Friday, April 14, 2017

ကဗျာဆရာ နွေလယ်နေဆီက မုဒိတာဥဒါန်း အရှင် ဇဝန ၏ ဟာဆန်ရေးဗား မှ ကောလိယချောင်းနံဘေး သို့


................................................................
       အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့ ရောက် မြန်မာရဟန်းစာဆိုတစ်ပါး၏ "ဇာတိအလွမ်း"ဟုဆိုနိုင်လောက်သောဆောင်းပါးတစ်ပုဒ် ။

   "ဇာတိအလွမ်း"ဆိုငြား မည်ကာမတ္တကားမဟုတ် ။

    အမှန်တရားကိုချစ်သော၊အဓမ္မကိုဆန့်ကျင်သော၊ မွေးရာပါတော်လှန်ဇောကြောင့်သူဖြတ်သန်းခဲ့ရသော ကာလဝိပတ္တိတကြောမှာ ပင်ပန်းကြီးစွာ စုန်ဆန်မျောခဲ့ရသူ....

    အမုန်းသည်းသူ၊အငြိုးကြီးသူ၊ဝံပုလွေဝင်စားသူတစ်အုပ်ရဲ့ အလွန်အကျည်းတန်တဲ့အတေးအနှက်များကြောင့် ကွန်ကရစ်နံရံလေးဘက်ကြားမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ဘဝကိုသော့ခတ်ခံရသူ....

   နောက်ဆုံး....မိမိချက်မြှုပ်ခဲ့ရာမြေ၊ မိမိရှူရှိုက်ခဲ့ရာလေ၊ မိမိသောက်ချိုးခဲ့ရာရေ။
   အားလုံးကိုကျောခိုင်းကာ  ထိုင်း၊ဥရောပ၊အမေရိက....စသည်သို့ ။
             .......   ......   ......   ......
     ပစ္စက္ခခြေချရာ ဟာဆန်မြစ်ကမ်းနဖူးမှာရပ်ရင်း ဇာတိရွာဇနပုဒ်နံဘေးမှ ကောလိယချောင်းကလေးကို လွမ်းမျှော်ကာ ရမ်းရော်ရှာခြင်း။
      သို့သော်....
အနွမ်းနင့်နင့်တစ်မကြီးနှင့် အလွမ်းပင့်သက်ချပြရုံမဟုတ်။ ချောင်းကလေးကို
ဗဟိုပြုသောဝဲယာကမ်းနှစ်ဖက်ဆီမှ အကြမ်းအခက်တစ်ပုံတစ်ပင်ကို အခန်းဆက်အစုံအလင်ဖြင့် ပုံထင်အောင်ပြောပြနိုင်ဘိခြင်း။

    ကောလိယဆိုတဲ့ ချောင်းကလေးရဲ့အမည်နာမရာဇဝင်၊ သွေးညှီနံ့တွေ စွဲထင်ပျော်ဝင်ခဲ့ဖူးတဲ့ ချောင်းရေအလျဉ်ရဲ့အတိတ်သမိုင်း၊ ကလေးဘဝ ပလိုင်းလွယ်ရင်း ရေချိုးဆင်းခဲ့ချောင်းစပ်ရေတိမ်၊မိုးဦးဝင်ချိန်တောင်ရေအကျ ထင်းလိုက်ဆယ်
ကြ အုတ်အုတ်သောသော၊ ချောင်းကြောတစ်လျောက် စုန်ဆန်ကူးသန်း လမ်းပန်းသယ်ယူလွယ်ကူဆင်ပြေ၊ မိုးမှာအောင်ရေ ဆောင်းခါစိုက်ရေ သည်မြေတလွှား အားထားစရာ၊  နွေသောင်ပြင်ရေအခန်းမှာ မမောတမ်းပ ကစားသူငါ....

    ထိုမှ...တစ်ခါ ။
ချောင်းကမ်းနဖူးထက်မှ စစ်ဖိနပ်ခွါသံများ၊သေနတ်သံများ၊သွေးကွက်များ....။

    ဆိုရှယ်လစ်တလင်းပြင်မှာ တာဝန်ကျေစပါးပုံကြီးဟည်းထနေချိန်
လယ်သမားရဲ့ ဆန်အိုးစောက်တိမ်တိမ်မှာပင့်ကူအိမ်စွဲခဲ့သည့်အဖြစ်များ....။
       ......   ......  ......   ........  ......
     အိပ်မက်ဆိုးမှလန့်နိုးသူပမာ သက္ကရာဇ်ဆိုးများမှ လွန်မြောက်ခဲ့ပြီးနောက်...

     သောင်ရင်းမြစ်ကိုလွှားကျော်၍ ထိုင်းမြေပေါ် ရပ်မိတော့လည်း သူ့အတွေးထဲမှာ သူ့ပြည်မြန်မာ....

    အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့နံဘေးက ဟာဆန်မြစ်ကမ်းနဖူးမှာ ရပ်မိပြန်တော့လည်း သူ့အာရုံမှာ သူ့ဇာတိရွာ....

   "ချောင်းကိုအမှီပြုနေရသူတို့၏သမိုင်းနှင့်
ဒီချောင်းကလေး၏သမိုင်းက ခွဲမရခဲ့။ ဒီချောင်းကလေး၏အနိမ့်အမြင့်သည် သူ့ကို
မှီခိုနေရသူတို့၏ အနိမ့်အမြင့်ပင်ဖြစ်သည်"တဲ့။

    ဪ...အမိမြေကိုယာယီခွါရင်းကမ္ဘာကြီးရဲ့တနေရာရာမှာ နှစ်ပေါင်း ၆၀
ကျော်အနာဟောင်းကြီးအတွက် အကောင်းဆုံးကုထုံးတစ်လက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရှာတွေ့နိုင်စေသား ။။
       .......   .......   .......   .......   .......
     
                            လေးစားစွာဖြင့်
                                နွေလယ်နေ
                             ၁၂,ဧပြီ' ၂၀၁၇

စာကြွင်း
.............  ဒီစာကိုရေးရင်းကျနော့်စိတ်ထဲမှာ မှတ်မှတ်ရရစွဲထင်နေခဲ့တဲ့
(ကောလိယလှိုင်းယဉ်)ဆိုတဲ့ ကလောင်တစ်လက်ကို သတိရမိပါကြောင်း။

Thursday, April 6, 2017

အနုပညာ ရောစွက်လာလျှင်



ညဥ့်နက်မှာကိုလည်း တားလို့မရဘူး၊ လထွက်မှာကိုလည်း တားလို့မရဘူး။ ညဥ့် နက်နက်မှာ သာတဲ့လက ဒီလောကမှာ အလှဆုံးပါ။ ဒီစာသားလေး ကတော့ စာရေးဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ “ညဥ့် နက်နက်မှာ လထွက်ခြင်း” စာအုပ်ထဲက စာသားလေးပါ။ ဆရာကြီးကတော့ ဘယ်လိုအဓိပ္ပာယ်နဲ့ ရေးခဲ့ရေးခဲ့ ကိုယ်ကလည်း ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် နှစ်သက်နေမိတာ အမှန်ပါပဲ။

