Friday, April 14, 2017
ကဗျာဆရာ နွေလယ်နေဆီက မုဒိတာဥဒါန်း အရှင် ဇဝန ၏ ဟာဆန်ရေးဗား မှ ကောလိယချောင်းနံဘေး သို့
................................................................
အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့ ရောက် မြန်မာရဟန်းစာဆိုတစ်ပါး၏ "ဇာတိအလွမ်း"ဟုဆိုနိုင်လောက်သောဆောင်းပါးတစ်ပုဒ် ။
"ဇာတိအလွမ်း"ဆိုငြား မည်ကာမတ္တကားမဟုတ် ။
အမှန်တရားကိုချစ်သော၊အဓမ္မကိုဆန့်ကျင်သော၊ မွေးရာပါတော်လှန်ဇောကြောင့်သူဖြတ်သန်းခဲ့ရသော ကာလဝိပတ္တိတကြောမှာ ပင်ပန်းကြီးစွာ စုန်ဆန်မျောခဲ့ရသူ....
အမုန်းသည်းသူ၊အငြိုးကြီးသူ၊ဝံပုလွေဝင်စားသူတစ်အုပ်ရဲ့ အလွန်အကျည်းတန်တဲ့အတေးအနှက်များကြောင့် ကွန်ကရစ်နံရံလေးဘက်ကြားမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ဘဝကိုသော့ခတ်ခံရသူ....
နောက်ဆုံး....မိမိချက်မြှုပ်ခဲ့ရာမြေ၊ မိမိရှူရှိုက်ခဲ့ရာလေ၊ မိမိသောက်ချိုးခဲ့ရာရေ။
အားလုံးကိုကျောခိုင်းကာ ထိုင်း၊ဥရောပ၊အမေရိက....စသည်သို့ ။
....... ...... ...... ......
ပစ္စက္ခခြေချရာ ဟာဆန်မြစ်ကမ်းနဖူးမှာရပ်ရင်း ဇာတိရွာဇနပုဒ်နံဘေးမှ ကောလိယချောင်းကလေးကို လွမ်းမျှော်ကာ ရမ်းရော်ရှာခြင်း။
သို့သော်....
အနွမ်းနင့်နင့်တစ်မကြီးနှင့် အလွမ်းပင့်သက်ချပြရုံမဟုတ်။ ချောင်းကလေးကို
ဗဟိုပြုသောဝဲယာကမ်းနှစ်ဖက်ဆီမှ အကြမ်းအခက်တစ်ပုံတစ်ပင်ကို အခန်းဆက်အစုံအလင်ဖြင့် ပုံထင်အောင်ပြောပြနိုင်ဘိခြင်း။
ကောလိယဆိုတဲ့ ချောင်းကလေးရဲ့အမည်နာမရာဇဝင်၊ သွေးညှီနံ့တွေ စွဲထင်ပျော်ဝင်ခဲ့ဖူးတဲ့ ချောင်းရေအလျဉ်ရဲ့အတိတ်သမိုင်း၊ ကလေးဘဝ ပလိုင်းလွယ်ရင်း ရေချိုးဆင်းခဲ့ချောင်းစပ်ရေတိမ်၊မိုးဦးဝင်ချိန်တောင်ရေအကျ ထင်းလိုက်ဆယ်
ကြ အုတ်အုတ်သောသော၊ ချောင်းကြောတစ်လျောက် စုန်ဆန်ကူးသန်း လမ်းပန်းသယ်ယူလွယ်ကူဆင်ပြေ၊ မိုးမှာအောင်ရေ ဆောင်းခါစိုက်ရေ သည်မြေတလွှား အားထားစရာ၊ နွေသောင်ပြင်ရေအခန်းမှာ မမောတမ်းပ ကစားသူငါ....
ထိုမှ...တစ်ခါ ။
ချောင်းကမ်းနဖူးထက်မှ စစ်ဖိနပ်ခွါသံများ၊သေနတ်သံများ၊သွေးကွက်များ....။
ဆိုရှယ်လစ်တလင်းပြင်မှာ တာဝန်ကျေစပါးပုံကြီးဟည်းထနေချိန်
လယ်သမားရဲ့ ဆန်အိုးစောက်တိမ်တိမ်မှာပင့်ကူအိမ်စွဲခဲ့သည့်အဖြစ်များ....။
...... ...... ...... ........ ......
အိပ်မက်ဆိုးမှလန့်နိုးသူပမာ သက္ကရာဇ်ဆိုးများမှ လွန်မြောက်ခဲ့ပြီးနောက်...
သောင်ရင်းမြစ်ကိုလွှားကျော်၍ ထိုင်းမြေပေါ် ရပ်မိတော့လည်း သူ့အတွေးထဲမှာ သူ့ပြည်မြန်မာ....
အမေရိကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊အော်ဘနီမြို့နံဘေးက ဟာဆန်မြစ်ကမ်းနဖူးမှာ ရပ်မိပြန်တော့လည်း သူ့အာရုံမှာ သူ့ဇာတိရွာ....
"ချောင်းကိုအမှီပြုနေရသူတို့၏သမိုင်းနှင့်
ဒီချောင်းကလေး၏သမိုင်းက ခွဲမရခဲ့။ ဒီချောင်းကလေး၏အနိမ့်အမြင့်သည် သူ့ကို
မှီခိုနေရသူတို့၏ အနိမ့်အမြင့်ပင်ဖြစ်သည်"တဲ့။
ဪ...အမိမြေကိုယာယီခွါရင်းကမ္ဘာကြီးရဲ့တနေရာရာမှာ နှစ်ပေါင်း ၆၀
ကျော်အနာဟောင်းကြီးအတွက် အကောင်းဆုံးကုထုံးတစ်လက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရှာတွေ့နိုင်စေသား ။။
....... ....... ....... ....... .......
လေးစားစွာဖြင့်
နွေလယ်နေ
၁၂,ဧပြီ' ၂၀၁၇
စာကြွင်း
............. ဒီစာကိုရေးရင်းကျနော့်စိတ်ထဲမှာ မှတ်မှတ်ရရစွဲထင်နေခဲ့တဲ့
(ကောလိယလှိုင်းယဉ်)ဆိုတဲ့ ကလောင်တစ်လက်ကို သတိရမိပါကြောင်း။
Labels:
essay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment