Tuesday, June 14, 2016
စရွေးကိုက်
စရွေးကိုက်
•••••••••••••••••
- ငါ့စိတ်တွေကို
အင်္ဂါနေ့ နဲ့ တိုင်းပြီးဖြတ်လိုက်တော့
ရင်ခုန်သံဟာ
ဘဝနဲ့  စရွေးကိုက်သွားတယ်။
- အိပ်မက်ထဲက
ပဲ့ထွက်လာတဲ့
ကြွေးကြော်သံမှာတောင်
နှင်းဆီရနံ့ တွေ ထုံမွမ်းနေမှတော့
အိပ်ထောင်ထဲထည့်
ထမ်းပိုးခဲ့တဲ့ ရှိုက်သံတချို့ ကို
လမ်းခင်းပေးလိုက်ရတာဟာ
ပျော်စရာပဲ။
- ဘဝမှာ
ရရှိခဲ့တဲ့ အရှိုးရာတွေနဲ့ 
ခရီးလမ်းထဲက ချိုင့်ခွက်တွေကို
ဖြည့်ပေးခွင့်ဆိုတာ
နည်းတဲ့အခွင့်အရေးလား။
- ငါ့ခြေထောက်ကို
စူးတဲ့ ဆူးတစ်ချောင်းက
ငါ့လို
လမ်းလျှောက်သူတစ်ယောက်ကိုကာကွယ်ဖို့ 
ငါ့မိတ်ဆွေ
လမ်းလျှောက်ဖော်တစ်ယောက်ကို
ကာကွယ်ပေးဖို့ ဖြစ်တယ်။
- ငါ့စိတ်တွေဟာ
ငါ့ဘဝနဲ့ 
စရွေးကိုက်နေရမယ်။ ။
#စိုးမိုးသူ( ဒိုက်ဦး )
Monday, May 23, 2016
အညတရသူရဲကောင်းလေးများ ကိုလွင် ( နန်းမြေ )
တင်အေးနဲ့ မြင့်စိန်တို့နှစ်ယောက်က ဒိုက်ဦးမြို့အနောက်ဖက်မှာရှိတဲ့ ဒိုးတန်းရွာလေးမှာနေတယ် ။ တစ်ရွာထဲ သားချင်းတွေ ၊ ဥကပေါက်ကထဲက အတူတူ ၊ ကြီးပြင်းခဲ့တာလည်း အတူတူ ၊ ကျောင်းနေတော့လည်း အတူတူ၊ သူငယ်တန်းအပ်တော့ နှစ်ယောက်သားအတော်ကြီးနေပြီ ။ မိဘတွေကိုနွဲ့ဆိုးအဆိုးကောင်းနေတာနဲ့ ခုနှစ်နှစ် ရောက်မှ ကျောင်းအပ်ဖြစ်တယ် ။ ကျောင်းနေတဲ့အရွယ်ထဲမှာ ဒီနှစ်ကောင်ကအကြီးဆုံးတွေ ။ ဒီနှစ်ကောင်အ တွဲက ဆိုနီ မိုးကျော် ၊ မေတ္တာ ကွမ်းသီး ၊ မိုးဒီ မော့စ် တို့လိုအတွဲ ။တကောင်တလေပဲ့ထွက်သွားလို့မရတဲ့အတွဲ ။ တင်အေးက မှုန်ကုပ်ကုပ် ၊ မျက်စိပေါက်မှေးမှေး ။ လမ်းလျောက်တော့အများသူငှာတွေကျကျန်ရစ်တဲ့ပစ္စည်းကို ကောက်ရနိုးနိုးနဲ့ အောက်ငုံ့ကြည့်နေသလိုမျိုးလမ်းလျောက်လေ့ရှိတယ် ။ အမြဲတမ်းခေါင်းငိုက်စိုက်ချပြီးသွား တယ် ။ ဒါကြောင့်တင်အေးကို ရွာက လူကြီးလူငယ်မရွေး အားလုံးက မှုံကြီး ဆိုတဲ့အမည်ပြောင်တစ်ကိုသာရင်း ရင်းနှီးနှီး ခေါ်ဝေါ်ကြတယ် ။ ကျောင်းအမည် တင်အေး ဆိုတာ ဆရာ ဆရာမကလွဲလို့ခေါ်တဲ့သူမရှိဘူး ။
မြင့်စိန်ကတော့ တင်အေးနဲ့ကပြောင်းကပြန် ၊ အသွက်လွန်းနေတယ် ။ အခွက်ကလည်းအလွန်ပြောင် ။ မျောက် မူးလဲအောင်ဆော့ပြတယ် ။ ကဏန်းနှိုက် ၊ ငါးနှိုက် ၊ ဖားနှိုက် ၊ အလုပ်တွေနဲ့ပျော်နေတာကြောင့်ပဲ ကျောင်းအ ၀င်နောက်ကျနေခဲ့ရတယ် ။ မြင့်စိန်မှာအားနည်းချက်တစ်ခုရှိတာက မွေးကတည်းက မျက်စိတစ်လုံးဟာအ ကောင်းတိုင်းပါမလာခဲ့ဘူး ။ တစ်လုံးပဲကောင်းတယ် ။ ဒါကိုလူကြီးတွေက ငရမန်လို့အမည်ပြောင်ကိုခေါ်ကြပြန် တော့ တစ်ရွာလုံးက ငရမန်တွေဖြစ်ကုန်ရော ။ တင်အေးလိုပဲ မြင့်စိန်ဆိုတဲ့အမည်ကို ကျောင်းကဆရာ ဆရာမ ကပဲခေါ်တယ် ။
စတုတ္ထတန်းအောင်မြင်ပြီးတဲ့နောက်တစ်နှစ်စာသင်နှစ်မှာ ဒိုးတန်းရွာမူလတန်းကျောင်းလေးက ကျောင်းသားသုံး ဦးနဲ့ ကျောင်းသူငါးဦးပဲ ရွာနဲ့လေးမိုင်လေက်ဝေးတဲ့ ဗိုင်းဒါးချောင်းမြောက်ဖက်က တောင်စလဲမြှောင် အလယ် တန်းကျောင်းကို ဆက်လက်ပညာသင်နိုင်တယ် ။ စတုတ္ထတန်းအေင်မြင်သူအချို့နဲ့ ကျရှုံးသူအချို့ကတော့ ကျောင်းပြန်ဝင်နိုင်ဖို့ အခက်အခဲအမျိုးမျိုးရဲ့ အတားအဆီးအမျိုးမျိုးကြောင့်ပဲ ကျောင်းကအပြီးတိုင်ထွက်လိုက် ကြရတော့တယ် ။ တောင်စလဲမြှောင် ကျောင်းကိုတက်ရမယ့်အထဲမှာ တင်အေးနဲ့ မြင့်စိန်တို့နှစ်ယောက်ကထိပ် ဆုံးက ထောင်ထောင် ထောင်ထောင်နဲ့ပေါ့ ။
တောင်စလဲမြှောင် အလယ်တန်းကျောင်းရှိတဲ့ တောင်စလဲမြှောင်ရွာကလေးဟာ တင်အေးနဲု့မြင့်စိန်တို့ရဲ့ ဒိုး တန်းရွာကလေးကို အဖြောင့်တိုင်းလိုက်ရင် ဒိုးတန်းရွာရဲ့မြောက်ဖက်နှစ်မိုင်သာသာမှာရှိတယ် ။ ဒိုးတန်းရွာရဲ့ ဗိုင်းဒါးချောင်းတောင်ဖက်မှာရှိတဲ့ စစ်ဗိုလ်ကြီးရွာအကြား ဆက်သွယ်ရေးလမ်းရယ်လို့ရှိတာမဟုတ်ဘူး ။ လယ် ကွက်တွေကို ပေါင်ခတ်ထားတဲ့ ကန်သင်းရိုးတလျောက် ကောက်ကောက်ကွေ့ကွေ့နဲ့သွားရတယ် ။ စစ်ဗိုလ်ကြီး ရွာထိပ် အရှေ့ဖက်ကမ၀င်မီမှာ ပဲခူးရိုးမပေါ်ကဆင်းလာတဲ့ စမ်းမြောင်ချောင်းလေးက ဗိုင်းဒါးချောင်းမကြီးနဲ့ ပူး ပေါင်းလိုက်တယ် ။ စစ်ဗိုလ်ကြီးရွာအရှေ့ဖက်ချောင်းဆုံနေရာလေးမှာထိုးထားတဲ့ ၀ါးတံတားလေးတစ်စင်းကို ဖြတ်ကျော်ပြီးမှ စစ်ဗိုကြီးရွာရောက်တယ် ။ စစ်ဗိုလ်ကြီးရွာအရှေ့ဖျားကနေ၀င်ပြီး ရွာလယ်ထိလျောက်ပြီးတော့ မြောက်ဖက်မှာ ဗိုင်းဒါးချောင်းကိုဖြတ်ခင်းထားတဲ့ သစ်သားတံတားကိုကျော်ပြီးရင် ချောင်းမြောက်ဖက်ကမ်းက တောင်စလဲမြှောင်ရွာကိုရောက်တော့တယ် ။ ရွာရဲ့အရှေ့ဖျားမှာမှ အလယ်တန်းကျောင်း ။
ဒီခရီးကို တင်အေးနဲ့မြင့်စိန် အပါအ၀င်ရွာကကျောင်းသားတွေဟာနေ့စဉ် ကျောင်းဖွင့်ရက်တိုင်းမှာ နံက်တစ်ခါ ညနေတစ်ခါ အသွားအလာလုပ်နေကြရတယ် ။ ဒီခရီးလမ်ဒဟာ ရံဖန်ရံခါ သွားလာရတာမဟုတ်ဘူး ။ နိစ္စဓူဝ ဖြစ်နေတဲ့အတွက် မြွေပါး ကင်းပါးနဲ့ တခြားအန္တရာယ်တွေက အများသားလား ။ ဒါပေမယ့် ပညာရေးကိုလိုလို လားလား ရှိကြတဲ့မိဘတွေကြောင့် ကလေးတွေကို နွေ မိုး ဆောင်း ထမင်းထုပ်ကိုယ်စီနဲ့ ဒုက္ခခံပြီး ကျောင်း ဆက်နေခိုင်းကြတယ် ။ ဒိုးတန်းကနေ တောင်စလဲမြှောင်ကျောင်းကို ကျောင်းသွားတက်ကြမယ့် ကလေးတစ် သိုက်ကို ဦးစီးခေါင်းဆောင်စောင့်ရှောက်ဖို့အတွက် လူရည်လည်လည် အကောင်တွေကလည်းကြီးကြတဲ့ တင်အေးနဲ့မြင့်စိန်ကိုပဲ ခေါင်သူကြီးလုပ်ခိုင်းတယ် ။ ဒါပေမယ့်လည်း ဒီခေါင်သူကြီးနှစ်ယောက်က ရွာသူကြီးတွေ စိတ်ချယုံကြည်ရတဲ့အတိုင်း အမြဲတမ်းဖေါက်လဲဖေါက်ပြန် ။
ငါးတန်းကျောင်းတက်စဉ်ကတည်းကပဲ နံက်ပိုင်းတွေမှာ ကျောင်းကိုအတူသွားပေမယ့် ညနေပိုင်းကျောင်းဆင်း ချိန်တွေမှာ ရွာကို ကလေးတွေနဲ့အတူတူ ဘယ်တော့မှရောက်မလားဘူး ။ သူတို့ကျောင်းသွားရာလမ်းမှာ သူတို့ အတွက် ၀ါသနာကိုစေ့ဆော်ပေးနေတဲ့ သူတို့ဟင်းအိုးကြီးတစ်ခုကိုတွေ့ထားတယ် ။ အဲ့ဒါက စမ်းမြောင်ချောင်း ပဲလေ ။ မိုးရာသီမှာ စမ်းမြောင်ချောင်းထဲ ကျောင်းကအပြန် အမြဲရေဆင်းချိုးရင်း ငါးနှိုက်တယ် ။ ငါးရရင်ရ မရရင်ရေချိုးပြန်တယ် ။ မိဘတွေကတဆူဆူ ၊ အမြဲလိုလိုအိမ်ပြန်နောက်ကျတဲ့ ဒီနှစ်ကောင်ကို မိဘတွေကအ လျော့ပဲပေးရတော့မှာလိုလို ။ ဒီကြားထဲတောင်စလဲမြှောင် အလယ်တန်းကျောင်းမှာ ဒိုးတန်းရွာရဲ့အနောက်ဖက် စစ်ဗိုလ်ကြီးရွာရဲ့အနောက်တောင်ဖက်ရေလဲချင်းစုရွာသား အောင်ချစ်ဆိုတဲ့ပေစောင်းစောင်း မျောက်လောင်း တစ်ကောင်နဲ့ထပ်ဆုံကြပြန်တယ် ။ အောင်ချစ်က အသားညိုညို လူတစ်ယောက်ကိုကြည့်တဲ့အကြည့်ကိုက ခပ် စောင်းစောင်း ၊ ဒါကသူ့စတိုင်။ မျက်လုံးတစ်ဖက်က ခပ်မှေးမှေးဆိုတော့ အကြည့်ကမိုက်တိမိုက်ကန်း ။ ဒါပေမယ့်လို့ အရင်းခံစိတ်ကောင်းပြီး စိတ်ထားဖြူစင်တယ် ။ ဒီမှာသုံးယောက်ပေါင်းတော့ လောင်းကျော် ဆိုသလို စမ်းမြောင်ချေင်းထဲက မတက်ကြတော့ဘူး ။ ပဉ္စမတန်းနဲ့ဆဌမတန်းအထိ ဖျားနာ ကိစ္စကလွဲပြီး ကျောင်းမပျက်ခဲ့ကြတဲ့ကောင်တွေ သတ္တမတန်းလည်းရောက်လာရော ကျောင်းကဆရာ ဆရာမတွေနဲ့ အိမ်က မိဘတွေကိုသွေးတိုးစမ်းလာကြတယ် ။ တော်သလင်း သီတင်းကျှတ်ရေစစ်ချိန်မှာ စမ်းမြောင်ချောင်းတလျောက် ငါးတွေဆင်းတတ်တယ် ။ ဒီလိုအချိန်တွေမှာ သုံးကောင်သား တိုးတိုးတိတ်တိတ် တိုင်ပင်ပြီး ကျောင်းမတက်ကြ တော့ဘူး ။ ကျောင်းကိုလည်း အကြောင်းပြချက်အမျိုးမျိုးတွေကိုထည်လဲသုံးပြီး ပါးစပ်ခွင့်တိုင်ခိုင်းတယ် ။