ဒုက္ခတွေကြားက ရှာဖွေတွေ့တဲ့ သုခ၊ သောကတွေကြားက ဖမ်းဆုပ်မိတဲ့ ပီတိ၊ နာကျင်မှုတွေကြားက ထွေးပွေ့မိတဲ့ သက်သာမှု၊ ဒါတွေဟာ ညဥ့်နက်နက်မှာ သာတဲ့ လတွေပါပဲ။ ဦးပဉ္ဇင်းတို့ တတွေလည်း ဒုက္ခတွေထဲက သုခကို ဆွဲထုတ်၊ သောကတွေထဲက ပီတိကို ရှာဖွေ၊ မွမ်းကျပ်မှုတွေထဲက လတ်ဆတ်တဲ့ လေညင်းကို ရှုရှိုက်မိတဲ့အခါ ဒုက္ခတွေ ရှိချင် သလောက် ရှိပါစေ ဒုက္ခကို ထီမထင်တဲ့ စိတ်၊ သောကတွေ ဘယ်လောက် ပြည့်သိပ်နေပါစေ သောကဖြေဆေး ရှာဖွေထားမိသူ တယောက်လို စိတ်အားအင် ရခဲ့တာတော့ အမှန်ပါပဲ။

ဦးပဉ္ဇင်း ဆောင်းပါးတပုဒ်မှာ ရေးခဲ့ဖူးပါတယ်။ ပညာသင်ရတာ အခက်အခဲပေါင်းစုံ ပြည့်နှက်နေတဲ့ နေရာဟာ နံရံလေးဘက် ကြားက အချိန်ကာလတွေပါပဲ။ ဒီကာလတွေ အတွင်းမှာ အောင်မြင်စွာ သင်ကြားနိုင်ခဲ့တဲ့ ပညာတွေထဲမှာ ပန်းချီဆရာကြီး ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းလည်း တခုပါမယ် ထင်ပါတယ်။ ဒီသင်တန်းရဲ့ အောင်မြင်မှုတွေထဲမှာ ပန်းချီပြပွဲလေးကို နှစ်ကြိမ်လောက် လုပ်ခွင့်ရခဲ့တာပါပဲ။

တံခါးတွေနဲ့၊ သော့အထပ်ထပ် နံရံတွေနဲ့ ကာဆီးထားတဲ့ ကွန်ကရစ်တောကို ဖြတ်ပြီး ရောက်လာတဲ့ ပန်းချီဆေး၊ စုတ်တံ တွေကလည်း အသုံးဝင်၊ တန်ဖိုးအားဖြင့် ကြီးမားပါတယ်။ စွန့်စားရဲတဲ့ ဝန်ထမ်းရဲ့ ကြိုးပမ်းမှု၊ စွန့်စားချင်လာအောင်  ကြိုးပမ်း ချင်လာအောင် စည်းရုံးနိုင်တဲ့ စည်းရုံးရေး သမားကောင်း တယောက်ရဲ့ စွမ်းရည်တို့ကိုလည်း ဒီဆောင်းပါးမှာ ချန်ထားခဲ့လို့ မဖြစ်ပါဘူး။

ဆရာ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းဟာ တုတ်တချောင်းနဲ့ မြေကြီးရှိရင် မြေပြင်မှာခြစ်လို့ သင်တန်းကို စမယ်လို့ ဆိုပါတယ်။ အထောက်အကူ ပစ္စည်း ဘာမှ ရှိရှိ မရှိရှိ လုပ်လို့ရတယ်ဆိုတဲ့ သဘောပါပဲ။ ခက်ခဲမှုကို အာခံတဲ့စိတ်၊ ဘယ်လို ပစ္စည်းရှိမှ အလုပ်ဖြစ်ရမယ်ဆိုတဲ့ အားငယ်တဲ့ စိတ်တွေကို သူတို့ သင်တန်း မစခင်တည်းက အပြီးတိုင် စိတ်ထဲက နှင်ထုတ်ပြီးသား ဖြစ်နေတယ်။ ဦးပဉ္ဇင်းတွေ့တဲ့ အချိန်မှာတော့ မြေပြင်မှာ တုတ်နဲ့ခြစ်ရလောက်အောင် သူတို့သင်တန်းဟာ ပစ္စည်းမပြည့်မစုံ မဟုတ်ပါဘူး။

မယ်လမင်း ပန်းကန်ပြားပေါ်မှာ ခဲဆံနဲ့ ရေးခြစ်ရတဲ့ အဆင့်လောက် ပြည့်စုံလာတာ တွေ့ရပါတယ်။ တနေ့ တယောက် အလှည့်ကျ အကူအညီ တောင်းတာကတော့ သူတို့ရှေ့ မော်ဒယ်လ် ထိုင်ပေးရတာပါပဲ။

လောကကြီးကို ကဗျာဆရာက ကဗျာတွေလို့ မြင်မယ် ။ ပန်းချီဆရာက ပန်းချီလို့ မြင်မယ်။ ဒီလိုစကားကို စာတွေထဲဖတ်ရ တုန်းက ဖတ်ကောင်းအောင် ရေးတယ်လို့ ထင်မိခဲ့တာ။ ဆရာဦးခင်မြင့်အောင် သူ့သင်တန်းသားတွေနဲ့ စကားပြောနေတုန်း အနားကပ် နားထောင်မိတော့ သူမြင်သမျှတွေကို အရောင်တွေ ခွဲပြနေတာကို ကြားလိုက်ရတယ်။

သစ်တပင်ကိုပြပြီး “အားလုံး စိမ်းနေတာမဟုတ်ဘူး။ ကြည့်၊ အလင်းတွေ၊ အမှောင်တွေ၊ နောက် မတူတာတွေ တွေ့လိမ့်မယ်” ဆိုတာကို လက်ညှိုး ညွှန်ပြပြီး ရှင်းပြနေတာတွေ့ရတော့ သြော် … တကယ်ပါလား ။ ပန်းချီ ဆရာရဲ့ ပန်းချီဆွဲစရာ ကုန်ကြမ်းတွေ၊ သင်ကြား ပြသစရာ အထောက် အကူ ပစ္စည်းတွေဟာ သုံးမကုန်အောင် ရှိနေပါလားဆိုတာ သဘော ပေါက်ရတော့တယ်။ တကယ်တော့ သဘာဝ တရားထဲက အလှကို ထုတ်ယူတတ်သူဟာ အနုပညာ သမားတွေဆိုတာ သဘော ပေါက်မိတော့တယ်။

ကဗျာဆရာ တယောက်ရဲ့ ကဗျာထဲမှာ ဖတ်လိုက်မိတဲ့ စာသားလေးက စိတ်ထဲ စွဲနေတယ်။ ဝန်းတံခါးမှာ သံပန်းတံခါးကို မြင်ပြီးကဗျာဆရာက “အနုပညာ ရောစွက်လာလျှင် သံပင် ပန်း ဖြစ်နိုင်တကား” လို့ ဥဒါန်းကျူးရင့် ထားခဲ့တဲ့ စာသားလေးက အနုပညာ ဖန်တီးသူတွေကိုတွေ့တိုင်း ရေရွတ်မိတဲ့ စာသားလေးပါပဲ။ ဒီဆောင်းပါးလေး မရေးခင် စာပေဟောပြောပွဲတခုကို နားထောင်ထားတော့  ဟောပြောပွဲမှာ ဟောသွားတဲ့ စာရေးဆရာရဲ့ စကားလေးက ခေါင်းထဲဝင်လာပြန်တယ်။  ဗိုလ်ချုပ်အောင်ဆန်းက ဒဂုန်တာရာကို ပြောတယ် –

