Saturday, April 1, 2017

" ဒိုက်ဦး ကောလိယမြို့ဟောင်း "

အပိုင်းလေးပိုင်းလုံးတစ်တွဲတည်းတင်ပေးလိုက်ပါတယ် ပြီးတော့မပြီးသေးပါဘူး

" ဒိုက်ဦး ကောလိယမြို့ဟောင်း "အပိုင်း 1+2+3+4

၂၀၁၂ ခုနှစ် အောက်တိုဘာလ ( ၂ ) ရက်နေ့က ညောင်လေးပင် မြို့နယ် -၀ါးရုံကုန်းရွာရှိ မိခင်ကြီးကိုသွား ရောက်ကန်တော့ပြီးအပြန်တွင် ကောလိယမြို့ဟောင်းနေရာကို ၀င်ရောက်လေ့လာဖြစ်ခဲ့သည် ။ ထိုနေ့က ရာသီ ဥတုသည် သာယာနေရာမှ မိုးတိမ်မိုးသားများတက်လာပြီး ရုတ်တရက်မိုးရွာချတော့မည့်ဟန်မျိုး မှောင်ကျလာ သည် ။ မိုးသာရွာလျှင် ဆက်မသွားပဲ ပဲခူးကိုဘဲပြန်မည်ဟု ဆုံးဖြတ်လာခဲ့ရာ ဒိုက်ဦးရောက်သည့်အခါ နေသည် လွတ်လွတ်ကျွတ်ကျွတ်သာလာသည် ။
ထိုကြောင့် ဒိုက်ဦးအ၀င် ဒရယ်မီးလမ်းဆုံမှ လက်ယာဖက်ကိုထွက်သော လက်ပံသုံးခွလမ်းခွဲအတိုင်းသွားရာ ( ၂ ) မိုင်ခန့် လက်ဝဲဘက်တွင် ဘုရားကြီးတစ်ဆူကိုလှမ်းပြီးဖူးမြှော်ရသည် ။ မြို့ရိုးဘုရားကြီးဖြစ်သည် ။ ယခုဘွဲ့ တော်အသစ်ချည်ထားပြီးဖြစ်သည် ။ ဘုရားကြီးမှ အနောက်ဖက်လှမ်းလှမ်းတွင် မြို့ရိုးရွာကြီးကိုမည်းမည်း အုပ်အုပ်မြင်နေရသည် ။ လမ်းခရီးတလျောက်တွေ့သည့် ကြုံသည့်ဒေသခံများကို မေးမြန်းစုံစမ်းရင်းမြို့ရိုးရွာကို ပေါက်သောမြေသားလမ်းအတိုင်း မော်တော်ဆိုင်ကယ်ကို သတိထားမောင်းကာရောက်လာကြသည် ။
ရွံ့ဗွက်စပ်စပ်ဖြစ်နေသဖြင့် ဆိုင်ကယ်ကို ရွာဦးတစ်နေရာတွင်ရပ်ထားခဲ့ပြီး ခြေကျင်လျောက်၍ ၀င်ခဲ့ကြသည် ။ အရှေ့မှအနောက်သို့ပေါက်နေသော ရွာလယ်လမ်းမှာမြို့ရိုးကုန်းတန်းဖြစ်သည် ။ ရှေးဟောင်အုတ်များကို အလွှာလိုက် အချပ်လိုက်တွေ့ရတော့မှ မြို့ရိုးပေါ်တွင်တည်ထားမှန်းသိလိုက်ရသည် ။ ရှေးဟောင်းအုတ်အရွယ် အစားများက အလျား ( ၁၂ ) လက်မ အနံ ( ၆ ) လက်မ ထု ( ၂ ) လက်မ အရွယ်အစားဖြစ်သည် ။ ရွာလယ်ကုန်းအတိုင်းလျောက်ရင်း မြောက်ဘက်သို့ထွက်သောပယ်လမ်းတစ်လမ်းကိုတွေ့၍ ဆက်လိုက်သည့် အခါ ရွာအပြင်အနောက်ဘက် မြို့ရိုးကုန်းတန်းကို ဘွားကနဲတွေ့ရသည် ။ အနောက်ဘက်မြို့ရိုးသည်အချို့နေ ရာ၌ အတော်ပြုန်းတီးလျက်ရှိပြီး မြှို့ရိုးသဏ္ဍန်ပင် မဆောင်နိုင်တော့ချေ ။