တစ်ခါလည်းမဟုတ် ။ နှစ်ခါလည်းမဟုတ်ဆိုတော့ တောင်စလဲမြှောင်ကျောင်းကဆရာ ဆရာမတွေက သင်္ကာမ ကင်းဖြစ်တော့တယ် ။ ကျပ်ကျပ်စစ်မေးလိုက်တော့မှ တင်အေး မြင့်စိန်နဲ့ အောင်ချစ်တို့ရဲ့ အလိမ်အညာတွေ ဘူးပေါ်သလိုမျိုး ပေါ်ထွက်လာတယ် ။ အိမ်အသီးသီးကိုလည်း တိုင်စာတွေပို့တော့တာပေါ့ ။ အဲဒီလိုတိုင်စာတွေ ကြောင့်ပဲ တင်အေး မြင့်စိန်နဲ့အောင်ချစ်တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေအနှံ့အပြား ၊ ဖူးဖူးတွေကိုယောင်လို့ ဒါပေမယ့် အနှီးသုံးကောင်ကတော့မဖြုံရေးချ မဖြုံ ၊ အထုအထောင်းတွေခံရပြီးတဲ့နောက်တစ်ရက် ကျောင်းအ တက်မှာ ဒဏ်ရာတွေဘယ်သူကများသလည်းဆိုတာ ပြိုင်ပွဲတောင် ပြိုင်လိုက်သေးတာ ။ တင်းအေးကအရိုက် ကြမ်းတဲ့အဖေရဲ့ရိုက်နှက်ဆုံးမမှုတွေကို မဖြုံပေမယ့် သူ့အဖေရဲ့တစ်ချက်လွှတ်အမိန်ကိုတော့ အတော်လေးဖြုံ တယ် ။ ဒီတစ်ခါ ကျောင်းမတက်ပါဘူး ဆိုတဲ့ ကျောင်းကတိုင်စာရောက်လာခဲ့ရင်ကျောင်းကအပြီးတိုင်ထုတ်ပစ် မယ် ` ဆိုတဲ့စကားကိုပဲ ။ တင်အေးတို့ သုံးကောင်သား ရံဖန်ရံခါကျောင်းပျက်ကြပေမယ့် တစ်ယောက်မှကျောင်းတက်မပျင်းကြဘူး ။ ပြောရရင်တော့ ကျောင်းပျော်တယ်ပေါ့ ။ဒါကြောင့်လည်းနောက် ထပ်ကျောင်းမပျက်ရဲကြတော့ဘူး ။ စမ်းမြောင်ချောင်းထဲရေကူး ငါးနှိုက်ချင်ရင် ညနေပိုင်းကျောင်းဆင်းပြီးကာမှ လုပ်ရဲတော့တယ် ။ အိမ်တွေကလည်း အိမ်ပြန်နောက်ကျတာလောက်ကိုတော့ စာမဖွဲ့ကြတော့ဘူး ။
တင်အေးရေ တင်အေး ကျောင်းသွားကြမယ်လေကွာ ။ မြင့်စိန်ရဲ့အသံစူးစူးကြောင့်ပဲ တင်အေးတစ်ယောက် အိပ်ယာကနိုးလာရတယ် ။ နံနက်ပိုင်းသုံးနာရီဝန်းကျင်မှာ အခါမဟုတ်ဘဲရွာလိုက်တဲ့မိုးကအတော်ကြီးတယ် ။ ညဦးပိုင်းကတည်းက ချည်တိုင်မှာချည်ထားပြီးတင်းကုပ်ထဲမသွင်းမိတဲ့နွားတွေကိုအဖေနဲ့ နှစ်ယောက်သားကြိုး စားပြီး ကြီူးတွေဲဖြည် နွားတင်းကုပ်ထဲနေရာချနဲ့ အလုပ်တွေရှုပ်နေလိုက်တာ ရွာဦးကျောင်းက နံက်လေးနာရီတုံး မောင်းခေါက်သံကြားရတော့မှပဲ အိမ်ပေါ်တက်အိပ်ယာပြန်ဝင်ခဲ့ရတယ် ။ တင်အေးအဖေနဲ့အမေက တင်အေး ကျောင်းသွားဖို့ထမင်းချိုင့်လေး အဆင်သင့်လုပ်ထားပြီး လယ်ထဲဆင်းသွားကြပြီ။ တင်အေးကိုနှိုးမယ့်သူမရှိ ။မြင့်စိန်နှိုးမှ အိပ်ယာကကမန်းကတန်းထလိုက်ရတယ် ။အပြင်မှာ မိုးတဖွဲဖွဲ ။ တင်အေးနဲ့ မြင့်စိန်ရွာအရှေ့ဖျား ဖက်ကထွက်လာတော့ မြင့်စိန်သွားနှင့် ခိုင်းထားတဲ့ ဒိုးတန်းကကျောင်းသားအစုတွေက စိမ်းပြီးမှောင်နေတဲ့ စပါး ခင်းတွေအကြား အချို့ကထီး အချို့ကမိုးကာအပြာ အစိမ်းတွေကိုခြုံလို့ စပါးပင်တွေအကြားမြုပ်ချည်း ပေါ်ချည်း နဲ့ ဟိုးခပ်ဝေးဝေးရောက်နှင့်နေကြပြီ ။ရှေ့အဖွဲ့တွေကို မမှီနိုင်မှန်းသိတော့ တင်အေးကောမြင့်စိန်ပါ မှီအောင် မလိုက်ကြတော့ပဲ ပုံမှန်ခြေလှမ်းနဲ့ပဲ သွားဖြစ်ကြတယ် ။ မိုးက အခုအချိန်အထိခပ်ဖွဲဖွဲ စွေပြီးရွာနေသလိုမျိုး ၀န်း ကျင်တစ်ခုလုံးလည်း နေရောင်မမြင်ရတော့ ။ ကောင်းကင်တစ်ခုလုံးဟာ မှိုင်းမှိုင်းညိုညို ။ရေစိုနေတဲ့ကန်သင်း ပေါ်ကမြက်တွေက စီးထားတဲ့ရော်ဘာဖိနပ်တွေကို ဒုက္ခလှလှပေးနေတော့တယ် ။ ကန်သင်းကောက်ကောက် ကွေ့ကွေ့တွေပေါ်က ခြေချော်မကျအောင် မနည်းထိမ်းသွားနေရတော့ ခရီးမတွင်တော့ ။ ဒီကြားထဲလွယ်ထား တဲ့လွယ်အိပတ်ကို မိုးရေမစိုဖို့ မိုးကာကိုလုံအောင်ဆွဲဆွဲပြင်နေရသေးတယ် ။နောက်ဆုံးဖိနပ်နဲ့ဒီလမ်း ဘယ်လိုမှ အံမ၀င်တော့ နှစ်ယောက်သားဖိနပ်ချွတ်ပြီး လက်တစ်ဖက်ကကိုင်လိုက်ရတော့ တစ်ဖက်ကဖိနပ် တစ်ဖက်က ထမင်းချိုင့်ကိုယ်စီနဲ့ ခြေဗလာချီတက်ကြတော့မှပဲ ခရီးတွင်တော့တယ် ။
တင်အေးနဲ့မြင့်စိန်ထွက်လာပြီး နာရီဝက်နီးပါးရှိတော့ ၀မ်းမြောင်ချောင်းကို ၀ုန်ဆင်းလာတဲ့စက်လှေသံသဲ့သဲ့ကို ကြားနေရပြီ ။ ဒီစက်လှေက နှစ်ရက်တစ်ခါ သုံးရက်တစ်ခါဆိုသလို ကြားနေကြအသံပါပဲ ။ှဇရပ်ကြီးကုန်းနဲ့ ဘုရားကြီးကုန်းဖက်ကရွာသားတွေဟာစမ်းမြောင်ချောင်းအတိုင်း ပေါင်းမိုးတပ်ထားတဲ့စက်လှေနဲ့ ဗိုင်းဒါးချောင်း အထိစုန်ဆင်းရတယ် ။ ဗိုင်းဒါးချောင်းအတိုင်းဝင်ပြီး ဆက်စုန်ဆင်းလိုက်ရင် ရန်ကုန် မန္တလေးကားလမ်းဘေးမှာ ရှိတဲ့ ဗိုင်းဒါးရွာကလေးကိုရောက်ပြီ ။ အဲဒီကမှ ဒိုက်ဦးမြို့ကို ကား မြင်းလှည်း ဆိုက်ကားတစ်ခုခုနဲ့သွားပြီး ဈေး ၀ယ်ကြတယ် ။တင်အေးနဲ့မြင့်စိန် စမ်းမြောင်ချောင်းကူးတံတားလေးကိုရောက်ဖို့ နှစ်ဖာလုံလောက်အလိုမှာ ဒိုးတန်းကျောင်းသားတစ်စုဟာ စစ်ဗိုလ်ကြီးရွာရဲ့အရှေ့ဖျားကိုဝင်သွားကြပြီ ။ စမ်းမြောင်ချောင်းအတွင်းကစက် လှေသံကိုလည်း ပိုပြီးကျယ်ကျယ်လောင်လောင်ကြားနေပြီ ။ မိုးနှောင်းပိုင်းမှာရွာတဲ့ မိုးကလည်းရပ်ပြီ ။အခုတော့နံက်လင်းအားကြီးချိန်ရွာခဲ့တဲ့မိုးကသူမဟုတ်သလိုလိုပင် ။ တိမ်တွေကြားက ပြူထွက်လာတဲ့ နံက်ခင်း နေရောင်ခြည်က ထိန်ထိန်တောက်နေတော့တယ် ။ စပါးပင်တွေရဲ့ အဖျားမှာသီပြီးတွဲခိုနေတဲ့မိုးရေ မိုးစက်တွေ က နေရောင်ကြောင့်စိန်ရောင်လက်လက်တောက်ပနေတယ် ။ တင်အေးနဲ့မြင့်စိန်တို့လမ်းလျောက်ရင်းက ဆောင်းထားတဲ့မိုးကာတွေကို ခေါက်သိမ်းဖို့အတွက် ဖိနပ်ကိုချပြီးစီးရင်း ထမင်းချိုင့်ကိုပါ ကန်သင်းပေါ်ချလိုက် တယ် ။ မိုးကာတွေကို ရေပြောင်စင်အောင်ခါပြီး ပြန်ခေါက်သိမ်းတယ် ။ နှစ်ဦးသားဆက်လျောက်ရင်းက စမ်း မြောင်ချောင်းကမ်းပါးကိုရောက်တဲ့အချိန်မှာပဲ စမ်းမြောင်ချောင်းကိုကြည့်လိုက်တော့တစ်မိုးတွင်းလုံးပုံမှန်ရေ ပြည့်ပြီး ငြိမ်ငြိမ်သက်သက်အခြေအနေမျိုးမဟုတ်တာကို အံ့သြစွာတွေ့ရတယ် ။ စမ်းမြောင်ချောင်းဟာဒေါသ တကြီးခက်ထန်နေတယ် ။ မိုးနှောင်းပိုင်း ရေစစ်ချိန်မှာ လက်ကျန်မိုးရဲ့အငြိုးကြီးကြီးသွန်းချထားတဲ့ ပဲခူးရိုးမ ပေါ်ကရေတွေက စမ်းမြောင်ချောင်းအတွင်းမှာ အထိမ်းအကွပ်မဲ့ သောင်းကျန်းပြီး လှိုင်းတွေအဖြစ် ၀ါးလုံးထိုး ထိုးဆင်းနေပုံက ကြောက်မက်ဖွယ်အတိ ။
တင်အေးတို့နှစ်ဦး ကမ်းပါးကိုအရောက် ရေလှိုင်းလုံးတွေတ၀ုန်းဝုန်းအကြားမှာ ပေါင်းမိုးတပ်စက်လှေကလည်း ခရီးသည်တွေနဲ့အတူ လူးလူးလိမ့်လိမ့်ထိုးဆင်းလာတာဆုံဖြစ်ကြတယ် ။ ဟိုးတုန်းကလိုပဲ နှစ်ကောင်သားလက် တွေပြပြီးနှုတ်ဆက်ကြတော့ စိုးရိမ်စိတ်အသီးသီးကြောင့်ပဲလို့ထင်တယ် ။ ပြန်ပြီးနှုတ်ဆက်လက်ကာပြတဲ့အပြု အမူတွေအသက်မ၀င် ။ သူတို့နှစ်ယောက်ရဲ့နံဘေးချောင်းထဲကနေရှေ့ကိုကျော်ဖြတ်သွားတဲ့ ပေါင်းမိုးတပ်စက် လှေဟာ စမ်းမြောင်ချောင်းကူတံတားလေးအောက်ကိုလျှိုဝင်သွားပြီး ဗိုင်းဒါးချောင်းဆီကို ဦးတည်ဝင်သွားတာ ကိုတွေ့ရတယ် ။ တကယ်တော့ ဗိုင်းဒါးချောင်းနဲ့ စမ်းမြောင်ချောင်းဟာ ပဲခူးရိုးမပေါ်ကရေစေ ရေလဲဒေသတစ်ခုအတွင်းမှာပဲ ချောင်းဖျားခံလာကြတာဖြစ်တယ် ။ ရိုးမအပေါ်မှာ ဒီချောင်းနှစ်ခုရဲ့အစဟာနှစ် မိုင်နီးပါးသာဝေးကွာကြတယ် ။ စမ်းမြောင်ချောင်းပေါ်တောင်ကျရေဆင်းတာနဲ့ ဗိုင်းဒါးချောင်းဟာလည်း တောင် ကျရေဆင်းတော့တာပါပဲ ။ စမ်းမြောင်ချောင်းလှိုင်းထန် ရေထန်ရင် ဗိုင်းဒါးချောင်းလည်း လှိုင်းထန် ရေထန်နေ တတ်တယ် ။