“ကိုဌေးမြိုင်ရ အိမ်ထောင်ရေးမှာလဲ အနုပညာ လိုအပ်သဗျ”

အရာရာ အနုပညာဆိုတာ လိုအပ်ပါလား။ အနုပညာနဲ့ ထိလိုက်ရင် လှလာပါလား ပေါ့။ သံတောင် ပန်းဖြစ်သေးတာကိုး။ နိုင်ငံရေးသမားတွေရဲ့ နှလုံးသားထဲ အနုပညာ စိုက်ထူလိုက်မိရင် သူတို့ရဲ့နိုင်ငံရေးဟာ လှပလာကြတာတွေကို တွေ့လိုက် ရတယ်။ သူတို့ရဲ့ စကားတွေဟာ အနုပညာကြောင့် လူတွေရဲ့ နှလုံးသားထဲအထိ ထိုးဖောက်သွားကြတာကို တွေ့လိုက် ရတယ်။ အနုပညာသမားတွေရဲ့ နှလုံးသားဆိုတာ ကဗျာတွေအတွက် စကားလုံးတွေ၊ ပန်းချီကားချပ်တွေအတွက် ဆေးရောင်စုံတွေ၊ တေးသီချင်းတွေ အတွက် သံစဉ်တွေကို သိုမှီးရာ တိုက်ခန်းမဟုတ်လား။ အနုပညာ နဲ့ နိုင်ငံရေး ပေါင်းစပ် မိတော့ကော …။

သင်တန်းမှာ ပါဝင်နေသူတွေထဲမှာတော့  ဦးပဉ္ဇင်းတို့ရဲ့ ယနေ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ပါဝင်ခဲ့တယ်။ သူ့မှာ ထင်ရှား သိသာတာကတော့ အနုပညာတွေ သူ့ဆီ စုပြုံနေတာပါပဲ။ ကဗျာကောင်းတွေကို ကိုယ်တိုင်လည်း ရေးသလို ကဗျာဆရာတွေရဲ့ ကဗျာကောင်းတွေကိုလည်း ရင်ထဲအထိ သိမ်းထားသူ၊ တေးသီချင်းပေါင်း များစွာကို တကယ့် အဆိုတော် ကြီးတွေလို သီဆိုနိုင်သူ၊ သူဆွဲထားတဲ့ ပန်းချီ ကားတချပ် အကြောင်းကို မပြီးသေးသော ပန်ချီးကားများဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးခဲ့ဖူးပါသေးတယ်။

သူဆွဲပေးတဲ့ ပန်းချီကားချပ်ဟာ ရင်ထဲမှာ နှစ်ရှည်လများ တည်အောင် ပေးခဲ့တဲ့ အစွမ်းကို ပြောပြချင်လွန်းလို့ အဲဒီတုန်းက ဆောင်းပါး ရေးခဲ့တာပါ။ အနုပညာ ဖန်တီးသူတိုင်းဟာ ရယ်သံကို ကဗျာ ဖွဲ့သလို၊ ရှိုက်သံကိုလည်း တေးသီချင်း အဖြစ် ပြောင်းလွှဲ နိုင်ကြတယ်။ ဒဏ်ရာနဲ့ ဝေဒနာဟာ သူတို့အတွက်ကုန်ကြမ်းတွေပဲ မဟုတ်လား။ ကိုယ်တိုင် အနုပညာ ဖန်တီးသူဟာ အခြားတယောက် ဖန်တီးထားတဲ့ အနုပညာ တခုကိုလည်း ကျကျနန ခံစားတတ်တယ် ဆိုတာ  အထူး ပြောစရာ မလိုတော့ပါဘူး။

သွေ့ခြောက်နေတဲ့ ထောင်ထဲက နေ့ရက်တွေကို စိုပြည် လန်းဆန်းအောင် ပြုလုပ်ကြတဲ့ အရာတွေထဲမှာ နိုင်ငံရေး ခံယူချက်ပါမယ်၊ ဘာသာရေး အလုပ်လည်း ပါမယ်၊ နောက်အဓိက နေရာက ပါနေမှာကတော့ အနုပညာပါပဲ (ကိုဌေးကြွယ် သင်္ကြန်ရက်ကို ရွေးပြီး ဦးပဉ္ဇင်းကို ပြောပြခဲ့ဖူးတဲ့  “ပိတောက်ပွင့်ဆဲ လသာဆဲ” ဆိုတဲ့ ဝတ္ထု အကြောင်းကိုလည်း ဆောင်းပါးတစောင် ရေးပါဦးမယ်)

သူတို့ ပန်းချီ သင်တန်းက တိုက်ခန်းထဲမှာတင် မဟုတ်ပါဘူး၊ တခါတလေ တိုက်အပြင်ထွက် ရေးဆွဲ တတ်ကြပါတယ်။ ပညာကို ရသလောက် အမိအရ ယူရုံမကပါဘူး။ အနုပညာ အခံရှိသူမှ ဒီအချိန်တွေကို အသုံးချတာပါ။ သဲကုန်းက ကိုသိန်းထွန်း အမေ ဆုံးတော့  သူတို့ အနုပညာနဲ့ နာရေးကူညီမှု တခုကို ပြုလုပ်ခဲ့တယ်။

ပန်းချီပြပွဲထဲက ရုပ်ပုံ ကားချပ်တွေထဲမှာ  ရင်ကိုထိမှန်ခဲ့တဲ့ ကားချပ်တွေ ပါဝင်နေတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။  ကိုဌေးကြွယ် ဦးပဉ္ဇင်းကို လက်ဆောင်ပေးတဲ့ ကားတကားကတော့ လှိုင်းတွေ အင်မတန်ကြီးမားနေတဲ့ ပင်လယ်ပြင်နဲ့၊ လှိုင်းတွေကို သေချာကြည့်ရင် ဘီလူးတကောင် ပါးစပ် ဟထားသလိုမျိုး။ အစ်ဇင်တွေ ဘာတွေကို ကိုယ်က နားမလည်တော့ သေချာ မပြောတတ်ပေမယ့် ခံစားလို့ ရတယ်။ နောက်ပြီး ပြပွဲက ပုံတွေကကော …။

