Tuesday, August 23, 2016
ခရီးသွား
ခရီးသွား
သောတာပန်အကြောင်းမသိတဲ့
ပုထုဇဉ်လူသားတစ်ယောက်
သစ္စာတရားကိုအရေခွံမျာများထည့်ခြုံထားတာ။
မာနအသားက ဘာရနံ့ ရလဲ။
အတ္တတရားဟာ နိဗ္ဗာန်ရောက်ကြောင်းလား။
မဖြစ်နိုင်တဲ့တရားသဘောမှာ
ဖြစ်ချင်လိုတဲ့ဆန္ဒတွေကို ဆွဲတင်မနေနဲ့ ။
မင်းရဲ့ ချက်မြှုပ်မှာ ငိုကြွေးသံတွေ
ဌာပနာထိုးခဲ့ကြရင် သင်္ခါရတွေပါ။
တရင်းတနှီးကျွမ်းဝင်ခြင်းမှာလဲ
သူလို...ငါလို ဧည့်သည်တွေချည်းပဲ။
ကျော်ရဲလင်း
Friday, July 1, 2016
ပန်မတွေ့တော့တဲ့ကြယ်ကလေး
ပြန်မတွေ့တော့တဲ့ကြယ်ကလေး
အဲ့ဒီညက
အိမ်အပြင်ထွက်မိတော့
သတိလက်လွတ်ကောင်းကင်ကိုမော့ကြည့်မိ
ငါ့နဲ့တူရှုရာမှာ တဖြတ်ဖြတ်လက်နေတဲ့ကြယ်ကလေး
ရင်ဘတ်ထဲ တိုးဝင်လာတယ် ။
အမှတ်ရလိုက်မိကြောင်း
ငါ့ကိုယ်ငါသိလိုက်တယ် ။
အဲ့ဒီအတွေးဟာ
ငါ့ဆိုင်ကယ်ပေါ်ကိုလိုက်လာတယ်
ငါထိုင်နေကျလဖက်ရည်ဆိုင်ထဲအထိ
ငါ့သူငယ်ချင်းတွေနဲ့စကားသံကြားမှာ
ရနံ့တွေ
ကြယ်ကလေးရဲ့ရနံ့တွေ
မော့သောက်နေမိတယ် ။
အပြန်ခရီးမှာ ငါဟာနှုတ်ဆိတ်လို့
ငါ့လက်ကဆွဲထားတဲ့လီဗာကြိုးဟာ
ကီလိုလေးဆယ်မကျော်ဘူး . . . .
ငါ့မျက်နှာကိုငါပြန်ကြည့်ချင်ပေမယ့်
နောက်ကြည့်မှန်ဟာ
ငါ့ကိုယ်ငါကြည့်လို့မရဘူး ။
အဲ့ဒီကြယ်ကလေး
တစ်ညလုံးငါ့ရင်ထဲလင်း
အညှီအဟောက်တရားတွေကင်းလို့ ။
ညတိုင်းမော့မော့ကြည့်နေမိတယ် ။
စစ်သွေးအိမ်
Tue Jun 28 / 2016
1: 48 Am
Wednesday, June 15, 2016
ကြိုးကြာရိပ်
ကြိုးကြာရိပ်
ကိုလွင် ( နန်းမြေ )
အပိုင်း ( ၁ )
ပေါင်းမိုးတပ်ထားတဲ့စက်လှေရဲ့ကူဘိုတာအင်ဂျင်အသံက နားနှစ်ဖက်မှာလျှံထွက်နေ တယ် ။ စက်လှေဦးခေါင်းပိုင်းပေါင်းမိုးရဲ့ လွတ်ရာနေရာလှေဦးမှာထိုင်နေတဲ့ ကျွန်တော် ရဲ့ အတွေးတွေက ထို . . . တစ ၊ သည် . . . တစ ။ လှေကဆိပ်ကမ်းက စတင်ထွက် ခွာလာကတည်းက ရေစီးသန်လွန်းတဲ့ ကောလိချောင်းရဲ့ရေဆန်လမ်းကို အင်ဂျင်အသံ ကိုညှစ်ပြီး ထွက်ခွာလာခဲ့ရတယ် ။ ဘောလည်ရွာလေးကိုကျော်လွန်လာတော့ ချောင်းရဲ့ တစ်ဖက်တစ်ချက်မှာ ပကတိပြန့်ပြူးတဲ့ လယ်ယာမြေတွေပေါ်က မိုးဦးကာလရဲ့သန့်စင် လတ်ဆတ်တဲ့ လေတွေကိုတ၀ကြီးရှုဖြစ်ခဲ့တယ် ။ တောင်ဖက်မှာ မိုးသားတိမ်ညိုတွေက မိုးသားပြာပြာနောက်ခံပေါ်မှာ အဆုပ်ဆုပ် ။ လေကတစ်ချက်တစ်ချက်နင့်နင့်ပိုးပိုး ။
ကျွန်တော်တို့က မ ဆ လ ရဲ့ စစ်သံဖိနပ်အောက် လျှို့ဝှက်ရေးသည် ပထမ ။ လျှို့ဝှက် ရေးသည် ဒုတိယ ။ လျှို့ဝှက်ရေးသည် တတိယ ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး သိပ်သည်းစွာနဲ့ လက်ဝဲစာပေလေ့လာရေးအဖွဲ့ကိုဖွဲ့စည်းတယ် ။ စစ်အာဏာရှင်ရန်သူ ကို အန်တုလေ့လာရေးကို ပြင်းပြင်းထန်ထန်လုပ် ၊ အခြေအနေပေးရင်လူထုကြားကို ဆင်း ၊ လူထုနဲ့အတူ သုံးတူနဲ့တသားတည်းကျအောင်နေရင်း စည်းရုံး ။ ဒီလိုတက်ကြွ နေချိန် ၊ ဒီအချိန်မှာပဲ ဒိုက်ဦးမြို့ရဲ့အနောက်ဖက် ခုနှစ်မိုင်အကွာ သစ်တောကြိုးဝိုင်းအ စပ်က ကြိုးကြာကွင်း ဆိုတဲ့ရွာကလေးမှာကျောင်းသားကျောင်းသူရှစ်ဆယ်ဝန်းကျင်ဟာ အစဉ်အဆက်ဘုန်းတော်ကြီးကျောင်းမှာ စာသင်နေရကြောင်း ခေတ်ပညာကိုခေတ်နဲ့ အညီ သင်ယူလိုကြကြောင်း တတ်မြောက်စေချင်ကြောင်း ၊ မိဘတွေမှာဆန္ဒပြင်းထန်နေ ကြောင်းနဲ့ ကျောင်းဆရာတစ်ယောက်အလိုရှိကြောင်းသတင်းရတယ် ။
ဒီအချိန် ကျွန်တော်တို့ကလည်း ဆရာထက်မြတ် ၊ ဆရာနိုင်ဝင်းဆွေရေးတဲ့ အိုယန်းဟိုင် ရဲ့တေးသံကို စူးစူးနစ်နစ်လေ့လာနေဆဲလည်းဖြစ်တယ် ။ အထူးသဖြင့် အိုယန်းဟိုင် ရဲ့ တေးသံ ကိုရေးသားသူ မူရင်းစာရေးဆရာ ချင်ချင်းမိုင်ရဲ့ အမှာစာပါ ပြည်သူအကျိုး ဆောင်ကြ ၊ ကိုယ်ကျိုးစီးပွားကိုစွန့်ပယ်ကြ ဆိုတဲ့ ပစ္စည်းမဲ့လူတန်းစားဆောင်ပုဒ်ကို စွဲစွဲ မြဲမြဲဆုပ်ကိုင်ထားလို့ ပြည်သူကိုအလုပ်အကျွှေးပြုရေးဟာ အဓိကအခန်းမှာပါဝင်နေ တယ် ။ ဒါကြောင့် ၁၉၈၀ - ၈၂ ဆိုတဲ့အချိန် မ ဆ လ ရဲ့ ပဉ္စလက်ဆိုရှယ်လစ် မီးပူပူ ပြာပူပူကြီးကိုအံတုရင်း ကိုယ်ကျိုးစီးပွားကို စွန့်ပယ်လို့ ပစ္စည်းမဲ့လူတန်းစားအကျိုးကို ဆောင်ရွက်ဖို့ စိတ်ဒုန်းဒုန်းချ ယတိပြတ်ဆုံးဖြတ်လိုက်ပြီး ကိုယ်နဲ့သူစိမ်းတရံစာ ဒီကြိုး ကြာကွင်း ဆိုတဲ့ရွားလေးကို ခေတ်ပညာတွေသင်ပေးဖို့ထွက်လာခဲ့တယ် ။
မိုးသက်လေကတဖြူးဖြူး ။ ရေအဆန်ကိုဆန်တက်နေတဲ့ စက်လှေကတရွေ့ရွေ့ ။ ပျဉ်ပုံရွာလှေဆိပ်ကိုရောက်တော့ ကိုယ့်ရဲ့ခရီးကဆုံးပြီ ။ လှေဆိပ်မှာစောင့်နေကြတဲ့ ရွာသားတွေက တစ်ယောက်တစ်လက်နဲ့ ပါလာတဲ့ ပုံနှပ်စာအုပ်တွေ ဗလာစာအုပ် ၊ ခဲတံ ၊ ကျောက်သင်ပုန်းပါမကျန် ထမ်းပိုးပြီး သူတို့နေထိုင်ရာ ကြိုးကြာကွင်း ရွာကလေးဆီကို မျှော်လင့်ချက်တွေ ၊ ရည်မှန်းချက်တွေနဲ့ ချီတက်ကြတော့တယ် ။ မိမိနဲ့အတူကျေးရွာလူ ကြီးအချို့ကျန်ခဲ့ပြီး နောက်ကဖြည်းဖြည်းလိုက်ခဲ့ကြတယ် ။ ပျဉ်ပုံဆိပ်ကမ်းက လောလိ ယချောင်းရဲ့ မြောက်ဖက်မှာ ။ ချေင်းကပျဉ်ပုံရောက်တော့ အနောက်တောင်ဖက်ဆီကို ချိုးကွေ့ဆန်တက်သွားတယ် ။ဒါကြောင့် ပျဉ်ပုံလေးရဲ့ အနောက်မြောက်အရပ်မှာရှိနေ တဲ့ ကြိုးကြာကွင်းရွာကလေးဟာ ကောလိယချောင်းနဲ့ ခပ်ဝေးဝေးမှာ ။ ပထမချောင်း ကမ်းဘေးအတိုင်းလျှောက် ၊ နောက်တော့ချောင်းကိုဖယ်ခွာပြီး လယ်ကြားကန် သင်း လမ်းတွေအတိုင်း ကွေ့ကွေ့ကောက်ကောက်လျှောက်ကြရတယ် ။ ဖုန်းဆိုးတောတန်း လေး တစ်ခုကိုကျော်တော့ ဟိုး . . . ခပ်လှမ်းလှမ်းမှာ ရွာလေးတစ်ရွာကိုလှမ်းမြင်လိုက် တယ် ။ အဲ့ဒါကွှန်တော်တို့ရွာလေ ဆရာလေး ၊ ကျွန်တော်လှမ်းကြည့်လိုက်တော့ ရွာရဲ့ တောအုပ်စိမ်းစိမ်းနောက်မှာ သစ်တောကြိုးဝိုင်းတောထူထူ ။ အဲ့ဒီနောက်မှာမှ ပဲခူးရိုးမ တောင်တန်းပြာပြာ ။ အုပ်ဆိုင်းနေတဲ့ မိုးသားတိမ်စိုင်ခဲတွေဟာရွာအပေါ်မှာအုပ်မိုး လို့ တောင်အရပ်ကလေအသင့်နဲ့ပါလာတဲ့ ငွေဗျိုင်းဖြူဖြူတစ်အုပ်ဟာ နောက်ခံမိုးသားမည်း မည်းထက်မှာ ထင်းထင်းကြီးပျံသန်းနေကြလေရဲ့ ။
အပိုင်း ( ၂ )
ဖုန်းဆိုးတောတန်းလေးကိုကျော်လာပြီးနောက် စောက်နက်နက်ရိုးချောင်းတစ်ခုကို လူ ရောလှည်းတွေပါကူးလို့ရတဲ့ လှပတဲ့သစ်သားတံတားတစ်ခုကို ဖြတ်ထိုးထားတယ် ။ ဒီရိုးဟာ ရွာရဲ့အနားသတ်မျဉ်းပေလား ကျွန်တော်မပြောတတ် ။ တံတားကိုဖြတ်ကျော် လာပြီးရှေ့နားရောက်တော့ ဒါဆရာလေးစာသင်ရမယ့်ကျောင်းပဲ ။ ကျွန်တော်အထင်ရွာ အပြင်မှာခြေတံရှည်ရှည်လယ်စောင့်တဲ့တစ်ခုအဖြစ်ထင်နေတဲ့ အဆောက်အဦးက စာ သင်ကျောင်းတဲ့ ။ ကျေးရွာလူကြီးတွေပြောတော့ မအံ့သြပါဘူး ။ ဒီလောက်ခေတ်ဆိုး ခေတ်ကျပ်ကြီးထဲ မြို့နဲ့ဆက်သွယ်ရေးကလည်း သီခြားဆိုလိုဖြစ်နေတဲ့ဒေသ ။ ကုန်းကျ ပြီး မြေဆီမကောင်းတဲ့လယ်သမားမြေတွေပေါ်မှာအသက်မွေးနေရတဲ့ တောင်သူလယ် သမားတွေရဲ့ဘ၀ ။ ဒီဘ၀တွေ . . . . ဒီ . . . ဘ . . . ၀ တွေ ။
ခုလည်းကြည့်တော့ လေးပေလောက်မြင့်တဲ့ ခြေတံရှည်တဲပေါ်မှာ ၀ါး ထရံ ဒူးပိတ်ကကျဲ ကျဲ ၊ သက်ငယ်မိုးနဲ့ အခင်းပျဉ်က ကျိးတို့ကျဲတဲ ၊ ဒီကျောင်းလေးပေါ်မှာ ကျောင်းသား ရှစ်ဆယ်ကိုခေတ်မှီပညာရေးတွေ သင်ကြားပေးရတော့မယ် ။ ကျွန်တော်တစ်ယောက် ထဲ . . . . ။
သင်ကြားရေးတွေက အသားကျနေချိန် ၊ ကလေးတွေရဲ့ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ ပျော် ရွှင်စေဖို့ဘော်လုံးကစားကွင်း ၊ ထုပ်ဆီးတိုးကစားကွင်းတွေဖန်တီးပေးထားတယ် ။ ကျောင်းရဲ့အနောက်တောင်ထောင့်က အုန်းနှဲပင်ကြီးအောက်မှာ ကျား မ သီးသန့် သန့် စင်ခန်းကလေးတွေ တည်ဆောက်ပေးပြီးချိန်ပေါ့ ။
တစ်ည . . ကာလသားခေါင်း ကိုပြုံးမောင်ရေနွေးကြမ်းသောက်ဖိတ်လို့ရွာ မြောက်ပိုင်း ကိုသွားတော့ ကိုပြုံးမောင်အိမ်မှာ ကျွန်တော်တွေ့လိုလှတဲ့လူငယ်တော်တော်များများ ကို တစ်စုတစ်ဝေးထဲတွေ့လိုက်ရတယ် ။ လူငယ်တွေရဲ့လက်တွေမှာ ငှက်ကြီးတောင် ဓားကိုယ်စီနဲ့ မျက်နှာတွေက ရှုးသိုးသိုး လူငယ်တွေရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ကိုပြုံးမောင် ကဒီရွာကိုဘယ်တုန်းကမှ ရောက်မလာခဲ့ဘူးတဲ့ကျောင်းဆရာ . . . . ဆိုတဲ့ဆရာလေး ဟာ ဒီရွာရဲ့ကွမ်းတောင်ကိုင်ပန်းတောင်ကိုင် မိန်းမပျိုလေးတွေရင်ထဲ နှလုံးသားထဲကို အချိန်မရွေးရောက်ရှိနိုင်ကြောင်း ဆရာလေးအနေနဲ့လည်းအခွင့်ရှိကြောင်း သို့သော် လည်းဒီရွာရဲ့ထုံးဓလေ့အရ ဒီရွာရဲ့ကွမ်းတောင်ကိုင်ဟာ ဒီရွာသားနဲ့သာ အိမ်ယာထူ ထောင်ရမှာဖြစ်ကြောင်း ၊ ဆရာလေးအနေနဲ့ ဒီရွာရဲ့ဓလေ့ကိုသီရှိစေချင်ကြောင်း လူ ငယ်တွေနဲ့လည်း တရင်းတနှီးဖြစ်စေလိုတဲ့အတွက်ရေနွေးကြမ်းသောက်ဖိတ်ရခြင်းဖြစ် ကြောင်းတွေကိုပြောပြတော့ ကျွန်တော်ကို ဓားကိုယ်စီနဲ့ခပ်ရိုင်းရိုင်းတားနေတဲ့အဖြစ်က ကျွန်တော်ရဲ့ဒေသကိုငယ်ထိပ်တက်စေတော့တာပါပဲ ။ မြွေးပွေးတစ်ကောင်ကို တို့ထိ လိုက်သလိုမျိုးအဖြစ်ကိုရောက်သွားတယ် ။ ဒါပေမယ့် အသိဉာဏ်တွေပိန်းနေအောင် မှောင်ပြီးအတွေးအခေါ်နုံ့နဲ့နေတဲ့ မိမိလူတန်းစားတွေကိုဒေါသစိတ်နေရာမှာ သနားခြင်း ဆိုတဲ့အစားထိုးဖြေသိမ့်လိုက်ရတယ် ။
ကျွန်တော်ဒီရွာကိုလာခဲ့ရတဲ့ရည်ရွယ်ချက်တွေကိုအတတ်နိုင်ဆုံးနားလည်အောင်ရှုင်းပြ ဖြစ်တယ် ။ကျွန်တော်ရဲ့ရှည်လျားစွာ ရှင်းပြပြီးတဲ့နောက်မှာလူငယ်တွေရဲ့မျက်နှာတွေ ပြုံးလာနိုင်ကြတယ် ။ ဒီနောက်ပိုင်းသူတို့ရဲ့ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးဟာစာသင် ချိန်မှာတောင် ကျားဖွပ်ဖို့အချက်ပေးလို့ ။ ကလေးတွေကိုအတန်းလိုက်စာတွေချပေးခဲ့ပြီး ကျောင်းပေါ်ကနေသုတ်သုတ်ဆင်းလိုက်ရတဲ့အထိရင်းနှီးလာခဲ့တယ် ။ကျွန်တော်ဟာ ကွန်မြူပါတီဥက္ကဌကြီး မောာ် ရဲ့သုံးတူနဲ့တသားထဲကျရေး ( သွားအတူ ၊ နေအတူ ၊ စားအတူ ) နဲ့တစားဖြစ်ထဲဖြစ်နေရေးမှုအရပဲ လူငယ်တွေနဲ့ပျိုးကြဲ ပျိုးနှုတ် ၊ ကောက် စိုက်စတဲ့အလုပ်တွေကို ကျောင်းအားချိန်နဲ့ ကျောင်းပိတ်ရက်တွေမှာ တသားထဲဖြစ်လာ ခဲ့တယ် ။ယုတ်စွအဆုံး ရေမြွေဖမ်းတဲ့အထိကို မျှော့ကြောက်ကြောက်နဲ့လိုက်ခဲ့ရတယ် ။