ဝုန်း ။ အသံကတော်တော်ကလေးကျယ်လောင်လှတယ် ။ တင်အေးနဲ့မြင့်စိန် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်ဖြစ်ကြတယ် ။ ဘာသံပါလိမ့်ပေါ့ ။ ပြီးတော့နှစ်ယောက်သားအကြည့်ထဲမှာ အဓိပ္ပါယ်တွေပေါ်ထွက် လာတော့ စမ်းမြောင်ချောင်းလူကူးတံတားပေါ်မတက်တော့ဘဲ ဗိုင်းဒါးချောင်းဆုံကိုခြေကုန်သုတ်ပြေးကြတယ် ။ လွယ်အိတ်တွေ ထမင်းချိုင့်တွေက တရမ်းရမ်းနဲ့ပေါ့ ။ ဗိုင်းဒါးချောင်းကမ်းကို ရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်း ကမသက်မသာ ။ လှေကစောင်းပြီး ချောင်းဆုံမှာဖြစ်နေတဲ့ဝဲကတော့ကြီးထဲမှာ တလည်လည် လှိုင်းတွေကတ ဘုန်းဘုန်းမြည်အောင်ထနေတဲ့ မှုတ်ဝဲကြီးအတွင်းမှာ စက်လှေပေါ်ပါလာတဲ့လူတချို့နဲ့ ပစ္စည်းတွေက ဗရပွ၊ စောင်းနေတဲ့လှေကို ဖက်တွယ်ထားတဲ့လူတချို့ကလည်း ကြောက်လန့်တကြားအော်ဟစ်နေကြတယ် ။ အော် သံ ဟစ်သံတွေက ငရဲတမျှပါပဲ ။
ကယ်ကြပါဦး . . . . . ကယ်ကြပါဦး . . . . . ကယ်ကြပါဦး . . . . . ကယ်ကြပါဦး ။
တင်အေးကောမြင့်စိန်ပါ တိုင်ပင်ထားသလို လွယ်အိတ်နဲ့ ထမင်းချိုင့်တွေကိုပစ်ချလိုက်တယ် ။ အကျီင်္ကိုဆွဲချွတ် လိုက်ပြီး လုံချည်တွေကိုခါးတောင်မြှောင်ကျစ်ကျစ်ပါအောင်ကျိုက်ထဲ့ပြီး မြင့်စိန်က တင်အေးရေ တစ်ယောက် တည်းအဆယ်နဲ့ဟေ့ နှစ်ယောက်ပြိုင်တူဆွဲမှဖြစ်မယ် ။ုမြင့်စိန်စကားအတိုင်းတင်းအေးက နားလည်သလိုခေါင်း ညိတ်ပြပြီး ဦးစားပေးဆယ်ရမယ့်သူကို ရှဖွေကြည့်လိုက်တယ် ။ ၀န်းကျင်တစ်ခုလုံးတစ်ခဏအတွင်းဖြန့်ကြည့် လိုက်တော့ လသားအရွယ်ကလေးတစ်ယောက်ရေပေါ်မှာပေါ်နေတာကိုတွေ့ရတယ် ။ ကလေးကိုရေအောက် မှာရှိတဲ့ မိခင်ကလက်နှစ်ဖက်နဲ့ တင်းတင်းကိုင်းပြီးရေပေါ်ကိုထိုးတင်ထားတယ် ။ တင်အေးနဲ့မြင့်စိန်နှစ်ယောက် ရေထဲကိုပြိုင်တူခုန်ဆင်းပြီး ကလေးရှိရာကိုကူးခတ်သွားကြပြီး ကလေးကိုလှမ်းယူလိုက်တော့ ကလေးအတွက် စိတ်ချသွားခဲ့တဲ့ မိခင်ကတော့ရေအောက်မှာစုန်းစုန်းမြုပ်ပြီး ရေစီးနဲ့မျောပါသွားတော့တယ် ။ ကလေးကိုကမ်းအ ရောက်ပြန်သယ်လာပြီး ကမ်းပေါ်မှာ အသင့်ရောက် ကိုပါစို့ လက်ထဲထည့်လိုက်တယ် ။
ကိုပါစို့ က စစ်ဗိုလိကြီးရွာကသူ့လယ်မြွေေက စမ်းမြောင်ချောင်းနဲ့ဗိုင်းဒါးချောင်းဆုံအရှေ့တောင်ဖက်က လယ်ပွဲ တွေပဲဖြစ်တယ် ။ နွားစာအတွက်လှေတစ်စင်းနဲ့ သူ့ကန်သင်းရိုးကမြက်တွေကိုကိုလာရိတ်နေချိန် စက်လှေ မှောက်သံနဲ့အော်ဟစ်သံတွေကြားရတော့ လယ်ကွက်ထဲကပြေးထွက်လာခဲ့တာဖြစ်တယ် ။ ကိုပါစို့က ကလေး ကိုလုံခြုံစိတ်ချရတဲ့နေရာမှာထားခဲ့ပြီးတဲ့နောက် သူ့ရဲ့လှေဆီကိုအရောက်ပြေးပြီး လှေကိုအပြေးတစ်ပိုင်းလှော် ခတ်လာတာကို တင်အေးရောမြင့်စိတ်ပါနှစ်ယောက်သားမြင်ရတော့ နှစ်ယောက်သားအားတက်မိကြတော့တာ ပေါ့ ။ ရေထဲမှာမြုပ်ချည် ပေါ်ချည်ဖြစ်နေတဲ့ အမျိုးသား အမျိုးသမီးတွေကိုတင်အေးနဲ့မြင့်စိန်တို့တစ်ယောက် ချင်းဆယ်ယူပြီးကမ်းရောက်အောင်ဆွဲတင်နေသလို ကိုပါစို့ကလည်း သူ့ရဲ့လှေတစ်စင်းနဲ့ဆယ်နိုင်သမျှလူတွေ ကိုလှေပေါ်ဆွဲတင်နေတော့တယ် ။ ဒီအချိန်ကမ်းပါးပေါ်မှာလူတစ်စုရောက်လာတယ် ။ စက်လှေမှောက်တဲ့နေ ရာနဲ့သိပ်မဝေးတဲ့လေးအိမ်စုရွာကလေးက ကာလသားခေါင်း ကိုမောင်ဝင်းတို့အစုဖြစ်တယ် ။ ကမ်းပေါ်မှာ သတိလစ်နေတဲ့သူတွေကို အချို့က သတိရအောင်လုပ်ပေးကြတယ် ။ ပထမဆုံးကယ်လိုက်တဲ့လသားကလေး ကို ဆာပါချိုံအနောက်စုက မစန်းကြည်ကပွေ့ပိုက်ထားတယ် ။ မကြာခင်မှာပဲ လေးအိမ်စုတစ်ရွာလုံးကလူတွေ စက်လှေမှောက်တဲ့သတင်းကြောင့် ရွာလုံးကျွတ်မျှပဲ ကမ်းပါးပေါ် ယောက်ယက်ခပ်နေကြတယ် ။ တင်အေးနဲ့ မြင့်စိန်တို့နှစ်ယောက်သားဘယ်သူ့ကိုမှ ရှာဖွေမတွေ့တော့တဲ့နောက်ဆုံးမှ ကမ်းပေါ်ကိုပင်ပန်းကြီးစွာနဲ့တွယ် ဖက်တက်လာခဲ့တယ် ။ နှစ်ယောက်သားရေနစ်နေသူတွေကိုဆယ်ရင်း သယ်ရင်းက ကိုပါစို့လယ်ပွဲကိုကျော်လွန် လာခဲ့ပြီး စက်လှေမှောက်တဲ့ချောင်းဆုံကို ပင်ပန်းကြီးစွာနဲ့တဖြည်းဖြည်းအတူလျောက်ပြန်လာခဲ့ကြတယ် ။
အချိန်ကနေမွန်းတည့်ချိန်ရောက်တော့မယ် ။ ခြေကုန်လက်ပန်းကျနေတဲ့ တင်အေးနဲ့မြင့်စိန်ဟာလွယ်အိတ်နဲ့ထ မင်းဘူးတွေရှိရာကနေ ကိုပါစို့နဲ့ ချောင်းနဲ့မလှမ်းမကမ်းကတဲဆီ နှစ်ယောက်သားအားတင်းပြီးအရောက်သွားကြ တယ် ။ တဲပေါ်ကို ထမင်းချိုင့်နဲ့ လွယ်အိတ်ကိုပစ်တင်ပြီး အနားယူဖို့အတွက်ရေစိုနေတဲ့ပုဆိုးကိုယ်စီနဲ့ ပက်လက်လှန်လိုက်တာ တစ်ချိုးတည်းအိပ်ပျော်သွားတော့တယ် ။ ညနေသုံးနာရီကျော်ကျော်မှာ ဆတ်ကနဲလန့် နိုးလာတော့ဗိုက်တွေကဆာလောင်နေပြီ ။ ဒန်ချိုင့်ထဲက ထမင်းကိုအားပါးတရစားသောက်ဖို့အဖုံးကိုဖွင့်လိုက် တော့ နေ့လယ်ကမိမိတို့ရှေ့မှာတင်ဖြစ်ပျက်ခဲ့တဲ့ အနိဠာရုံကြီးက ချက်ချင်းကြီးပေါ်လာတယ် ။ ဒီအဖြစ်ဆိုးကြီး အတွင်းကမိမိရဲ့မျက်မှောက်ရုပ်ပျက်ဆင်းပျက် သွေးပျက်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ လူတွေရဲ့အဖြစ်ကိုပြန်လည် မြင်ယောင်လာလို့ တင်အေးကမျက်ရည်ကျတော့ မြင့်စိန်ကချော့ရင်းမော့ရင်းနဲ့ သူပါမျက်ရည်တွေ တပေါက် ပေါက်ကျလာတော့တယ် ။ မျိုမကျတော့တဲ့ထမင်းကိုမစားကြတော့ပဲ ဒန်ချိုင့်ကလေးကိုပြန်ဖုံးပြီးနှစ်ယောက် သားဒိုးတန်းရွာဖက်ကိုဖင့်ဖင့်နှေးနှေးပြန်လာခဲ့ကြတယ် ။
တင်အေးကရွာအ၀င်မှာ မြင့်စိန်နဲ့လမ်းခွဲပြီး မိမိအိမ်ရှိရာကိုပြန်ခဲ့တယ် ။ အိမ်ခြံဝင်းထဲကိုရောက်တော့အိမ် အောက်တန်းလျားမှာအဖေနဲ့အမေ့ကိုအတူတူအခန့်သားတွေ့ရတယ် ။ တင်အေးလည်းသူ့အဖေနဲ့အမေကို နှုတ်မဆက်ပဲအိမ်ပေါ်ကို တက်တော့မယ်လို့အလုပ်မှာ အဖေဖြစ်သူက
ဟေ့ကောင် . . . ကျောင်းကပြန်လာပြီလားကွ
ပုံမှာအခေါ်အဝေါ်ဖြစ်တဲ့ လူလေးဆိုတဲ့နာမ်စားအစား ဟေ့ကောင်လို့ခေါ်လိုက်တဲ့ သူ့အဖေခေါ်သံကြောင့် တင် အေးဆတ်ကနဲတွန့်သွားတယ် ။နားထဲမှာလည်းအဆန်းဖြစ်နေလို့ အဖေ့ကိုလှမ်းကြည့်လိုက်တော့ အဖေ့မျက်နှာ ဟာခက်ထန်မာကြောနေပုံရတယ် ။ အမေ့မျက်နှာလည်းမကောင်း ။ ဘာတွေဖြစ်နေပါလည်းလိမ့်ပေါ့ ။ တင် အေးကလည်းသူ့အဖေနဲ့အမေရှိရာကိုသွားလိုက်တယ် ။
အနားကိုရောက်တော့ အသားတွေတဆတ်ဆတ်တုန်နေတဲ့ဖအေကိုတွေ့လိုက်ရတော့ အဖေအတော့ကိုဒေါသ ထွက်နေမှန်းသိရတယ် ။ မင်း . . အဲ့ဒီတိုင်ကိုဖက်လိုက်စမ်း ။ အမိန့်ပေးသံကိုတင်အေးမကြးမိသလို အူအူငူငူ ကြည့်နေတုန်း နောက်တစ်ကြိမ် တိုင်ကိုဖက်ခိုင်းပြန်တယ် ။ ဒုတိယအကြိမ် ဖိအားပေးထားတဲ့အဖြစ်မှာ တင် အေးဟာ ကိုယ့်အပြစ်ကိုယ်သိနေလို့ မျက်စိမှိတ်ပြီး တိုင်ကိုကျစ်ကျစ်ပါအောင် ဖက်ထားလိုက်တယ် ဆိုရင်ဘဲ ခြေသလုံး တင်ပါး ကျောပြင်တွေကို စက်သေနတ်နဲ့ဒရစပ်ဆွဲသလို မရပ်မနားပဲ နွားရိုက်ကြိမ်ကြိုးနဲ့တွယ်တော့ တယ် ။ ရိုက်နေတဲ့ကြားက ငါတို့လိုသေကောင်ပေါင်းလဲလုပ်ရပြီး မကြီးပွားတဲ့ ဒီလယ်ယာမြေပေါ်မှာ ရှိမနေစေ ချင်လို့ ကျားကုတ်ကျားခဲကျောင်းထားနေတာကွ ။ အခုတော့မင်းကအလေလိုက်နေတယ် ။ မင်းမှာအပြစ်ရှိ သလား မရှိဘူးလားပြော ။ ခန္ဓာကိုယ်ပေါ်ကထိချက်တွေက နာလွန်းပေမယ့်ရင်ထဲက အနာကိုတော့မမှီဘူးလို့ တင်အေးထင်မိတယ် ။ အမေ့ကိုကြည့်လိုက်တော့ တစ်ဖက်ကိုလှည့်ပြီး မျက်ရည်ကျနေတယ် ။ အဖေ့ရဲ့အမေး ကိုလည်း နာလွန်းတဲ့ကြားကမှ ခေါင်းကိုတွင်တွင်ညိတ်ပြနေဖြစ်တယ် ။ အဖေ့ဒေါသတွေပြေပါစေတော့ရယ်လို့ လေ တိုင်ဖက် အံကြိတ်ပြီးအသေအချာကြီး အရိုက်ခံလိုက်တယ် ။ ဘာအကြောင်းကိုမှလည်းစောဒကမတက် ။ အဖေက သွားတော့လို့အမိန့်ပေးမှ တင်အေးလည်းအိမ်ပေါ်ကိုတက်ခဲ့တော့တယ် ။ တစ်နေကုန်စိတ်ရောခန္ဓာ ပင်ပန်းခဲ့တဲ့တင်အေး နွားရိုက်ကြိမ်နဲ့သွက်သွက်ကြီး အရိုက်ခံလိုက်ရတော့ အိမ်ပေါ်ကအခန်းထဲမှာ စောင်ကိုခေါင်းမြီးခြုံရင်း တုံးလုံးလှဲလိုက်တာ မှေးကနဲအိပ်ပျော်သွားပါလေရော ။