သံတိုင်ကြားကနေ အပြင်ဘက် ရေအိုးထဲက ရေကို လှမ်းခပ်နေတဲ့ပုံရဲ့ အဓိပ္ပာယ်ကို ကိုယ့်ဘာသာ ဖော်ပြီး ခံစားလိုက်ရတာ။ ရေငတ်နေသူရဲ့ သံတိုင် အတွင်းက စိတ်ခံစားမှုတွေကို အမိအရ ဖော်ပြနိုင်တယ်လို့ ထင်တယ်။ သူဆာနေတာ ရေအပြင်  တခြား ဘာတွေကို ထောင်ထဲကနေ တမ်းတနေသေးလဲ။ ဒီမေးခွန်းကိုပါ တဆက်တည်း မွေးထုတ်လိုက်တယ်လို့ ဆိုရမယ်။ သူလှမ်းခပ်လိုက်တဲ့ ရေအိုးထဲမှာကော ရေရှိရဲ့လား။ အရောင်တွေအရ ည ရှုခင်းဆိုတာ မှန်းလို့ရတယ်။ ဒီတော့ ညခင်းကြီးမှာ  သူ ဆာနေတဲ့ရေကို ဘယ်သူကဖြည့်ပေးမှာလဲပေါ့။ ဘာပဲပြောပြော နာကျင်နေတဲ့ ဝေဒနာကို မြစ်ဖျားခံခဲ့တဲ့ ကားချပ်ဆိုတာ သိသာပါတယ်။ ဆာလောင်မှု ကုန်ကြမ်းကနေ အနုပညာ ကုန်ချော တခုကတော့ မွေးဖွားလာတာ အမှန်ပါပဲ။ အရုပ်ကဗျာကို ငရဲခန်းထဲက လူသားတွေ ဖန်တီးလိုက်မှုဟာ ဒုက္ခထဲက သုခကို ဆွဲထုတ်လိုက်တာပါပဲ။ မျက်ရည်ကြားက ပီတိ တခုကို ကောက်ရလိုက်တာပါ။

ဆရာ ဦးခင်မြင့်အောင် ကိုယ်တိုင်ရေးဆွဲထားတဲ့ နောက်ကားချပ် တခုကလည်း ရင်ထဲက မထွက်အောင် ရှိနေဆဲပါပဲ။

အသက်အရွယ် ရနေပြီးဖြစ်တဲ့ လူသားတဦးက ပခုံးပေါ်မှာ ကလေးငယ်လေးကို ထမ်းပိုးထားတယ်။ ကလေးငယ်က လူကြီး ပခုံးပေါ် မတ်တပ်ရပ်လို့ သူက အလကား ရပ်နေတာမဟုတ်ဘူး။ အလုပ်တခု လုပ်နေတယ်။ အဲဒီအလုပ်ကတော့ သူ့ လက်ထဲကနေ ငှက်တကောင်ကို လွှတ်ပေးလိုက်တာ ပါပဲ။ မျိုးဆက်သစ်တွေကို ပခုံးထမ်း တင်ပေးနေတဲ့ အနာခံစိတ်၊ ထိုစိတ်နဲ့ အတူ မွေခံထိုက်စေ ဆိုတာ ဖြစ်အောင် အစဉ်အလာ ကောင်းတွေကို လက်ဆင့်ကမ်း ပေးတဲ့ သမိုင်းတာဝန်၊  မပြီးပြတ်သေးတဲ့ အမျိုးသားရေး ကိစ္စ။ ဒါတွေဒါတွေဟာ ပန်းချီကားမှာ ပေါ်လွင်နေတယ်။ ကြည့်ရသူ လူတိုင်းကို ရင်ထဲ ထိမှန် စေတယ်ဆိုတာ အသေချာပါပဲ။ ကဗျာတပုဒ်က တာဝန်ယူချင် စိတ်တွေကို ပေးတယ်ဆိုရင် ပန်းချီ ကားတချပ်ဟာလည်း ခံစားသူတွေကို ရှေ့ခရီးရဲ့ အလုပ်တွေကို မီးမောင်း ထိုးပြနေတာပါပဲ။

နောက် ဦးခင်မြင့်အောင်ပဲ ရေးထားတဲ့ ပန်းချီကား တချပ်မှာ လူသားတယောက်ဟာ အင်မတန် လေးလံလှတဲ့ အရာတခုကို ထမ်းလို့ ကြိုးစားပြီး လှမ်းနေတဲ့ပုံ။ နောက် ဒီကားမှာ သိသာတာကတော့ နံရံ တွေကို အထင်းသား တွေ့လိုက်ရတာပါ။  လူ့ အခွင့်ရေးလို့ ပြောနေသူတွေ ဒီပန်းချီကားထဲက လိုမျိုး ခံစားမှုပေးတဲ့ အနုပညာ တခုခုနဲ့ အလုပ်လုပ် လိုက်ရင် သူတို့ အလုပ်တွေ ပိုပြီးလူတွေရဲ့ ရင်ထဲကို ရောက်မှာ သေချာတယ်။

သူတို့ပြပွဲထဲက အခုအချိန်ထိ မပျောက်မပျက် ရင်ထဲ ရှိနေသေးတဲ့ ပန်းချီကား တချပ်ကတော့ ခုတိုင် တချို့ အရပ်ဒေသမှာ ရှိသေးတဲ့ပုံပါ။ ဆီ ကြိတ်တဲ့ဆီဆုံကြီးကို နွားနဲ့ လှည့်နေတယ်။ ဆီ ကျတဲ့ နေရာမှာ ခံထားတဲ့ခွက်ကတော့ ဟန်းကောချိုင့်။ ဒီ ပန်းချီကား ကလည်း သူတို့သင်တန်းသားတွေထဲက တယောက်ရဲ့ လက်ရာပါ။ ရွှေဘိုက ကိုခင်မောင်ကြည် ရေးထားတာ။  အဆီအနှစ်တွေကို သူတို့စားသုံးနေပါလား၊ နွားက ဘယ်သူ့ကို ကိုယ်စားပြုနေလဲ၊ ဟန်းကောချိုင့်ကကော ဘယ်သူတွေရဲ့ နိမိတ်ပုံလဲ။

ထောင်ထဲရောက်စ အခန်းတိုင်းက ဝိုင်းပြီး ကြိုဆိုတဲ့ အခါက တေးသီချင်းတွေ သီဆိုကြတာကို ပြန် အမှတ်ရမိတော့တယ်။ အမှုတွဲ တယောက်က ထောင်ကျတော့မယ် ဆိုရင် သီချင်းတွေ အများကြီးယူလာခဲ့ဖို့လည်း လိုမယ်ဆိုပြီး ရယ်သလို မောသလို တောင် ပြောဖြစ်လိုက်သေးတယ်။ အနုပညာဟာ ဒဏ်ရာတွေကို သက်သာစေတဲ့ အရာဆိုတာ လက်တွေ့ ဘဝကပေးတဲ့ အသိနဲ့ကို သိလာခဲ့တာပါ။

အနုပညာကို တဘက်က ကိုင်ပြီး လုပ်တဲ့နိုင်ငံရေးဟာ သေနတ်ကိုင်ပြီးလုပ်တဲ့ နိုင်ငံရေးထက် သမိုင်းမှာ နေရာလှလှ ရမှာကတော့ အသေချာပါပဲ။

ဆရာတော် အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သည်။

Saturday, April 1, 2017

" ဒိုက်ဦး ကောလိယမြို့ဟောင်း "