သူတို့လူငယ်တွေနဲ့ အားလပ်ချိန်တွေတိုင်းမှာ အတူနေထိုင်ရင်းတစ်ချိန်မှာ ဒီကျေးရွာရဲ့ အိမ်ထောင်ဦးစီးတွေဖြစ်လာမယ့် ယနေ့လူငယ်တွေကို အရင်းရှင်ပုဂ္ဂလိက လယ်ယာ မြေတွေအစား စုပေါင်းထွန်ယက် စုပေါင်းစိုက်ပျိး ၊ စိုပေါင်းရိတ်သိမ်း ၊ ဖိနှိပ်စော်ကားမှု တွေကိုစိုပေါင်းဆန့်ကျင် ၊စိုပေါင်းတော်လှန် ၊ ဆိုတဲ့ကျေးလက်ဘုံလယ်ယာမြေစနစ်တွေ ထူထောင်နိုင်ဖို့ တဖြည်းဖြည်းစည်းရုံးသိမ်းသွင်းနေခဲ့တယ် ။ ဒီဒေသဟာတစ်ချိန်က ပစ္စည်းမဲ့လူတန်းစားတွေရဲ့တပ်ဦးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့အမာခံကျောရိုးဒေ သတွေဖြစ်ခဲ့ဘူးတယ် ။
ဒီအခြေအနေတွေကိုမိမိတည်းခိုနေထိုင်ရာအိမ်က ဦးလေးဦးသန်းရွှေနဲ့ ဒေါ်စိန်မေတို့ကို တီးခေါက်ကြည့်မိခဲ့တယ် ။ ဆရာလေးရယ် ကွန်မြူနစ်တွေ ရွာကိုလာရင်တစ်လကိုးသီ တင်းနေကြတာ ရွာကိုဝင်လိုက်တာနဲ့လက်နက်တွေဖျောက် ၊ အားလုံးလူစုခွဲပြီး အားလုံး ဟာလည်း ရွာသားတွေဖြစ်ကုန်ကြတယ် ။ ရဲဘော်တွေဟာ ဒေါ်ဒေါ်တို့အစ်ကိုတွေ မောင်တွေဖြစ်နေတတ်ပြီး ရဲမေတွေကတော့ အစ်မတွေ ညီမတွေဖြစ်ရော ။ အိမ်တိုင်း က အလုပ်တွေဟာသူတို့ရဲ့အလုပ်တွေပဲလေ ။ တသားတည်းကိုဖြစ်နေတာ ၊ မိုးဦးဆို ထယ်ထိုး ၊ထွန်မွှေ ၊ ကောက်စိုက် ၊ နွားကျောင်း ၊ အလုပ်တွေကို သူတို့ပဲလုပ်ပေးကြ တာ ။ ရေခပ် ၊ ထင်းခွေ အဆုံးပါပဲကွယ် ။ မိန်းကလေးတွေကိုလည်း သူတို့ရဲ့အမေတွေ အစ်မတွေ ညီမတွေလိုကိုစောင့်ရှောက်ကြတယ် ။ ဒေါ်ဒေါ်တို့ဘ၀တွေလုံခြုံကြတယ် ကွယ် ။ အဲ . . . ကြောက်ရတာက နေ၀င်း - စန်းယု စစ်တပ် ။ ၇ွာတွေကိုရောက်လာရင် အဆီးအတားဆိုတာမရှိကြတော့ဘူး ။အနက်ရောင်နယ်မြေ ဆိုပြီး စိတ်ထင်တိုင်းကြဲကြ တော့တာပဲ ။ ဒေါ်ဒေါ်တို့ပြေးပုန်းပုန်းနေရတာချည်းပဲ ။နေ၀င်းမုဒိန်းတပ်ပြန်မှပဲ စိတ် ဒုန်းဒုန်းချ ရွာပြန်ကပ်ရဲတော့တယ် ။ ညဖက်ဆိုရွာလယ်ပိုင်းကအစ်ကိုသန်းတို့ခြေတံ ရှည်အိမ်ကြီးအောက်မှာ ကွန်မြူနစ်တွေကခေါ်တယ် ။ အထူးသဖြင့် လူလတ်ပိုင်းနဲ့ လူ ကြီးတွေကိုပါ ။အောက်လင်းဓါတ်မီးကြီးထွန်းပြီး တူ တံ ဇဉ် အလံကြီးနောက်ခံထားလို့ မာစ်ဝါဒ လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်တွေကိုညစဉ်သင်တန်းပို့ချတယ် ။ သူတို့ ပြန်ရင် ဒေါ်ဒေါ်တို့မျက်ရည်အမြဲကျရတာချည်းပါပဲကွယ် . . . ။ ကျွန်တော်ရင်ထဲ ပြည်သူချစ်တဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ အင်အားကြီးမားလှတဲ့ ကွန်မြူနစ် ပါတီကြီးတစ်ခုလုံး ဒီကနေ့ဝါးအစည်းပြေ ပြေခဲ့ရတာတွေကို ယူကြုံးမရဖြစ်ခဲ့ရတယ် ။ ပါတီရဲ့အမှားတွေကို သင်ခန်းစာယူ ရှေ့ကိုဆက်လက်တိုက်ပွဲဆင်ပြီး အခြေခံလူတန်း စားတွေလွတ်မြောက်ဖို့ကြိုးပမ်းရမယ် ။
မတွေ့ချင် . . . မြင်ရက်သား . . . ဆိုတဲ့စကားပုံဟာ ကျွန်တော်အတွက်ပဲလို့ ဆိုရင် တောင်ရတယ် ။ ၀ါတွင်းဥပုသ်နေ့တွေတိုင်းမှာ ရွာမြောက်ဖျားကဘုန်းတော်ကြီးကျောင်း မှာ ကျေးရွာလူကြီးတွေက ဥပုသ်သီတင်းတည်ဆောက်နေကြစဉ်မှာ လူငယ်ကာလသား ကာလသမီးတွေက ဘုန်းကြီးကျောင်းဝန်းအတွင်းနဲ့စေတီတော်ကို သန့်ရှင်းရေးလုပ်ကြ ရတယ် ။ စုပေါင်းလုပ်ကြတဲ့ သန့်ရှင်းရေးပွဲတိုင်းမှာ သူမနဲ့ဆုံဖြစ်တယ် ။ သူမဆိုတာက ကြိုးကြာကွင်းရွာရဲ့အလှဆုံး ၊ အကျော့ရှင်းဆုံး ၊ ကွမ်းတောင်ကိုင်အပျိုစင်လေး ချိုသဲ ဆိုတဲ့မိန်းကလေးပါ ။ ကွမ်းတောင်ကိုင်လေးပီပီ ဆံတောက်လေးမှာတစ်ပွင့်ပန်းလေးအ မြဲပန်ဆင်လေ့ရှိတယ် ။ နားနှစ်ဖက်က နားသံသီးလေးကကိုယ်ကို လှုပ်ရမ်းရယ် လိုက်တိုင်း တလှုပ်လှုပ် ၊ အဖြူဖက်ကိုကဲနေတဲ့ ညိုယောင်ယောင်အသားအရေ ၊ ၀န်း ၀ိုင်းပြီး အနက်ရောင်လက်လက်မျက်ဝန်းပိုင်ရှင်လေး ။
ပျိုးနှုတ် ကောက်စိုက် ခလုတ်တိုက်တွေ့ခဲ့ပေမယ့် မသိသလိုနေထိုင်ခဲ့တယ် ။ နောက် ပိုင်းဝါတွင်းအပါတ်စဉ်ဘုန်းတော်ကြီးကျောင်းဆုံတွေ့ရတဲ့အဖြစ်တွေက မျက်လုံးချင်း တွေ မကြခဏဆုံဖြစ်တော့တယ် ။ သူရဲ့အကြည့်ဟာ ကျွန်တော်အပေါ် ဒီရွာကိုအခမဲ့ ပညာလာသင်ပေးနေတဲ့မြို့သားကျောင်းဆရာလေးဆိုတဲ့ အကြည့်ထက်မပိုခဲ့ဘူးလို့ ထက်ရပေမယ့် ထပ်ခါထပ်ခါဆုံဖြစ်တဲ့အကြည့်တွေမှာ အချစ်ရနံ့တွေသင်းလာခဲ့တယ် ။ ကျွန်တော်ကိုယ်တိုင်ကကြည့်တဲ့အကြည့်ဟာ ဒီရွာကလှပတဲ့ကွမ်းတောင်ကိုင်မလေး တစ်ယောက်အဖြစ်နဲ့ရယ်ပါ ။ ဒါပေမယ့်နောက်ပိုင်းမှာ မြင်ပါများတော့ ယဉ်ဆိုသလို ကျွန်တော့်မျက်ဝန်းဟာလည်း မရိုးသားနိုင်တော့တာမိမိဘာသာအသိ ။ ကျွန်တော်ရဲ့ မရဲတရဲအကြည့်နဲ့ သူရဲ့စူးစူးနစ်နစ်အကြည့်တွေ ပိုပြီးပိုပြီးရင်းနှီးလာခဲ့တယ် ။ ကျွန်တော်ရဲ့ ကိုယ်ကျင့်တရား ၊မာဂျင်လိုင်းလေးကဆွေးဆွေးမြေ့မြေ့ ။ ဘယ်အချိန် ကျိုးပဲ့နိုင်လေမလည်း ။ လောလောဆယ်မစဉ်းစားနိုင်သေးပါ ။ ခိုးခိုးကြည့်နေတဲ့အ ကြည့်လေးတွေဟာကျွန်တော်ရဲ့ဘ၀တစ်ခုအဖြစ် အသိမဲ့မဲ့ခံစားနေရတယ် ။ချိုသဲ . . . . . . တဲ့ ။ လန်းဆန်းလတ်ဆတ်သစ်လင်တောက်ပတဲ့ မြန်မာ့ကျေးလက်က သမီးပျိုတစ်ယောက် ၊ ကျွန်တော်ရဲ့အိပ်ချိန်တွေအပေါ်ကိုတောင် တစတစ နင်း လျောက်လာပါပကော ။ ကျွန်တော်ကိုယ်တိုင်လည်းလူငယ်စိတ်နဲ့ လောင်ကျွမ်းနေပေါ့ ။
သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလ လပြည့်နေ့မှာ ကောလိယချောင်းအထက် သပြေ တန်းရွာကစလို့ ချောင်းရိုးအတိုင်း ရှင်ဥပဂုတ္တမထေရ်ဖောင်တော်ကြီး မီးမျှောပူဇော်ပွဲကို နှစ်စဉ် အစဉ်အဆက်ကျင်းပမြဲဖြစ်တယ် ။ ရှင်ဥပဂုတ္တမထေရ်ဖောင်တော်ဟာ သပြေ တန်းရွာကတစ်ဆင့် ကောလိယချောင်းအတိုင်းနတ်စဉ်ကုန်း ပြီးတော့ ပျဉ်ပုံရွမှာဆိုက် ကပ်အပူဇော်ခံပြီး ကောလိယချောင်းရေနဲ့အတူ ချောင်းအောင်ပိုင်းရွာစဉ်အဆက်ဆက် ကို အပူဇော်ခံလေ့ရှိတယ် ။
ကျွန်တော်တို့ကြိုးကြာကွင်းရွာလေးက ရှင်ဥပဂုတ္တမထေရ်ကိုပူဇော်လိုရင် ပျဉ်ပုံကတို့ ဆိပ်ကမ်းကိုသွားကြရတယ် ။ မီးမျှောပွဲအတွက် ကြိုးကြာကွင်းရွာက လူငယ်တွေ အမျိုး သမီးလေးတေဟာ မိုးမချုပ်မှီကတည်းကတပြင်ပြင် ။ ကျွန်တော်ရွာအရှေ့တောင်ဖက် ရိုးချောင်းတံတားပေါ်မှာသီတင်းကျွတ်လပြည့်ရဲ့ လရောင်လင်းလင်းအောက်ရပ်နေမိ တယ် ။သွားလေရာရာလက်နက်တွေ ယူဆောင်လာတတ်တဲ့ကိုယ့်ရွာက လူငယ်တွေ ကိုစောင့်ကြည့်ရင်းပေါ့ ။ ထင်တဲ့အတိုင်းပါပဲ ဘာသာရေးပွဲတော်ကို ဓားအတို အရှည်တွေယူလာကြတယ် ။ ဘာသာရေးပွဲမို့ လက်နက်တွေမဆောင်သင့်ကြောင်း ငြိမ်း ငြိမ်းချမ်းချမ်းရှိစေချင်ကြောင်းတွေဟောပြောပြီးလက်နက်တွေအပ်ခိုင်းပြီးမှ ပျဉ်ပုံရွာကို လွှတ်ဖြစ်တယ် ။ လူငယ်အချို့ကျန်နိုးကျန်နိုးနဲ့စောင့်နေရင်း ဗြုံးဆို ချိုသဲတို့မိန်းက လေးတစ်စုတံတားပေါ်ရောက်လာကြတယ် ။ ကျွန်တော်ကိုမြင်တော့ ဟယ် . . . ဆရာ လေးဒီမှာဘာရပ်လုပ်နေတာလည်း .. ချိုသဲတို့အထဲကတစ်ယောက်ကနှုတ်သွက် လျှာ သွက် လှမ်းပြီးနှုတ်ဆက်ရင်း တံတားပေါ်မှာသတို့ရဲ့ခြေလှမ်းတွေကို ရပ်လိုက်ကြတယ် ။ အကျိုးအကြောင်းပြောပြဖြစ်တယ် ။ လပြည့်ညရဲလရောင်ထိန်ထိန်အောက်က ချိုသဲ ရဲ့အကြည့်တွေဟာရွှန်းမြတောက်ပလွန်းပြီး လရောင်လက်လက်ကြောင့် ချိုသဲ မျက် ၀န်းလေးတွေ အရည်လဲ့နေတယ် ။
အပိုင်း ( ၃ )
ဆရာလေးချိုသဲတို့နဲ့လိုက်ခဲ့ပါလား . . . ။ ပထမ . . . ဆုံးပါပဲ ။ ကျွန်တော်ကိုဆရာ လေးလို့ခေါ်လိုက်တဲ့စကားတစ်ခွန်းတော့ ကျွန်တော်ရဲ့နားကတစ်ဆင့်နှလုံးသားဆီကို ချိုချိုအေးအေးလေးနဲ့စိမ့်ပြီးစီးဆင်းသွားတယ် ။ ဒီရွာရောက်ပြီးငါးလကျော်အကြာမှာ ကျွန်တော်တိတ်တဆိတ်စိတ်ဝင်စားနေတဲ့ ကွမ်းတောင်ကိုင်မလေးချိုသဲ နှစ်ဦးသားဆုံမိ တိုင်းမျက်ဝန်းတွေနဲ့စကားတွေပြောပြောနေတတ်တဲ့ချိုသဲ ၊ စကားကိုပင် ဟဟမပြော ဖြစ်ခဲ့ကြပါပဲ ဒီည . . . . မှ ။
ကျွန်တော်ရဲ့ပျော်ရွှင်ဝမ်းသာစိတ်ကို မနည်းမြိုသိပ်လိုက်ရတယ် ။ ဒီကြားထဲ မိန်းက လေးအုပ်စုက ချိုသဲကိုကျွန်တော်နဲ့အတူနောက်ကလိုက်ခဲ့ဖို့ပြောရင်းရှေ့ကထွက်သွား ကြတော့ ချိုသဲအရှက်ပြေရယ်ရင်း ဒီကောင်မတွေကတော့ဟယ် . . လို့ငြီးငြူရင်း ကျွန် တော်ကိုအားတုန့်အားနာစွာနဲ့ မျက်လွှာလေးလှန်ကြည့်တယ် ။ သူ့အကြည့်တွေတိုင်း ဟာကျွန်တော်နှလုံးသားကိုစူးစူးနစ်နစ်ရှိနေစေတာတော့ အမှန်ပါပဲ ။
ကျွန်တော်တို့နှစ်ယောက်လပြည့် လရောင်အောက်မှာ တံတားပေါ်ကဆင်းပြီး လမ်း လျောက်လာခဲ့ကြတယ် ။ ဖုန်းဆိုးတောတန်းလေးအလွန်အထိနှစ်ယောက်သားယှဉ်တွဲ လျောက်လာနိုင်ပေမယ့်တံတားလေးအကျော်မှာ လယ်ကွင်းတွေရဲ့ကန်သင်းလမ်းတွေ အတိုင်းရှေ့နောက်စဉ်ပြီး ကွေ့ကွေ့ကောက်ကောက်သွားရင်း ကောလိယချောင်ကမ်းနံ ဘေးကုနရောက်လာကြတယ် ။ သီတင်းကျွတ်ရေစစ်ရေကျချိန်မို့ ကောလိယချောင်းရေ ဟာ သဲချောင်းပီပီ ကြည်လဲ့နေတယ် ။ ချောင်းရေပြင်ပါးပါးပေါ်က လရောင်ကငွေနှင်း ကော်ဇော်ကြီးသဖွယ် ၊ အားစမ်းနေတဲ့မြောက်ပြန်လေက တစ်ချက်တစ်ချက်ခပ်စိမ့်စိမ့် လေအတိုးမှာချောင်းရေထဲကလပြည့်လဟာ လှုပ်လှုပ်ခပ်ခပ် ။