မြောက်ဘက်မြို့ရိုးကိုပတ်၍လျောက်ကြည့်သည့်အခါ အချို့နေရာ၌ပြုန်းတီးနေသော်လည်း မြို့ရိုးပုံဟန်ဆောင် နိုင်ဆဲရှိသေးသည် ။ ပကတိမြေပြင်မှ ၁၂ ပေခန့်အမြင့်ပင်ရှိသေးသည် ။ လူနေတဲလေးငါးလုံးလည်း ဤမြို့ရိုး ပေါ်တွင်နေရာယုထားပြီးဖြစ်သည် ။ ထိုလူနေတဲရှိရာနေရာများ၌ မူလမြို့ရိုး၏ အုတ်စီအလွှာများပကတိအတိုင်း ကျန်ရှိသေးသည်ကို တွေ့ရသည် ။ မြို့ရိုးတည်ပုံကလေးထောင့်စတုဂံပုံဖြစ်သည် ။ အရှေ့ အနောက် အလျား ရှည်ပြီး အနံတိုသည် ။ ဒေသခံရွာသားကြီးတစ်ဦးဖြစ်သည့် ဦးသိန်းလှိုင်နှင့် မြို့ရိုးပေါ်တွေ့ပြီးမေးမြန်းစူးစမ်း သည့်အခါ မြို့ရိုးအပြင်ပတ်လည်တွင်ရေကန်ဟောင်း ( ၇ ) ကန်ခန့်ရှိကြောင်း မြောက်ဘက်၌ ( ၂ ) ကန် အနောက်ဘက်၌ ( ၂ ) ကန် တောင်ဘက်၌ ( ၃ ) ရှိကြောင်း ယခုအခါ ( ၂ ) ကန်မှာကောသွားပြီဖြစ်ကြောင်း ပြောသည် ။ သူပြောသည့် မြို့ရိုးပတ်လည်ရေကန်ဆိုသည်မှာ ယခင်မြို့ဟောင်းအပြင်ရှိ ကျုံးဟောင်းဖြစ်ဖွယ် ရှိသည် ။ ကျုံးဟောင်းကို ကန့်၍ ကန့်၍ ရေကန်ပြုထားခြင်းဖြစ်မည် ။ မြို့ရိုးလေးဘက်လေးတန်အတွင်း၌ ရေများရှိပြီး မြက်ပင်များ ဒိုက်များ ဖုံးလွှမ်းနေရာ ပီဘိရေကန်ကြီးပမာဖြစ်သည် ။ လူတစ်ရပ်ခန့် နက်သည်ဟု သိရသည် ။
ရေကန်ထဲမဆင်းနဲ့နော် . . .  နက်တယ် ဟု ရွာဦးမှာတွေ့သည့်မိန်းမကြီးတစ်ဦးကလမ်းညွှန်သတိပေးသည်ကို သတိရမိသည် ။ `ရှေးကဆိုရင်  . . ဒီကန်မှာ . . နွေရာသီတောင်လူမမှီဘူး ´ ဟု ဦးသိန်းလှိုင်က သူမှတ်သားမိသ မျှပြောပြသည် ။ မြို့ရိုးကုန်းကြီးဆိုလည်း မောလောက်အောင်တက်ရတယ် . . . ဟုလည်းကလေးသဘာဝ သူ တို့ငယ်ငယ်က ပြေးဆော့ကစားခဲ့သည်ကို အမှတ်ထင်ထင်ပြောပြနေသည် ။ သိုက်တုးတဲ့သူတွေ သိုက်တူးဖို့လာ တာကိုလည်း ငယ်ငယ်ကကြုံဖူးတယ် ။ ခေါင်းရင်းအိမ်မှာတည်းကြတာ ။ အဲဒါသူတို့တည်းတဲ့အိမ်ကို ခဲတွေ တ၀ုန်းဝုန်းကျတာနဲ့ ပြန်ပြေးသွားတယ် ။ ´မြို့ရိုးနှင့်ပက်သက်၍ ထူးထူးခြားခြားဖြစ်စဉ်များကိုလည်း သူ့ထံမှ စိတ် ၀င်စားဖွယ်ကြားရ နာရသည် ။ သူ့စကားထဲတွင်ရေကန်ဖေါ်မည်ဟု စက်ဖြင့်တူးခဲ့သေးကြောင်း မိုးတွေချုန်း မိုးကြိုးတွေပစ်၍ ဆက်မတူးရဲတော့သဖြင့် မတူးခဲ့ရကြောင်း . . . . . . . . . . . .