တသ်အေး . . . ရေ လာဟေ့ ဒီမှာလှသန်းနဲဖိုးနီတို့တောင်ရောက်နေကြပြီ ။ သူ့အဖေအသံဝါ၀ါကြီးကြားလိုက်ရ တော့တင်အေး အိပ်ပျော်နေရာကနေ လန့်နိုးလာတယ် ။ ခေါင်းမြီးခြုံထားတဲ့စောင်ကိုအသာလှပ်ပြီး အပြင်ကို လှမ်းကြည့်လိုက်တော့ အလင်းရောင်တွေပြိုဆင်းသွားပြီ ။ မှန်အိမ်မီးကအရောင်ဝါကျင်ကျင်မှိန်ပျပျလောက်သာ ရှိတော့တယ် ။ တင်အေးအဖေကညစဉ်တိုင်းမှာရွာက အပေါင်းအသင်းတွေနဲ့ ဓာတ်ခဲရေဒီယိုကိုစုပေါင်း နားထောင်ကြတယ် ။ ရေဒီယိုအစီအစဉ်တွေတ၀ကြီးနားထောင်ရင်း မြန်မာပိုင်းအစီအစဉ်တွေပြီးတော့မှ လူစု ခွဲဖြစ်ကြတယ် ။ ဒါကလည်းနေ့စဉ် ညစဉ်အဖေတို့တစ်သိုက် ရေဒီယိုနားထောင်နေစဉ်အတွင်းမှာ အမေကမီးဖို ချောင်ကိစ္စတွေကို အပြီးဆောင်ရွက်နေသလို တင်အေးကကျောင်းစာတွေကိုကျက်မှတ်နေတယ် ။ ရေဒီယိုနား ထောင်နေချိန်အတွင်းမှာ တင်အေးတို့သားအမိနှစ်ယောက် သူ့အဖေကိုဘာမှပြောမရ ။ စိတ်ဆိုးတတ်မှန်းသိ တော့ ခပ်ဝေးဝေးနေကြတယ် ။ သူတို့နားထောင်သူအချင်းချင်းတောင်မှ စကားပြောရင်တိုတိုပြတ်ပြတ် ။ ဒီအ ချိန်ဟာလည်း အမှန်တော့ တစ်နေကုန်နွားနဲ့ဖက်ရုန်းပြီး ဘ၀အမောတွေကိုညဖက်ရောက်တော့မှ ရေဒီယိုက လာတဲ့သီချင်း ဇာတ်လမ်းပမာနားဆင်စရာ သတင်း အသံလွှင့်ဇာတ်လမ်း စတာတွေကိုရေနွေးကြမ်းတစ်အိုး အ မြည်းတစ်ပွဲနဲ့ အားရပါးရဖြေဖျောက်ကြရတယ် ။
ဒီအချိန်မှာပဲ ည ( ၈ ) နာရီသတင်းမှာထူးခြားတဲ့သတင်းတစ်ပုဒ်ကိုတင်အေးအဖေနဲ့သူ့အပေါင်းအသင်းတွေ စိတ်ဝင်တစားစူးစိုက်နားထောင်နေကြတယ် ။ တင်အေးလည်းနိုးနေတော့ နားမထောင်ပေမယ့် ကြည်ကြည် လင်လင်ကြီးကိုကြားနေရတယ် ။ ရိုမေးနီးယားဆိုရှယ်လစ်နိုင်ငံဘူခါရက်မြို့မှာကျင်းပတဲ့ နှစ်ဆယ့်သုံးကြိမ် မြောက်အပြည်ပြည်ဆိုင်ရာကြက်ခြေနီညီလာခံမှာ မြန်မာနိုင်ငံက မြန်မာနိုင်ငံသား စိုင်းအောင်လှိုင်မြင့်ကိုကမ္ဘာ့ အမြင့်ဆုံးကြက်ခြေနီ ဟင်နရီဒူးနန့် ဆုတံဆိပ်အပ်နှင်းလိုက်ကြောင်း မြန်မာနိုင်ငံမှ စိုင်းအောင်လှိုင်မြင့်အပါအ ၀င်တစ်ကမ္ဘာလုံးမှာဆုတံဆိပ်ရရှိသူတစ်ဆယ့်သုံးဦးသာရှိကြောင်းနဲံ မြန်မာနိုင်ငံကစိုင်းအောင်လှိုင်မြင့်ဟာ မြစ် ကြီးနားကူးတို့ဆိပ်အနီးက ဧရာဝတီမြစ်ထဲကိုလူတစ်ဦးအပါအ၀င် ကားတစ်စီးထိုးကျခဲ့ကြောင်း ရေခဲတမျှအေး လွန်းလှတဲ့ရေထဲကို မိမိအသက်ကိုပဓာနမထားပဲငုပ်ဆင်းပြီး ကယ်တင်ခဲ့ကြောင်း ။ ရဲဝံ့စွန့်စားတဲ့စိုင်းအောင် လှိုင်မြင့်ကို ဤကဲ့သို့ ဟင်နရီဒူးနန့်ဘွဲ့အပ်နှင်းရကြောင်း အဖြစ်အပျက်တွေကိုပြန်လည်ဖေါ်ထုတ်ပြီးကြေငြာနေ တော့တယ် ။ ရေဒီယိုနားထောင်နေကြတဲ့သူအပေါင်း အထင်းသားမျက်နှာတွေမှာ ၀မ်းသာပီတိရိပ်တွေတဖျပ် ဖျပ် လျှပ်ပြေးနေတော့တယ် ။ ဟင်နရီဒူးနန့်ဘွဲ့တံဆိပ်ရှင် စိုင်းအောင်လှိုင်မြင့်ရဲ့ သတင်းအဆုံးမှာတင်အေးအ ဖေက သူ့ရဲ့အသံဝါ၀ါကြီးနဲ့ `ကွာ . . ဒီလိုသားကောင်းဇာနည်တစ်ယောက်လောက်တို့မိသားစုထဲမှာပါလာရင် သိပ်ကောင်းပဲဟေ့ `
အိပ်ခန်းထဲမှာအသာငြိမ်နေတဲ့ တင်အေးဟာ သူ့အဖေရဲ့စကားသံကြောင့်ပဲ စောင်ကိုခေါင်းအထိရောက်အောင် ဆွဲတင်ရင်း ခြေသလုံးသားကဖူးရောင်နေတဲ့ ဒဏ်ရာတွေကို ဒူးကွေးပြီး ကယောင်ကတမ်း လှမ်းစမ်းလိုက်တော့ တယ် ။
( သူငယ်ချင်း သူရဲကောင်းနှစ်ယောက်ကိုဂုဏ်ပြုရင်း . . . . . . . ။ )
ကိုလွင် ( နန်းမြေ
Tuesday, March 15, 2016
မေမေ့ အက်ဆေး - ၂
Thursday, February 18, 2016
အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) – သမိုင်းထဲမှာ ချန်ထားခဲ့လို့မရသူ
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
River of No return ဒီသီချင်းစာသား လေးကို သီဆိုသံ ကြားခဲ့ဖူးသည်။ ကြားခဲ့သည့်နေရာက နရသိန်နေ့ရက်များထဲက ကေတုမတီ မှာဖြစ်သည်။ သီဆိုသူမှာ အဘဦးတင်အေးလေးဖြစ်သည်။ အဘဦးတင်အေးလေးဟု ပြောရခြင်းက ဦးတင်အေး နှစ်ယောက်ရှိ၍ ပြောရခြင်းဖြစ်သည်။ ဦးတင်အေးနှစ်ယောက် အမှုတွဲ။ အဖေနာမည်ကအစ ခပ်ဆင်ဆင် ။အင်းစိန်ထောင်ထဲ တုန်းက ထောင်ဝင်စာ လူမှားခေါ်တာ ကြုံဖူးသည်ဟုဆိုသည်။ ဦးတင်အေးတယောက်ကို မြို့မဦးတင်အေးဟု လူသိများ ကြသည်။ သူ့ကိုတော့ ဦးတင်အေးလေး ဟုသိကြမည်ထင်သည်။ သူတို့က ကျောင်းသားလှုပ်ရှားမှူသမိုင်းထဲ သူပါဝင်ခဲ့သော အခန်းကဏ္ဌ ကိုပြောပြမိလို့ ထောင်အကျခံကြရခြင်းဖြစ်သည်။ သူ့ခေတ်သူ့အခါက ကျောင်းသားအဖွဲ့ အစည်းများမှာ ယနေ့ ခေတ်လို မဟုတ်။ တရားဝင် ရပ်တည်၍ရသော အနေထားဖြစ်သည်။ သူနှင့်အတူ သူ့အမှူတွဲ ရှေ့နေကြီး ဦးခင်မောင်ငြိမ်း တို့ တခန်းတည်းနေကြသည်။ အဘဦးတင်အေး တို့နှင့် တောင်ငူ ထောင်ကို အတူတူပြောင်းခဲ့ကြရသည့်အထဲတွင် ကျောင်းသားလူငယ်များက အများစု။
ဒီစာကိုရေးမည်လုပ်တော့ စာသင်ခန်း တံခါးများ ပိတ်လိုက်ခြင်းသည် ထောင်တံခါးများကို ဖွင့်လိုက်ခြင်းပင် ဖြစ်သည်ဟူသော အယူအဆဖြင့် ဟောပြောခဲ့သော ဆရာကြီးဦးအောင်သင်း၏ စကားကို ကြားယောင် လာသည်။ ပညာ ရေးခရီးကို ရပ်တန့်ရင်း ခေတ်စနစ်၏ ဘဝရှေ့တဲ့တဲ့ ရင်ဆိုင်တိုးလာသည့် ကြုံတွေ့ရသော အခြေနေကို မျက်နှာမလွှဲနှိုင်ကြသော လူငယ်လေးများမှာ သူတို့ လှုပ်ရှားမှုကြောင့် တိုင်းပြည်အတွင် တစုံတခု အပြောင်းအလွှဲ အရွေ့တခု ဖြစ်ရေး တခုတည်းသာ ရင်ဝယ်ထားပြီး ရပ်တန့်နေသော သမိုင်းလမ်းကြောင်းပိတ်ဆို့နေသော ကျောက်တုံးကြီးကိုဝိုင်းတွန်းခဲ့ကြခြင်းဖြစ်သည်။ သူတို့ အခုတော့ပညာ တပိုင်းတစဖြင့် သော့အလုံပိတ် နံရံလေးဘက်ကြား အချိန်တွေကို အဟောသိကံ အဖြစ် ဖန်တီးနေရသည်။
သူတို့ အတွက် အလဟဿ ဖြစ်နေသော နေ့ရက်များကို တန်ဖိုးရှိရှိဖြစ်အောင် ပြောင်းလဲပေးခဲ့သူတဦး ပေါ်ပေါက်ခဲ့သည်ဟု ဆိုလျှင် ထိုတဦးသည် အဘဦးတင်အေးလေးပင်ဖြစ်သည်။ ကျောင်းသားတို့အတွက် လိုအပ်သည်မှာ စာသင်ကြားရေးဖြစ် သည်။ အဘစာသင်ပေးမည်ဟု အားလုံးကို အသိပေးလိုက်တော့ ထောင်ပြောင်းလာသူများကော ထောင်ငူထောင်တွင် ရောက် နှင့် နေကြသူများပါ ဆာလောင်နေသော စိတ်အဆာနှင့် တကယ့်လိုအပ်ချက်ကို ရတော့မည်ဟု အားရဝမ်းသာ ဖြစ်ကြ သည်။
အဘဦးတင်အေးလေးသည် မန္တလေးမြို့မကျောင်းထွက်ဖြစ်သည်။ မြို့မကျောင်းထွက်ဆိုကတည်းက ဆရာကြီး ဦးရာဇတ်ကို ပြေး မြင်ကြလိမ့်မည်။ ဟုတ်သည်။ အဘဦးတင်အေးလေးသည် ဆရာကြီးဦးရာဇတ်၏ တပည့်အရင်းဖြစ်သည်။ အမျိုးသား ကျောင်းထွက်တယောက်၏ အင်္ဂလိပ်စာစွမ်းရည်ကို အဘဦးတင်အေးကိုကြည့်ပြီးခန့်မှန်းနှိုင်မည်ထင်သည်။ သူတို့ခေတ်က ကျောင်းမှာ အင်္ဂလိပ်စကားပြောအတွက် သင်ကြားပုံကိုလည်းအဘ မကြာခဏပြောပြတတ်သည်။ မြန်မာစကားပြောမိလျှင် ဒဏ်ပေးပုံကို အဘမကြာခဏ ပြန်ပြန်ပြောပြရင်း ငယ်ဘဝကို အားရပါးရ နှစ်လိုသော စကားတို့ အဘပြောပြခဲ့သည်။ စကား အပြောတွင် ဘိုလို မပြောမိသူသည် ကျောင်းဝင်းတခုလုံးကိုခတ်သော သော့တွဲကြီးကို လွယ်ရသည်။ ထိုသော့တွဲလွယ်ထားသူ သည် တကျောင်းလုံးလှည့်ပတ်သွားရင်း မြန်မာစကားဖြင့် စကားပြောမည့်သူကို လိုက်ရှာရသည်။ ဘိုလိုမပြောပဲ မြန်မာစကား ပြောသူတဦးတွေ့က မိမိပွေ့ယူထားသောသော့တွဲကို ထိုမြန်မာ စကားပြောသူထံ You speak in Burmese. Take the Lock.ဟူပြောပြီး ရော့ အင့်ဟု ထိုးထည့်ပြီး မှ သူပြစ်ဒဏ်မှ လွတ်သည်။ ညနေ ကျောင်းဆင်းချိန်မှာ သော့လက်ထဲရှိတဲ့သူကို ကျောင်းအုပ်ဆရာကြီး ဦးရာဇတ် ရုံးခန်းသို့ သတင်းပို့ရန်ကျောင်းစောင့်ကြီးကလိုက်အော်သည်။