ကမ်းနံဘေးလှည်းလမ်းအလယ်ဟာ နှစ်ယောက်ယှဉ်တွဲလျောက်ဖို့လုံလုံလောက် လောက်မရှိ ။ ယှဉ်လျောက်လာတဲ့ ချိုသဲနဲ့ကျွန်တော်က ရံဖန်ရံခါပုခုံးခြင်းထိမိတဲ့အထိ ဖြစ်စေတယ် ။လမ်းလျောက်နေရင်း နောက်မှာကျန်ကျန်နေတဲ့ချိုသဲက အရှက်တရား ထက် စိုးရိမ်စိတ်နဲ့ အကြောက်တရားပိုမိုလွှမ်းမိုးထားတဲ့အခါ ကျွန်တော်လက်မောင်းကို လှမ်းလှမ်းဆွဲတတ်တယ် ။ နှစ်ဦးသားပူးပူးကပ်ကပ်ရှိနေချိန်မှာ ချိုသဲခေါင်းပေါ် ပန်လာ တဲ့ စံပယ်ကုံးနဲ့ ချိုသဲမျက်နှာပြင်ကသနပ်ခါးရနံ့တွေဟာ ကျွန်တော်ကိုသာယာမိစေတာ ကတော့အမှန်ပါ ။ တဖြည်းဖြည်းကျွန်တော်တို့နှစ်ယောက်ပျဉ်ပုံရွာကိုရောက်လာခဲ့တယ် ။ ကမ်းနံဘေးအောက်လင်းဓာတ်မီးတွေက ထိန်လို့ အသံချဲ့စက်ရဲ့တရားဓမ္မသံတွေဟာ သီတင်းကျွတ်လပြည့်ရဲ့အဓိပ္ပါယ်ကိုပေါ်လွင်အောင်ဖော်ဆောင်နေတယ် ။ နတ်စဉ်ကုန်း ရွာကစုန်ဆင်းလာမယ့် ရှင်ဥပဂုတ္တမထေရ်ဖောင်တော်ကမဆိုက်ရောက်သေး ။ ကမ်းန ဖူးနဲ့သဲသောင်ပြင်မှာလူတွေက တလှုပ်လှုပ် ၊ လပြည့်ညအတွက်မီးပူဇော်သူတွေက သဲသောင်ပြင်တ၀ိုက်မှာမီးကြာခွက်တွေရေမှာမျှောပြီးပူဇော်နေကြတယ် ။
ကျွန်တော်နံဘေးမှာကပ်ပါလာတဲ့ချိုသဲက ဆရာလေး မီးပူဇော်ရအောင်လေ လို့ချိုသဲ သတိပေးမှ မီးပူဇော်ဖို့သတိရတော့တယ် ။ ကမ်းပေါ်ကမီကြာကလက်နှစ်ခုကိုဝယ်ပြီး ဖရောင်းတိုင်ကိုမီးထွန်းလာခဲ့တယ် ။ လူနည်းနည်းရှင်းတဲ့ ဟိုး. . . ခပ်လှမ်းလှမ်းသဲ သောင်စပ်မှာနှစ်ယောက်သားထိုင်ဖြစ်တယ် ။ ကောလိယချောင်းရဲ့ရေစီးကြောင်း ကောက်ကောက်ကွေ့ကွေ့ပေါ်မှာမီးကြာခွက်ရောင်စုံတွေကလှလှပပစီးမြောနေလေရဲ့ ။ လပြည့်ညထိန်ထိန်သာနေတဲ့လရောင်ရယ် ကမ်းနံဘေးကဘားပေါ်ကအောက်လင်း ဓာတ်မီးရဲ့အလင်းရောင်တွေရယ် ရေးစီးကြောင်းပေါ်က မီးကြာခွက်တွေရဲ့အလင်း ရောင်က ချိုသဲရဲ့အလှကိုပိုမိုတောက်ပလာစေတယ် ။ ကျွန်တော်နဲ့အတူကပ်ပြီးယှဉ် ထိုင်ရင်း မီးကြာခွက်ကိုင်ထားတဲ့ကွမ်းတောင်ကိုင်လေးရဲ့အလှ ၊ ဒီအလှတွေကိုချိုသဲ မမြင်မိလေအောင် ခိုးခိုးဝှက်ဝှက်ငဲ့စောင်းကြည့်ဖြစ်တယ် ။ စိတ်ကစေခြင်းမရှိပါဘဲမိမိ ပါးစပ်ကစကားလုံးအချို့ခုန်ပေါက်ထွက်ကျသွားတယ် ။ သိပ်လှတယ်ချိုသဲရယ် ……။ ချိုသဲတအံ့တသြကြားလိုက်ရတဲ့စကားသံကဟုတ်ပါလေစဆိုတဲ့အကြည့်မျိုးနဲ့လည်ပြန် လှည့်ကြည့်တယ် ။ မဖျက်သိမ်းနိုင်သေးတဲ့ကျွန်တော်ရဲ့စူးနစ်လှတဲ့အကြည့်ကို ချိုသဲ မတုန့်ပြန်နိုင်ဘူး ။ အို . . . . . ဆရာလေးကလည်း ။ ချိုသဲရဲ့ပန်းနုရောင်မျက်နှာလေး ကိုမီးရောင်နဲ့ လရောင်အောက်မှာအထင်းသားတွေ့ရတယ် ။ ချိုသဲရဲ့ရှက်ပြုံးတစ်ပွင့်နဲ့ အတူတစ်ဖက်ကိုလှည့်လိုက်စဉ်မှာ ချိုသဲရဲ့ဆံတောက်လေးအပေါ်မှာရစ်ခွေပန်ဆင် ထားတဲ့စံပယ်လေးကို နုနုဖွဖွ ခိုးနမ်းလိုက်ဖြစ်တယ် ။ ရေပြင်ပေါ်မှာပူးကပ်သွားတဲ့ပုံရိပ် တစ်စုံ ၊ လရောင်အောက်မှာနီးစပ်သွားတဲ့ပုံရိပ်နှစ်ခု ။
ပူဇော်ပွဲအပြီးအပြန်လမ်းဟာကျွန်တော်တို့နှစ်ဦးအတွက်အချိန်တွေအကုန်မြန်လွန်းလှ တယ် ။ ဒီလမ်းခရီးဟာတိုတေင်းလွန်းလှတယ် . . လို့ရင်ထဲမှာမကျေမနပ်ခံစားရပြန် တယ် ။ ရွာကလူငယ်တွေနဲ့ မိန်းကလေးတွေ အစုကပြန်နှင့်ကြပြီ ။ မိန်းကလေးအစုက စာသင်ကျောင်းမှာစောင့်မယ်ဆိုတဲ့အသိကိုပေးခဲ့တယ် ။ ကျွန်တော်တို့နှစ်ဦးရဲ့အပြန် လမ်းမှာ ချိုသဲဟာရဲရဲတင်းတင်းပဲ ကျွန်တော်လက်ကိုတွဲခဲ့တယ် ။ ခြေလှမ်းတွေကတုန့် တုန့်နှေးနှေး ။ လရောင်ဟာညဉ့်နက်လေ ပိုမိုသစ်လွင်လေ ။ လယ်ယာမြေတွေက ပုရစ် အော်သံအချို့မှတပါး ပကတိအငြိမ် ။နှစ်ဦးသားပြောစရာစကားများရှိပါလျက်က ပတ် ၀န်းကျင်နဲ့အတူ ဆိတ်ဆိတ်နေနေကြတယ် ။ ဆရာလေးရယ် . . ချိုသဲတော့ . . ဒီည . . အိပ်ပျော်မယ်မထင်တော့ဘူး . . . ချိုသဲရဲ့အသံယဲ့ယဲ့လေးက တိတ်ဆိတ်နေတဲ့ဝန်း ကျင်မှာတော့ပီပီသသ ။ ကျွန်တော်လည်း . . .ထပ်တူပါပဲ . . ချိုသဲရယ် . . . ။
ပေါက်ကွဲတော့မယ့်မိမိရဲ့စိတ်တွေကိုအသိနဲ့အချိန်မီထိန်းထားရင်း စာသင်ကျောငးလေး မှာစောင့်နေကြမယ့်ချိုသဲရဲ့အဇော်တွေရှိရာကို ကျွန်တော်အရာက်ပို့ပေးခဲ့တယ် ။ ချိုသဲ နဲ့သူရဲ့မိန်းကလေးအစုရွာတောင်ပိုင်းကိုဝင်သွားချိန်အထိ ကျွန်တော်ဟာစာသင် ကျောင်းကလေးရဲ့လှေခါးထစ်မှာထိုင်ရင်း လရောင်အောက်မှာ တစ်ကိုယ်ထဲလွမ်း လွမ်း ဆွေးဆွေး . . . ကျန် . . . . နေ . . . . ရစ်. . . . . တော့တယ် ။
လူငယ်စိတ်တွေနဲ့ကျွန်တော်ဟာလောင်ကျွမ်းနေခဲ့ပေမဲ့ တစ်ဖက်မှာရွာကိုပေးထားတဲ့ ကတိတွေ နောက်အခြားတစ်ဖက်မှာ အိုယန်ဟိုင်းရဲ့ပြည်သူ့အကျိုးဆောင်ကြ ကိုယ်ကျိုးစီးပွားကိုစွန့်ပယ်ကြ ဆိုတဲ့ပစ္စည်းမဲ့လူတန်းစားခံယူချက် ။ ဒါတွေနဲ့အတူကျွန် တော်ကြိုးတန်းပေါ်လျောက်ခဲ့တယ် ။ ဒီကျွန်တော်ရဲ့တွေဝေစိတ်တွေဟာ ပညာတတ် ညဉ်နဲ့ဓနရှင်အတွေးအခေါ်ကဆင်းသက်လာကြောင်းတွေကို မိမိကိုယ်မိမိအဖန်ဖန်ဝေ ဖန်ရင်းဖောက်ပြန်တဲ့အတွေအခေါ်တွေအဖြစ် ထင်ထင်ရှားရှားဖြစ်လာချိန်မှာ ကျွန်တော် ပြတ်သားခဲ့ရတယ် ။ မ ဆ လ ရဲ့ကြွေးကြော်သံဖြစ်တဲ့ အူမတောင့်မှသီလစောင့်မယ် ဆိုတဲ့အရင်းရှင်လက်သစ်ဝါဒရဲ့ဖောက်ပြန်ရေးအဆိုကို ခါးခါးသီးသီးဖြစ်ခဲ့ဖူးပြီ ။ ခုလည်းနေမြင့်လေ အရူးရင့်လေ ဆုတဲ့ကိုယ်ကျိုးစီးပွားသမားတွေရဲ့ ရှေ့နေစကားတွေ ကိုလူတန်းစားအမြင်ကြည်လင်စွာနဲ့ဖြတ်တောက်ပစ်ရတော့မယ် ။ ဆင်ခြင်သုံးသပ်မှု တွေနဲ့အတူ ပစ္စည်းမဲ့လူတန်းစားတွေရဲ့အရေးကိုသေတပန်သက်ထက်ဆုံး ဦးထိပ်ပန် ဆင်ဖို့ ဒီလက်ဝဲစာပေတွေကိုလျှို့လျှို့ဝှက်ဝှက်နဲ့ နက်နက်နဲနဲလေ့လာခဲ့ခြင်းမဟုတ်ပါ လား ။နောက်ဆုံးမှာကျွန်တော်ဟာပြည်သူ့အကျိုးဆောင်ခြင်းဆိုတဲ့အရာကနေသွေဖီမ သွားနိုင်ဖို့ သွေးအေးအေးနဲ့ဆုံးဖြတ်ချက်ကိုအခိုင်အမာတည်ဆောက်လိုက်တယ် ။ ကျွန် တော်ချိုသဲကို အတတ်နိုင်ဆုံးမတွေ့ဆုံမိဖို့ပါပဲ ။ဒါပေမယ့် ကွေ့ကွေ့ကောက်ကောက်နဲ့ ချိုသဲကိုရှောင်ကွင်းနိုင်ရေးလမ်းဟာတစ်ကြိမ်မှာ ထိပ်တိုက်ကြီးကြုံတွေကလာခဲ့တယ် ။
ဒီအခြေအနေဟာလည်းနောက်ဆုံးအချိန် ဖြစ်လိမ့်မယ်ဆိုတာကိုရင်ထဲမှာ . . . အသိ ။
အပိုင်း ( ၄ ) ဇာတ်သိမ်း
တန်ဆောင်မုန်းလပြည့်နေ့ နှစ်ကျိပ်ရှစ်ဆူသောဘုရားရှငငင်မှားလှည့်လည်ပူဇော်ပွဲနဲံ့ ဇာတ်လမ်းသရုပ်ဖေါ်ကားတွေဟာ ကျွန်တော်တို့မြို့ကလေးပေါ်မှာ ကားတန်းကြီးတွေစီ စီရီရီနဲ့လှည့်လည်ကြတော့နယ် ။ မြို့သူမြို့သားတွေနဲ့ မြို့နဲံ့နီးစပ်ရာရွာတွေက မြို့ပေါ် တက်ပြီး ပျော်ရွှင်စွာဆင်နွဲနေချိန်မှာ မြို့ရဲ့အနောက်ဖက်ခုနှစ်မိုင်အကွာ သစ်တောကြိုး ၀ိုင်းအစပ်ကကြိုးကြာကွင်းရွာကလေးက သူနဲ့ဘာဆို ဘာမှမဆိုင်သလိုပင် ။ မြို့ပေါ် ကျွန်တော်ကိုယ်တိုင် နှစ်စဉ်ဆင်နွဲခဲ့လေရာ အပျော်ရွှင်ရဆုံးကာလ ၊ ဒီအချိန်မြို့ပေါ်မှာ မေတ္တာသုတ်တွေရွတ်ဖတ်ပူဇော်ရင်း မိမိရပ်ကွက်ရဲ့အမျိုးသမီးလေးတွေ အမျိုးသား လေးတွေရောင်စုံမီးတွေကိုယ်စီနဲ့ လှည့်လည်ကြတော့မယ် ။ ဒီအချိန်မှာပဲ စတိတ်ရှိုး ကားတွေ တေးသရုပ်ဖေါ်ကားတွေ အလှပြယဉ်ကိုကြည့်ရှုငေးမောရင်း တညတာအချိန် တွေကိုကုန်လွန်စေမယ် ။
ဒီလိုပျော်ရွှင်ဖွယ်အချိန်တွေကို ဒီရွာလေးအတွက် စတေးလိုက်တယ် ။ မြို့ပေါ်က ပျော် ရွှင်မှုတွေကို ဒီရွာကပစ္စည်းမဲ့လူတန်းစားတွေအတွက် လျဟ်လျူရှုလိုက်တယ် ။ ဒီရွာ လေးရဲ့အခြေခံလူတန်းစားတွေနဲ့အတူ နေထိုင်ခြင်းတွေကအကောင်းဆုံးနေ့တွေအဖြစ် သုံးသပ်လိုက်ပြီး ရွာဓလေ့ဖြစ်တဲ့ ကောက်စော ကောက်ညှင်းပေါင်းဆွမ်းကပ်ပူဇော်ပွဲ လေးထဲမှာ နစ်မြူပ်ပစ်လိုက်တယ် ။ ဒီပွဲမှာ ချိုသဲနဲ့ ပြန်လည်ဆုံတွေ့တယ် ။ ဖြစ်ချင် တော့ မိမိနေထိုင်ရာဦးသန်းရွှေလယ်ကအစောဆုံးကောက်ညှင်းစပါးထွက်လာတော့ မုန့်ဆမ်းထောင်းပွဲ နဲ့ဆွမ်းကပ်ခွင့်ရခဲ့တာပေါ့ ။ ချိုသံဟာ ကျွန်တော်ကိုမြင်တွေ့တော့ မျက်ဝန်းထဲမှာ မျက်ရည်တွေကရစ်ဝိုင်းလို့ ဆရာ . . . လေး လို့ခေါ်လိုက်ချိန်မှာ သူရဲ့ မျက်ဝန်းအကြည့်တွေက ကျွန်တော်အပေါ် ပဟေဠိများစွာထင်နေတော့တယ် ။ စိမ်း ရက်လေခြင်း ပစ်ထားရက်လေခြင်း တစ်ဖက်သတ်ဆန်လေခြင်းဆိုတဲ့ အကြည့်တွေ ဟာ ကျွန်တော့်အတွက်နက်နက်နဲနဲ ရင်ကွဲချင်စရာပါ ။ သူရဲ့ပါးနှစ်ဖက်ကပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းလေးတွေလိမ့်ဆင်းလာတော့ မြားစင်းပေါင်းများစွာနဲ့ မိမိနှလုံးသား ကို ပစ်သွင်းနေသလိုပါပဲ ။ ရင်ထဲကတစစ်စစ်ကိုက်ခဲနာကျင်လာတယ် ။
ချိုသဲလို မိန်းကလေးတစ်ယောက်ရဲ့စွဲလမ်းမှုကို ကျွန်တော် ဥပက္ခာမပြုနိုင်သလို မိမိ နှလုံးသားရဲ့စေညွှန်မှုကိုလည်း ရှေ့တန်းထွက်မပြသင့်ဘူး ဆိုတဲ့ အစွန်းနှစ်ဖက်ကြား နေရင်းက ကျွန်တော်စိတ်တွေကို နာကျဉ်း နာကြည်းစွာ မြတ်သားရတော့တယ် ။ ကျွန် တော်နဲ့ ချိုသဲက နှလုံးသားခြင်းပတ်သက်နေပေမယ့် တရားဝင်ချစ်သူအဆင့်ကိုမ ရောက်ကြသေးတာဟာ ရပ်သိရွာသိ ။ ဒီတန်ဆောင်မုန်းလပြည့်ဟာ နှလုံးသားကိုဆေး ပေါင်းမခနိုင်တဲ့ ည ။ လမ်းခွဲရတော့မယ့်လမ်းခွဲညလေး ။ နာကျင်စွာနဲ့ဘာမှမသိရှာသေး တဲ့ အပြစ်မဲ့မျက်ဝန်းလေး ။ မောင်းဆုံအနီးမိန်းမပျိုလေးတွေနဲ့အတူထိုင်ရင်းက ကျွန် တော်ကိုအရိပ်တကြည့်ကြည့်နဲ့ မော့ကာမော့ကာ ပျော်ပါးကြည်ရွှင်နေတဲ့ မျက်နှာကို တ၀ကြီးကြည့်နေဖြစ်တယ် ။