( ဆက်ပါဦးမည် ။ . . . . . . . .  )

မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် )  . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။

ကောလိယသမိုင်း ( ဒုတိယပိုင်း )

၁၄ လက်မ ၁၅လက်မ အရွယ် ကျွန်းပြားများကိုလည်း ကန်ထဲမှ အထပ်လိုက်တွေ့ဘူးကြောင်း ဘာမှန်းမသိ၍  မဖေါ်ရဲဘဲ ထားခဲ့ရကြောင်း ညနေခင်းနွားရိုင်းသွင်းချိန်များ၌ နွားကျောင်းသားတွေခေါင်းမပါ ကိုယ်ခန္ဓာချည်း ပြပြီး သရဲအခြောက်ခံရတာလည်း မကြခဏခံရကြောင်း ယခုတော့မရှိတော့ကြောင်းတွေလည်းစုံသည် ။
မြောာက်ဖက်မြို့ရိုးတွင် တံခါးပေါက်ဟု ယူဆရသည့် အပေါက် ( ၃ ) ပေါက်တွေ့ရသည် ။ အရှေ့ဖက်မြို့ရိုးအနီး ရှိအပေါက်ကိုမူ ဒေသခံတို့အလိုအရ ကျီးကန်းပေါက်ခေါ်ကြောင်းသိရသည် ။ ထိုမြောက်ဘက်မြို့ရိုးအလယ် တံခါးပေါက်တွင် အုတ်စီအုတ်ရိုးများပင်ရှိသေးကြောင်း မကြာသေးမီက ကျောင်းသူ ကျောင်းသားများပါသည့် လေ့လာရေးအဖွဲ့တစ်ဖွဲ့ ထိုတံခါးပေါက်ကိုလာရောက်လေ့လာသွားဖူးကြောင်း ဆရာလုပ်သူကရှင်းပြပြီး ဓါတ်ပုံ ရိုက်သူကရိုက် တိုင်းထွာသူက တိုင်းထွာကြကြောင်း လိုက်အကျိုးဆောင်ပေးသူ အသက် ( ၂၀ ) ကျော်အရွယ်ရှိ ကိုငယ်ဆိုသူကပြောပြသည် ။
ရေကန်ကြီးလိုဖြစ်နေသောမြို့ရိုးတွင်းဧရိယာသည် ခန့်မှန်းဧက ( ၁၀၀ ) ခန့်ရှိမည်ဖြစ်သည် ။ ထိုကန်ထဲမှ ရေ တွေစီးထွက်နေရာ အရှေ့ဘက်မြို့ရိုးတွင် ( ၂ ) ပေါက်တွေ့ရသည် ။ ရှေးကမြို့ရိုးတံခါးပေါက်ဖြစ်မည် ။ ရွာတည်ထားသည့် အရှေ့အနောက်တန်း တောင်ဘက်မြို့ရိုးကုန်းတန်းမှာလည်း ဒေသခံတို့အခေါ် ` ပယ်လမ်း ´ များမှာ ရှေးမြို့ရိုးတံခါးပေါက်များဖြစ်ပေလိမ့်မည် ။ ဤသို့ဖြင့်ကောလိယမြို့ရိုးတွင် အရှေ့ဘက်၌ တံခါး ( ၂ ) ပေါက် တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးများတွင် တံခါး ( ၃ ) ပေါက်စီ ရှိခဲ့မည်ဟူ၍ ဆိုနိုင်သည် ။ အနောက် ဖက်မြို့ရိုးမှာမူ သတိမထားမိခဲ့ချေ ။
ကိုငယ်ဦးဆောင်ခေါ်သွားသဖြင့် အရှေ့ဘက်ထောင့်မြို့ရိုးပေါ်ရှိ စေတီကုန်းဟောင်းရှိရာ အိမ်ဝိုင်းတစ်ခုကို ရောက်သွားသည် ။ ဘုရားကုန်းကိုဖြိုရင်း ဆင်းတုရုပ်ပွားအကျိုးများထွက်ပေါ်လာသဖြင့် ဆက်မဖြိုရဲတော့ဟုဆို သည် ။ တူးဖေါ်ရရှိသည့်ဆင်းတုတော်များကို ထိုစေတီကုန်းဟောင်းပေါ်မှာပင် ၀ါးတဲလေးဆောက်ကာပြန်လည် ပူဇော်ထားသည် ။ ထိုစေတီကုန်းဟောင်းပေါ်၌ အမိုးအုတ်ကြွပ် အကျိုးအပျက်အပိုင်းအစများစွာလည်းတွေ့ရ သည် ။ စဉ့်သုတ်အုတ်ကြွပ်လည်းပါသည် ။ ရိုးရိုးရွှံ့မီးဖုတ်အုတ်ကြွပ်တွေလည်းပါသည် ။ ၀ါးတဲအောက်၌ ပစ်ထားသောအုတ်ခဲပိုင်းကျိုးတစ်ခုကအရွယ်အစားကြီးမားသည် ။ အနံ ( ၈ ) လက်မ ထု ( ၃ ) လက်မ အလျား ( ၈ ) လက်မခွဲအုတ်ပိုင်းကျိုးဖြစ်သည် ။ အမှတ်မထင်ထိုအုတ်ခဲကျိုး၌ ကန့်လန့်ဖြတ်လက်စင်းရာ ( ၃ ) ကြောင်း စီပါရှိသည် ကိုတွေ့ရသည် ။ ဤသို့လက်စင်းရာပါသောအုတ်မျိုးကို ရှေးဟောင်းပျူဒေသများဖြစ်သော သရေ ခေတ္တရာ ဗိဿနိုး ဟန်လင်းစသည်တို့တွင်တွေ့ရသလို ပဲခူးအနီးဝေါမြို့ ကြုံတူဘုရားမှလည်းရရှိဖူးသည် ။။ ထို သို့ဆိုလျှင်ဤကောလိယမြို့ဟောင်းသည် ရှေးဟောင်းပျူဒေသတစ်ခုဖြစ်နေသလော . . . . . . .