The student who has the lock report to the headmaster office. ထိုသော့နောက်ဆုံးရထားသော ကျောင်းသား က ကျောင်းအုပ်ကြီးရုံးခန်းသွားပြီး သော့ကိုအပ်ရသည်။ ထိုကျောင်းသားကို ဆရာကြီးက အပြစ်ပေးသည်။ ပြီးနောက် တကျောင်းလုံးကို ဆရာကြီးက မင်းတို့ကို အင်္ဂလိပ်စာ သင်ခိုင်း ပြောခိုင်းနေတာ အင်္ဂလိပ်ကို ချစ်လွန်းလို့ လုပ်နေတယ် လို့ မထင်လိုက်ကြနဲ့။ ငါတို့ တနိုင်ငံလုံးကိုကျွန်ပြုထားတဲ့ ဒီအင်္ဂလိပ်တွေလက်ကလွတ်ချင်ရင် သူတို့စာ သူတို့ စကားကို တတ်ထားမှ သူတို့နှင့်ယှဉ်ပြိုင်နိုင်မယ်ဟု ညနေတိုင်း ဆုံးမသည်ကိုလည်း အဘက ကြုံတိုင်း ပြောပြတတ်သည်။ ထိုသည်ပင် အဘအတွက် အပျော်နှင့် ရောမွှေထား သော ပညာရေး ခရီးမှ အမှတ်ရစရာဖြစ်နေသည်။
သူငယ်စဉ်က အင်္ဂလန်နိုင်ငံကို သွားရောက်ရပုံကိုလည်း အဘပြောပြဘူးသည်။ အင်္ဂလိပ် အင်ပါယာ အတွင်းရှိ ကျောင်းသား လေးများကို တနိုင်ငံနှင့်တနိုင်ငံ အလည်ပို့လွှတ်ခြင်းမှာ အချင်းချင်း ချစ်ကြည်ရင်းနှီးရေး အတွက် အကောင်းဆုံး သော လုပ်ဆောင်ချက် အဖြစ် နားလည်လိုက်ရသည်။ ထို ပုံစံမျိုး ယနေ့ခေတ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု အသားကုန် အော်ဟစ်နေမည့်အစား ခလေးဘဝထဲကပင် တပြည်နယ်နှင့်တပြည်နယ် နားလည်မှူပိုမိုရအောင် လုပ်ဆောင်လို့ ရသော အလုပ်တခုအဖြစ် သဘောပေါက်ခဲ့သည်။
(ဒီနေရာမှာစကားစပ်လို့ မိမိ ဥရောပမှာနေတုန်းက ဥရောပ နိုင်ငံအချင်းချင်း ကျောင်းသားများ အပြန်အလှန် လည်းပတ်ကြ သော အဖြစ်နှင့်အမေရိကမှာလည်း တပြည်နယ်နှင့်တပြည်နယ် အပြန်အလှန်ခရီးများ ရှိကြောင်း သိခဲ့ရသည်။)
အဘငယ်စဉ်က လည်ပတ်ခဲ့ရသော အကြောင်းနှင့်တည်းခိုခဲ့ရသော အိမ်မှ အမှတ်ရစရာများကို အသက်အရွယ် ရင့်ရော်တဲ့ အထိ စွဲစွဲမြဲမြဲရှိတုန်း။ မှတ်ဥာဏ် သိုလှောင်ခန်းထဲ မပျက်မစီး သိမ်းဆည်းထားတုန်း ။ဘယ်လောက်တန်ဖိုး ရှိသည် ဆိုတာ ခန့်မှန်းလို့ရမည်ထင်သည်။ ငယ်စဉ်ထဲက သံယောဇဉ်တရားနှင့် မှတ်ဥာဏ်အခန်းထဲ ထည့်သိမ်းစ ပြင်ပ အကြောင်း အရာဖြစ် သည်။ အဘ လည်ပတ်စဉ်က ယခု ဘုရင်မကြီး မှာ သူတို့အရွယ် မတိမ်းမယိမ်း ဆိုတာကိုလည်းအဘ ပြောပြ ဘူးသည်။
အတွေ့အကြုံ များပြားစွာရှိသူတို့နှင့်အတူတူ နေထိုင်ရခိုက် သူတို့ အတွေ့အကြုံကို ကြားနာရခြင်းသည် တကယ့်သက်ရှိ စာအုပ်ကြီးကို ကိုယ့်ရှေ့ လာချပေးသလို ပင်ဖြစ်သည်။
အဘမိသားစု အတွင်း ရာထူးအရာခံကြီးသော မွေးချင်းများသာဖြစ်ကြသည်။ အဘတယောက်သာ ဝန်ထမ်းမဟုတ် သူ။ အဘမှာ ကျန်ညီအကိုများနှင့် ကွဲလွဲစွာ ခေတ်အဆက်ဆက် အစိုးရဆန့်ကျင်သူ ဖြစ်သည်။ ကျောင်းသားဘဝက သူတို့ခေတ် ထောင်အကြောင်းကို ပြောပြမှ ကိုယ်တွေကြားဖူးနေသော ဘီကလပ်ဆိုသော ထောင်ထဲကစနစ်ကို သေချာ သိရသည်။ ထောင်မှအထွက် ဘီကလပ် အခွင့်အရေးမှရသော ထောပတ် ပေါင်မုန့်တို့ကို အပြင်အထိယူ၍ ဗကသ ရုံးမှာ လာသမျှလူစားရန် ထားပေးသည်ဟု အဘကပြောပြသည်။ အဘက ဘီကလပ်တွင် ထောင်ကျဘူးသော ကိုယ်တွေ၏ သမိုင်းသက်သေ လူသားတဦးဖြစ်နေသည်။
အင်္ဂလိပ်စာကျွမ်းကျင်သော အဘ၏အလုပ်သည် တတ်ထားသော ပညာနှင့်လိုက်ဖက်ညီစွာ ရခဲ့သည်ဟု ဆိုရမည်။ သူ့အလုပ် က ဆိုဗီယက်သံရုံတွင် ဘာသာပြန်ရသောအလုပ်ဖြစ်သည်။
အဘ ဘာတွေဘာသာပြန်ရလဲဟုမေးသောအခါ နေ့စဉ်သတင်းစာ တွေထဲက သတင်းတွေကို ဘာသာပြန်ပေးရတယ်ဟု အဘကပြောသည်။ အဘ က မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ကိုအတော်ကျွမ်းကျင်သည်။ တောင်ငူထောင်တွင် ရောက်နှင့်နေပြီးသော သတင်းစာဆရာ ဦးအုန်းကြိုင်သည် အောင်ဝင့်ကလောင်အမည်ဖြင့်တချိန်က ဗိုလ်တထောင်သတင်းစာ မှာ တနင်္ဂနွေနေ့တိုင်း နိုင်ငံတကာဆောင်းပါးများရေးသားသူဖြစ်သည်။ သူရေးသော ဆောင်းပါး များကို လူအများ သဘော ကျ နှစ်ခြိုက်ကြသည်။ ထိုသတင်းစာ ဆရာကြီးကပင် အဘ၏ ဘာသာပြန်ချက်များကို အားကျကြောင်းနှင့် သူ အဘ ဆီမှ ထိုပညာရပ်ကို သင်ကြားလိုကြောင်းပြောကြားသည်ကို တွေ့ရသည်။
ထောင်ထဲမှာ ရေးဖြစ်သောဝတ္ထုတိုလေးကို ဖတ်ရန် အဘဆီသွားပေးထားသည်။ နောက်တနေ့တွင်ထို ဝတ္ထုတိုလေးကို ဘာသာပြန်ပြီး ဖြစ်နေသည်။ မကြာခန ဦးဇင်း လုပ်လေနောက်တပုဒ်လောက် ဟုမကြာခဏ စာရေးဖို့ အဘတိုက်တွန်းသည်။ သူဖတ်ဖို့ထက် ဘာသာပြန်ဖို့ ဖြစ်မည်ထင်သည်။ အဘနှင့် မိမိပိုရင်းနှီးတာ နောက်တချက်ရှိသေးသည်။
“ အဘ အိမ်ထောင်ကျ ဘူးတယ်”
မိမိက အဘကိုတကိုယ်တည်း လူလွတ်ဟု အစကထင်ထားခဲ့သည်။
“ဟဲဟဲ … ဘုန်းကြီးတို့ ဒိုက်ဦးသူဗျ ”
အဘ သူ့ဘဝဇာတ်ကြောင်းထဲက တချို့ကို ပြောပြရင်း မိမိနှင့်အမျိုးစပ်ကာ ပိုခင်မင်ခဲ့တာဖြစ်သည်။
ထောင်ထဲ အဘ စာသင်စက ကျောင်းသားတွေကိုအားလုံး တစုတည်း သင်သည် နောက် သူ့အဆင့်လိုက် ခွဲခြားပြီး အဘ သင်ပေးသည်။ ကိုသားကြီး ကိုဇော်ရဲဝင်း ကိုအောင်ခိုင်မင်းတို့က သီးသန့်တတန်းဖြစ်သည်။ မိမိတို့က တတန်း ။ အဘဆီ စာသင်ရသည်မှာ မစားသာ။ ဖတ်လည်းဖတ်ရသည်။ ရေးလည်းရေးရသည်။ စာသင်အပြီး သူ၏ ချစ်လှစွာသော တူ တော်မောင် အကြောင်း အလွမ်းပြောပြီး အမောဖြေတတ်သည်။
သူ့ တဦးတည်းသော တူတော်မောင်ကို သူအတော်ချစ်သည်။ ခုတော့ သူ့ တူက ဆရာဝန်ဖြစ်နေပေပြီ။ ငယ်စဉ်ထဲက သူ့ လက်ပေါ်ကြီးလာသူ တူ အကြောင်း သူမကြာမကြာပြောပြသည်။ ခလေးလေးထဲက သူ့တူကို အင်္ဂလိပ်စာ စကားပြော သင်ပေး သည်။ သင်ပေးသော အင်္ဂလိပ်စကားလုံးကို နေရာမရွေး ရွတ်ဆိုတတ်တာကို သူပြောပြောပြီး သဘောကျ တတ် သည်။ သန့်စင်ခန်းထဲ ထိုင်ရင်း အဘဆီ လှမ်းလို့
“ဦးကြီး ဦးကြီး Do you eat ? ”ဟု လှမ်းပြောသည်ကို အဘက ရယ်မောစရာအဖြစ်ပြောရင်း သူ့တူဆီသတိရသဖြင့် အလွမ်းတွေနှင့်ပေကျံနေသောစိတ်ကို ဟာသဖြင့် ဆေးချသည်။
အဘ မကြာခဏ ပြောပြောနေသောအကြောင်းအရာကိုသတိရ နေသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် အဘတို့ခေတ် ဖြတ်သန်းမှူအရ လက်ဝဲ ဝါဒသည် အဘတို့ ချစ်ခင်မြတ်နိုးသော နိုင်ငံရေး အယူအဆ ဖြစ်သည်။ သို့သော် ၈၈ နောက်ပိုင်း ဖြစ်ရပ်များကို ကြည့်ပြီး အဘ ပြောစကားများက လက်ဝဲ ဝါဒအပေါ် အမြင်တမျိုး ဖြစ်သွားပုံရသည်။
အဘတို့က တဘဝလုံးပုံ၍ လက်ဝဲဝါဒကို စွဲမက်ခဲ့သူများဖြစ်သည်။ လက်ဝဲဝါဒသည်သာ တကယ့် အဖိနှိပ်ခံ ပြည်သူတွေ ဘက်က ရပ်တည်သောဝါဒ ဟု အသည်းထဲက လက်ခံထားသူများဖြစ်သည်။ ထိုလက်ဝဲဝါဒဖြင့် တိုင်းနိုင်ငံ တည်ထောင် ထားသော တိုင်းပြည်တို့သည်သာ တကယ့် အဖိနှိပ်ခံတို့ဘက်မှ ရပ်တည်ပေးမည့်နိုင်ငံများဟုလည်း လက်ခံထားကြသည်။
သူမျက်စေ့ရှေ့တည့်တည့်မှ၈၈ မြင်ကွင်းများသည် ဖက်ဆစ်လိုအာဏာရှင်ကို တော်လှန်ကြသော ရဟန်းရှင်လူပြည်သူများ ။ ထိုတော်လှန်သူတို့ ဘက်မှ တကယ်ရပ်တည်ခဲ့သူများမှာ အဘတို့ တသက်လုံး စိတ်ချယုံကြည် ထားသော အဖိနှိပ်ခံ တို့ ဘက်တော်သား ထင်မှတ်ထားသူ တိုင်းနိုင်ငံတို့မဟုတ်ခဲ့။ ထိုနိုင်ငံတို့သည် နင်းပြား ပြည်သူဘက်မှ မပါတဲ့အပြင် ဖိနှိပ်သူ များကိုပင် အကာကွယ်ပေးသော တိုင်းပြည်တို့ဖြစ်နေသည်။ သူ ရွံမုန်းသူသော တိုင်းနိုင်ငံတို့က တကယ့်ပြည်သူတွေ တောင်းဆိုသည်ကို လိုလားထောက်ခံ အားပေးနေတာကိုသူမြင်တွေ့နေရသည်။ ဒီ အဖြစ်ကို အဘ ရင်နာနာ မကြာခဏ ပြောနေသော အကြောင်းအရာဖြစ်သည်။