အပိုင်းလေးပိုင်းလုံးတစ်တွဲတည်းတင်ပေးလိုက်ပါတယ် ပြီးတော့မပြီးသေးပါဘူး

" ဒိုက်ဦး ကောလိယမြို့ဟောင်း "အပိုင်း 1+2+3+4

၂၀၁၂ ခုနှစ် အောက်တိုဘာလ ( ၂ ) ရက်နေ့က ညောင်လေးပင် မြို့နယ် -၀ါးရုံကုန်းရွာရှိ မိခင်ကြီးကိုသွား ရောက်ကန်တော့ပြီးအပြန်တွင် ကောလိယမြို့ဟောင်းနေရာကို ၀င်ရောက်လေ့လာဖြစ်ခဲ့သည် ။ ထိုနေ့က ရာသီ ဥတုသည် သာယာနေရာမှ မိုးတိမ်မိုးသားများတက်လာပြီး ရုတ်တရက်မိုးရွာချတော့မည့်ဟန်မျိုး မှောင်ကျလာ သည် ။ မိုးသာရွာလျှင် ဆက်မသွားပဲ ပဲခူးကိုဘဲပြန်မည်ဟု ဆုံးဖြတ်လာခဲ့ရာ ဒိုက်ဦးရောက်သည့်အခါ နေသည် လွတ်လွတ်ကျွတ်ကျွတ်သာလာသည် ။
ထိုကြောင့် ဒိုက်ဦးအ၀င် ဒရယ်မီးလမ်းဆုံမှ လက်ယာဖက်ကိုထွက်သော လက်ပံသုံးခွလမ်းခွဲအတိုင်းသွားရာ ( ၂ ) မိုင်ခန့် လက်ဝဲဘက်တွင် ဘုရားကြီးတစ်ဆူကိုလှမ်းပြီးဖူးမြှော်ရသည် ။ မြို့ရိုးဘုရားကြီးဖြစ်သည် ။ ယခုဘွဲ့ တော်အသစ်ချည်ထားပြီးဖြစ်သည် ။ ဘုရားကြီးမှ အနောက်ဖက်လှမ်းလှမ်းတွင် မြို့ရိုးရွာကြီးကိုမည်းမည်း အုပ်အုပ်မြင်နေရသည် ။ လမ်းခရီးတလျောက်တွေ့သည့် ကြုံသည့်ဒေသခံများကို မေးမြန်းစုံစမ်းရင်းမြို့ရိုးရွာကို ပေါက်သောမြေသားလမ်းအတိုင်း မော်တော်ဆိုင်ကယ်ကို သတိထားမောင်းကာရောက်လာကြသည် ။
ရွံ့ဗွက်စပ်စပ်ဖြစ်နေသဖြင့် ဆိုင်ကယ်ကို ရွာဦးတစ်နေရာတွင်ရပ်ထားခဲ့ပြီး ခြေကျင်လျောက်၍ ၀င်ခဲ့ကြသည် ။ အရှေ့မှအနောက်သို့ပေါက်နေသော ရွာလယ်လမ်းမှာမြို့ရိုးကုန်းတန်းဖြစ်သည် ။ ရှေးဟောင်အုတ်များကို အလွှာလိုက် အချပ်လိုက်တွေ့ရတော့မှ မြို့ရိုးပေါ်တွင်တည်ထားမှန်းသိလိုက်ရသည် ။ ရှေးဟောင်းအုတ်အရွယ် အစားများက အလျား ( ၁၂ ) လက်မ အနံ ( ၆ ) လက်မ ထု ( ၂ ) လက်မ အရွယ်အစားဖြစ်သည် ။ ရွာလယ်ကုန်းအတိုင်းလျောက်ရင်း မြောက်ဘက်သို့ထွက်သောပယ်လမ်းတစ်လမ်းကိုတွေ့၍ ဆက်လိုက်သည့် အခါ ရွာအပြင်အနောက်ဘက် မြို့ရိုးကုန်းတန်းကို ဘွားကနဲတွေ့ရသည် ။ အနောက်ဘက်မြို့ရိုးသည်အချို့နေ ရာ၌ အတော်ပြုန်းတီးလျက်ရှိပြီး မြှို့ရိုးသဏ္ဍန်ပင် မဆောင်နိုင်တော့ချေ ။
မြောက်ဘက်မြို့ရိုးကိုပတ်၍လျောက်ကြည့်သည့်အခါ အချို့နေရာ၌ပြုန်းတီးနေသော်လည်း မြို့ရိုးပုံဟန်ဆောင် နိုင်ဆဲရှိသေးသည် ။ ပကတိမြေပြင်မှ ၁၂ ပေခန့်အမြင့်ပင်ရှိသေးသည် ။ လူနေတဲလေးငါးလုံးလည်း ဤမြို့ရိုး ပေါ်တွင်နေရာယုထားပြီးဖြစ်သည် ။ ထိုလူနေတဲရှိရာနေရာများ၌ မူလမြို့ရိုး၏ အုတ်စီအလွှာများပကတိအတိုင်း ကျန်ရှိသေးသည်ကို တွေ့ရသည် ။ မြို့ရိုးတည်ပုံကလေးထောင့်စတုဂံပုံဖြစ်သည် ။ အရှေ့ အနောက် အလျား ရှည်ပြီး အနံတိုသည် ။ ဒေသခံရွာသားကြီးတစ်ဦးဖြစ်သည့် ဦးသိန်းလှိုင်နှင့် မြို့ရိုးပေါ်တွေ့ပြီးမေးမြန်းစူးစမ်း သည့်အခါ မြို့ရိုးအပြင်ပတ်လည်တွင်ရေကန်ဟောင်း ( ၇ ) ကန်ခန့်ရှိကြောင်း မြောက်ဘက်၌ ( ၂ ) ကန် အနောက်ဘက်၌ ( ၂ ) ကန် တောင်ဘက်၌ ( ၃ ) ရှိကြောင်း ယခုအခါ ( ၂ ) ကန်မှာကောသွားပြီဖြစ်ကြောင်း ပြောသည် ။ သူပြောသည့် မြို့ရိုးပတ်လည်ရေကန်ဆိုသည်မှာ ယခင်မြို့ဟောင်းအပြင်ရှိ ကျုံးဟောင်းဖြစ်ဖွယ် ရှိသည် ။ ကျုံးဟောင်းကို ကန့်၍ ကန့်၍ ရေကန်ပြုထားခြင်းဖြစ်မည် ။ မြို့ရိုးလေးဘက်လေးတန်အတွင်း၌ ရေများရှိပြီး မြက်ပင်များ ဒိုက်များ ဖုံးလွှမ်းနေရာ ပီဘိရေကန်ကြီးပမာဖြစ်သည် ။ လူတစ်ရပ်ခန့် နက်သည်ဟု သိရသည် ။
ရေကန်ထဲမဆင်းနဲ့နော် . . .  နက်တယ် ဟု ရွာဦးမှာတွေ့သည့်မိန်းမကြီးတစ်ဦးကလမ်းညွှန်သတိပေးသည်ကို သတိရမိသည် ။ `ရှေးကဆိုရင်  . . ဒီကန်မှာ . . နွေရာသီတောင်လူမမှီဘူး ´ ဟု ဦးသိန်းလှိုင်က သူမှတ်သားမိသ မျှပြောပြသည် ။ မြို့ရိုးကုန်းကြီးဆိုလည်း မောလောက်အောင်တက်ရတယ် . . . ဟုလည်းကလေးသဘာဝ သူ တို့ငယ်ငယ်က ပြေးဆော့ကစားခဲ့သည်ကို အမှတ်ထင်ထင်ပြောပြနေသည် ။ သိုက်တုးတဲ့သူတွေ သိုက်တူးဖို့လာ တာကိုလည်း ငယ်ငယ်ကကြုံဖူးတယ် ။ ခေါင်းရင်းအိမ်မှာတည်းကြတာ ။ အဲဒါသူတို့တည်းတဲ့အိမ်ကို ခဲတွေ တ၀ုန်းဝုန်းကျတာနဲ့ ပြန်ပြေးသွားတယ် ။ ´မြို့ရိုးနှင့်ပက်သက်၍ ထူးထူးခြားခြားဖြစ်စဉ်များကိုလည်း သူ့ထံမှ စိတ် ၀င်စားဖွယ်ကြားရ နာရသည် ။ သူ့စကားထဲတွင်ရေကန်ဖေါ်မည်ဟု စက်ဖြင့်တူးခဲ့သေးကြောင်း မိုးတွေချုန်း မိုးကြိုးတွေပစ်၍ ဆက်မတူးရဲတော့သဖြင့် မတူးခဲ့ရကြောင်း . . . . . . . . . . . .