နှစ်ယောက်သားရတဲ့အချိန်အားလေးမှာ သူ့ကိုအကျိုးအကြောင်းတွေနဲ့ ဖျောင်းဖြဖြစ် တယ် ။ ဒီရွာလေးကိုလာရတဲ့ရည်ရွယ်ချက်မှာ အဓိကအချက်က ရွာကကလေးတွေကို ခေတ်ပညာတွေသင်ပေးရင်း ဒီရွာရဲ့ ပစ္စည်းမဲ့ဆင်းရဲသားတွေကို အလုပ်အကျွေးပြုရန် ဖြစ်ကြောင်း ၊ ဒုတိယအချက်က အရပ်သားအစိုးရကိုသေနတ်ပြခြိမ်းခြောက်ပြီး ယူနီ ဖောင်းချွတ်ထားတဲ့ နေ၀င်း စစ် ဖက်ဆစ် အာဏာရှင်အစိုးရနဲ့ စစ်မှန်တဲ့ဆိုရှယ်လစ်ဝါဒ ကိုအိုးမဲသုတ် ၊အရေခြုံဆိုရှယ်လစ်ဆိုတာကြီးအကြောင်းဖွင့်ချဖို့အကြောင်း ၊ တတိယ အချက်က စစ်မှန်တဲ့ဆုရှယ်လစ်ဝါဒကိုတကယ့်ပစ္စည်းမဲ့ဆင်းရဲသားတွေကိုယ်တိုင်ဦး ဆောင်ပြီး အထွေထွေသွေးစုပ်ချယ်လှယ်မှုတွေအောက်က လွတ်မြောက်အောင်တိုက် ရွဲဝင်ကြရမှာဖြစ်ကြောင်း မိမိတို့ဟာသမိုင်းကထမ်းပိုးခိုင်းတဲ့ သမိုင်းတာဝန်တွေထမ်း ဆောင်နေကြတာဖြစ်ကြောင်း ၊ ပစ္စည်းမဲ့လူတန်းစားအတွေးအခေါ်ကို တစ်နိုင်ငံလုံး လက်နက်သဖွယ်တပ်ဆင် ။ တော်လှန်ရေး ကိုအောင်ပွဲခံတဲ့နေ့ဟာမိမိတိုရဲ့တာဝန်ပြီး ဆုံးပြီလို့ယူဆကြောင်း တစ်တိုင်းပြည်လုံးရဲ့ပစ္စည်းမဲ့လူတန်းစားညီညွတ်ရေးလမ်း ကြောင်းဟာယ်လောက်ရှည်လျားပြီး ဘယ်လောက်ရှုပ်ထွေးနေဦးမယ်လို့ခန့်မှန်းမရနိုင် ကြောင်း . . . တွေပြောပြတော့ နားထောင်ရင်းရစ်ဝိုင်းနေတဲ့ချိုသဲမျက်ဝန်းက မျက် ရည်တွေပါးနှစ်ဖက်က ပါးကွက်ကြားလေးပေါ်ဖြတ်သန်းသန်းစီးဆင်းသွားတာကို လ ပြည့်ညရဲ့လရောင်အောက်မှာ ထင်းထင်းကြီးမြင်လိုက်တယ် ။ ဒီလပြည့်ညဟာ သူရော ကျွန်တော်ပါ အနာကျင်ဆုံး ခံစားရတဲ့ညတစ်ညလို့ . . . . ဆိုချင်ပါတယ် ။
စာမေးပွဲအဖြေလွှာတွေကိုကျောပိုးအိတ်ထဲအထည့် မြို့ပြန်ဖို့ပြင်နေတုန်း ချိုသဲ သူငယ် ချင်း တစ်ယောက်ရောက်လာတယ် ။ မီးမျှောပွဲညက စံပယ်ကန်းကုံးလေးတဲ့ ချိုသဲ ပေးခိုင်းလိုက်တာပေးပြီး သုတ်သုတ်ပြန်ဆင်းသွားတယ် ။ ဖွင့်ကြည့်တော့ မီးမျှောပွဲည ကျွန်တော်ခိုးပြီး နမ်းရှိုက်ခဲ့တဲ့စံပယ်ပန်းကုံးအခြောက်လေး ။ ရင် . . ထဲ . .နင့် . . ကနဲ ။ ဆည်းဆာနေရောင်ကရဲ့နီနေတယ် ။ ကျွန်တော်ချစ်တဲ့ ကလေးတွေ ကျွန်တော်ချစ်တဲ့ လူငယ်တွေ လူကြီးတွေ ကျွန်တော်ချစ်တဲ့ရွာကလေးနဲ့ကျွန်တော်ရဲ့ ကွမ်းတောင်ကိုင် လေး . . . . . ။ ကျွန်တော်အားလုံးကိုကျောခိုင်းလိုက်တယ် ။ ရဲရဲနီနေတဲ့ ဆည်းဆာ ရောင်ခြည်ဟာကျွန်တော့်ကိုလွှမ်းခြုံထားသလို ကျွန်တော်ချစ်တဲ့ ကြိုးကြာကွင်းရွာလေး အပေါ်ကိုလည်း ဖျန်းဆွတ်ထားမယ် ဆိုတာ နောက်လှည့်မကြည့်ပဲသိနေတယ် ။ က လေးတွေရဲ့အဖြေလွှာတွေနဲ့ ကျွန်တော်ရဲ့အ၀တ်အစားမှန်သမျှ ကျောပေါ်က ကျော်ပိုး အိတ်ထဲမှာ . . . . . ။ လက်ထဲမှာ . . . က ချိုသဲပေးလိုက်တဲ့ စက္ကူဗူးဖြူဖြူထဲက နွမ်း နွမ်းခြောက်ခြောက် စံပယ်ကုံးလေးတစ်ကုံး ။
လက်တစ်ဖက်က ကျော်ပိုးအိတ်ကြိုးသိုင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး လေ ကိုငတ်မွတ်စွာ ပြင်းပြင်းရှုသွင်းလိုက်တယ် ။ ရှေုဆက်ချီတက်ရဦးမယ့် ခရီးရှည်ကြီးအ တွက် အားအင်တွေပြည်လည်စုစည်းရင်း တော်လှန်ရေးသီချင်းတစ်ပုဒ်ကို ရင်ကော့ ခေါင်းမော့ပြီး သီဆိုလိုက်တော့တယ် ။
အို . . . ရဲဘော် ချစ်ရဲဘော် ရယ် . . . . ငုပ်မိသဲတိုင် . . . တတ်နိုင်ဖျားရောက် . . . . . အောင်ရမယ် ။ တစ်နေ့ တလံ ပုဂံ ဘယ်ပြေးမယ် ( ဟုတ်တယ် )၄ မာ့က္ခစ် လီနင်ဝါဒ ဟာ အောင်ပွဲရတဲ့ ဒီ ချိန်ခါမယ် အနာဂါတ်ကို တို့ပိုင်တယ် . . . . အ နာ . . . ဂါတ် . . . ကို . . . တို့သာ . . ပိုင် . . . . ဆိုင် . . . .တယ် ။
ကိုလွင် ( နန်းမြေ )
Tuesday, June 14, 2016
ပဋိပက္ခ
ပဋိပက္ခ
ငုကဆောင်း တဲ့ မွန်စကားလေးပါ ။ ဆိုလိုတာက မိုးတွင်းနေ လောကတစ်ခုလုံး အေးမြမြ ဖြစ်နေတဲ့အချိန် တိမ်တိုက်အမှောင်တွေ လွှမ်းမိုးဖုံးထားချိန် ဒီအချိန်မှာ ရုတ်ခနဲ ထွက်ပြုလာတဲ့ နေတစ်စင်းရဲ့ပြင်းထန်တဲ့ ပူလောင်မှုတွေဟာ လူသားတွေပါဝင်နေတဲ့လောကတစ်ခုလုံးကို ဖျတ်ဖျတ်လူးစေခဲ့တယ် ။ အဲ့ဒီနေရောင်ခြည် ရဲ့ပူပြင်းလွန်းတဲ့ရသအပေါ်ကဖြစ်စေတဲ့ စကားစုလေးပါပဲ ။ ဒီလိုပါပဲ ဒီအချိန်မြန်မာတစ်နိုင်ငံလုံးဟာလည်း နိုင်ငံရေးရာသီဥတုသက်ရောက်မှုပြင်းထန်နေချိန်ဖြစ်တယ် ။ မုန်တိုင်းတစ်စင်းရဲ့ ရှေ့တော်ပြေးလေပြေရမ်းတွေ က၀င်ပြီး မုန်တိုင်းကြီးဝင်မလာမီခေတ္တငြိမ်သက်နေပုံမျိုး ။
ရှေ့တော်ပြေးလေပြေတွေအဖြစ် ၁၉၈၅ နဲ့ ၁၉၈၇ ခုနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ ငွေစက္ကူတွေကို နိုင်ငံတော်အစိုးရ ဆိုတဲ့ လူတန်းစားးတစ်စုက မရှုနိုင်မကယ်နိုင် အဖြစ်ဆိုးကြီးက ရုန်းထွက်နိုင်ဖို့ စက္ကူတွေအဖြစ်ကြေငြာခဲ့တယ် ။ သက်ရောက်မှုကတော့ အားလုံးကိုပါပဲ ။ အဲ့ဒီအထဲမှာမှ အဆိုးဝါးဆုံးက အခြေခံအရင်းမဲ့တွေ လက်လုပ်လက် စား နေ့လုပ်နေ့စားတွေ တစ်နိုင်ငံလုံးရဲ့ အလုပ်သမား လယ်သမားတွေ ရှိစုမဲ့စုငွေကြေးလေးတွေ မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာပဲ အဆိုးဆုံးအခြေအနေတစ်ရပ်ဆီကိုရွေ့သွားကြတော့တယ် ။ ငိုသံတွေ တောက်ခေါက် သံတွေ အံကြိတ်သံတွေ ဒေသအမျက်ခြောင်းခြောင်းထွက်ခဲ့တာတွေ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သီး ဆုပ်တွေ တစ်နိုင်ငံလုံးက အော်ဟစ်ငိုယိုနေတဲ့အသံတွေဟာ မြန်မာကောင်းကင်ယံတိုင်အောင်ညံနေတော့ တယ် ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ရဲ့သရုပ်သဏ္ဍန်တွေဟာ ဘူးပေါ်သလိုပေါ်လာတဲ့အချိန်မှာ မြန်မာ့ ဆိုရှယ်လစ်ရဲ့အာဘော်ဖြစ်တဲ့ အလုပ်သမားနဲ့လယ်သမားလူတန်းစားနှစ်ရပ်လုံးဒုက္ခမြက်ရိုင်းနွံအတွင်းမှာ စုန်း စုန်းမြုပ်နေတဲ့အဖြစ်ကိုဲကြည့်ကောင်းကောင်းနဲ့အခန့်သားထိုင်ကြည့်နေကြတယ် ။
လူထုတွေရဲ့အထွေထွေမကျေနပ်ချက်တွေရဲ့ရှေ့တော်ပြေးအဖြစ် ကိုယ်ကျိုးစွန့်တဲ့ရန်ကုန်တက္ကသိုလ်ကျောင်း သားတွေက မ ဆ လ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန်ဖေါ်ထုတ်လာခဲ့ကြတယ် ။ လူထုတွေရဲ့ တိုက်ရိုက်ဆန့်ကျင်မှုကိုခံလိုက်ရတဲ့ မ ဆ လ ဟာ တုန်လှုပ်ခြောက်ချားလာခဲ့တယ် ။ တစ်ချိန်က နယ်ချဲ့တွေရဲ့ လုပ်ဟန်ကို အမှတ်တရပြန်လည်အသုံးချပြလိုက်ကြတဲ့အနေနဲ့ တောင်ကြီးနဲု့ပြည်မှာ ကုလား ဗမာ အဓိကရုဏ်း ဖန်တီးမှုပြုလုပ်လိုက်ပေမယ့် တကယ်ဖြစ်လာတာက အစိုးရဆန့်ကျင်ရေးနဲ့ မ ဆ လ ကျဆုံးရေးတွေပဲဖြစ်လာ ခဲ့တယ် ။ ပြည်တွင်းကျောင်းသားခေါင်းတောင်တွေနဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေဟာ ပြည်ပသံလွှင့်ဠာန အသီးသီးနဲ့ပူးပေါင်းပြီး ( ၈၈၈၈ ) ရှစ်လေးလုံးဆိုတဲ့ အဲ့ဒီတစ်ရက်ကို တစ်နိုင်ငံလုံးက လူထုတစ်ရပ်လုံးပါဝင်ပြီး မ ဆ လ ဆန့်ကျင့်ရေးနဲ့ ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ တာထွက်ဖို့ အဆင်သင့်ဖြစ်နေကြတယ် ။
××××××××××××××××××××××××××××××××××××××××××××××××××××××××
ရှစ်လေးလုံးနေ့မတိုင်မီတစ်ရက်အလို ။ မ ဆ လ လက်ထက်ရွေးကောင်ပွဲမှာအနိုင်ရခဲ့တဲ့ အမတ်ဦးထွန်း အောင်ကိုအစွဲပြုလို့ ဦးထွန်းအောင်ကွက်သစ်လို့ခေါ်တဲ့ ဒိုက်ဦးမြို့က ( ၆ ) ရပ်ကွက်ရဲ့ ( ၅ ) လမ်းအလယ် လောက်မှာ ကျွန်တော်ရှိနေခဲ့တယ် ။ ဒီရပ်ကွက်လေးဟာ နံပါတ် ( ၁ ) လမ်းကနေ ဆည်မြောင်းလမ်းအထိအား လုံးအရှေ့အနောက်စီရီပြီး ဖေါက်လုပ်ထားတဲ့လမ်း ( ၁၀ ) လမ်းရှိတယ် ။ လမ်းတွေဟာ အရှေ့ဖက်မှာရှိတဲ့ ရန်ကုန် - မန္တလေးကားလမ်းကြီးကို ဦးခိုက်နေကြတယ် ။ တောင်ဖက်အစွန်ဆုံးက ကမ်းနားလမ်းဟာ ကောလိ ယချောင်းရဲ့မြောက်ဖက် ကမ်းပါးပေါ်မှာရှိနေတယ် ။ တောင်ဖက်ကမ်းပါးမှာ ဘောလယ်ရွာကလေးရှိတယ် ။ ဒါ ပေမယ့် ချောင်းကမ်းပါးတလျောက်မှာသာ လူနေအိမ်တွေစည်ကားပြီး ရန်ကုန် - မန္တလေးကားလမ်းမကြီးတ လျောက်ကတော့ အိမ်ခြေခပ်ကျဲကျဲ ။ ( အခုတော်တော်စည်နေပါပြီ . စာရိုက်သူ ) ။ အဲ့ဒီနေ့နံနက်ပိုင်း ဆယ် နာရီဝန်းကျင်မှာ ကျွန်တော့်အစ်မ ( မရီး ) ဖြစ်သူခူးခပ်ကျွေးတဲ့ ထမင်းကိုအခန့်သားထိုင်စားနေတုန်း
ဒို့အရေး . . . . . . ဒို့အရေး . . . . . .
အပိုင်း ( ၂ )
ဒို့အရေး . . . . . . ဒို့အရေး
အသံတွေ အသံတွေ တဖြည်းဖြည်းကျယ်လောင်လာအသံတွေ ။ ညီညီညွတ်ညွတ် သံပြိုင်အော်ဟစ်နေသံတွေ ။ ကျွန်တော် အသေအချာကြီးကိုနားစွင့်လိုက်မိတယ် ။ ဟုတ်တယ် ။ ဒါကြွေးကြော်သံတွေပဲ ။ ဒီကြွေးကြော်သံ တွေဟာ မြန်မာ့ဆိုရှယ်လစ်လက်ထက်ပုံစံခွက် ကြွေးကြော်သံတွေမဟုတ်မှန်းသိလိုက်တယ် ။ ကျွန်တော်စား လက်စထမင်းပန်းကန်ကို ဒီအတိုင်းပစ်ထားခဲ့ပြီး ( ၅ ) အလယ်ဘလောက်ကနေ ရန်ကုန် - မန္တလေးကားလမ်း မကြီးရှိရာ အရှေ့ဖက်ကို ပြေးတက်လာခဲ့တယ် ။ ကားလမ်းမကြီးပေါ်ရောက်တော့ တောင်ကြည့် မြောက်ကြည့် ဘယ်ညာကိုသွက်သွက်ပါအောင်ကြည့်ဖြစ်တယ်။ ဘယ်အရပ်ကပျံ့လွှင့်လာတဲ့အသံတွေမှန်းမသိတာကြောင့် မှန်းဆကြည့်နေခဲ့တယ် ။ တောင်ဖက်ကလား မြောက်ဖက်ကလား ။ ဘယ်ရပ်ကွက်ကဖြစ်နိုင်မလဲ ။ ဘယ်ရွာက ဖြစ်နိုင်သလဲ ။ ဘာတွေကြွေးကြော်လာကြသလဲ ။ ကျွန်တော်အပြေးအလွှား စဉ်းစားခန်းဝင်နေရတယ် ။ ထမင်း စားရင်းပြေးဆင်းလာတာဖြစ်လို့မဆေးကြောခဲ့တဲ့လက်က ကပ်စီးစီး ။ကတ္တရာလမ်းရဲ့အပူနဲ့ထိတွေ့မှုကြောင့် မိမိခြေထောက် မိမိပြန်ကြည့်မိတော့ ဖိနပ်ကပါမလာပြန်ဘူး ။ သိချင်ဇောနဲ့ မြင်တွေ့လိုတဲ့စိတ်အားကြီးမှုတွေ က ဘာဆိုဘာမှသတိမထားနိုင်ခဲ့ ။