အဘ အင်္ဂလိပ်စာကို အထူးကျွမ်းကျင်သလို သီချင်းဆိုသည်ကပင် ဘိုသီချင်းဖြစ်သည်။ ဤဆောင်းပါးအစမှာ ပြောခဲ့သည့်အတိုင်း အဘ မကြာခဏ ဆိုတတ်သော သီချင်းမှာ .. River of No return ဖြစ်သည်။ ဒီသီချင်း မှာ တောင်ငူထောင်ထဲတွင် အမှတ်ရစရာ ဇာတ်လမ်းတခုရှိခဲ့ ဘူးသည်။
တောင်ငူထောင်သည် ထောင်ပိုင်သဘောကောင်းသော အစပိုင်း ကာလာများက တိုက်တခုနှင့်တခု သွားရောက်လည်ပတ်၍ ရသည်။ အဘနှင့် ပဲခူး ၉လေးလုံးအမှူတွဲမှ ဦးအေးဆွေတို့နှစ်ယောက်သား အဘတို့ နေထိုင်ရာ လေးတိုက်မှ တစ်တိုက်သို့ လာရောက်လည်ပတ် ကြသည်။ အဘတို့အပြန် မိုးသည် သဲကြီး မဲကြီး ရွာချသည်။ ထောင်တခုလုံး၏ ရေထွက်ပေါက်သည် တစ်တိုက် ရှေ့မှ ဖြတ်သန်းသွားသည်။ မိုးရွာခြင်းအတူ တထောင်လုံးမှ ရေများသည် တစ်တိုက် ရှေ့မြောင်းထဲ ပြည့်လျှံ ကုန်သည်။
မိုးကများသဖြင့်ရေက လျှံမြဲလျှံလျှက်ရှိသည်။ အချိန်တန် တန်း ပိတ်ဖို့နီးသော်လည်း မိုးကမရပ်သေး။ ရေကတိုးတိုးလာ။ တစ်တိုက်သို့ အလည်လွန်သူ အဘတို့နှစ်ယောက် မူလနေထိုင်ရာ လေးတိုက်သို့ မပြန်လို့မဖြစ် ပြန်ရတော့သည်။ ဒီတော့ ရေလျှံနေသည့် မြောင်းဘေးမှ ကပ်ပြီး သူတို့လေးတိုက်ကိုပြန်ကြသည်။ အဘက မိုးအေးအေးမှာ River of No return ကို ညည်းလျှက် အဘနောက်မှာ လူပျော်ကြီး ဦးအေးဆွေမှာ အဘနောက်မှ တေးတကြော်ကြော်ဟစ်ရင်းပြန်ကြသည်။ ဒီတွင်ရေးမြောင်းနဘေးစမ်းစမ်းနှင့် လာသောအဘတို့နှစ်ယောက် ရေမြောင်းထဲ ပြုတ်ကျကုန်သည်။ ရေက အဘတို့ တရပ်ကျော်နေသည်။ အားလုံး အမြန် ဆွဲတင် ကြရသည်။
တေးသီချင်းသံနှင့်အတူ အဘတို့အဖြစ်ကို မကြာခဏ ပြန် ပြောရင်း ထောင်တွင်း ပြောစမှတ် တခုဖြစ်ခဲ့သည်။
အဘတို့ ကျောင်းသားသမိုင်းစာအုပ်ကြောင့် ထောင်ကျကြသူများ ဦးဇင်းတို့ထက်စောစွာ အပြင်လောက ပြန်ရောက် သွားကြသည်။ ကိုယ်တွေ ၂၀၀၉ခု ထောင်မှ လွတ်ခါနီးလေးမှာ သူမြင်တွေ့လိုသော အဖိနှိပ်ခံတို့ လွတ်မြောက်ရေး ခရီး မပြီးဆုံးခင် အဘ တယောက် သမိုင်း တခုလုံးကို ကျောခိုင်းပြီး လောကကြီးမှ ထွက်ခွါသွားလေပြီ။ ထောင်တွင်း အတူတူ နေခဲ့သူတွေထဲက လောကကြီးကို စွန့်ခွါသူတွေ၏ ရုပ်ပုံလွှာကို ရေးနေစဉ် မပါမဖြစ် ပါရမည့်သူတွေထဲ အဘ အကြောင်းကို ထည့်ရမည်ဟု အသိစိတ်က နိုးဆော်နေသည်မှာ ကြာပြီ ။ ထိုနိုးဆော်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်းအခုတော့ အကောင်အထည်ပေါ်သွားလေပြီ။ ခုလောက်ဆို အဘတယောက်တမလွန်မှ သူသင်ပြပေးသောစာတွေ၏ အသုံးဝင် ပုံကိုကြည့်ပြီး ကျေနပ်နေမည်ထင်သည်။ အဘလိုလူတယောက်သည် သူခေတ်အတွင်း မတရားခံနေရသူများ အတွက် ပေးဆပ်ရခြင်းကို မဖြစ်မနေ ထမ်းဆောင်ရမည့် လူသားတာဝန်ဟု လက်ခံထားသူဖြစ်သည်။ ဒီတော့ သူလို စိတ်ဓာတ်ရှိသော လူမျိုးကို ရာဇဝင်ထဲမှာသာ သော့ခတ်ထားခဲ့၍မဖြစ် ။ တခေတ်တခါက လူသားတို့ အပေါ် တာဝန် ကျေခဲ့ကြသူများ ရှိကြောင်း နှောင်းခေတ်လူသားတိုင်းကို သိစေဖို့ ကိုယ်နိုင်သမျှအားနှင့် နိုးဆော် ရဦးမည် ဖြစ်သည်။
Sunday, February 14, 2016
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အမှတ်ရမိသော ရှေ့နေကြီးတယောက်အကြောင်း
February 14, 2016
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – အမှတ်ရမိသော ရှေ့နေကြီးတယောက်အကြောင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
တောင်ငူ ထောင်ကို ထောင်ပြောင်းတော့ ကားပေါ်မှာ မျက်နှာသိ ဆိုလို့ နှစ်ယောက်သာပါသည်။ သာယာဝတီမှ အင်းစိန်ကို ပြောင်းလာသည့်ရက်က ၁၉၉၉ခုဇူလိုင် ၂၂ရက် ။ အခု တောင်ငူကို ပြောင်းရတော့ သက္ကရာဇ် ၂၀၀၀ပြည့် ဇန်နဝါရီ ၂၂ ။ ၆လ တိတိ အင်းစိန် အကျဉ်းထောင်မှာနေလိုက်ရသည်။ ခြောက်လအတွင်း မကြာခဏ ဆုံဖြစ်သူက ဦးခင်မောင်ငြိမ်းဖြစ်သည်။ သူကရှေ့နေ။ သူနှင့်ကိုယ် အင်းစိန်လို တကယ့်အကျဉ်းအကျပ်ထဲ ဆုံကြသည့်နေရာက ဆေးခန်းမှာ။ ဆရာဝန်ဆေးမှူးတွေ ဆီ ကိုယ့်အလှည့်မရောက်ခင် မိတ်ဆက်ရင်း ရင်းနှီးခဲ့ကြခြင်းဖြစ်သည်။
ကားပေါ်ပါလာသူ ၁၉ ယောက်ထဲ သိရှိ ရင်းနှီးသူ နောက်တယောက်ကတော့ ကိုစိုးလွင်ဖြစ်သည်။ သူကပုဇွန်တောင်သား ။ သူ့ကိုကတော့ ထောင်ပြောင်းမည့် ည ၂ နာရှိထိုး မိန်းဂျေလ်မှာ လူစုတုန်း ပြန်ဆုံကြခြင်းဖြစ်သည်။ ထောင်ထဲ စရောက်ခဲ့သည့် ၁၉၉၃ခုနှစ် အင်းစိန် သီးသန့်ထောင် စရောက် ထဲက ကိုယ့်အရင်ရောက်နှင့်နေသော ကိုစိုးလွင်မှာ လူသစ် မိမိတို့ကို ထောင်ထဲနေနည်း၊ စားနည်းကအစ လက်ဆင့် ကမ်းခဲ့သော ကျေးဇူးရှိသူဖြစ်သည်။ ထောင်ပြောင်းမည့်ညမှာမှ မထင်မှတ်ပဲ သူ့ကို ပြန်တွေ့ခြင်းဖြစ်သည်။ ကိုယ်က သူ အပြင်လောကမှာ အဆင်ပြေနေလောက်ပြီ အေးဆေးနေပြီဟု ထင်ထားခဲ့သည်။ ထင်တာမှားသည်။ သူနောက်တမှု ဖြင့် ပြန်ရောက်နေတာကို ကိုယ်က မသိရှိခဲ့။ ထောင်ဆိုတာက မရောက်ဖူးသူတွေက ကြောက်စရာအဖြစ် လန့်ကြသော်လည်း ထောင်ထဲနေခဲ့ဘူးသူအဖို့ ဘာမှ မထူးဆန်းသော နေရာတခု ဖြစ်နေသည်။ ကိုယ်က ထောင်ပြန်ကျရန် တမင်ပြုလုပ်ခြင်း မဟုတ်သော်လည်း အတူနေခဲ့သူတွေ၏အလုပ်ကို တခုခုကူညီရင်း ပြန်အမှူတွဲပြီး ဒုတိယအကြိမ် တချို့လည်း တတိယအကြိမ် ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။
အခုကိုစိုးလွင်က ဒုတိယအကြိမ်။ ပြန်ဆုံတော့ သူက ကိုယ့်ကို လူနှင့် နာမည် မတွဲ စပ်မိ။ ကိုယ့်ကို လက်ညှိုးထိုးပြီး “သူ့ကို ကျနော် တရင်းတနှီးကို သိတယ်ဗျာ” ဟု စကားစရင်း သူနှင့်ကိုယ်၏ ထောင်တွင်း ကြုံဆုံခဲ့ရပုံကို စိတ်ထွင်မက နှုတ်ပါဖွင့်ဟပြီး အတိတ်ကို ခြေရာကောက်သည်။ ကိုယ်ကတော့ တွေ့တွေ့ခြင်း သူကိုမှတ်မိနေသည်။ “ဟာ … ဟေ့ကောင် စိုးလွင် ဘာအမှုလဲ”ဟု နာမည်ကိုပါတွဲ ခေါ်တော့ သူ မမှတ်မိသူမှာ ထောင်ထဲမှာ အတူနေခဲ့သူအဖြစ် သေချာကြောင်းကိုတော့ သူ ကောက်ချက်ချပြီး ဖြစ်မည်။ ဒီလိုပဲ စကားပြောရင်း သူအကုန် ပြန်မှတ်မိသွားသည်။ ၉၃က အတူတူနေခဲ့သူများ၏နာမည်ကို ရေရွတ်ရင်း ဒုတိယအကြိမ် ပြန်ရောက်တော့ ပြန်တွေ့ဆုံသူတို့ကို ပြောပြနေသည်။ ကိုယ်နှင့်ခင်မင်ရင်းနှီးပြီးသား ဦးခင်မောင်ငြိမ်းမှာ သူ၏နောက်မှု အမှုတွဲ ဖြစ်ကြောင်းသိရပြန်တော့ သူတို့အမှုအကြောင်းပါ ကို သိလိုက်ရပြန်သည်။
တောင်ငူထောင်ကို ပြောင်းတော့ ကားနှစ်စီး။ တစီးမှာ ၅ညများသာဖြစ်ပြီး တစီးမှာ ထောင်နှစ်ရှည်က အခြားအမှူများ ဖြစ်ကြ သည်။ ကားပေါ်ရောက်မှ ကိုစိုးလွင်တို့ ဦးခင်မောင်ငြိမ်းတို့ နှင့်အတူတူ အမှုတွဲ အဘနှ စ်ယောက်ပါပါလာသည်။ အဘနှစ်ယောက်လုံး လူနှစ်ယောက်ကို နာမည်က တခုတည်း။ အဘနှစ်ယောက်လုံးအမည်မှာ ဦးတင်အေးဖြစ်သည်။ ဗကသ သမိုင်းကို ပြန်လည်ပြောပြမှုဖြင့် ထောင်အချခံသူများဖြစ်သည်။ ခါးကိုင်းကိုင်း အဘဦးတင်အေးမှာ တကသ ဥက္ကဌ ဖြစ်ခဲ့ဘူးသူဖြစ်ပြီး နောက်ဦးတင်အေးတယောက်မှာ တကသ အတွင်းရေးမှူးဟောင်းဖြစ်သည်။ သူတို့ က အမှုတွဲ၊ လေးယောက် တထောင်တည်း အတူတူ ။
နောက်လူများမှာ ကိုဇော်ရဲဝင်း ကိုကျော်ဝေစိုးနှင့် ကိုညီထွေးခေါ် စန်းဇော်ထွေး ကျော်အေးနိုင် တို့ ဖြစ်သည်။ သူတို့က တစု။ နောက် ၉လေးလုံး အမှုတွဲများ။ ပဲခူးသားလူငယ်လေးများအများစု ဖြစ်သည်။