( ဆက်ပါဦးမည် . . . . . .  )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) .  .. . . . ပဲခူးဝန်းကျင် သမိုင်းဝင်နေရာများ စာအုပ်မှကူးယူဖေါ်ပြသည် ။

တတိယပိုင်း ( ကောလိယသမိုင်း )

အေဒီ ၉၆၄ မတိုင်မီ ပြုစုခဲ့သည့် တရုတ်ထန်မင်းဆက် သမိုင်းဟောင်း အေဒီ ၉၆၁ မှ ပြုစုခဲ့သည့် ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း အေဒီ ၁၀၆၀ ၌ပြုစုခဲ့သည့် ထန်မင်းဆက်သမိုင်းသစ်များတွင် ဖေါ်ပြထားသောပျူနိုင်ငံ အကျယ်အ၀န်းအတွင်း၌ ကောလိယမြို့ဟောင်းဒေသသည်ပါဝင်နေသည် ။ ထန်မင်းဆက်သမိုင်းသစ်တွင် ပျူ တပ် ( ၉ )မြို့ ပျူဒေသ ( ၃၂ ) မြို့ကိုဖေါ်ပြထားရာ လုဝူး ( ဒိုက်ဦး ) လည်းပါဝင်နေသည်ကိုတွေ့ရသည် ။ ထိုလုဝူး ( ဒိုက်ဦး ) သည် ယခုကောလိယတည်ရှိရာနေရာဖြစ်သည် ။ ထိုထန်မင်းဆက် သမိုင်းသစ်၏အဆိုကို ကောလိယမြို့ဟောင်းတွင်တွေ့ရသည့် လက်စင်းရာပါအုတ်ခဲကြီးက သက်သေခံလိုက်ပြီဟုဆိုရပေမည် ။
ဒေသခံတို့ကမူ လက်ရှိမြို့ရိုးကျေးရွာရှိ မြို့ရိုးဟောင်းကြီးအပြင်ဘက်၌ မြို့ရိုးဟောင်းကြီးတစ်ခုရှိသေးကြောင်း ပြောကြသည် ။ အချို့နေရာ၌ လုံးဝကွယ်ပျောက်နေသဖြင့် အင်္ဂါမစုံတော့ကြောင်း မြို့ရိုးဟုပင် အခိုင်အမာမပြော နိုင်တော့ကြောင်းပြောသည် ။ ဤကောလိယမြို့ဟောင်းကို မည်သည့်ကာလက တည်လုပ်ခဲ့သနည်းဟုမေးခွန်း ထုတ်စရာရှိသည် ။ သမိုင်းစာမျက်နှာများတွင် ထင်ရှားသည့်က ဟံသာဝတီ ဒုတိယခေတ် ရာဇာဓိရာဇ် ( အေဒီ ၁၃၈၂ - ၁၄၃၂ ) တည်လုပ်ခဲ့ကြောင်းဆိုသည် ။ ဘိုးတော်( ဗဒုံမင်း ) ( အေဒီ ၁၇၈၂ - ၁၈၁၉ ) လက်ထက်ကောက်ခံသော ဟံသာဝတီ ( ၃၂ ) မြို့စစ်တမ်းတွင် အတိအကျဖေါ်ပြထားသည် ။