( ဆက်ပါဦးမည် ။ . . . . . . . .  )

မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် )  . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။

ကောလိယသမိုင်း ( ဒုတိယပိုင်း )

၁၄ လက်မ ၁၅လက်မ အရွယ် ကျွန်းပြားများကိုလည်း ကန်ထဲမှ အထပ်လိုက်တွေ့ဘူးကြောင်း ဘာမှန်းမသိ၍  မဖေါ်ရဲဘဲ ထားခဲ့ရကြောင်း ညနေခင်းနွားရိုင်းသွင်းချိန်များ၌ နွားကျောင်းသားတွေခေါင်းမပါ ကိုယ်ခန္ဓာချည်း ပြပြီး သရဲအခြောက်ခံရတာလည်း မကြခဏခံရကြောင်း ယခုတော့မရှိတော့ကြောင်းတွေလည်းစုံသည် ။
မြောာက်ဖက်မြို့ရိုးတွင် တံခါးပေါက်ဟု ယူဆရသည့် အပေါက် ( ၃ ) ပေါက်တွေ့ရသည် ။ အရှေ့ဖက်မြို့ရိုးအနီး ရှိအပေါက်ကိုမူ ဒေသခံတို့အလိုအရ ကျီးကန်းပေါက်ခေါ်ကြောင်းသိရသည် ။ ထိုမြောက်ဘက်မြို့ရိုးအလယ် တံခါးပေါက်တွင် အုတ်စီအုတ်ရိုးများပင်ရှိသေးကြောင်း မကြာသေးမီက ကျောင်းသူ ကျောင်းသားများပါသည့် လေ့လာရေးအဖွဲ့တစ်ဖွဲ့ ထိုတံခါးပေါက်ကိုလာရောက်လေ့လာသွားဖူးကြောင်း ဆရာလုပ်သူကရှင်းပြပြီး ဓါတ်ပုံ ရိုက်သူကရိုက် တိုင်းထွာသူက တိုင်းထွာကြကြောင်း လိုက်အကျိုးဆောင်ပေးသူ အသက် ( ၂၀ ) ကျော်အရွယ်ရှိ ကိုငယ်ဆိုသူကပြောပြသည် ။
ရေကန်ကြီးလိုဖြစ်နေသောမြို့ရိုးတွင်းဧရိယာသည် ခန့်မှန်းဧက ( ၁၀၀ ) ခန့်ရှိမည်ဖြစ်သည် ။ ထိုကန်ထဲမှ ရေ တွေစီးထွက်နေရာ အရှေ့ဘက်မြို့ရိုးတွင် ( ၂ ) ပေါက်တွေ့ရသည် ။ ရှေးကမြို့ရိုးတံခါးပေါက်ဖြစ်မည် ။ ရွာတည်ထားသည့် အရှေ့အနောက်တန်း တောင်ဘက်မြို့ရိုးကုန်းတန်းမှာလည်း ဒေသခံတို့အခေါ် ` ပယ်လမ်း ´ များမှာ ရှေးမြို့ရိုးတံခါးပေါက်များဖြစ်ပေလိမ့်မည် ။ ဤသို့ဖြင့်ကောလိယမြို့ရိုးတွင် အရှေ့ဘက်၌ တံခါး ( ၂ ) ပေါက် တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးများတွင် တံခါး ( ၃ ) ပေါက်စီ ရှိခဲ့မည်ဟူ၍ ဆိုနိုင်သည် ။ အနောက် ဖက်မြို့ရိုးမှာမူ သတိမထားမိခဲ့ချေ ။
ကိုငယ်ဦးဆောင်ခေါ်သွားသဖြင့် အရှေ့ဘက်ထောင့်မြို့ရိုးပေါ်ရှိ စေတီကုန်းဟောင်းရှိရာ အိမ်ဝိုင်းတစ်ခုကို ရောက်သွားသည် ။ ဘုရားကုန်းကိုဖြိုရင်း ဆင်းတုရုပ်ပွားအကျိုးများထွက်ပေါ်လာသဖြင့် ဆက်မဖြိုရဲတော့ဟုဆို သည် ။ တူးဖေါ်ရရှိသည့်ဆင်းတုတော်များကို ထိုစေတီကုန်းဟောင်းပေါ်မှာပင် ၀ါးတဲလေးဆောက်ကာပြန်လည် ပူဇော်ထားသည် ။ ထိုစေတီကုန်းဟောင်းပေါ်၌ အမိုးအုတ်ကြွပ် အကျိုးအပျက်အပိုင်းအစများစွာလည်းတွေ့ရ သည် ။ စဉ့်သုတ်အုတ်ကြွပ်လည်းပါသည် ။ ရိုးရိုးရွှံ့မီးဖုတ်အုတ်ကြွပ်တွေလည်းပါသည် ။ ၀ါးတဲအောက်၌ ပစ်ထားသောအုတ်ခဲပိုင်းကျိုးတစ်ခုကအရွယ်အစားကြီးမားသည် ။ အနံ ( ၈ ) လက်မ ထု ( ၃ ) လက်မ အလျား ( ၈ ) လက်မခွဲအုတ်ပိုင်းကျိုးဖြစ်သည် ။ အမှတ်မထင်ထိုအုတ်ခဲကျိုး၌ ကန့်လန့်ဖြတ်လက်စင်းရာ ( ၃ ) ကြောင်း စီပါရှိသည် ကိုတွေ့ရသည် ။ ဤသို့လက်စင်းရာပါသောအုတ်မျိုးကို ရှေးဟောင်းပျူဒေသများဖြစ်သော သရေ ခေတ္တရာ ဗိဿနိုး ဟန်လင်းစသည်တို့တွင်တွေ့ရသလို ပဲခူးအနီးဝေါမြို့ ကြုံတူဘုရားမှလည်းရရှိဖူးသည် ။။ ထို သို့ဆိုလျှင်ဤကောလိယမြို့ဟောင်းသည် ရှေးဟောင်းပျူဒေသတစ်ခုဖြစ်နေသလော . . . . . . .