ဟုတ်တယ် ။ ကျွန်တော်တို့မွေးဖွားစဉ်ကနေခုချိန်အထိ သပိတ်မှောက်တယ် ဆန္ဒုပြတယ်ဆိုတာကြီးကို ကြား သာကြားဖူးတာ ဘယ်မှမြင်တွေ့ခဲ့ရလို့တုန်း ။ ၁၉၇၄ မှာဖြစ်ခဲ့တဲ့ မေလနဲ့ဇွန်လ အလုပ်သမားအရေးအခင်းတွေ က နိုင်နဲ့အ၀ှန်းမှာဖြစ်ပေါ်လာခဲ့တယ် ။ ဒီဇင်္ဘာ ( ၅ ) ရက်နေ့မှာ ဦးသန့်အရေးအခင်းဖြစ်ခဲ့တယ် ။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ ဆဌမတန်းကျောင်းသားတစ်ယောက်ဖြစ်နေခဲ့ပြီ ။ ကျောင်းရက်အကန့်အသတ်မရှိတစ်နိုင်ငံလုံး ပိတ်လိုက်တယ် ။ ရန်ကုန်မှာကျောင်းသားတွေ ဖမ်းဆီးသတ်ဖြတ်ခြင်းခံနေရပြီဆိုတာကိုသိလိုက်ရတဲ့ ကျွန်တော်ဟာ သွေးကတောင်းဆိုမှုအတိုင်း ရန်ကုန်ဆင်းပြီး တက္ကသိုလ်ကျောင်းသားကြီးတွေနဲ့အတူတိုက်ပွဲဝင် ဖို့ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့် မိဘတွေရဲ့အကြည့်အောက်က ကျွန်တော်စိတ်သွားတိုင်းကိုယ်မပါနိုင်ခဲ့ဘူး ။ အတားအဆီးတွေကအများသားလား ။ လမ်းကြောင်းမကျွမ်းကျင်တဲ့ပြဿနာကနံပါတ် တစ် ။ လမ်းစရိတ်ခက် ခဲမှုက နံပါတ် နှစ် ။ မိဘတွေရဲ့ကန့်ကွက်မှုက နံပါတ် သုံး ။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာမိမိကိုယ်မိမိအားမရခဲ့ ။ ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးတွေနဲ့ မပူးပေါင်းနိုင်ခဲ့တဲ့ ကျွန်တော်ဟာ ရှေ့တစ်လှမ်းတိုးဖို့အတွက် နောက်ကိုနှစ်လှမ်းဆုတ်ခဲ့ရတယ် ။ ကျွန်တော်ဟာ မိမိကျင်လည်ရာကျေးလက်တစ်ပိုင်းဖြစ်နေတဲ့ မြို့ကလေးက အလုပ်သမားတွေနဲ့ ကျေးလက်လယ်သမားတွေကြားမှာ နေထိုင်ကြီးပြင်းခဲ့ရတဲ့သူပါ ။ လယ်သမားတွေနဲ့အလုပ် သမားတွေရဲ့ခါးသီးလှတဲ့ဘ၀တွေဟာ ကျွန်တော်နဲ့တရင်းတနှီးပါပဲ ။ လယ်ကူလီတွေဘ၀လည်း မ ဆ လ ရဲ့ ဆိုရှယ်လစ်စနစ်အောက်မှာ ဘ၀တစ်ခုလုံးကျွန်သံသရာဇာတ်ခင်းနေခဲ့ရတယ် ။ လယ်သမားတွေရဲ့ဘ၀တွေက လည်းတစ်နှစ်ပြီးတစ်နှစ် တိုတိုလိုက်လာတဲ့ ကောက်ဆွနဲ့အနားကွပ်မဲံ့နေတဲ့ စကောစုတ်ပဲ အနိုင်နိုင် ။ ဒီမိုကရေ စီကျတဲ့ အခြေခံလူတန်းစားတွေရဲ့ဘ၀တွေကလည်း ဒုက္ခပေါင်းစုံလို့ ။
မိမိရှေ့မှာဖြစ်နေပျက်နေတဲ့ ဘ၀တွေဟာ ဘယ်လဲ ဘာလဲလို့ လားရာကိုစာပေတွေလေ့လာရင်း လက်တွေဘ၀ နဲ့ပေါင်းစပ်ရင်းက ထင်ထင်ရှားရှားကြီးဖြစ်လာချိန်မှာ ကျွန်တော်ဟာမြန်မာ့နည်း မြန်မာ့ဟန်ပန်းစုံဆိုရှယ်လစ် ဆိုတာကြီးကိုအော့နှလုံးနာလာခဲံတယ် ။ ဒီမိုကရေစီကျတဲ့မြောက်များစွာသောအခြေခံလူတန်းစားဘ၀တွေ လွတ်မြောက်မှုမရမခြင်း ဒီမိုကရေစီဆိုတာကလည်း မဓိပ္ပါယ်မဲ့ ဆိုရှယ်လစ်ဆိုတာလည်း အာဏာငမ်းဖမ်းနေတဲ့ နိုင်ငံတော် အစိုးရဆိုတဲ့ လက်လုပ်လက်စားလူတန်းစားရဲ့ ထွင်လုံးတွေပဲဖြစ်နေမယ် ဆိုတဲ့အသိက ပိုမိုနက်ရှိုင်း လာခဲ့တယ် ။ ဒါကြောင့်ပဲ မ ဆ လ ကိုဆန့်ကျင်သူမှန်သမျှကို ရန်သူရဲ့ ရန်သူဟာမိတ်ဆွေဆိုတဲ့အသိနဲ့ ယာယီ မဟာမိတ်ဖွဲ့ ပူးပေါင်းခဲ့တယ် ။
အခုလည်းကြည့် မ ဆ လ ကိုဆန့်ကျင်အာခံတဲ့အဖွဲ့ကို ကျွန်တော်ပူးပေါင်းပါဝင်ချိန်မရမီအထိ ကြိုဆိုခြင်း ထောက်ခံခြင်းတွေ အားပေးခြင်းတွေ လုပ်ရဦးမယ်လေ ။ ကြွေးကြော်သံတွေက တဖြေးဖြေး ကျယ်လောင်လာ ခဲ့ပြီ ။ အသေအချာနားစွင့်မိလိုက်တော့ အရှေ့မြောက်အရပ်ဆီကအသံတွေ ။ ကျွန်တော်ရန်ကုန် - မန္တလေး ကားလမ်းမကြီးအတိုင်းနေပူပူကို ဖိနပ်မပါပြေးလွှားရင်း ဒိုက်ဦးတာဆုံလို့ခေါ်တဲ့ ကားဂိတ်ကိုရောက်လာတော့ မြို့ဝင်လမ်းအတိုင်း အနောက်ဖက်ကို ကြွေးကြော်သံတွေနဲ့အတူ လက်သီးလက်အောင်းတွေတန်းရင်းလက်သီး တွေဆုပ်ရင်း ချီတက်လာကြတဲ့ လူတန်းကြီးတစ်ခုကိုတွေ့လိုက်ရတော့ ရင်ထဲလှိုက်ကနဲ ခုန်တက်လာပြီး သွေး တွေဆူပွက်လာခဲ့တယ် ။
အပိုင်း ( ၃ )
တဖြည်းဖြည်းနဲ့အမြင်ကနီးလာပြီ ။ ကြွေးကြော်သံတွေကလည်းပီပြင်လာခဲ့ပြီ ။ လူတွေကိုလည်း သဲကွဲစွာ မြင် လာရပြီ ။ သူတို့လက်တွေမှာ တံဇဉ်တွေကိုတင်းတင်းဆုပ်လို့ပါလား ။ သူတို့ခေါင်းပေါ်မှာလည်း ၀ါးဖက်ခမောက် ကိုယ်စီဆောင်းလို့ ။ ထမီတွေကတိုတို ၊ ပုဆိုးတွေတိုတို စုတ်ပြတ်နူံ့နဲ့ပြီး အရောင်ဆိုတာမမြင်နိုင်တော့လောက် အောင်ဖြစ်နေတဲ့ အ၀တ်နွမ်းတွေကိုယ်စီနဲ့ မိုးကာလရဲ့ ပြယုဂ်ဖြစ်တဲ့ ရွံ့တွေ ဗွက်တွေက ခြေအစုံတိုင်းမှာတ လိမ်းလိမ်း ဖိနပ်တွေကမပါ ။
ဖမ်းဆီးကျောင်းသား . . . . လွှတ်ပေးရေး
တို့အရေး . . . . တို့အရေး
လွတ်လပ်စွာ . . . ဟောပြောခွင့်ရရှိရေး
တို့အရေး . . . . . တို့အရေး
လွတ်လပ်စွာ . . . . . ရေးသားခွင့်ရရှိရေး
တို့အရေး . . . . တို့အရေး
ဒီမိုကရေစီ . . . . . ရရှိရေး
တို့အရေး . . . တို့အရေး
တစ်ပါတီစနစ်
ဖျက်သိမ်းပစ် . . . ဖျက်သိမ်းပစ်
မ ဆ လ အစိုးရ
ကျဆုံးပါစေ . . . . ကျဆုံးပါစေ
ရှေ့ကနေကြွေးကြော်သံတွေကိုဦးဆောင်တိုင်နေတဲ့သူက ပင်နီတိုက်ပုံနဲ့လွယ်အိပ်အနီကို မျက်စိပေါက်နှစ် ပေါက်ဖွင့်ပြီး ခေါင်းစွပ်ရုပ်ဖျက်ထားတယ် ။ ဒါကလိုအပ်ချက် တစ်ခုပါပဲ ။ မ ဆ လ လက်အောက် သူတို့ရဲ့ဒေါက်တိုင်တွေဖြစ်တဲ့ ပါတီကိုဖြစ်ဖြစ် ကောင်စီကိုဖြစ်ဖြစ် အာခံမိရင် မတရားမှုတွေကိုအံတုမိရင် အဲ့ဒီ ပုဂ္ဂိုလ်အတွက် ထောင် ( ၃ ) နှစ်ဆိုတာနဲ့ ဗ က ပ တံဆိပ်ကအဆင်သင့်စောင်ကြိုနေတော့တယ် ။
ပင်နီတိုက်ပုံဝတ် လွယ်အိတ်ခေါင်းစွပ်ထားတဲ့ ကျောင်းသားခေါင်းဆောင်က ရှေ့ဆုံးကကြွေးကြော်သံတွေကို တိုင်လိုက် ၊ ကျန်တဲ့ဆန္ဒပြလယ်သမားတွေက အော်လိုက်နဲ့ နာရီစည်းဝါးအကိုက်ကြွေးကြော်သံတွေဟာ ကြား ရသူအပေါင်းအတွက်ကြက်သီးမွှေးညှင်းဖြိုင်ဖြိုင်ထလောက်တယ် ။ ခွန်အားတွေလည်းပြည့်မောက်လာတယ် ။ ဒီအသံတွေကြောင့်ပဲ မြို့နေရပ်ကွက် အလုပ်သမားထုကြီးက ရန်ကုန် - မန္တလေးကားလမ်းမကြီးရဲ့ဘေးတစ် ဖက်တစ်ချက်မှာနေရာယူပြီး အလုအယက်အားပေးကြတယ် ။ တောင်သူလယ်သမားတွေရဲ့ ကြွေးကြော်သံတွေ နဲ့ မြို့နေအလုပ်သမားလူတန်းစားထုကြီးရဲ့ လက်ခုပ်သံတွေဟာ တစ်ခုနဲ့တစ်ခုပေါင်းစည်းသွားကြပြီး ဘ၀ဂ် တိုင်အောင်ညံနေတော့တယ် ။ အားပေးထောက်ခံနေကြတဲ့ မြို့နေအလုပ်သမားထုကြီးကိုတွေ့ရတော့ ဆန္ဒပြ တိုက်ပွဲဝင်နေတဲ့ လယ်သမားထုကြီးဟာ စိတ်ပိုင်းဆိုင်ရာမှာ ခွန်အားတွေပြည့်လာပြီး ပို၍ပို၍ ကျယ်ကျယ် လောင်လောင်အော်ဟစ်ကြတယ် ။ လယ်သမားထုကြီးရဲ့လည်းပင်းကြောတွေက ပြိုင်းပြိုင်းထနေကြတယ် ။
ဒိုက်ဦးမြို့ကလေးရဲ့ အရှေ့ဖက်သုံးမိုင်အကွာ ဖအောင်ဝဲကျေးရွာရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ လက်ပံတန်းကနေချီ တက်လာကြတဲ့ ဒီလယ်သမားထုကြီးဟာ ဘယ်အချိန်ကထလို့ ဘယ်အချိန်လူစုပြီး ဘယ်လောက်ကြာအောင် လမ်းလျောက်ချီတက်ရင်း ကြွေးကြော်လာခဲ့တယ် ဆိုတာကိုမသိပေမယ့် မိုးကာလရဲ့နေကျဲကျဲပူနေတဲ့အောက် မှာ လမ်းလျောက်ရင်းချွေးထွက်တာတွေများပြီး အားအင်တွေဆုတ်ခမ်းနေတာကိုတော့အထင်းသားတွေ့ရတယ် ။ အချို့ကမောဟိုက်တုန်ရီနေကြပြီ ။ အချို့ခြေလှမ်းတွေကမဟန်နိုင်ချင်တော့ ။ ဒါပေမယ့် လက်ထဲမှာကိုင်လာ ခဲ့ကြတဲ့ တံဇဉ်တွေကိုတော့တင်းတင်းဆုပ် . . . . လို့ ကြွေးကြော်ရင်းချီတက်ဆန္ဒပြနေကြတဲ့လယ်သမားတွေ ဟာ ရန်ကုန် - မန္တလေးလမ်းအတိုင်း မြို့အထွက်တောင်ဖက် ကောလိယတံတားကြီးဆီ ဆက်လက်ချီတက်နေ ကြတယ် ။ ကြွေးကြော်သံတွေက အဆက်မပြတ် ။
ဆန္ဒပြလယ်သမားသူရဲကောင်းတွေရဲ့နောက်မှာ အသက်ငွေ့ငွေ့သာရှိတော့တဲ့ မ ဆ လ ရဲ့နောက်ဆုံးထွက် သက်တွေဖြစ်တဲ့ မြို့နယ်ကောင်စီရဲ့ အာဏာရှင်ကြီးတွေလိုက်လာတာတွေ့ရတယ် ။ ကျွန်တော်ကချီတက် ဆန္ဒပြနေကြတဲ့ လယ်သမားတွေနံဘေးမှာယှဉ်ပြီး ပူးတုံ ခွာတုံ လိုက်လာခဲ့တယ် ။
. . . . . တို့အရး တို့အရေး
. . . . . တို့အရေး တို့အရေး
. . . . . ကျဆုံးပါစေ ကျဆုံးပါစေ
ကြွေးကြော်သံတွေကို အနားမပေး ၊ ရပ်သွာတယ်လည်းမရှိ ၊ ဆက်ခါဆက်ခါ မနားတမ်းသံကုန်ဟစ်အော်ရင်းက တဖြည်းဖ်ြည်း ကောလိယချောင်းကိုဖြတ်ထိုးထားတဲ့သံတံတားဆီ ရောက်လာကြတယ် ။ ရှေ့ကိုဆက်လက်ချီ တက်ပြီး ဆန္ဒပြဖို့ရာတောင်ဖက်ကမ်းအလွန်မှာ အောင်စိုးမိုးကွက်သစ်က အိမ်ခြေကျို့ကျို့ ကျဲကျဲ ၊ ဒီအချိန်မှာ ချီတက်လာတဲ့လယ်သမားထုကြီးတစ်တန်းလုံးဟာ သံတံတားကြီးရဲ့မြောက်ဖက်ကမ်းပေါ်မှာအိပြီး စုပြုံလုံးသွား တော့တယ် ။ နောက်ပြန်ချီတက်ပြီးပြန်လှည့်ဖို့ရာ နောက်မှာက အာဏာရှင်အဖွဲ့တွေကပိတ်နေပြီ ။ ပစ္စုပ္ပနိမခြေ အနေကို သုံးသပ်ပြီးလွယ်အိတ်အနီခေါင်းဆောင်းထားတဲ့ကျောင်းသားခေါင်းဆောင်လေးက လက်ခုပ်တစ်ဖေါင် လောက်အမြင့်ရှိတဲ့ တံတားဘောင်ပေါ်မှာ မတ်တပ်ရပ်လိုက်တယ် ။ ကြွေးကြော်သံတွေကို အရှိန်မြှင့်ပြီးကြွေး ကြော်ကြပြန်တယ် ။ အာဏာပိုင်အဖွဲ့အစည်းကတာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်က လယ်သမားတွေနဲ့အနီး ဆုံးကိုသွားတယ် ။ မြို့ပေါ်အလုပ်သမားထုကြီးနဲ့အတူ ဆန္ဒပြနေကြတဲ့ လယ်သမားတွေအားလုံးက ဒီခေါင်း ဆောင်လေးကိုဖမ်းတော့မလား ဆီးတော့မလား နောက်ဆုံးခါးမှာပါလာတဲ့သေနတ်နဲ့ပဲ ထုတ်ပြီးပစ်တော့မလား ဆိုတာကို ခေတ္တရပ်ပြီး ငြိမ်နေရင်းကစိုးရိမ်နေကြတယ် ။ ဒါပေမယ့် ထင်သလိုတော့ဖြစ်မလာခဲ့ဘူး ။ အဲ့ဒီအာ ဏာရှင်ခေါင်းဆောင်က ကျောင်းသားကိုလှမ်းမေးလိုက်တယ် ။
မင်းတို့ဘာလိုချင်တာလည်း . . . . ဘာဖြစ်ချင်တာလည်း . . . ငါတို့ဘာလုပ်ပေးရမလည်း . . . . တဲ့ ။ သိသိကြီးနဲ့ မေးခွန်းတွေတန်းစီမေးနေတာကို ကျောင်းသားခေါင်းဆောင်ကပဲစိတ်ရှည်ရှည်ပြန်ဖြေနေတာကို တွေ့ရတယ် ။ ခေါင်းမှာစွပ်ထားတဲ့လွတ်အိတ်အနီရောင်ကလည်းစွပ်မြဲစွပ်လျှက် ။
ကွှန်တော်တို့လိုချင်တာက ရန်ကုန်မှာဖမ်းဆီးထားတဲ့ကျောင်းသားတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ရရှိရေးပဲဖြစ် တယ် ။ လွတ်လပ်စွာစကားပြောခွင့် ၊ လွတ်လပ်စွာရေးသားခွင့် ၊ လွတ်လပ်စွာစီတန်းလှည့်လည်ခွင့် ၊ လွတ်လပ် စွာ . . . . . .
