလဖက်ရည်ဆိုင်လေးမှာထိုင်မိတယ်ဆိုရင်ပဲ ကိုယ်ကဦးစွာကျေးဇူးတင်စကားပြောလိုက် တယ် ။ ` ဦးကြည်ရယ် ခင်ဗျားသာဖေါ်လိုက်လို့ကတော့ ထောင် 5 နှစ်လောက်ထပ်ကျဦးမှာ ´ လို့ဆိုတော့ ဦးကြည်ကပြုံးပြုံးကြီးကြည့်ရင်းနဲ့ပြန်ပြောတယ် ။ ` ကိုအောင် ကျနော်ဘ၀မှာအဲသလိုနှိပ်စက်ခံရတာရိုးနေ ပါပြီဗျာ ´ ` နောက်ပြီးကျနော်တို့ကို လူကိုလူလိုဆက်ဆံတာခင်ဗျားတို့ပါပဲဗျာ ´ တဲ့ ။ သားသားနားနားဖြစ် နေလို့ခုဘယလုပ်စားသလည်းလို့မေးမိပြန်တော့ ` ခိုးတယ်လေ ´ တဲ့ ။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ဒီလိုပဲဖြတ်သန်းနေရတာပဲဆိုပြီး ကျနော်တို့လေသံတွေနဲ့ပြန်တရားဟောနေသေးတယ် ။ အဲဒီတုန်းမှာပဲ ညီလေးလို့ခေါ်သံနဲ့အတူ ပုခုံးလာဖက်တာတာနဲ့လှည့်ကြည့်လိုက်တော့ ၀က်ကြီး ။ ဂျင်းဘောင်းဘီနဲ့ မျက်မှန်နဲ့ ။ သိန်းအောင်ကတော့ ကျနော်အတွက်ဂျာကင်အကျီ င်္လက်ဆောင်ပေးဖို့ဆိုပြီး သူတဲကိုပြန်ပြေး နေတယ်လို့ပြောတယ် ။ ဘူတာနားကထမင်းဆိုင်တစ်ခုမှာ သူတို့ကျနော်ကိုထမင်းကျွေးကြတယ် ။ ကိုသိန်း အောင်ရောက်လာတော့ သူ့ဂျကင်ကြီးကိုအတင်းဝတ်ခိုင်းနေတယ် ။ ` ခင်ဗျားခိုးထားတာဆိုရင် အမှုပတ် နေပါဦးမယ်ဗျာ´ဆိုတော့ မဟုတ်ကြောင်း နိုင်ငံခြားသားတစ်ယောက်ကလက်ဆောင်ပေးခဲ့တာဖြစ်ကြောင်း ရှင်းပြတယ် ။ ကိုဝက်ကြီးက သူ့နေကာမျက်မှန်ကို အတင်းပေးတယ် ။ ` ကိုယ့်ညီ တကယ်ကသူပုန်မလုပ် ပဲ မင်းသားလုပ်ရမှာဆိုပြီး ထပ်ပင့်နေလို့ ` အစ်ကိုရယ်ကျနော်မှာ ပြန်ပေးစရာဆိုလို့ လောလောဆယ် ၀ဲတွေပဲရှိပါတယ် ´ လို့ဝသီအတိုင်းပြန်ပြောမိတော့ အားလုံးရယ်မောကြရင်း စကားတွေအလုအယက်ပြော နေကြတယ် ။ သူ့တို့အဓိကသိချင်တာက ဘယ်တော့တောထဲပြန်သွားမလည်းဆိုတာပါပဲ ။ ကျနော်လည်း ` လောလောဆယ်ဘယ်တောခိုရမှန်းမသိသေးပဲ ကောင်မလေးတစ်ယောက်ရဲ့အချစ်တော ထဲမှာမိနေကြောင်း ´ အမှန်အတိုင်းပဲပြောလိုက်မိတယ် ။ အလုပ်အကိုင်ကလည်းမရှိ အာဝဇ္ဇန်းကလည်း မရွှင်တော့ ဦးကြည်ကြီးကိုပဲ ဆရာတင်ရမည့်အကြောင်း ရယ်စရာပြောရင်းနဲ့ နှုတ်ဆက် ခဲ့ရတယ် ။ တောင်ငူလော်ကယ်ရထားကြီးထွက်တော့ လက်ပြရင်း ကျနော်ရင်ထဲမှာတော့ မလွတ်မြောက်သေးတဲ့ဘ၀ တွေ အတွက် ခရီးသွားနေသလိုလိုထင်မိခဲ့လေရဲ့ .။ ကိုအောင် ( ဒိုက်ဦး )

Friday, February 17, 2017

ရေစီး

" ရေစီး " ရေတွေကစီးနေတယ် မြေပြင်ပေါ်မှာ မြောင်းတစ်ခုဖြစ်လာဖို့ ရှင်သန်ရာကို အကြိမ်ကြိမ်ပွတ်တိုက် ရေတွေကစီးနေတယ် မြောင်းတစ်ခုထဲမှာ ချောင်းတစ်ခုဖြစ်လာဖို့ ပွတ်တိုက်လိုက်ခြင်းက ရှင်သန်ရာ ရေတွေကစီးနေတယ် ချောင်းတစ်ခုထဲမှာ မြစ်တစ်ခုဖြစ်လာဖို့ ရှင်သန်ခြင်းကို အကြိမ်ကြိမ်ပွတ်တိုက် ရေတွေကစီးနေတယ် မြစ်တစ်ခုထဲမှာ ပင်လယ်တစ်ခုဖြစ်လာဖို့ ပွတ်တိုက်ခြင်းသာ ရှင်သန်ခြင်း ရေတွေကစီးနေတယ် ပင်လယ်တစ်ခုထဲမှာ သမုဒ္ဒရာတစ်ခုဖြစ်လာဖို့ ရှင်သန်ခြင်းမှန်သမျှ အကြိမ်ကြိမ်ပွတ်တိုက်ပေးလိုက်ရတယ် ။ စသအ