ဘိုးတော် ( ဗဒုံမင်း ) လက်ထက် သက္ကရာဇ် ( ၁၁၆၄ ) ခု တော်သလင်းလဆန်း ( ၉ )ရက်နေ့ ကောလိယမြို့တံ ဆိပ်တော်ရ သူကြီးဗညားအိန္ဒကျော် အသက် ( ၆၅ ) နှစ်အားစစ်မေးသည့်စစ်တမ်း၌
`ကောလိယမြို့သည် အရှေ့ကိုလားသော် တာ၁၀၀၀၀ ဘန်းမြို့ တလခွာမြေနှင့်အစပ် ၊ ကျိုက်ပလဲခွာဘုရား အထိ ၊ အရှေ့တောင်ကိုလားသော် တလနွမ်းချောင်း ကောက်ကောက်စင်းစင်း ၊ စစ်တောင်းမြို့မြေနှင့်အစပ် ၊ တမာကပေါထိ ၊ တောင်ကိုလားသော်တာ ၁၀၀၀၀ ကွာ ၊ ဟံသာဝတီမြို့မြေနှင့်အစပ် ၊ ကျုက်စကောဆိုသည့် ကျိုက်လပို့ဘုရားအထိ ၊ အနောက်ကိုလားသော် ထန်းတောကြီးမြေနှင့်အစပ် ၊ အနောက်ကိုလားသော် တာ ၁၅၀၀၀ကွာ ဇောင်းတူမြို့နှင့်အစပ် ၊ ကျိုက်ဒေးပါဘုရားအထိ ၊ အနောက်မြောက်ကိုလားသော် ရဲနွဲမြို့မြေနှင့် အစပ် ၊ တာ ၂၀၀၀၀ကွာ ၊ ၀ါးတောကြီး တုံခန်းရဲနွဲရဲလှမြေနှင့်အစပ် ၊ ကျိုက်ပ္ပံတောရီးဘုရားထိ ၊ အရှေ့မြောက် ကိုလားသော် ရွှေကျင်မြေနှင့်အစပ် ၊ ညောင်လေးပင်ထိ နယ်လေးရပ် ရှစ်ရပ်သတ်မှတ်ထားကြောင်းပါရှိသည် ။ နယ်မြေအပိုင်းအခြားကျယ်ဝန်းကြီးမားကြောင်းတွေ့ရသည် ။ ဟံသာဝတီ ၃၂ မြို့ စစ်တမ်းအရ မွန်ဘုရင် ရာဇာဓိရာဇ်တည်လုပ်ခဲ့သည်ဆိုသော်လည်း ဆရာကူးရေးသည့် ရွှေမော်ဓောဘုရားသမိုင်း၌မူ ကောလိမြို့ကို ဇောင်းတူဘုရင် သမန္တရာဇာ၏အမတ် အမတ်ဟံဆိုသူတည်လုပ်ကြောင်းပြဆိုထားသည် ။ ရွှေမောဓောဘုရား သမိုင်းနှင့်လည်းဆက်စပ်နေသည် ။

( ဆက်ပါဦးမည် . . . . . . . . )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) )  . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။