ကျောင်းသားခေါင်းဆောင်လေးရဲ့ ပြောစကားတွေက အဆုံးမသတ်နိုင်ခဲ့ ။ အဆုံးသတ်ကိုလည်း မရာက်ခဲ့တော့ ပါ ၊ နေကပူ ချွေးတွေကခမ်းခြောက်ပြီး အင်အားတွေကကုန်ခမ်း ထမင်းကဆာရေကဆာနဲ့ သည်းခံနိုင်ခြင်းမရှိ တော့တဲ့ လယ်သမားတွေထဲက ခေါင်းဆောင်တစ်ယောက်ဖြစ်ဟန်တူတဲ့သူက
ဟေ့ကောင် . . ရည်ရှည်ဝေးဝေးတွေ ပြောမနေနဲ့ကွာ . . . ဆန် . .လိုချင်တယ်သာပြောလိုက် ။
ကိုင်း . . . ဒီမှာပဲ ပွဲကပြီးပြီ ။ အာဏာရှင်ခေါင်းဆောင်က ပျာပျာသလဲ
ခက်ဗျားတို့ဆန်လိုအပ်တယ်ဆိုရင် မနက်ဖြန်ခင်ဗျားတို့ရွာကို ဆန်လာလှူပါ့မယ် . . စိတ်ချလက်ချသာပြန်ကြပါ
အပြောတောင်မဆုံးလိုက်ဘူး ခေါင်းဆောင်ကျောင်းသားလေးလည်းကြက်ပျောက် ငှက်ပျောက် ၊ လယ်သမား ထုကြီးလည်း ကစင့်ကလျား သံတံတားဈေးလမ်းကနေ အရှေ့ဖက်မှီးရထားလမ်းကိုဖြတ်ကျော်ပြီး သူတို့ဇာတိ မြေဖြစ်တဲ့ လက်ပဲတန်းကွက်သစ်ရှိရာကို ကောလိယချောင်ကမ်းပါးအတိုင်း ဂမူးရှုးထိုးလူစုခွဲပြီး ပြန်သွားကြ တော့တယ် ။ ကျန်ခဲ့တာက ကျွန်တော်တစ်ယောက်ထဲ ။ ဘယ်သူဆို ဘယ်သူမှမရှိကြတော့ဘူး ။ ဇာတ်ခေါင်း ကကွဲပြီ ။ မင်းသားလည်းမရှိ ။ လူကြမ်းလည်းမရှိ ။ ပွဲကြည့်ပရိသတ်လည်းတစ်မယောက်မှမကျန် ။ ကျွန်တော် တစ်ယောက်တည်းပဲ ကားလမ်းနံဘေးက ၀်းကြမ်းကျဲကျဲခင်းထားတဲ့ ဈေးဆိုင်ဟောင်းလေးတစ်ခုမှာ ထိုင်ကျန် ရင်းက ဒီအဖြစ်အပျက်ကို အနုလုံ ပဋိလုံခြုံငုံနေမိတော့တယ် ။
တော်လှန်ရေးတစ်ခုအတွက် ဒီမိုကရေစီကျတဲ့လူတန်းစားထုကြီးတစ်ရပ်လုံးကို ဦးဆောင်နိုင်ဖို့ ပညာတတ် လူတန်းစားခေါင်းဆောင်မှုကလိုအပ်တယ် ဆိုတဲ့စကားကို အမှတ်ရနေမိတယ် ။ လုပ်သားတွေနဲ့လယ်သမား ထုကြီးရဲ့ အတွေးအခေါ်ဟာ ငြင်းလို့မရအောင်တိမ်လွန်းပါတယ် ။ ဒါကလည်း ရိုးစင်းလှတဲ့ဘ၀ဖြတ်သန်းမှုတွေ ရဲ့ရလာဒ်တွေပဲလေ ။ ဖိနှိပ်ရေးယန္တရားတစ်ခုသာဖြစ်တဲ့ နိုင်ငံတော်အစိုးရဆိုတဲ့ လက်တစ်ဆုပ်စာ လူတန်းစား အဆက်ဆက်မှာ ဒီအလုပ်သမားနဲ့ တောင်သူလယ်သမားတွေဟာ ပွင့်လင်းး လွတ်လပ်တဲ့ အတွေးအခေါ်တွေ ကို ဘယ်တော့မှတပ်ဆင်ခြင်း ခွင့်မပြုခဲ့ဘူး ။နိုးကြားလာမယ့် ဒီမိုကရေစီကျတဲ့ အခြေခံလူတန်းစားတွေရဲ့ အတွေးအခေါ်ဒီရေဟာ အတားအဆီးမှန်သမျှကို ဖျက်အားပြင်းပြင်းနဲ့ ဖျက်ဆီးကြလိမ့်မယ် ။ ညီညွတ်ခြင်းရဲ့ တန်ပြန်သက်ရောက်လာမှုကို ဘယ်အုပ်ချုပ်သူလူတန်းစားကမှ ကြည်ကြည်ဖြူဖြူရှိလိမ့်မယ် မဟုတ်ဘူး ။
ရိုးရိုးသားသား စီးပွားရှာ ရိုးသားကြိုးကုတ်စွာနေ ရသမျှလေးနဲ့ရောင့်ရဲ ၊ ပူပူပင်ပင် ကိစ္စတွေနဲ့ တတ်နိုင်ငမျှ ဝေးအောင်နေပြီး ကျန်နေသေးတဲ့ဘ၀အစိတ်အပိုင်းတွေကို ရိုးရှင်းစွာဖြတ်သန်းဖို့ရာသာ သူတို့နှလုံးသားတွေ မှာရှိကြတယ် ။ လှပလွန်းတဲ့ဒီမိုကရေစီကျတဲ့ လူတန်းစားကြီးရဲ့နှလုံးသားထဲမှာ ဒီမိုကရေစီဆိုတာ သူတို့မသိ သူတို့သိတာက ဓားမဦးချ လယ်ယာလုပ်ငန်းတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ဆောင်ရွက်နိုင်ခြင်းဆိုတဲ့ အသိပဲ ။ လွတ်လပ်စွာဟောပြောခွင့် ၊ လွတ်လပ်စွာရေးသားခွင့် ၊ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာတွေဟာ ။ီလူ တန်းစားထုကြီးတစ်ရပ်လုံးနဲံ့ ခပ်ဝေးဝေးမှာပါ ။ အလှူအတန်းတွေ ဥပုသ်သီတင်းသီလတွေစောင့်တည်ကြတဲ့ ဖြစ်စဉ်တွေကို သူတို့ပွေ့ပွေ့ပိုက်ပိုက် လက်ခံကြပြီး ကျေနပ်နှစ်သိမ့်ကြတယ် ။ အဲသလိုလွတ်လပ်တဲ့ဘ၀တွေ ကိုခုံမင်ကြတယ် ။ သွေးစုပ်သူနဲ့ သွေးစုပ်ခံတို့ရဲ့ တိုက်ပွဲလူတန်းစားနှစ်ရပ်တိုက်ပွဲ လူတန်းစားပဋိပက္ခ ဒါတွေကို ဘယ်လိုအချိန်ပေးနားလည်နိုင်ကြမလည်း ။
( ဇာတ်သိမ်းပါပြီ )
ဒီမိုကရေစီကျတဲ့ ဒီလူတန်းစားနှစ်ရပ်လုံးဟာ နလပိန်းတုံးတွေတော့မဟုတ်ဘူး ။ လူတန်းစားဖိနှိပ်သွေးစုပ်မှု တွေ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ်က တစ်စုံတစ်ရာလျောကျနေမှုတွေ ဒီလိုလက်တွေ့ကျကျတိုက်ပွဲဝင်ဖို့ အတွက် သဘောတရားရေးနဲ့ ပေါင်းစပ်ပေးနိုင်ခြင်းမရှိသေးတာသာဖြစ်တယ် ။ သမိုင်းမှာမိမိတို့ရဲ့ ကိုယ်ပိုင်လူ တန်းစားအကျိုးစီးပွားနဲ့ အမျိုးဘာသာ သာသနာကိုထိပါးလာမယ့် ဘယ်ရန်သူမျိုးကိုမဆို ရှီရှီသမျွအင်အားနဲ့ မ ဆုတ်မနစ်လှေခွက်ချည်းကျန်တဲ့အထိ ခုခံတိုက်ခိုက်ခဲ့တဲ့ သာဓကတွေကလည်းထင်ထင်လင်းလင်းရှိနေသေး တယ် ။ ဗြိတိသျွလက်ထက်တောင်သူလယ်သမားထုကြီးတစ်ခုလုံး ကြွေးဆပ် နွံနစ် ကျွန်ဖြစ်ခဲ့ရတဲ့ဘ၀တွေအ တွက် ရရာလက်နက် သေနတ်မီးကျိုးမောင်းပျက်တွေ ရရာတုတ် ဓား လှံ လေးမြားတွေနဲ့ နယ်ချဲ့ကိုအာခံခဲ့တဲ့ ခေါင်းဆောင် ဆရာစံနဲ့ တောင်သူလယ်သမားတွေကို အနှတ်ရနေမိတယ် ။ ဖက်ဆစ်ကျွန်ဘ၀က လွတ်မြောက် ရေးအတွက် မ ဆ လ အလံတော်ကိုတပ်ဦးမှာတင်ပြီး ၀ံ့ဝံ့ရဲရဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ တောင်သူလယ်သမားဖက် ဆစ်ဆန့်ကျင်ရေးသမားတွေရဲ့ ပုံရိပ်တွေကလည်းတောက်ပရွှန်းမြဆဲ ။
မှန်ကန်တဲ့ကြွေးကြော်သံနဲ့ မှန်ကန်တဲ့တိုက်ပွဲဝင်မှုတွေအဖြစ် ဘယ်လူတန်းစားကဦးဆောင်ပြီး ဘယ်လူတန်း စားကို ကိုယ်စားပြူနေကြပါသလည်း ။ ကျေးလက်လူထုအတွက် ဘယ်လိုအခွင့်အရေးတောင်းဆိုမှုတွေရှိနေပါ သလည်း ။ မြှို့ပေါ်ကထမင်းတစ်နပ် နပ်မှန်ရေးအတွက်နည်းလမ်းပေါင်းစုံနဲ့ အကျင့်စာရိတ္တတွေကို မချိုးဖဲ့ချင်ပါ ပဲလျက် ချိုးဖဲ့ပြီး သိက္ခာနဲ့ ရိက္ခာကိုနှမြောတသစွာလဲလှယ်နေကြတဲ့ ဒီမိုကရေစီကျတဲ့အလုပ်သမားထုကြီး တစ်ရပ်လုံးအတွက်ကော ဘာတွေများထည့်စဉ်းစားပေးကြပါသလည်း ။ အဆန်းတကျယ်မဟုတ်ပေမယ့် ဓနရှင် နဲ့ အရင်းရှင် ၀ိညဉ်ပူးကပ်ခံနေရတဲ့ ပညာတတ်လူတန်းစားတွေရဲ့ တောင်းဆိုထားတဲ့ ကြွေးကြော်သံတွေဟာ ဘာတွေဖြစ်နိုင်မလည်း ။ လားရာက ဘယ်လိုဖြစ်ပါသလည်း ။ လွတ်လပ်စွာသွေးစုပ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ခေါင်းပုံဖြတ်ခွင့်တွေအတွက် ဒီမိုကရေစီကျတဲ့ အခြေခံလူတန်းစားထုကြီးက ဒီမိုကရေစီသည် ဒီမိုကရေစီအ တွက် ဒီမိုကရေစီရဲ့ ရန်သူအဖြစ် စွဲချက်တွေပြန်တင်ကြလိမ့်မယ် ။
လတ်တလောဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းရဲ့အဖြေကရှင်းပြီးသားပါ ။ လူတန်းစားပဋိပက္ခတွေ လူတန်းစားတိုက်ပွဲတွေ ကိုမေ့မေ့လျော့လျော့ဖြစ်နေတဲ့ ပညာတတ်လူတန်းစားတွေရဲ့ ပြည်တွင်းဓနရှင် အရင်းရှင်တွေအတွက် ကိုယ် စားပြုတောင်းဆိုမှုတွေကို ဆန့်ကျင်ပြီး မိမိဘ၀တွေရဲ့ ပကတိလိုအပ်ချက်ကိုတင်ပြတောင်းဆိုလာတဲ့ လယ်သ မားတွေပါ ။ဒီတောင်းဆိုချက်နဲ့ ဒီဆန္ဒတွေကိုဆန့်ကျင်ပြီး လျစ်လျူရှုထားလို့မရဘူးဆိုတာကို အထင်းသားမြင် လာရတယ် ။ လွတ်လပ်စွာသွေးစုပ်ခွင့်နဲ့ ခေါင်းပုံဖြတ်ခွင့်ဆိုတာတွေအတွက် ကုန်ထုတ်လုပ်မှုကိုအားသွန်ကြိုး ပမ်းနေတဲ့ သူတို့ရဲ့လက်ဖျံအားကောင်းကောင်းတွေနဲ့ ရိုက်ချိုးကြလိမ့်မယ် ။ နိုင်ငံသားတစ်ယောက်အဖြစ်က ဥပက္ခောပြုထားခြင်းခံနေကြရတဲ့ အတားအဆီးတွေကို သွေးနဲ့လဲလှယ်ပြီးတိုက်ပွဲဝင်လာကြလိမ့်မယ် ။ နောက် ဆုံးဒီမိုကရေစီကျတဲ့လူတန်းစားတွေဟာ သူတို့ရဲ့ပြည်သူ့ဒီမိုကရေစီစစ်စစ်ကို ရရှိဖို့အတွက် အတားအဆီးနဲ့ ဘယ်လိုအခက်အခဲမျိုးကိုဖြစ်စေ တိုက်လှဲနင်းခြေကြလိမ့်မယ်ဆိုတာကိုတော့ ။
ကြွေးကြော်သံတွေ တိတ်ဆိတ်ငြိမ်သက်ြ့ပီး ခြောက်သွေ့သွေ့ဖြစ်နေတဲ့ ရန်ကုန် - မန္တလေးကားလမ်းမကြီး ပေါ်က ကျွန်တော့ရဲ့ အပြန်လမ်းဟာနှေးကွေးလွန်းလှတယ် ။ လူတန်းစား ပဋိပက္ခတွေနဲ့ လူတန်းစားနှစ်ရပ်ရဲ့ တိုက်ပွဲသံတွေက နားထဲမှာ ညံ . . . . . . . . လို့ ။
ကိုလွင် ( နန်းမြေ )
စရွေးကိုက်
စရွေးကိုက်
•••••••••••••••••
- ငါ့စိတ်တွေကို
အင်္ဂါနေ့ နဲ့ တိုင်းပြီးဖြတ်လိုက်တော့
ရင်ခုန်သံဟာ
ဘဝနဲ့  စရွေးကိုက်သွားတယ်။
- အိပ်မက်ထဲက
ပဲ့ထွက်လာတဲ့
ကြွေးကြော်သံမှာတောင်
နှင်းဆီရနံ့ တွေ ထုံမွမ်းနေမှတော့
အိပ်ထောင်ထဲထည့်
ထမ်းပိုးခဲ့တဲ့ ရှိုက်သံတချို့ ကို
လမ်းခင်းပေးလိုက်ရတာဟာ
ပျော်စရာပဲ။
- ဘဝမှာ
ရရှိခဲ့တဲ့ အရှိုးရာတွေနဲ့ 
ခရီးလမ်းထဲက ချိုင့်ခွက်တွေကို
ဖြည့်ပေးခွင့်ဆိုတာ
နည်းတဲ့အခွင့်အရေးလား။
- ငါ့ခြေထောက်ကို
စူးတဲ့ ဆူးတစ်ချောင်းက
ငါ့လို
လမ်းလျှောက်သူတစ်ယောက်ကိုကာကွယ်ဖို့ 
ငါ့မိတ်ဆွေ
လမ်းလျှောက်ဖော်တစ်ယောက်ကို
ကာကွယ်ပေးဖို့ ဖြစ်တယ်။
- ငါ့စိတ်တွေဟာ
ငါ့ဘဝနဲ့ 
စရွေးကိုက်နေရမယ်။ ။
#စိုးမိုးသူ( ဒိုက်ဦး )
Monday, May 23, 2016
အညတရသူရဲကောင်းလေးများ ကိုလွင် ( နန်းမြေ )
တင်အေးနဲ့ မြင့်စိန်တို့နှစ်ယောက်က ဒိုက်ဦးမြို့အနောက်ဖက်မှာရှိတဲ့ ဒိုးတန်းရွာလေးမှာနေတယ် ။ တစ်ရွာထဲ သားချင်းတွေ ၊ ဥကပေါက်ကထဲက အတူတူ ၊ ကြီးပြင်းခဲ့တာလည်း အတူတူ ၊ ကျောင်းနေတော့လည်း အတူတူ၊ သူငယ်တန်းအပ်တော့ နှစ်ယောက်သားအတော်ကြီးနေပြီ ။ မိဘတွေကိုနွဲ့ဆိုးအဆိုးကောင်းနေတာနဲ့ ခုနှစ်နှစ် ရောက်မှ ကျောင်းအပ်ဖြစ်တယ် ။ ကျောင်းနေတဲ့အရွယ်ထဲမှာ ဒီနှစ်ကောင်ကအကြီးဆုံးတွေ ။ ဒီနှစ်ကောင်အ တွဲက ဆိုနီ မိုးကျော် ၊ မေတ္တာ ကွမ်းသီး ၊ မိုးဒီ မော့စ် တို့လိုအတွဲ ။တကောင်တလေပဲ့ထွက်သွားလို့မရတဲ့အတွဲ ။ တင်အေးက မှုန်ကုပ်ကုပ် ၊ မျက်စိပေါက်မှေးမှေး ။ လမ်းလျောက်တော့အများသူငှာတွေကျကျန်ရစ်တဲ့ပစ္စည်းကို ကောက်ရနိုးနိုးနဲ့ အောက်ငုံ့ကြည့်နေသလိုမျိုးလမ်းလျောက်လေ့ရှိတယ် ။ အမြဲတမ်းခေါင်းငိုက်စိုက်ချပြီးသွား တယ် ။ ဒါကြောင့်တင်အေးကို ရွာက လူကြီးလူငယ်မရွေး အားလုံးက မှုံကြီး ဆိုတဲ့အမည်ပြောင်တစ်ကိုသာရင်း ရင်းနှီးနှီး ခေါ်ဝေါ်ကြတယ် ။ ကျောင်းအမည် တင်အေး ဆိုတာ ဆရာ ဆရာမကလွဲလို့ခေါ်တဲ့သူမရှိဘူး ။
မြင့်စိန်ကတော့ တင်အေးနဲ့ကပြောင်းကပြန် ၊ အသွက်လွန်းနေတယ် ။ အခွက်ကလည်းအလွန်ပြောင် ။ မျောက် မူးလဲအောင်ဆော့ပြတယ် ။ ကဏန်းနှိုက် ၊ ငါးနှိုက် ၊ ဖားနှိုက် ၊ အလုပ်တွေနဲ့ပျော်နေတာကြောင့်ပဲ ကျောင်းအ ၀င်နောက်ကျနေခဲ့ရတယ် ။ မြင့်စိန်မှာအားနည်းချက်တစ်ခုရှိတာက မွေးကတည်းက မျက်စိတစ်လုံးဟာအ ကောင်းတိုင်းပါမလာခဲ့ဘူး ။ တစ်လုံးပဲကောင်းတယ် ။ ဒါကိုလူကြီးတွေက ငရမန်လို့အမည်ပြောင်ကိုခေါ်ကြပြန် တော့ တစ်ရွာလုံးက ငရမန်တွေဖြစ်ကုန်ရော ။ တင်အေးလိုပဲ မြင့်စိန်ဆိုတဲ့အမည်ကို ကျောင်းကဆရာ ဆရာမ ကပဲခေါ်တယ် ။
စတုတ္ထတန်းအောင်မြင်ပြီးတဲ့နောက်တစ်နှစ်စာသင်နှစ်မှာ ဒိုးတန်းရွာမူလတန်းကျောင်းလေးက ကျောင်းသားသုံး ဦးနဲ့ ကျောင်းသူငါးဦးပဲ ရွာနဲ့လေးမိုင်လေက်ဝေးတဲ့ ဗိုင်းဒါးချောင်းမြောက်ဖက်က တောင်စလဲမြှောင် အလယ် တန်းကျောင်းကို ဆက်လက်ပညာသင်နိုင်တယ် ။ စတုတ္ထတန်းအေင်မြင်သူအချို့နဲ့ ကျရှုံးသူအချို့ကတော့ ကျောင်းပြန်ဝင်နိုင်ဖို့ အခက်အခဲအမျိုးမျိုးရဲ့ အတားအဆီးအမျိုးမျိုးကြောင့်ပဲ ကျောင်းကအပြီးတိုင်ထွက်လိုက် ကြရတော့တယ် ။ တောင်စလဲမြှောင် ကျောင်းကိုတက်ရမယ့်အထဲမှာ တင်အေးနဲ့ မြင့်စိန်တို့နှစ်ယောက်ကထိပ် ဆုံးက ထောင်ထောင် ထောင်ထောင်နဲ့ပေါ့ ။