ကိုယ့် အမှူတွဲအလိုက် စကားတွတ်ထိုးကြရင်း ကိုယ်ကလည်း ကိုယ်နှင့် သိပြီးသား ကိုစိုးလွင် ၊ ဦးခင်မောင်ငြိမ်းတို့နှင့် စကားတွေ ပြောလာကြသည်။ ထူးခြားသည်က အခြားအမှု နှင့် ထောင်ကျများကိုတင်ဆောင်လာသော ကားတွင် ဘယ်လို တပ်ဆင်ထားသည် မသိရသော်လည်း မိမိတို့ကားတွင်တော့ သီချင်းကို အကျယ်ကြီး ဖွင့်ပေးထားသည်။ သီချင်းကို ဖွင့်ပေးထားသော်လည်း ကားအိတ်ဇော မီးခိုးတွေက အလျှံပယ် ကားထဲ ဝင်နေသည်။ အဘဦးတင်အေး နှစ်ယောက်လုံးမှာ ဦးခင်မောင်ငြိမ်းလို ရှေ့နေများပင် ဖြစ်ကြသည် ။ အရွယ်ကြီးရင့်ပြီး ခါးပင်ကိုင်းနေပြီဖြစ်သော အဘဦးတင်အေးမှာ အများသူငါလိုမထိုင်နှိုင် ကားဘီးအပို ထပ်တင်ထားသည့်နေရာတွင် ဦးခင်မောင်ငြိမ်းနှင့်အတူ ထိုင်ကြရသည်။ ကားအိတ်ဇောမှထွက်သော မီးခိုးက သူတို့နှစ်ယောက် တည့်တည့် မှ ကားထဲကိုဝင်နေသည်။
ဦးခင်မောင်ငြိမ်း မှာ ရောဂါစုံသည်။ သူ့ဆီမှာ အဓီကက ဆီးချိုရောဂါဖြစ်သည်။ ခရီးလမ်း အပင်ပမ်းနှင့်ရောဂါ နှစ်ခုလုံးကို ခံစားရင်း လိုက်ပါလာခြင်းဖြစ်သည်။ ကားပေါ်တွင်ပါလာသော ကျောင်းသားလူငယ်လေးများမှာ ကား မှဖွင့်ထားသော တေးသီချင်းကို လိုက်ပါသီဆိုရင်း ခရီးလမ်းတလျှောက် ထောင်ပြောင်းတာနှင့်မတူအပျော်ခရီးတခုကိုထွက်လာကြသလို ဖြစ်နေတော့သည်။ ဒီတော့လည်း သူ၏ရောဂါတွေကို မေ့လျှော့သွားဟန်ရှိသည်။ ပဲခူးရောက်တော့ ပဲခူးမှ လူငယ်လေးများက ပဲခူးမှ ထင်ရှားသောသူတို့၏ စားသောက်ဆိုင်နာမည်ကို တပ်ပြီး “အဲ့ဒီစားသောက်ဆိုင်ကို သွားပြောပေးပါ။ မင်းမင်းစိုး တောင်ငူကို ထောင်ပြောင်းသွားပြီ” လို့. ဝိုင်းအော်ကြသည်။
ဒီလိုနှင့်ကားက ဒိုက်ဦးကိုရောက်လာသည်။ ကောလိယချောင်းတံတား ပြင်နေချိန်မို့ ကားကဖြေးဖြေးလေးမောင်းလာသည်။ ဘေးမှ ရပ်ကြည့်နေသော ဆိုက်ကားဆရာများကို “စိန်ပန်းကျောင်းကို သွားပြောပေးပါ။ ဦးဇဝန တောင်ငူထောင်ကို ပြောင်း သွားပြီ” လို့..ကိုယ်က စအော်တော့ ကျန် တကားလုံးမှလည်း သံပြိုင်ဝိုင်းအော်ပေးကြပြန်သည်။
ဖြူးရောက်တော့လည်း ဒီလိုတခါ အော်ကြပြန်သည်။ ဖြူးသားကိုမြင့်ဦးမှာ လဝက မှာ ဝန်ထမ်းလုပ်ဖူးသူ ဖြစ်သောကြောင့် ဖြူးမှ လူတော်တော်များများကိုသိနေသည်။
တောင်ငူထောင်ရောက်တော့ ကားပေါ်ပါလာသူများမှာ မီးသွေး အိတ်ထမ်းပြီး ပြန်လာကြသူများလို မဲတူးနေကြသည်။ အထူးသဖြင့် ကားအိတ်ဇော မီးခိုးငွေ့တဲ့တဲ့ နေသောဦးတင်အေးနှင့် ဦးခင်မောင်ငြိမ်းမှာ အဆိုးဆုံးဖြစ်သည်။ ခရီးစဉ် တလျှောက်ရော နောက်နေထိုင်ခဲ့စဉ် ထူးခြားသော ဖြစ်ရပ်များကြောင့်လည်း အားလုံးထဲမှာ ဦးခင်မောင်ငြိမ်းက ပို အမှတ်ရ စရာ လူဖြစ်ခဲ့သည်။ ရောက်စက ဦးခင်မောင်ငြိမ်းဟုသာ အားလုံးကခေါ်ကြသော်လည်း အနေကြာလာသောအခါ ခင်မင် စရာ အမှတ်ရစရာတွေ လေးစားစရာတွေကြောင့် လူငယ်အများကကောရွယ်တူများကပါ သူ့ကို ဦးငြိမ်း။ အသက်ကြီးသူများက လည်း ကိုငြိမ်းဟုခေါ်လာကြသည်။
(မိမိတို့ ကားပေါ်မှ အော်ဟစ်အကူညီတောင်းမှူကြောင့် နောက်နေ့ အိမ်တွေမှ ချက်ခြင်း လိုက်လာနှိုင်ကြသည်။ ကြားသိသူများကလည်း ပြောခိုင်းသောနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားပြောပေးကြသည်။ မိမိအတွက် အော်ပြောခဲ့သော စိန်ပန်းကျောင်းသို့ ဆိုက်ကားဆရာများတန်းစီ ချီတက်ပြီး ဘုန်းကြီးကျောင်းကို သွားပြောပေး သည်ဟု ဆိုသည်။ )
တောင်ငူထောင်က ၂၀၀၀ခုနှစ် မိမိတို့ရောက်ချိန်တွင် တနိုင်ငံလုံးရှိထောင်များထဲတွင် အလွတ်လပ်ဆုံးထောင်ဟု ပြောရမည်။ ထောင်ပိုင်ကြီးသည် နိုင်ငံရေးအမှုများကို အသက်သာဆုံးသော နေထိုင်ခွင့်ကိုပေးထားသလို အဆောင်ရှိ ကျန်ထောင်ကျများ ကိုလည်း နှိပ်ကွပ်ခြင်းမရှိ။ လူစိတ်ရှိသော ထောင်ပိုင်ကြီးဟုပင် ဆိုရမည်။
ထောင်မှာ နေရာချပေးတော့ ကိုယ်နှင့်အဆင်ပြေသူ များသာ စိတ်ကြိုက် ကိုယ့်ဘာသာ တွဲပြီးနေကြရန် ထောင်က ပြော သည်။ ဒီလို အခွင့်အရေးမျိုး မြန်မာပြည် ဘယ်လိုထောင်မှာမှ ရမည်မဟုတ်။
ထောင်မှ သဘောကောင်းသလိုမျိုး ထောင်ဆရာဝန်ကလည်း ကောင်းသည်ဟုပင်ဆိုရမည်။ နောက်နေ့မနက်တွင် ထောင် ဆရာဝန်မှ စားပွဲ တလုံးဖြင့် မိမိတို့ထားရာ လေးတိုက် ရှေ့မှာ လာရောက်ပြီး တယောက်ချင်းကို ရောဂါတွေကို လာစစ် ပေးသည်။ ဒီမှာ အမှတ်ရစရာ အကောင်းဆုံးလူတယောက် ကို ပြောပါဆိုလျှင် ဦးခင်မောင်ငြိမ်းကို ပြောရပေမည်။ သူ့ဆီမှာက ရောဂါစုံသည်။ ဆရာဝန်မှညွှန်းထားသောဆေးမှန်သမျှအစုံ သူ့ထံတွင်ပါလာသည်။ ထိုဆေးများ အားလုံးကို ပလစတစ် အခင်းပေါ်တွင် ဖြန့်ခင်းပြီး ဆရာဝန်ကို တခုစီပြသည်။ ဆရာဝန်လည်း ခေါင်းတော်တော်စားသွားဟန်ရှိသည်။ သတင်းစာ ရှင်းလင်းပွဲတခုအလား သူက သူ့ဆေးနှင့်သူ့ရောဂါတွေအကြောင်းကို ရှေ့နေပီပီ စီကာပတ်ကုံးပြောနေသည်။
အိုင်စီအာစီ ထောင်ထဲဝင်ပြီးနောက်ပိုင်း ထောင်တိုင်းတွင် စာဖတ်ခွင့်ကို တရားဝင်ရသွားပြီဖြစ်သည်။ စာအုပ် အများဆုံးသွင်းသူ မှာ ဦးခင်မောင်ငြိမ်းပင်ဖြစ်သည်။ သူက စာအစုံဖတ်သလို တရားထိုင်နည်းများကိုလည်း အစုံသိနေသည်။ မဟာသရဏ ဂုံတော်ကြီး ဘုရားရှိခိုးကို နေ့စဉ် ဝတ်မပျက် ရှိခိုးသည်။ ဘာသာရေးအကြောင်းတွေကိုလည်း ကျကျနန သိချင် သည်။ သူမရှင်းလင်းသည်များကို မကြာခဏ လာမေးတတ်သည်။
သူ၏ကျန်းမာရေးက လေ့ကျင့်ခန်းများများလုပ်ရမည်ဖြစ်သည်။ ဆီးချိုကျဖို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းအဖြစ် ထောင်ပတ်လမ်းတလျှောက် မနက်တိုင်း သူ ပြေးသည်။ တောင်ငူထောင်သည် အထူးလွတ်လပ်နေသောအချိန်ဖြစ်သည်။ တိုက်မှ ၅ညများသာမက အဆောင်မှ အမှုစုံတို့သည်လည်း ထောင်ပတ်လမ်းကို လှည့်ပတ် လမ်းလျှောက်ကြသည်ကို ထောင်က ဘာမှလာပြီး မတားမြစ်။ ဦးခင်မောင်ငြိမ်း လေ့ကျင့်ခန်းလုပ်ဟန်က လူတိုင်း အာရုံစိုက်စရာဟန်ဖြစ်သည်။ ပြေးသည်ဆိုသော်လည်း သွက်သွက် ပြေးခြင်းမဟုတ်။ ရုပ်ရှင်တွေထဲကလို စလိုးမိုးရှင်းဟန်ဖြစ်နေသည်။ အဆောင်မှ လူများပါ လမ်းလျှောက်ချိန် မို့ အားလုံးကို သူ့ပြေးဟန်ကို ငေးကြည့်ကြသည်။ ဒီတွင် အဆောင်မှ လူနောက်တယောက်က ဦးခင်မောင်ငြိမ်ဟန်အတိုင်း သူ့နောက်က လိုက်ပြေးသည်။ သူတို့နှစ်ယောက်ဟန်က အားလုံး ရယ်စရာအသွင်ဖြစ်နေသည်။ ပထမတော့ ထိုလူနောက် တယောက်ထဲသာ နောက်ကလိုက်ပြေးနေသော်လည်း တခဏအကြာမှာ လေးငါးဆယ်ယောက် ဖြစ်လာသည်။ အားလုံး စလိုးမိုးရှင်းဖြင့် တအုပ်ကြီး ထောင်ပတ်လမ်းမှာ။ ပြေးနေသူလူအားလုံးကိုမြင်သူများက မပြုံးပဲ နေနိုင် သူ ရှိမည် မထင်။
ဦးခင်မောင်ငြိမ်းကို အထူးအမှတ်ရစေသော အမူအရာတခုကိုပြောပါဆိုလျှင် ဒေါသတကြီး အော်တတ်သော အမူအရာ ဖြစ်သည်။ သူ၏အမူအကျင့်ကို သူ မသိမဟုတ် သိပြီးဖြစ်သည်။ တခါခါ သူ၏ အမူအရာကို ရယ်စရာအဖြစ် ပြောပြ တတ်သည်။ ရှေ့နေဆိုတော့ မျက်လုံပြူးပြီး အသံကျယ်ကျယ် နဲ့ ပြန်အော်ရတယ် .ဒါမှ တဖက်က အသံကြားရုံနှင့် နောက်ဆုတ်သွားတတ်လို့ ဒီအကျင့်ကိုမဖျောက်ပဲ တမင် ထိမ်းထားတာဟု ရယ်စရာလုပ်ပြောတတ်သည်။
ရှေ့နေပီပီ စကားတတ်သောနောက်ကိစ္စတခုကိုလည်း သူ့အတွက်အမှတ်ရနေသေးသည်။ ထိုကိစ္စကတခြားမဟုတ်။ သူ စိတ်တိုလွယ်တတ်သော အဖြစ်ကို ဝေဖန်တုန်းက သူပြန်ပြောသောစကားဖြစ်သည်။ “ဦးငြိမ်း လောက် တရားအားထုတ်တာ တရားရွတ်တာ ဒီတိုက်မှာ ဘယ်သူမှမရှိဘူး၊ ဒါပေမယ့်ဘယ်လောက်ပဲ တရားအားထုတ်ထုတ် ဦးငြိမ်းက စိတ်တိုတတ်ဆုံးပဲ” လို့ ဝေဖန်သောအခါ “ဒီလောက်တရားအားထုတ်လို့ ဒီလောက်ပဲစိတ်တိုတာ ။ တရားသာအား မထုတ်ရင် ဒီထက်ပိုဆိုးမှာဗျ ၊ ဒီထက်ပိုဆိုးမှာ ၊ သိရဲ့လား” ဟု ပြောရင်း “ဒါ … တရားအားထုတ်တဲ့အတွက် တရားကို ကျေးဇူးတင်ရမယ်” လို့ ပြန်ပြောတတ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် စာစုံအောင်ဖတ်ထားသော ဦးငြိမ်းဆီမှ မှတ်သားစရာစကားများလည်း ကြားရတတ်သည်။ ခေတ်စနစ်ဆိုး အတွင်း မတရားထောင်ကျ ခံရသူများကြောင့် “ဒီနိုင်ငံမှာ ဥပဒေဆိုတာ မရှိပါဘူးဗျာ”ဟု ပြောလာသူတိုင်းကို “ဥပဒေမရှိတာ မဟုတ်ဘူးဗျ၊ ဥပဒေအတိုင်း မလုပ်တာ”ဟု သူပြန်ပြောတတ်တာကို အမှတ်ရနေသေးသည်။