စတုတ္ထပိုင်း ကောလိယသမိုင်း
မြတ်စွာဘုရားရှင်သည် ခြောက်ဝါမြောက် ရာဇဂြိုလ်ပြည်အနီးမကုလပဗ္ဗတောင်ခြေ ချယားတောအုပ်ကြီး၌ သီတင်းသုံးလျက်ရှိစဉ်ဇောင်းတူမြို့သား သူဌေးကုန်သည်ညီနောင်ဖြစ်သော စူဠသာလ မဟာသာလတို့သွား ရောက်ဖူးမြော်စဉ် နောင်အရှည်ကိုးကွယ်ပူဇော်ရန်ဆံတော် ( ၂ ) ဆူကိုပေးသနားတော်မူခဲ့သည် ။ ကုန်သည် ညီနောင်တို့ ဇောင်းတူမြို့ကို ဆံတော်ပင့်ပြီးပြန်ရောက်လာသည့်အခါ ဇောင်းတူဘုရင် သမန္တရာဇာမင်းကြီးနှင့် တကွမြို့သူမြို့သားအပေါင်းတို့ဝမ်းပန်းတသာ ကြိုဆိုပင့်ဆောင်ပူဖော်ကြသည် ။ သည့်နောက်သမန္တရာဇာမင်း ကြီးသည် ပဲခူး ဟင်္သာကုန်းတန်းရှိ သုဒဿနမြင့်သီတပဗ္ဗတကုန်းတော်၌ ဆံတော်ဌာပနာ၍ စေတီကိုတည်လုပ် စေသည် ။ မဟာသက္ကရာဇ် ၁၁၅ ခု တန်းခူးလဆန်း ( ၁ ) ရက် စနေနေ့တွင်အလုံးစုံပြေခဲ့သည် ။ ထို့နောက် သမန္တရာဇာမင်းကြီးသည် စေတီတော်ကိုအဓွန့်ရှည်စွာတည်ထွန်းရန်ရည်ရွယ်ပြီး မော်စော်ကနုရွာနေ သိင်္ဃဒတ္ထ စစ်ကဲ ငကွံလှနှင့် လူပေါင်းတစ်ရာ ၊ ငတံရွာနေ ငအေးနှင့်ငယ်သားခြောက်အိမ်ထောင် ၊ သင်လည်ရွာနေ ပန်းပဲ ငသိုင်းနှင့် ငယ်သားခြောက်အိမ်ထောင် ၊ တွံတာရွာနေ သိုင်းတော်ကိုင်သင်ပုတ်တော်တင် ငကွံထော်နှင့် ငယ်သားခုနှစ်အိမ်ထောင် ၊ အင်းရွာနေ တံမြတ်လှည်း ငထော်ကလင်နှင့်လူပေါင်းခုနှစ်အိမ်ထောင်တို့ကို ကျွန် တော်အသီးသီးအဖြစ်ရေစက်ချ လှူဒါန်းတော်မူခဲ့ပါသည် ။
စေတီတော်၏ ၀တ္တကနယ်မြေကိုလည်း အရှေ့ အနောက် မြောက်တာတစ်ရာကျ တောင်ကိုတာငါးဆယ်ဖွဲ့၍ လည်းလှူတော်မူခဲ့သည် ။ သမန္တရာဇာမင်းကြီးက အိမ်ခြေသုံးထောင်ရှိသောမဟာဂါမရွာကြီးကို အဂ္ဂမဟာသေ နာပတိဘွဲ့ခံ အမတ်ဟံကို အပိုင်စားပေးခဲ့ကြောင်း ၊ နောင်တွင်ထိုရွာကိုကောလိယမြို့ဟုတွင်ကြောင်း ( သစ်ထိန်ညင်ရွာလို့ မှတ်ဖူးသည် ။ စာရိုက်သူ ) ပြဆိုထားသည် ။ ထိုဘုရားသမိုင်းအရဆိုလျှင် ကောလိယမြို့၏ သက်တမ်းသည် နှစ်ပေါင်းနှစ်ထောင်ကျော်ရှိနေပြီဖြစ်သည်ဟုဆိုနိုင်သည် ။  မြတ်စွာဘုရားသက်တော်ထင်ရှားရှိ စဉ်ကတည်းက အိမ်ခြေသုံးထောင်ရှိသော မဟာဂါမရွာကြီးတွင် ရာဇဓိရာဇ်ဘုရင်လက်ထက်၌ မူလမြို့ရိုးကို ချုံ့လိုက်ကာ မြို့သစ်အဖြစ်တည်ခဲ့ခြင်းလောဟူ၍ ဆင်ခြင်စရာရှိသည် ။