( ဆက်ပါဦးမည် . . . . . .  )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) .  .. . . . ပဲခူးဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်မှကူးယူဖေါ်ပြသည် ။

တတိယပိုင်း ( ကောလိယသမိုင်း )

အေဒီ ၉၆၄ မတိုင်မီ ပြုစုခဲ့သည့် တရုတ်ထန်မင်းဆက် သမိုင်းဟောင်း အေဒီ ၉၆၁ မှ ပြုစုခဲ့သည့် ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း အေဒီ ၁၀၆၀ ၌ပြုစုခဲ့သည့် ထန်မင်းဆက်သမိုင်းသစ်များတွင် ဖေါ်ပြထားသောပျူနိုင်ငံ အကျယ်အ၀န်းအတွင်း၌ ကောလိယမြို့ဟောင်းဒေသသည်ပါဝင်နေသည် ။ ထန်မင်းဆက်သမိုင်းသစ်တွင် ပျူ တပ် ( ၉ )မြို့ ပျူဒေသ ( ၃၂ ) မြို့ကိုဖေါ်ပြထားရာ လုဝူး ( ဒိုက်ဦး ) လည်းပါဝင်နေသည်ကိုတွေ့ရသည် ။ ထိုလုဝူး ( ဒိုက်ဦး ) သည် ယခုကောလိယတည်ရှိရာနေရာဖြစ်သည် ။ ထိုထန်မင်းဆက် သမိုင်းသစ်၏အဆိုကို ကောလိယမြို့ဟောင်းတွင်တွေ့ရသည့် လက်စင်းရာပါအုတ်ခဲကြီးက သက်သေခံလိုက်ပြီဟုဆိုရပေမည် ။
ဒေသခံတို့ကမူ လက်ရှိမြို့ရိုးကျေးရွာရှိ မြို့ရိုးဟောင်းကြီးအပြင်ဘက်၌ မြို့ရိုးဟောင်းကြီးတစ်ခုရှိသေးကြောင်း ပြောကြသည် ။ အချို့နေရာ၌ လုံးဝကွယ်ပျောက်နေသဖြင့် အင်္ဂါမစုံတော့ကြောင်း မြို့ရိုးဟုပင် အခိုင်အမာမပြော နိုင်တော့ကြောင်းပြောသည် ။ ဤကောလိယမြို့ဟောင်းကို မည်သည့်ကာလက တည်လုပ်ခဲ့သနည်းဟုမေးခွန်း ထုတ်စရာရှိသည် ။ သမိုင်းစာမျက်နှာများတွင် ထင်ရှားသည့်က ဟံသာဝတီ ဒုတိယခေတ် ရာဇာဓိရာဇ် ( အေဒီ ၁၃၈၂ - ၁၄၃၂ ) တည်လုပ်ခဲ့ကြောင်းဆိုသည် ။ ဘိုးတော်( ဗဒုံမင်း ) ( အေဒီ ၁၇၈၂ - ၁၈၁၉ ) လက်ထက်ကောက်ခံသော ဟံသာဝတီ ( ၃၂ ) မြို့စစ်တမ်းတွင် အတိအကျဖေါ်ပြထားသည် ။
ဘိုးတော် ( ဗဒုံမင်း ) လက်ထက် သက္ကရာဇ် ( ၁၁၆၄ ) ခု တော်သလင်းလဆန်း ( ၉ )ရက်နေ့ ကောလိယမြို့တံ ဆိပ်တော်ရ သူကြီးဗညားအိန္ဒကျော် အသက် ( ၆၅ ) နှစ်အားစစ်မေးသည့်စစ်တမ်း၌
`ကောလိယမြို့သည် အရှေ့ကိုလားသော် တာ၁၀၀၀၀ ဘန်းမြို့ တလခွာမြေနှင့်အစပ် ၊ ကျိုက်ပလဲခွာဘုရား အထိ ၊ အရှေ့တောင်ကိုလားသော် တလနွမ်းချောင်း ကောက်ကောက်စင်းစင်း ၊ စစ်တောင်းမြို့မြေနှင့်အစပ် ၊ တမာကပေါထိ ၊ တောင်ကိုလားသော်တာ ၁၀၀၀၀ ကွာ ၊ ဟံသာဝတီမြို့မြေနှင့်အစပ် ၊ ကျုက်စကောဆိုသည့် ကျိုက်လပို့ဘုရားအထိ ၊ အနောက်ကိုလားသော် ထန်းတောကြီးမြေနှင့်အစပ် ၊ အနောက်ကိုလားသော် တာ ၁၅၀၀၀ကွာ ဇောင်းတူမြို့နှင့်အစပ် ၊ ကျိုက်ဒေးပါဘုရားအထိ ၊ အနောက်မြောက်ကိုလားသော် ရဲနွဲမြို့မြေနှင့် အစပ် ၊ တာ ၂၀၀၀၀ကွာ ၊ ၀ါးတောကြီး တုံခန်းရဲနွဲရဲလှမြေနှင့်အစပ် ၊ ကျိုက်ပ္ပံတောရီးဘုရားထိ ၊ အရှေ့မြောက် ကိုလားသော် ရွှေကျင်မြေနှင့်အစပ် ၊ ညောင်လေးပင်ထိ နယ်လေးရပ် ရှစ်ရပ်သတ်မှတ်ထားကြောင်းပါရှိသည် ။ နယ်မြေအပိုင်းအခြားကျယ်ဝန်းကြီးမားကြောင်းတွေ့ရသည် ။ ဟံသာဝတီ ၃၂ မြို့ စစ်တမ်းအရ မွန်ဘုရင် ရာဇာဓိရာဇ်တည်လုပ်ခဲ့သည်ဆိုသော်လည်း ဆရာကူးရေးသည့် ရွှေမော်ဓောဘုရားသမိုင်း၌မူ ကောလိမြို့ကို ဇောင်းတူဘုရင် သမန္တရာဇာ၏အမတ် အမတ်ဟံဆိုသူတည်လုပ်ကြောင်းပြဆိုထားသည် ။ ရွှေမောဓောဘုရား သမိုင်းနှင့်လည်းဆက်စပ်နေသည် ။

( ဆက်ပါဦးမည် . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) )  . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။