တောင်စလဲမြှောင် အလယ်တန်းကျောင်းရှိတဲ့ တောင်စလဲမြှောင်ရွာကလေးဟာ တင်အေးနဲု့မြင့်စိန်တို့ရဲ့ ဒိုး တန်းရွာကလေးကို အဖြောင့်တိုင်းလိုက်ရင် ဒိုးတန်းရွာရဲ့မြောက်ဖက်နှစ်မိုင်သာသာမှာရှိတယ် ။ ဒိုးတန်းရွာရဲ့ ဗိုင်းဒါးချောင်းတောင်ဖက်မှာရှိတဲ့ စစ်ဗိုလ်ကြီးရွာအကြား ဆက်သွယ်ရေးလမ်းရယ်လို့ရှိတာမဟုတ်ဘူး ။ လယ် ကွက်တွေကို ပေါင်ခတ်ထားတဲ့ ကန်သင်းရိုးတလျောက် ကောက်ကောက်ကွေ့ကွေ့နဲ့သွားရတယ် ။ စစ်ဗိုလ်ကြီး ရွာထိပ် အရှေ့ဖက်ကမ၀င်မီမှာ ပဲခူးရိုးမပေါ်ကဆင်းလာတဲ့ စမ်းမြောင်ချောင်းလေးက ဗိုင်းဒါးချောင်းမကြီးနဲ့ ပူး ပေါင်းလိုက်တယ် ။ စစ်ဗိုလ်ကြီးရွာအရှေ့ဖက်ချောင်းဆုံနေရာလေးမှာထိုးထားတဲ့ ၀ါးတံတားလေးတစ်စင်းကို ဖြတ်ကျော်ပြီးမှ စစ်ဗိုကြီးရွာရောက်တယ် ။ စစ်ဗိုလ်ကြီးရွာအရှေ့ဖျားကနေ၀င်ပြီး ရွာလယ်ထိလျောက်ပြီးတော့ မြောက်ဖက်မှာ ဗိုင်းဒါးချောင်းကိုဖြတ်ခင်းထားတဲ့ သစ်သားတံတားကိုကျော်ပြီးရင် ချောင်းမြောက်ဖက်ကမ်းက တောင်စလဲမြှောင်ရွာကိုရောက်တော့တယ် ။ ရွာရဲ့အရှေ့ဖျားမှာမှ အလယ်တန်းကျောင်း ။
ဒီခရီးကို တင်အေးနဲ့မြင့်စိန် အပါအ၀င်ရွာကကျောင်းသားတွေဟာနေ့စဉ် ကျောင်းဖွင့်ရက်တိုင်းမှာ နံက်တစ်ခါ ညနေတစ်ခါ အသွားအလာလုပ်နေကြရတယ် ။ ဒီခရီးလမ်ဒဟာ ရံဖန်ရံခါ သွားလာရတာမဟုတ်ဘူး ။ နိစ္စဓူဝ ဖြစ်နေတဲ့အတွက် မြွေပါး ကင်းပါးနဲ့ တခြားအန္တရာယ်တွေက အများသားလား ။ ဒါပေမယ့် ပညာရေးကိုလိုလို လားလား ရှိကြတဲ့မိဘတွေကြောင့် ကလေးတွေကို နွေ မိုး ဆောင်း ထမင်းထုပ်ကိုယ်စီနဲ့ ဒုက္ခခံပြီး ကျောင်း ဆက်နေခိုင်းကြတယ် ။ ဒိုးတန်းကနေ တောင်စလဲမြှောင်ကျောင်းကို ကျောင်းသွားတက်ကြမယ့် ကလေးတစ် သိုက်ကို ဦးစီးခေါင်းဆောင်စောင့်ရှောက်ဖို့အတွက် လူရည်လည်လည် အကောင်တွေကလည်းကြီးကြတဲ့ တင်အေးနဲ့မြင့်စိန်ကိုပဲ ခေါင်သူကြီးလုပ်ခိုင်းတယ် ။ ဒါပေမယ့်လည်း ဒီခေါင်သူကြီးနှစ်ယောက်က ရွာသူကြီးတွေ စိတ်ချယုံကြည်ရတဲ့အတိုင်း အမြဲတမ်းဖေါက်လဲဖေါက်ပြန် ။
ငါးတန်းကျောင်းတက်စဉ်ကတည်းကပဲ နံက်ပိုင်းတွေမှာ ကျောင်းကိုအတူသွားပေမယ့် ညနေပိုင်းကျောင်းဆင်း ချိန်တွေမှာ ရွာကို ကလေးတွေနဲ့အတူတူ ဘယ်တော့မှရောက်မလားဘူး ။ သူတို့ကျောင်းသွားရာလမ်းမှာ သူတို့ အတွက် ၀ါသနာကိုစေ့ဆော်ပေးနေတဲ့ သူတို့ဟင်းအိုးကြီးတစ်ခုကိုတွေ့ထားတယ် ။ အဲ့ဒါက စမ်းမြောင်ချောင်း ပဲလေ ။ မိုးရာသီမှာ စမ်းမြောင်ချောင်းထဲ ကျောင်းကအပြန် အမြဲရေဆင်းချိုးရင်း ငါးနှိုက်တယ် ။ ငါးရရင်ရ မရရင်ရေချိုးပြန်တယ် ။ မိဘတွေကတဆူဆူ ၊ အမြဲလိုလိုအိမ်ပြန်နောက်ကျတဲ့ ဒီနှစ်ကောင်ကို မိဘတွေကအ လျော့ပဲပေးရတော့မှာလိုလို ။ ဒီကြားထဲတောင်စလဲမြှောင် အလယ်တန်းကျောင်းမှာ ဒိုးတန်းရွာရဲ့အနောက်ဖက် စစ်ဗိုလ်ကြီးရွာရဲ့အနောက်တောင်ဖက်ရေလဲချင်းစုရွာသား အောင်ချစ်ဆိုတဲ့ပေစောင်းစောင်း မျောက်လောင်း တစ်ကောင်နဲ့ထပ်ဆုံကြပြန်တယ် ။ အောင်ချစ်က အသားညိုညို လူတစ်ယောက်ကိုကြည့်တဲ့အကြည့်ကိုက ခပ် စောင်းစောင်း ၊ ဒါကသူ့စတိုင်။ မျက်လုံးတစ်ဖက်က ခပ်မှေးမှေးဆိုတော့ အကြည့်ကမိုက်တိမိုက်ကန်း ။ ဒါပေမယ့်လို့ အရင်းခံစိတ်ကောင်းပြီး စိတ်ထားဖြူစင်တယ် ။ ဒီမှာသုံးယောက်ပေါင်းတော့ လောင်းကျော် ဆိုသလို စမ်းမြောင်ချေင်းထဲက မတက်ကြတော့ဘူး ။ ပဉ္စမတန်းနဲ့ဆဌမတန်းအထိ ဖျားနာ ကိစ္စကလွဲပြီး ကျောင်းမပျက်ခဲ့ကြတဲ့ကောင်တွေ သတ္တမတန်းလည်းရောက်လာရော ကျောင်းကဆရာ ဆရာမတွေနဲ့ အိမ်က မိဘတွေကိုသွေးတိုးစမ်းလာကြတယ် ။ တော်သလင်း သီတင်းကျှတ်ရေစစ်ချိန်မှာ စမ်းမြောင်ချောင်းတလျောက် ငါးတွေဆင်းတတ်တယ် ။ ဒီလိုအချိန်တွေမှာ သုံးကောင်သား တိုးတိုးတိတ်တိတ် တိုင်ပင်ပြီး ကျောင်းမတက်ကြ တော့ဘူး ။ ကျောင်းကိုလည်း အကြောင်းပြချက်အမျိုးမျိုးတွေကိုထည်လဲသုံးပြီး ပါးစပ်ခွင့်တိုင်ခိုင်းတယ် ။
တစ်ခါလည်းမဟုတ် ။ နှစ်ခါလည်းမဟုတ်ဆိုတော့ တောင်စလဲမြှောင်ကျောင်းကဆရာ ဆရာမတွေက သင်္ကာမ ကင်းဖြစ်တော့တယ် ။ ကျပ်ကျပ်စစ်မေးလိုက်တော့မှ တင်အေး မြင့်စိန်နဲ့ အောင်ချစ်တို့ရဲ့ အလိမ်အညာတွေ ဘူးပေါ်သလိုမျိုး ပေါ်ထွက်လာတယ် ။ အိမ်အသီးသီးကိုလည်း တိုင်စာတွေပို့တော့တာပေါ့ ။ အဲဒီလိုတိုင်စာတွေ ကြောင့်ပဲ တင်အေး မြင့်စိန်နဲ့အောင်ချစ်တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေအနှံ့အပြား ၊ ဖူးဖူးတွေကိုယောင်လို့ ဒါပေမယ့် အနှီးသုံးကောင်ကတော့မဖြုံရေးချ မဖြုံ ၊ အထုအထောင်းတွေခံရပြီးတဲ့နောက်တစ်ရက် ကျောင်းအ တက်မှာ ဒဏ်ရာတွေဘယ်သူကများသလည်းဆိုတာ ပြိုင်ပွဲတောင် ပြိုင်လိုက်သေးတာ ။ တင်းအေးကအရိုက် ကြမ်းတဲ့အဖေရဲ့ရိုက်နှက်ဆုံးမမှုတွေကို မဖြုံပေမယ့် သူ့အဖေရဲ့တစ်ချက်လွှတ်အမိန်ကိုတော့ အတော်လေးဖြုံ တယ် ။ ဒီတစ်ခါ ကျောင်းမတက်ပါဘူး ဆိုတဲ့ ကျောင်းကတိုင်စာရောက်လာခဲ့ရင်ကျောင်းကအပြီးတိုင်ထုတ်ပစ် မယ် ` ဆိုတဲ့စကားကိုပဲ ။ တင်အေးတို့ သုံးကောင်သား ရံဖန်ရံခါကျောင်းပျက်ကြပေမယ့် တစ်ယောက်မှကျောင်းတက်မပျင်းကြဘူး ။ ပြောရရင်တော့ ကျောင်းပျော်တယ်ပေါ့ ။ဒါကြောင့်လည်းနောက် ထပ်ကျောင်းမပျက်ရဲကြတော့ဘူး ။ စမ်းမြောင်ချောင်းထဲရေကူး ငါးနှိုက်ချင်ရင် ညနေပိုင်းကျောင်းဆင်းပြီးကာမှ လုပ်ရဲတော့တယ် ။ အိမ်တွေကလည်း အိမ်ပြန်နောက်ကျတာလောက်ကိုတော့ စာမဖွဲ့ကြတော့ဘူး ။
တင်အေးရေ တင်အေး ကျောင်းသွားကြမယ်လေကွာ ။ မြင့်စိန်ရဲ့အသံစူးစူးကြောင့်ပဲ တင်အေးတစ်ယောက် အိပ်ယာကနိုးလာရတယ် ။ နံနက်ပိုင်းသုံးနာရီဝန်းကျင်မှာ အခါမဟုတ်ဘဲရွာလိုက်တဲ့မိုးကအတော်ကြီးတယ် ။ ညဦးပိုင်းကတည်းက ချည်တိုင်မှာချည်ထားပြီးတင်းကုပ်ထဲမသွင်းမိတဲ့နွားတွေကိုအဖေနဲ့ နှစ်ယောက်သားကြိုး စားပြီး ကြီူးတွေဲဖြည် နွားတင်းကုပ်ထဲနေရာချနဲ့ အလုပ်တွေရှုပ်နေလိုက်တာ ရွာဦးကျောင်းက နံက်လေးနာရီတုံး မောင်းခေါက်သံကြားရတော့မှပဲ အိမ်ပေါ်တက်အိပ်ယာပြန်ဝင်ခဲ့ရတယ် ။ တင်အေးအဖေနဲ့အမေက တင်အေး ကျောင်းသွားဖို့ထမင်းချိုင့်လေး အဆင်သင့်လုပ်ထားပြီး လယ်ထဲဆင်းသွားကြပြီ။ တင်အေးကိုနှိုးမယ့်သူမရှိ ။မြင့်စိန်နှိုးမှ အိပ်ယာကကမန်းကတန်းထလိုက်ရတယ် ။အပြင်မှာ မိုးတဖွဲဖွဲ ။ တင်အေးနဲ့ မြင့်စိန်ရွာအရှေ့ဖျား ဖက်ကထွက်လာတော့ မြင့်စိန်သွားနှင့် ခိုင်းထားတဲ့ ဒိုးတန်းကကျောင်းသားအစုတွေက စိမ်းပြီးမှောင်နေတဲ့ စပါး ခင်းတွေအကြား အချို့ကထီး အချို့ကမိုးကာအပြာ အစိမ်းတွေကိုခြုံလို့ စပါးပင်တွေအကြားမြုပ်ချည်း ပေါ်ချည်း နဲ့ ဟိုးခပ်ဝေးဝေးရောက်နှင့်နေကြပြီ ။ရှေ့အဖွဲ့တွေကို မမှီနိုင်မှန်းသိတော့ တင်အေးကောမြင့်စိန်ပါ မှီအောင် မလိုက်ကြတော့ပဲ ပုံမှန်ခြေလှမ်းနဲ့ပဲ သွားဖြစ်ကြတယ် ။ မိုးက အခုအချိန်အထိခပ်ဖွဲဖွဲ စွေပြီးရွာနေသလိုမျိုး ၀န်း ကျင်တစ်ခုလုံးလည်း နေရောင်မမြင်ရတော့ ။ ကောင်းကင်တစ်ခုလုံးဟာ မှိုင်းမှိုင်းညိုညို ။ရေစိုနေတဲ့ကန်သင်း ပေါ်ကမြက်တွေက စီးထားတဲ့ရော်ဘာဖိနပ်တွေကို ဒုက္ခလှလှပေးနေတော့တယ် ။ ကန်သင်းကောက်ကောက် ကွေ့ကွေ့တွေပေါ်က ခြေချော်မကျအောင် မနည်းထိမ်းသွားနေရတော့ ခရီးမတွင်တော့ ။ ဒီကြားထဲလွယ်ထား တဲ့လွယ်အိပတ်ကို မိုးရေမစိုဖို့ မိုးကာကိုလုံအောင်ဆွဲဆွဲပြင်နေရသေးတယ် ။နောက်ဆုံးဖိနပ်နဲ့ဒီလမ်း ဘယ်လိုမှ အံမ၀င်တော့ နှစ်ယောက်သားဖိနပ်ချွတ်ပြီး လက်တစ်ဖက်ကကိုင်လိုက်ရတော့ တစ်ဖက်ကဖိနပ် တစ်ဖက်က ထမင်းချိုင့်ကိုယ်စီနဲ့ ခြေဗလာချီတက်ကြတော့မှပဲ ခရီးတွင်တော့တယ် ။
တင်အေးနဲ့မြင့်စိန်ထွက်လာပြီး နာရီဝက်နီးပါးရှိတော့ ၀မ်းမြောင်ချောင်းကို ၀ုန်ဆင်းလာတဲ့စက်လှေသံသဲ့သဲ့ကို ကြားနေရပြီ ။ ဒီစက်လှေက နှစ်ရက်တစ်ခါ သုံးရက်တစ်ခါဆိုသလို ကြားနေကြအသံပါပဲ ။ှဇရပ်ကြီးကုန်းနဲ့ ဘုရားကြီးကုန်းဖက်ကရွာသားတွေဟာစမ်းမြောင်ချောင်းအတိုင်း ပေါင်းမိုးတပ်ထားတဲ့စက်လှေနဲ့ ဗိုင်းဒါးချောင်း အထိစုန်ဆင်းရတယ် ။ ဗိုင်းဒါးချောင်းအတိုင်းဝင်ပြီး ဆက်စုန်ဆင်းလိုက်ရင် ရန်ကုန် မန္တလေးကားလမ်းဘေးမှာ ရှိတဲ့ ဗိုင်းဒါးရွာကလေးကိုရောက်ပြီ ။ အဲဒီကမှ ဒိုက်ဦးမြို့ကို ကား မြင်းလှည်း ဆိုက်ကားတစ်ခုခုနဲ့သွားပြီး ဈေး ၀ယ်ကြတယ် ။တင်အေးနဲ့မြင့်စိန် စမ်းမြောင်ချောင်းကူးတံတားလေးကိုရောက်ဖို့ နှစ်ဖာလုံလောက်အလိုမှာ ဒိုးတန်းကျောင်းသားတစ်စုဟာ စစ်ဗိုလ်ကြီးရွာရဲ့အရှေ့ဖျားကိုဝင်သွားကြပြီ ။ စမ်းမြောင်ချောင်းအတွင်းကစက် လှေသံကိုလည်း ပိုပြီးကျယ်ကျယ်လောင်လောင်ကြားနေပြီ ။ မိုးနှောင်းပိုင်းမှာရွာတဲ့ မိုးကလည်းရပ်ပြီ ။အခုတော့နံက်လင်းအားကြီးချိန်ရွာခဲ့တဲ့မိုးကသူမဟုတ်သလိုလိုပင် ။ တိမ်တွေကြားက ပြူထွက်လာတဲ့ နံက်ခင်း နေရောင်ခြည်က ထိန်ထိန်တောက်နေတော့တယ် ။ စပါးပင်တွေရဲ့ အဖျားမှာသီပြီးတွဲခိုနေတဲ့မိုးရေ မိုးစက်တွေ က နေရောင်ကြောင့်စိန်ရောင်လက်လက်တောက်ပနေတယ် ။ တင်အေးနဲ့မြင့်စိန်တို့လမ်းလျောက်ရင်းက ဆောင်းထားတဲ့မိုးကာတွေကို ခေါက်သိမ်းဖို့အတွက် ဖိနပ်ကိုချပြီးစီးရင်း ထမင်းချိုင့်ကိုပါ ကန်သင်းပေါ်ချလိုက် တယ် ။ မိုးကာတွေကို ရေပြောင်စင်အောင်ခါပြီး ပြန်ခေါက်သိမ်းတယ် ။ နှစ်ဦးသားဆက်လျောက်ရင်းက စမ်း မြောင်ချောင်းကမ်းပါးကိုရောက်တဲ့အချိန်မှာပဲ စမ်းမြောင်ချောင်းကိုကြည့်လိုက်တော့တစ်မိုးတွင်းလုံးပုံမှန်ရေ ပြည့်ပြီး ငြိမ်ငြိမ်သက်သက်အခြေအနေမျိုးမဟုတ်တာကို အံ့သြစွာတွေ့ရတယ် ။ စမ်းမြောင်ချောင်းဟာဒေါသ တကြီးခက်ထန်နေတယ် ။ မိုးနှောင်းပိုင်း ရေစစ်ချိန်မှာ လက်ကျန်မိုးရဲ့အငြိုးကြီးကြီးသွန်းချထားတဲ့ ပဲခူးရိုးမ ပေါ်ကရေတွေက စမ်းမြောင်ချောင်းအတွင်းမှာ အထိမ်းအကွပ်မဲ့ သောင်းကျန်းပြီး လှိုင်းတွေအဖြစ် ၀ါးလုံးထိုး ထိုးဆင်းနေပုံက ကြောက်မက်ဖွယ်အတိ ။