မည်သို့ဆိုစေ မွန်ဘုရင်ရာဇာဓိရာဇ်လက်ထက်၌ ကောလိယမြို့သည် မွန်မြန်မာနယ်စပ်ခံမြို့ဖြစ်၍ တစ်ခါတစ်ရံ ချစ်ကြည်ရေးနယ်ခြားတပ်မြို့လည်းဖြစ်သည်ဟုဆိုနိုင်သည် ။ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်က အင်းဝနှင့်ဟံသာ ၀တီတစ်ပြည်နှင့်တစ်ပြည် ချစ်ကြည်ရင်းနှီးမှုကို မြှော်တွေးလျက် အမတ်ဒိန်မဏိရွတ်ကို လက်ဆောင်ပဏ္ဍာများ ဖြင့် အင်းဝဘုရင်မင်းခေါင်ထံစေလွှတ်ခဲ့ဘူးသည် ။ ` ငါတို့ပြည်ထောင်ချင်းမင်းနှစ်ပါးတို့သည် ဒေ၀ဒဟကပိလ မြို့ကဲ့သို့ အစဉ်ရှည်စွာဖြစ်စေချင်သည် ။ ငါ့သမီးတော် တလမဲကြိုး သည် ရွှေနန်းသခင်အပါးတော်ဝယ်ရှိလေပြီး သည် ။ အဆွေတော်ကို နှမတော်မင်းလှမြတ်နှင့် စုံတော်မူလျှင် တိုက်ဆင် ( ၃၀ ) နှင့်ပုသိမ်သင်္ဘောအကောက် အခွန်ကို နှစ်စဉ်ဆက်သွင်းပါမည် ´ ဟူ၍ မဟာမိတ်ရာဇသံရွှေပေလွှာလည်း ပါးလိုက်သည် ။
မြန်မာဘုရင်မင်းခေါင်လည်း အရှည်ကိုမြှော်တွေးလျက် မင်းရာဇာနှင့်တိုင်ပင်ပြီး လက်ဆောင်ပဏ္ဍာ တုံ့လှယ်ကာ ပညာရှိအမတ်ကြီး မင်းရာဇာအား ဟံသာဝတီသို့စေလွှတ်၍ ပြင်ဆင်ဆောင်ရွက်ဖွယ်များကို သွားရောက်ဆောင် ရွက်စေသည် ။ ရာဇာဓိရာဇ်လည်း စစ်သူကြီးသမိန်ြှဗက်စ ၊ အမတ်ဒိန်မဏိရွတ်နှင့်တိုင်ပင်ပြီး ကောလိယမြို့တွင် တန်ဆောင်းသုံးဆောင်ဆောက်စေ၍ လက်ထပ်နန်းကိုလည်း တည်ဆောက်စေသည် ။ အမတ်ကြီးကတော် မယားလေးယောက်ကိုလည်းအဆောင်အယောင်များနှင့်တကွ အင်းဝသို့ မင်းရာဇာနှင့်အတူ ထည့်လိုက်သည် ။ လက်ဆောင်ပဏ္ဍာများည်းအများပင်ပေးလိုက်သည် ။ ဘုရင်မင်းခေါင်းလည်းအရေး အရာပြီးပြေကြောင်း မင်းရာဇာ၏ လျောက်ထားချက်အရ နှမတော်မင်းလှမြတ်ကို ဦးဆေးမင်္ဂလာပြုစေပြီး ` သုပဘာဒေ၀ီ ´ ဟူသော အမည်ဖြင့် မိဖုရားတို့၏ အဆောင်အယောင်နှင့်ကိုယ်လုပ်တော်သုံးကျိပ်ပေးတော်မူသည် ။ လင်္ကျာကြီးကတော် ကိုအထိန်းခန့်တော်မူသည် ။ ပခန်းတရဖျား တစ်တပ် ၊ တောင်တွင်းသီဟပတော့ တစ်တပ် ၊ ပေါက်မြို့စည်သူ တစ်တပ် ၊ တလုပ်ရာဇသူတစ်တပ် ၊ ပုဂံဥဇနာတစ်တပ် ၊ တောင်ငူမင်းနေပိ တစ်တပ် ၊ မင်းရာဇာ တစ်တပ် ၊ ဤခုနှစ်တပ်တွင် ဆင်လုံးမြင်းရင်းကား တိုက်ဆင်နှစ်ရာ ၊ မြင်းသုံးထောင့်ငါးရာ ၊ စစ်သူရဲခုနှစ်သောင်းပါသည် ။

( ဆက်ပါဦးမည် . . . . . . . . .  )
မောင်ယဉ်လှိုင်း ( ပျဉ်းမမြိုင် ) )  . . . . ပဲခူးမြို့ဝန်းကျင် သမိုင်းဝင်နေရာများစာအုပ်မှ ကူးယူဖေါ်ပြပါသည် ။

No comments:

Post a Comment