စတုတ္ထပိုင်း ကောလိယသမိုင်း
မြတ်စွာဘုရားရှင်သည် ခြောက်ဝါမြောက် ရာဇဂြိုလ်ပြည်အနီးမကုလပဗ္ဗတောင်ခြေ ချယားတောအုပ်ကြီး၌ သီတင်းသုံးလျက်ရှိစဉ်ဇောင်းတူမြို့သား သူဌေးကုန်သည်ညီနောင်ဖြစ်သော စူဠသာလ မဟာသာလတို့သွား ရောက်ဖူးမြော်စဉ် နောင်အရှည်ကိုးကွယ်ပူဇော်ရန်ဆံတော် ( ၂ ) ဆူကိုပေးသနားတော်မူခဲ့သည် ။ ကုန်သည် ညီနောင်တို့ ဇောင်းတူမြို့ကို ဆံတော်ပင့်ပြီးပြန်ရောက်လာသည့်အခါ ဇောင်းတူဘုရင် သမန္တရာဇာမင်းကြီးနှင့် တကွမြို့သူမြို့သားအပေါင်းတို့ဝမ်းပန်းတသာ ကြိုဆိုပင့်ဆောင်ပူဖော်ကြသည် ။ သည့်နောက်သမန္တရာဇာမင်း ကြီးသည် ပဲခူး ဟင်္သာကုန်းတန်းရှိ သုဒဿနမြင့်သီတပဗ္ဗတကုန်းတော်၌ ဆံတော်ဌာပနာ၍ စေတီကိုတည်လုပ် စေသည် ။ မဟာသက္ကရာဇ် ၁၁၅ ခု တန်းခူးလဆန်း ( ၁ ) ရက် စနေနေ့တွင်အလုံးစုံပြေခဲ့သည် ။ ထို့နောက် သမန္တရာဇာမင်းကြီးသည် စေတီတော်ကိုအဓွန့်ရှည်စွာတည်ထွန်းရန်ရည်ရွယ်ပြီး မော်စော်ကနုရွာနေ သိင်္ဃဒတ္ထ စစ်ကဲ ငကွံလှနှင့် လူပေါင်းတစ်ရာ ၊ ငတံရွာနေ ငအေးနှင့်ငယ်သားခြောက်အိမ်ထောင် ၊ သင်လည်ရွာနေ ပန်းပဲ ငသိုင်းနှင့် ငယ်သားခြောက်အိမ်ထောင် ၊ တွံတာရွာနေ သိုင်းတော်ကိုင်သင်ပုတ်တော်တင် ငကွံထော်နှင့် ငယ်သားခုနှစ်အိမ်ထောင် ၊ အင်းရွာနေ တံမြတ်လှည်း ငထော်ကလင်နှင့်လူပေါင်းခုနှစ်အိမ်ထောင်တို့ကို ကျွန် တော်အသီးသီးအဖြစ်ရေစက်ချ လှူဒါန်းတော်မူခဲ့ပါသည် ။
စေတီတော်၏ ၀တ္တကနယ်မြေကိုလည်း အရှေ့ အနောက် မြောက်တာတစ်ရာကျ တောင်ကိုတာငါးဆယ်ဖွဲ့၍ လည်းလှူတော်မူခဲ့သည် ။ သမန္တရာဇာမင်းကြီးက အိမ်ခြေသုံးထောင်ရှိသောမဟာဂါမရွာကြီးကို အဂ္ဂမဟာသေ နာပတိဘွဲ့ခံ အမတ်ဟံကို အပိုင်စားပေးခဲ့ကြောင်း ၊ နောင်တွင်ထိုရွာကိုကောလိယမြို့ဟုတွင်ကြောင်း ( သစ်ထိန်ညင်ရွာလို့ မှတ်ဖူးသည် ။ စာရိုက်သူ ) ပြဆိုထားသည် ။ ထိုဘုရားသမိုင်းအရဆိုလျှင် ကောလိယမြို့၏ သက်တမ်းသည် နှစ်ပေါင်းနှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်ဟုဆိုနိုင်သည် ။  မြတ်စွာဘုရားသက်တော်ထင်ရှားရှိ စဉ်ကတည်းက အိမ်ခြေသုံးထောင်ရှိသော မဟာဂါမရွာကြီးတွင် ရာဇဓိရာဇ်ဘုရင်လက်ထက်၌ မူလမြို့ရိုးကို ချုံ့လိုက်ကာ မြို့သစ်အဖြစ်တည်ခဲ့ခြင်းလောဟူ၍ ဆင်ခြင်စရာရှိသည် ။
မည်သို့ဆိုစေ မွန်ဘုရင်ရာဇာဓိရာဇ်လက်ထက်၌ ကောလိယမြို့သည် မွန်မြန်မာနယ်စပ်ခံမြို့ဖြစ်၍ တစ်ခါတစ်ရံ ချစ်ကြည်ရေးနယ်ခြားတပ်မြို့လည်းဖြစ်သည်ဟုဆိုနိုင်သည် ။ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်က အင်းဝနှင့်ဟံသာ ၀တီတစ်ပြည်နှင့်တစ်ပြည် ချစ်ကြည်ရင်းနှီးမှုကို မြှော်တွေးလျက် အမတ်ဒိန်မဏိရွတ်ကို လက်ဆောင်ပဏ္ဍာများ ဖြင့် အင်းဝဘုရင်မင်းခေါင်ထံစေလွှတ်ခဲ့ဘူးသည် ။ ` ငါတို့ပြည်ထောင်ချင်းမင်းနှစ်ပါးတို့သည် ဒေ၀ဒဟကပိလ မြို့ကဲ့သို့ အစဉ်ရှည်စွာဖြစ်စေချင်သည် ။ ငါ့သမီးတော် တလမဲကြိုး သည် ရွှေနန်းသခင်အပါးတော်ဝယ်ရှိလေပြီး သည် ။ အဆွေတော်ကို နှမတော်မင်းလှမြတ်နှင့် စုံတော်မူလျှင် တိုက်ဆင် ( ၃၀ ) နှင့်ပုသိမ်သင်္ဘောအကောက် အခွန်ကို နှစ်စဉ်ဆက်သွင်းပါမည် ´ ဟူ၍ မဟာမိတ်ရာဇသံရွှေပေလွှာလည်း ပါးလိုက်သည် ။
မြန်မာဘုရင်မင်းခေါင်လည်း အရှည်ကိုမြှော်တွေးလျက် မင်းရာဇာနှင့်တိုင်ပင်ပြီး လက်ဆောင်ပဏ္ဍာ တုံ့လှယ်ကာ ပညာရှိအမတ်ကြီး မင်းရာဇာအား ဟံသာဝတီသို့စေလွှတ်၍ ပြင်ဆင်ဆောင်ရွက်ဖွယ်များကို သွားရောက်ဆောင် ရွက်စေသည် ။ ရာဇာဓိရာဇ်လည်း စစ်သူကြီးသမိန်ြှဗက်စ ၊ အမတ်ဒိန်မဏိရွတ်နှင့်တိုင်ပင်ပြီး ကောလိယမြို့တွင် တန်ဆောင်းသုံးဆောင်ဆောက်စေ၍ လက်ထပ်နန်းကိုလည်း တည်ဆောက်စေသည် ။ အမတ်ကြီးကတော် မယားလေးယောက်ကိုလည်းအဆောင်အယောင်များနှင့်တကွ အင်းဝသို့ မင်းရာဇာနှင့်အတူ ထည့်လိုက်သည် ။ လက်ဆောင်ပဏ္ဍာများည်းအများပင်ပေးလိုက်သည် ။ ဘုရင်မင်းခေါင်းလည်းအရေး အရာပြီးပြေကြောင်း မင်းရာဇာ၏ လျောက်ထားချက်အရ နှမတော်မင်းလှမြတ်ကို ဦးဆေးမင်္ဂလာပြုစေပြီး ` သုပဘာဒေ၀ီ ´ ဟူသော အမည်ဖြင့် မိဖုရားတို့၏ အဆောင်အယောင်နှင့်ကိုယ်လုပ်တော်သုံးကျိပ်ပေးတော်မူသည် ။ လင်္ကျာကြီးကတော် ကိုအထိန်းခန့်တော်မူသည် ။ ပခန်းတရဖျား တစ်တပ် ၊ တောင်တွင်းသီဟပတော့ တစ်တပ် ၊ ပေါက်မြို့စည်သူ တစ်တပ် ၊ တလုပ်ရာဇသူတစ်တပ် ၊ ပုဂံဥဇနာတစ်တပ် ၊ တောင်ငူမင်းနေပိ တစ်တပ် ၊ မင်းရာဇာ တစ်တပ် ၊ ဤခုနှစ်တပ်တွင် ဆင်လုံးမြင်းရင်းကား တိုက်ဆင်နှစ်ရာ ၊ မြင်းသုံးထောင့်ငါးရာ ၊ စစ်သူရဲခုနှစ်သောင်းပါသည် ။

( ဆက်ပါဦးမည် . . . . . . . . .  )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) )  . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။