သူထောင်ဝင်စာလာပြီးတိုင်း တိုက်ထဲမှ လူတော်တော်များများကိုသူ့အခန်းခေါ်ပြီး ကော်ဖီတိုက်တတ်သည်။ အစပထမက သူကိုယ်တိုင်ဖျော်တိုက်သည်။ သူကဆီချိုသမားဖြစ်တော့ သကြားကို ပါလေဟန်နဲနဲသာထည့်သည်။ တိုက်မှ လူငယ်များက “ဦးငြိမ်း ကော်ဖီကလည်း အကန်းမျက်ရည်ကြနေတာပဲ” ဟု မကြားတကြားပြောတာ သူသိသွားဟန်ရှိသည်။ နောက်ဆို ကော်ဖီ တိုက်တိုင်း နို့မှူန့်ဗူးသကြားဗူးချထားပေးပြီး “စိတ်ကြိုက်ထည့်သောက်နော်” ဟု သူကပြောသောအခါ အားလုံးက ကိုယ်စီပြုံးမိ ကြသည်။
ထောင်ဆိုတာကလည်း အမြဲတမ်း ငြိမ်းချမ်းနေသည်မဟုတ်။ အာဏာပါဝါပြသောထောင်ပိုင်များလက်ထက်တွင် စိတ်ဆင်းရဲ စရာများပြည့်နှက်နေတတ်သည်။ စရောက်ခါစထောင်ပိုင် ကောင်းသော်လည်းနောက်ထောင်ပိုင်များလက်ထက်တွင် အခြေနေ အဆိုးကို ရင်ဆိုင်ခဲ့ကြရသည်။ တယောက်နှင့်တယောက်တွေ့ခွင့်မရတော့ ။ တိုက်တွေကွဲကုန်သည်။ တယောက်တနေရာ။ ဒီလိုအခြေနေမျိုးမှာပင် ဦးငြိမ်းစာဖတ်မပျက် ။ အသိပညာကို လိုလိုလားလား ရှာဖွေမြဲ ရှာဖွေသည်။ တခါက စိတ်ချရသော ဝန်ထမ်းနှင့် စာတိုလေးတစောင် ဦးငြိမ်းဆီက ရောက်လာသည်။ “ဦးဇင်း အဓိကရုဏ်းလေးပါး ကို သမထ(၇)ပါး နှင့် ငြိမ်းအေး ရမယ်လို့ တပည့်တော် ဖတ်နေတဲ့အထဲ ပါတာ နားမလည်လို့ ရှင်းပြပေးပါ” ဆိုသောစာတိုလေးဖြစ်သည်။
ရဟန်းတော်တွေအတွက် ပညတ်ထားသောဝိနည်းတွေအကြောင်း သူဖတ်မိပုံရသည်။ သူကို တခုချင်းစီကို အသေးစိတ် ရှင်းပြ လိုက်ပြသည့်စာတစောင် ရေးပို့လိုက်သည်။ သူအတော်ကျေနပ်ကြောင်း ကျေူးဇူးတင်ကြောင်း ပြန်လာသည်။
ဦးငြိမ်း တို့က ကိုယ့်ထက် အရင်ထောင်က လွတ်သွားကြသည်။ မိမိအပြင်လောကရောက်တော့ တွေ့ချင်သူများကို တဦးချင်း နာမည်တပ်ပြီး အသိမိတ်ဆွေတွေကို လိုက်ပို့ခိုင်းသည်။ သို့သော်လည်း ကိုယ်တွေ့ချင်သော ဦးငြိမ်းတယောက် လောက ကြီးတွင် မရှိတော့။ မျိုးစုံသောသူ့ရောဂါများက လောကဓံငရဲသားတယောက်ကို အမြန်ဆုံး ခေါ်ယူဖို့ အခွင့်အရေးရသွားသည်။
အရာရာကို သိချင်စိတ် ပြင်းပြစွာ ဗဟုသုတဆာလောင်သော ဦးငြိမ်း ယနေ့လိုခေတ်တွင် ကိုယ်လိုချင်သည့် အကြောင်း အရာကို စာရိုက်ထည့်လိုက်ရုံနှင့် ပေါ်လာသော အင်တာနက်ခေတ်ကြီးကိုသူကျကျနန မြင်ခွင့်ရမသွားခဲ့။ တမလွန် မှာ ဆန်းပြားသော အွန်လိုင်းပေါ်က သိချင်တာတွေကို ဆက်လက်ရှာဖွေနေမည်လားတော့မသိ။ စိတ်တိုတတ်သော်လည်း စိတ်ကောင်းရှိသော တရားနှင့်မပြတ်သော ဦးငြိမ်းတယောက် ကောင်းရာဘုံဘဝရောက်နေမှာကတော့သေချာပါသည်။
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
Friday, February 12, 2016
မိတ်အင်နက်မောက်
“ မိတ်အင် နက်မောက် ”
မွေးကတည်းကသာ
တော်လှန်မယ့်ကောင်မှန်းသိခဲ့ရင်
ဒီအမှတ်တံဆိပ်ကို စောစောစီးစီး
မျက်နှာဖြူတွေဖြုတ်ချထားမှာသေချာတယ် ။
ခုတော့သူတို့သင်ပေးတဲ့ ပညာနဲ့
ဗျူရိုကရေစီယန္တယားကြား အညှပ်မခံတဲ့အသားစက
ဒီလို “ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေမယ်” ဟစ်ကြွေးခဲ့တာ
ဘယ်လောက်သွေးပျက်ဖို့ကောင်းသလည်း ။
လူကြီးလည်းမဟုတ် လူငယ်လည်းမဟုတ်
၃၂ နှစ်သားလောက်နဲ့
နယ်ချဲ့ရင်ဘတ်ထဲထိုးခွင်းလိုက်တဲ့မြား
တဆတ်ဆတ်ခါသွားအောင်
ဒီလိုပြတ်ပြတ်သားသား သူလိုလူကလွဲလို့
ဘယ်သူမှမပြောရဲခဲ့ဘူး ။
တို့နိုင်ငံရဲ့လွတ်လပ်ရေး
တို့နိုင်ငံရဲ့အမျိုးသားရေး
အရေးမှန်သမျှ သူကိုယ်လုံးထဲလောင်းထည့်ထားပြီး
လူတကာမအိပ်နိုင်တဲ့ ကြမ်းပိုးများနဲ့အိပ်ယာပေါ်
ကျေကျေနပ်နပ်ကြီး ကျောချ
မက်မက်စက်စက်အိပ်ပြခဲ့တယ် ။
အခန်းတိုင်းရဲ့ ထောင့်ကွေးတွေမှာ လွတ်လပ်ရေးအကြောင်းတွေးတယ်
ထိုင်ခုံပေါ်ထိုင်နေတဲ့အခါမှာလည်း လွတ်လပ်ရေးအကြောင်းတွေးတယ်
ထမင်းစားနေတော့လည်း လွတ်လပ်ရေးအကြောင်းတွေးတယ်
လမ်းလျောက်နေတဲ့အခါမှာလည်း လွတ်လပ်ရေးအကြောင်းတွေးတယ်
အိပ်စက်နေချိန်တောင် တော်ဝင်နန်းတော်ကြီးဖန်ဆင်း
မုဒ်ဦးရဲ့အ၀င်ဝမှာ လွတ်လပ်ရေးဆိုတဲ့ စကားလုံးကိုချိတ်ဆွဲ
သူ့ကိုယ်က သွေးတွေကိုများ ဖေါက်ထုတ်ပြီး ပက်ဖြန်းနေဦးမလား ။
သူဘာလိုချင်လည်းဆို
လွတ်လပ်ရေး
သူဘာဆာလောင်သလည်းဆို
လွတ်လပ်ရေး
သူဘာစားမလည်းဆို
လွတ်လပ်ရေး
သူဘာသောက်မလည်းဆို
လွတ်လပ်ရေး
သူဘာဝတ်မလည်းဆို
လွတ်လပ်ရေး
ဒီအရေးထက် တစ်ပြားမှခွာစရာမရှိအောင်
မွဲတယ် ။
ဘယ်လောက်မွဲသလည်းဆို
အိန္ဒိယခဏအနားမှာ နေရူးက ကုတ်အင်္ကျီဝယ်ပေးရတာကြည့်
အဲ့ဒါကျုပ်တို့ခေါင်းဆောင်
ကျုပ်တို့လိုက်မမှီ မမှီလိုက်တဲ့
ကျုပ်တို့ရဲ့ ထာဝရခေါင်းဆောင်
ဘယ်ခေတ်မှာမှ အစားထိုးခွင့်မရှိတဲ့
ကျုပ်တို့ရဲ့ထာဝရခေါင်းဆောင်
ဘယ်ကာလမှာမှ အလဲထိုးခွင့်မရှိတဲ့
ကျုပ်တို့ရဲ့ ထာဝရခေါင်းဆောင်
ဘယ်လိုရိုးသားမှုကိုမှ ပြင်ဆင်ခွင့်မရှိတဲ့
ကျုပ်တို့ရဲ ထာဝရခေါင်းဆောင်
ဘယ်လိုစွန့်လွတ်မှုကိုမှ ပြောင်းလဲခွင့်မရှိတဲ့
ကျုပ်တို့ရဲ့ ထာဝရခေါင်းဆောင်
သူ့ကိုတစ်ချက်ထိကြည့်
ပန်းလည်းပွင့်တယ်
အနာဂါတ်လည်းပွင့်တယ်
နေရှိရာကိုသာ ဦးညွတ်တတ်တဲ့ နေကြာလည်းပွင့်တယ်
နောက်ဆုံး သဲကန္တရကလာထိမယ်ဆိုရင်တောင်
ဆူးကြားကနေ ပန်းတစ်ပွင့်ရဲရဲထပွင့်ပြမယ့်သူ ။
သူဟာ တို့နိုင်ငံအတွင်းမှာ ပန်းပွင့်ဖြစ်သလောက်
နယ်ချဲ့လက်ပါးစေထက်ရောက်ခဲ့ရင်
ချက်ခြင်းမီးထတောက်
စကားပရိယာယ်မှာ ရန်သူကတောင်ဦးညွတ်ရတဲ့သူ
မြန်မာအလယ် ကမ္ဘာ့အလယ်
ငါတို့ရဲ့ အဓိပတိဖွား စနေသား
မွေးစကဓားထမ်းမကျော်ပဲ
နယ်ချဲ့ကမ်းကိုကျော်ဖြတ် တက်ပြခဲ့တဲ့သူ
တိုင်းပြည်အတွက်သူပေးဆပ်သမျှ
နိုင်ငံ့ခေါင်းဆောင်တွေကားစီးနိုင်မှ
ပြည်သူတွေ ဆိုင်ကယ်လောက်စီးနိုင်မယ်လို့
သူ့ဘ၀ကိုမြုပ်ပြီး တစ်ခွန်းမှမပြောခဲ့ဘူး
အေးအေးချမ်းချမ်း
စာလေးရေးချင်တယ်ဆိုတဲ့စကား
သူ့ဂုဏ်ပုဒ်တွေကိုဖယ်ချထားလိုက်တာ
ကဲ ….. အဲဒီစကားဟာ ကျည် တစ်ဆယ့်သုံးချက် …… တန်ရဲ့လားဗျာ ။
ခ၀ါသည်လက်က အ၀တ်တွေလို ဖွေးဖွေးဖြူနေတဲ့စိတ်
တရားအမှန် အမှန်တရားအတွက်
အောင်ဆန်းဆိုတဲ့သွေးကို သွန်းထုခဲ့တဲ့နေရာ
နက်မောက်ဆိုတာ ကမ္ဘာပေါ်မှာ မသေတဲ့တံဆိပ်
ဘ၀တွေထပ်တလဲလဲခပ်နှိပ်လိုက်ရင်တောင်
Expired date က တစ်လက်မပိုတယ် ။
စစ်သွေးအိမ်
၇၂၂၀၁၅
Monday, February 1, 2016
"ချစ်သူတီထွင်မှု"
ငါ့ကို လိမ့်ပြီး
ငွေစက္ကူ ဖြစ်အောင်လုပ်တယ်
ငါ့ကို တစ်စဆီ ဖြုတ်ပြီး
ဂဏန်းပေါင်းစက် တစ်လုံး ရအောင်ဖန်တီးတယ်
ငါ့ဦးခေါင်းခွံကြီးထဲ ငါမှတ်မိတဲ့ အမှတ်အသားထိုးထည့်ရင်
အသုံးလိုတာတွေ ဝေါကနဲ ထိုးကျလာတာမျိုး တီထွင်ကြည့်တယ်
ငါ့နှလုံးသားကို လက်ဗွေရာ တင်လိုက်တာနဲ့
သွေးတွေတောင့်ခဲပြီး ရွှေချောင်းတွေ စီတန်း ထွက်ကျလာမျိုး ဆန်းသစ်ပြန်တယ်
ငါ့DNAကိုယူ
ငါ့ပုံတူပွား
ငါ့အစား ပုံမှား ကိုးကွယ်တယ်
ငါ့မေတ္တာတရားကိုတော့
လက်လန်လို့
ဒီအတိုင်း ပြန်ထည့်ပေးထားခဲ့တယ် ။
ဏီသူကို
Subscribe to:
Posts (Atom)