တင်အေးတို့နှစ်ဦး ကမ်းပါးကိုအရောက် ရေလှိုင်းလုံးတွေတ၀ုန်းဝုန်းအကြားမှာ ပေါင်းမိုးတပ်စက်လှေကလည်း ခရီးသည်တွေနဲ့အတူ လူးလူးလိမ့်လိမ့်ထိုးဆင်းလာတာဆုံဖြစ်ကြတယ် ။ ဟိုးတုန်းကလိုပဲ နှစ်ကောင်သားလက် တွေပြပြီးနှုတ်ဆက်ကြတော့ စိုးရိမ်စိတ်အသီးသီးကြောင့်ပဲလို့ထင်တယ် ။ ပြန်ပြီးနှုတ်ဆက်လက်ကာပြတဲ့အပြု အမူတွေအသက်မ၀င် ။ သူတို့နှစ်ယောက်ရဲ့နံဘေးချောင်းထဲကနေရှေ့ကိုကျော်ဖြတ်သွားတဲ့ ပေါင်းမိုးတပ်စက် လှေဟာ စမ်းမြောင်ချောင်းကူတံတားလေးအောက်ကိုလျှိုဝင်သွားပြီး ဗိုင်းဒါးချောင်းဆီကို ဦးတည်ဝင်သွားတာ ကိုတွေ့ရတယ် ။ တကယ်တော့ ဗိုင်းဒါးချောင်းနဲ့ စမ်းမြောင်ချောင်းဟာ ပဲခူးရိုးမပေါ်ကရေစေ ရေလဲဒေသတစ်ခုအတွင်းမှာပဲ ချောင်းဖျားခံလာကြတာဖြစ်တယ် ။ ရိုးမအပေါ်မှာ ဒီချောင်းနှစ်ခုရဲ့အစဟာနှစ် မိုင်နီးပါးသာဝေးကွာကြတယ် ။ စမ်းမြောင်ချောင်းပေါ်တောင်ကျရေဆင်းတာနဲ့ ဗိုင်းဒါးချောင်းဟာလည်း တောင် ကျရေဆင်းတော့တာပါပဲ ။ စမ်းမြောင်ချောင်းလှိုင်းထန် ရေထန်ရင် ဗိုင်းဒါးချောင်းလည်း လှိုင်းထန် ရေထန်နေ တတ်တယ် ။
ဝုန်း ။ အသံကတော်တော်ကလေးကျယ်လောင်လှတယ် ။ တင်အေးနဲ့မြင့်စိန် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်ဖြစ်ကြတယ် ။ ဘာသံပါလိမ့်ပေါ့ ။ ပြီးတော့နှစ်ယောက်သားအကြည့်ထဲမှာ အဓိပ္ပါယ်တွေပေါ်ထွက် လာတော့ စမ်းမြောင်ချောင်းလူကူးတံတားပေါ်မတက်တော့ဘဲ ဗိုင်းဒါးချောင်းဆုံကိုခြေကုန်သုတ်ပြေးကြတယ် ။ လွယ်အိတ်တွေ ထမင်းချိုင့်တွေက တရမ်းရမ်းနဲ့ပေါ့ ။ ဗိုင်းဒါးချောင်းကမ်းကို ရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်း ကမသက်မသာ ။ လှေကစောင်းပြီး ချောင်းဆုံမှာဖြစ်နေတဲ့ဝဲကတော့ကြီးထဲမှာ တလည်လည် လှိုင်းတွေကတ ဘုန်းဘုန်းမြည်အောင်ထနေတဲ့ မှုတ်ဝဲကြီးအတွင်းမှာ စက်လှေပေါ်ပါလာတဲ့လူတချို့နဲ့ ပစ္စည်းတွေက ဗရပွ၊ စောင်းနေတဲ့လှေကို ဖက်တွယ်ထားတဲ့လူတချို့ကလည်း ကြောက်လန့်တကြားအော်ဟစ်နေကြတယ် ။ အော် သံ ဟစ်သံတွေက ငရဲတမျှပါပဲ ။
ကယ်ကြပါဦး . . . . . ကယ်ကြပါဦး . . . . . ကယ်ကြပါဦး . . . . . ကယ်ကြပါဦး ။
တင်အေးကောမြင့်စိန်ပါ တိုင်ပင်ထားသလို လွယ်အိတ်နဲ့ ထမင်းချိုင့်တွေကိုပစ်ချလိုက်တယ် ။ အကျီင်္ကိုဆွဲချွတ် လိုက်ပြီး လုံချည်တွေကိုခါးတောင်မြှောင်ကျစ်ကျစ်ပါအောင်ကျိုက်ထဲ့ပြီး မြင့်စိန်က တင်အေးရေ တစ်ယောက် တည်းအဆယ်နဲ့ဟေ့ နှစ်ယောက်ပြိုင်တူဆွဲမှဖြစ်မယ် ။ုမြင့်စိန်စကားအတိုင်းတင်းအေးက နားလည်သလိုခေါင်း ညိတ်ပြပြီး ဦးစားပေးဆယ်ရမယ့်သူကို ရှဖွေကြည့်လိုက်တယ် ။ ၀န်းကျင်တစ်ခုလုံးတစ်ခဏအတွင်းဖြန့်ကြည့် လိုက်တော့ လသားအရွယ်ကလေးတစ်ယောက်ရေပေါ်မှာပေါ်နေတာကိုတွေ့ရတယ် ။ ကလေးကိုရေအောက် မှာရှိတဲ့ မိခင်ကလက်နှစ်ဖက်နဲ့ တင်းတင်းကိုင်းပြီးရေပေါ်ကိုထိုးတင်ထားတယ် ။ တင်အေးနဲ့မြင့်စိန်နှစ်ယောက် ရေထဲကိုပြိုင်တူခုန်ဆင်းပြီး ကလေးရှိရာကိုကူးခတ်သွားကြပြီး ကလေးကိုလှမ်းယူလိုက်တော့ ကလေးအတွက် စိတ်ချသွားခဲ့တဲ့ မိခင်ကတော့ရေအောက်မှာစုန်းစုန်းမြုပ်ပြီး ရေစီးနဲ့မျောပါသွားတော့တယ် ။ ကလေးကိုကမ်းအ ရောက်ပြန်သယ်လာပြီး ကမ်းပေါ်မှာ အသင့်ရောက် ကိုပါစို့ လက်ထဲထည့်လိုက်တယ် ။
ကိုပါစို့ က စစ်ဗိုလိကြီးရွာကသူ့လယ်မြွေေက စမ်းမြောင်ချောင်းနဲ့ဗိုင်းဒါးချောင်းဆုံအရှေ့တောင်ဖက်က လယ်ပွဲ တွေပဲဖြစ်တယ် ။ နွားစာအတွက်လှေတစ်စင်းနဲ့ သူ့ကန်သင်းရိုးကမြက်တွေကိုကိုလာရိတ်နေချိန် စက်လှေ မှောက်သံနဲ့အော်ဟစ်သံတွေကြားရတော့ လယ်ကွက်ထဲကပြေးထွက်လာခဲ့တာဖြစ်တယ် ။ ကိုပါစို့က ကလေး ကိုလုံခြုံစိတ်ချရတဲ့နေရာမှာထားခဲ့ပြီးတဲ့နောက် သူ့ရဲ့လှေဆီကိုအရောက်ပြေးပြီး လှေကိုအပြေးတစ်ပိုင်းလှော် ခတ်လာတာကို တင်အေးရောမြင့်စိတ်ပါနှစ်ယောက်သားမြင်ရတော့ နှစ်ယောက်သားအားတက်မိကြတော့တာ ပေါ့ ။ ရေထဲမှာမြုပ်ချည် ပေါ်ချည်ဖြစ်နေတဲ့ အမျိုးသား အမျိုးသမီးတွေကိုတင်အေးနဲ့မြင့်စိန်တို့တစ်ယောက် ချင်းဆယ်ယူပြီးကမ်းရောက်အောင်ဆွဲတင်နေသလို ကိုပါစို့ကလည်း သူ့ရဲ့လှေတစ်စင်းနဲ့ဆယ်နိုင်သမျှလူတွေ ကိုလှေပေါ်ဆွဲတင်နေတော့တယ် ။ ဒီအချိန်ကမ်းပါးပေါ်မှာလူတစ်စုရောက်လာတယ် ။ စက်လှေမှောက်တဲ့နေ ရာနဲ့သိပ်မဝေးတဲ့လေးအိမ်စုရွာကလေးက ကာလသားခေါင်း ကိုမောင်ဝင်းတို့အစုဖြစ်တယ် ။ ကမ်းပေါ်မှာ သတိလစ်နေတဲ့သူတွေကို အချို့က သတိရအောင်လုပ်ပေးကြတယ် ။ ပထမဆုံးကယ်လိုက်တဲ့လသားကလေး ကို ဆာပါချိုံအနောက်စုက မစန်းကြည်ကပွေ့ပိုက်ထားတယ် ။ မကြာခင်မှာပဲ လေးအိမ်စုတစ်ရွာလုံးကလူတွေ စက်လှေမှောက်တဲ့သတင်းကြောင့် ရွာလုံးကျွတ်မျှပဲ ကမ်းပါးပေါ် ယောက်ယက်ခပ်နေကြတယ် ။ တင်အေးနဲ့ မြင့်စိန်တို့နှစ်ယောက်သားဘယ်သူ့ကိုမှ ရှာဖွေမတွေ့တော့တဲ့နောက်ဆုံးမှ ကမ်းပေါ်ကိုပင်ပန်းကြီးစွာနဲ့တွယ် ဖက်တက်လာခဲ့တယ် ။ နှစ်ယောက်သားရေနစ်နေသူတွေကိုဆယ်ရင်း သယ်ရင်းက ကိုပါစို့လယ်ပွဲကိုကျော်လွန် လာခဲ့ပြီး စက်လှေမှောက်တဲ့ချောင်းဆုံကို ပင်ပန်းကြီးစွာနဲ့တဖြည်းဖြည်းအတူလျောက်ပြန်လာခဲ့ကြတယ် ။
အချိန်ကနေမွန်းတည့်ချိန်ရောက်တော့မယ် ။ ခြေကုန်လက်ပန်းကျနေတဲ့ တင်အေးနဲ့မြင့်စိန်ဟာလွယ်အိတ်နဲ့ထ မင်းဘူးတွေရှိရာကနေ ကိုပါစို့နဲ့ ချောင်းနဲ့မလှမ်းမကမ်းကတဲဆီ နှစ်ယောက်သားအားတင်းပြီးအရောက်သွားကြ တယ် ။ တဲပေါ်ကို ထမင်းချိုင့်နဲ့ လွယ်အိတ်ကိုပစ်တင်ပြီး အနားယူဖို့အတွက်ရေစိုနေတဲ့ပုဆိုးကိုယ်စီနဲ့ ပက်လက်လှန်လိုက်တာ တစ်ချိုးတည်းအိပ်ပျော်သွားတော့တယ် ။ ညနေသုံးနာရီကျော်ကျော်မှာ ဆတ်ကနဲလန့် နိုးလာတော့ဗိုက်တွေကဆာလောင်နေပြီ ။ ဒန်ချိုင့်ထဲက ထမင်းကိုအားပါးတရစားသောက်ဖို့အဖုံးကိုဖွင့်လိုက် တော့ နေ့လယ်ကမိမိတို့ရှေ့မှာတင်ဖြစ်ပျက်ခဲ့တဲ့ အနိဠာရုံကြီးက ချက်ချင်းကြီးပေါ်လာတယ် ။ ဒီအဖြစ်ဆိုးကြီး အတွင်းကမိမိရဲ့မျက်မှောက်ရုပ်ပျက်ဆင်းပျက် သွေးပျက်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ လူတွေရဲ့အဖြစ်ကိုပြန်လည် မြင်ယောင်လာလို့ တင်အေးကမျက်ရည်ကျတော့ မြင့်စိန်ကချော့ရင်းမော့ရင်းနဲ့ သူပါမျက်ရည်တွေ တပေါက် ပေါက်ကျလာတော့တယ် ။ မျိုမကျတော့တဲ့ထမင်းကိုမစားကြတော့ပဲ ဒန်ချိုင့်ကလေးကိုပြန်ဖုံးပြီးနှစ်ယောက် သားဒိုးတန်းရွာဖက်ကိုဖင့်ဖင့်နှေးနှေးပြန်လာခဲ့ကြတယ် ။
တင်အေးကရွာအ၀င်မှာ မြင့်စိန်နဲ့လမ်းခွဲပြီး မိမိအိမ်ရှိရာကိုပြန်ခဲ့တယ် ။ အိမ်ခြံဝင်းထဲကိုရောက်တော့အိမ် အောက်တန်းလျားမှာအဖေနဲ့အမေ့ကိုအတူတူအခန့်သားတွေ့ရတယ် ။ တင်အေးလည်းသူ့အဖေနဲ့အမေကို နှုတ်မဆက်ပဲအိမ်ပေါ်ကို တက်တော့မယ်လို့အလုပ်မှာ အဖေဖြစ်သူက
ဟေ့ကောင် . . . ကျောင်းကပြန်လာပြီလားကွ
ပုံမှာအခေါ်အဝေါ်ဖြစ်တဲ့ လူလေးဆိုတဲ့နာမ်စားအစား ဟေ့ကောင်လို့ခေါ်လိုက်တဲ့ သူ့အဖေခေါ်သံကြောင့် တင် အေးဆတ်ကနဲတွန့်သွားတယ် ။နားထဲမှာလည်းအဆန်းဖြစ်နေလို့ အဖေ့ကိုလှမ်းကြည့်လိုက်တော့ အဖေ့မျက်နှာ ဟာခက်ထန်မာကြောနေပုံရတယ် ။ အမေ့မျက်နှာလည်းမကောင်း ။ ဘာတွေဖြစ်နေပါလည်းလိမ့်ပေါ့ ။ တင် အေးကလည်းသူ့အဖေနဲ့အမေရှိရာကိုသွားလိုက်တယ် ။
အနားကိုရောက်တော့ အသားတွေတဆတ်ဆတ်တုန်နေတဲ့ဖအေကိုတွေ့လိုက်ရတော့ အဖေအတော့ကိုဒေါသ ထွက်နေမှန်းသိရတယ် ။ မင်း . . အဲ့ဒီတိုင်ကိုဖက်လိုက်စမ်း ။ အမိန့်ပေးသံကိုတင်အေးမကြးမိသလို အူအူငူငူ ကြည့်နေတုန်း နောက်တစ်ကြိမ် တိုင်ကိုဖက်ခိုင်းပြန်တယ် ။ ဒုတိယအကြိမ် ဖိအားပေးထားတဲ့အဖြစ်မှာ တင် အေးဟာ ကိုယ့်အပြစ်ကိုယ်သိနေလို့ မျက်စိမှိတ်ပြီး တိုင်ကိုကျစ်ကျစ်ပါအောင် ဖက်ထားလိုက်တယ် ဆိုရင်ဘဲ ခြေသလုံး တင်ပါး ကျောပြင်တွေကို စက်သေနတ်နဲ့ဒရစပ်ဆွဲသလို မရပ်မနားပဲ နွားရိုက်ကြိမ်ကြိုးနဲ့တွယ်တော့ တယ် ။ ရိုက်နေတဲ့ကြားက ငါတို့လိုသေကောင်ပေါင်းလဲလုပ်ရပြီး မကြီးပွားတဲ့ ဒီလယ်ယာမြေပေါ်မှာ ရှိမနေစေ ချင်လို့ ကျားကုတ်ကျားခဲကျောင်းထားနေတာကွ ။ အခုတော့မင်းကအလေလိုက်နေတယ် ။ မင်းမှာအပြစ်ရှိ သလား မရှိဘူးလားပြော ။ ခန္ဓာကိုယ်ပေါ်ကထိချက်တွေက နာလွန်းပေမယ့်ရင်ထဲက အနာကိုတော့မမှီဘူးလို့ တင်အေးထင်မိတယ် ။ အမေ့ကိုကြည့်လိုက်တော့ တစ်ဖက်ကိုလှည့်ပြီး မျက်ရည်ကျနေတယ် ။ အဖေ့ရဲ့အမေး ကိုလည်း နာလွန်းတဲ့ကြားကမှ ခေါင်းကိုတွင်တွင်ညိတ်ပြနေဖြစ်တယ် ။ အဖေ့ဒေါသတွေပြေပါစေတော့ရယ်လို့ လေ တိုင်ဖက် အံကြိတ်ပြီးအသေအချာကြီး အရိုက်ခံလိုက်တယ် ။ ဘာအကြောင်းကိုမှလည်းစောဒကမတက် ။ အဖေက သွားတော့လို့အမိန့်ပေးမှ တင်အေးလည်းအိမ်ပေါ်ကိုတက်ခဲ့တော့တယ် ။ တစ်နေကုန်စိတ်ရောခန္ဓာ ပင်ပန်းခဲ့တဲ့တင်အေး နွားရိုက်ကြိမ်နဲ့သွက်သွက်ကြီး အရိုက်ခံလိုက်ရတော့ အိမ်ပေါ်ကအခန်းထဲမှာ စောင်ကိုခေါင်းမြီးခြုံရင်း တုံးလုံးလှဲလိုက်တာ မှေးကနဲအိပ်ပျော်သွားပါလေရော ။
တသ်အေး . . . ရေ လာဟေ့ ဒီမှာလှသန်းနဲဖိုးနီတို့တောင်ရောက်နေကြပြီ ။ သူ့အဖေအသံဝါ၀ါကြီးကြားလိုက်ရ တော့တင်အေး အိပ်ပျော်နေရာကနေ လန့်နိုးလာတယ် ။ ခေါင်းမြီးခြုံထားတဲ့စောင်ကိုအသာလှပ်ပြီး အပြင်ကို လှမ်းကြည့်လိုက်တော့ အလင်းရောင်တွေပြိုဆင်းသွားပြီ ။ မှန်အိမ်မီးကအရောင်ဝါကျင်ကျင်မှိန်ပျပျလောက်သာ ရှိတော့တယ် ။ တင်အေးအဖေကညစဉ်တိုင်းမှာရွာက အပေါင်းအသင်းတွေနဲ့ ဓာတ်ခဲရေဒီယိုကိုစုပေါင်း နားထောင်ကြတယ် ။ ရေဒီယိုအစီအစဉ်တွေတ၀ကြီးနားထောင်ရင်း မြန်မာပိုင်းအစီအစဉ်တွေပြီးတော့မှ လူစု ခွဲဖြစ်ကြတယ် ။ ဒါကလည်းနေ့စဉ် ညစဉ်အဖေတို့တစ်သိုက် ရေဒီယိုနားထောင်နေစဉ်အတွင်းမှာ အမေကမီးဖို ချောင်ကိစ္စတွေကို အပြီးဆောင်ရွက်နေသလို တင်အေးကကျောင်းစာတွေကိုကျက်မှတ်နေတယ် ။ ရေဒီယိုနား ထောင်နေချိန်အတွင်းမှာ တင်အေးတို့သားအမိနှစ်ယောက် သူ့အဖေကိုဘာမှပြောမရ ။ စိတ်ဆိုးတတ်မှန်းသိ တော့ ခပ်ဝေးဝေးနေကြတယ် ။ သူတို့နားထောင်သူအချင်းချင်းတောင်မှ စကားပြောရင်တိုတိုပြတ်ပြတ် ။ ဒီအ ချိန်ဟာလည်း အမှန်တော့ တစ်နေကုန်နွားနဲ့ဖက်ရုန်းပြီး ဘ၀အမောတွေကိုညဖက်ရောက်တော့မှ ရေဒီယိုက လာတဲ့သီချင်း ဇာတ်လမ်းပမာနားဆင်စရာ သတင်း အသံလွှင့်ဇာတ်လမ်း စတာတွေကိုရေနွေးကြမ်းတစ်အိုး အ မြည်းတစ်ပွဲနဲ့ အားရပါးရဖြေဖျောက်ကြရတယ် ။
ဒီအချိန်မှာပဲ ည ( ၈ ) နာရီသတင်းမှာထူးခြားတဲ့သတင်းတစ်ပုဒ်ကိုတင်အေးအဖေနဲ့သူ့အပေါင်းအသင်းတွေ စိတ်ဝင်တစားစူးစိုက်နားထောင်နေကြတယ် ။ တင်အေးလည်းနိုးနေတော့ နားမထောင်ပေမယ့် ကြည်ကြည် လင်လင်ကြီးကိုကြားနေရတယ် ။ ရိုမေးနီးယားဆိုရှယ်လစ်နိုင်ငံဘူခါရက်မြို့မှာကျင်းပတဲ့ နှစ်ဆယ့်သုံးကြိမ် မြောက်အပြည်ပြည်ဆိုင်ရာကြက်ခြေနီညီလာခံမှာ မြန်မာနိုင်ငံက မြန်မာနိုင်ငံသား စိုင်းအောင်လှိုင်မြင့်ကိုကမ္ဘာ့ အမြင့်ဆုံးကြက်ခြေနီ ဟင်နရီဒူးနန့် ဆုတံဆိပ်အပ်နှင်းလိုက်ကြောင်း မြန်မာနိုင်ငံမှ စိုင်းအောင်လှိုင်မြင့်အပါအ ၀င်တစ်ကမ္ဘာလုံးမှာဆုတံဆိပ်ရရှိသူတစ်ဆယ့်သုံးဦးသာရှိကြောင်းနဲံ မြန်မာနိုင်ငံကစိုင်းအောင်လှိုင်မြင့်ဟာ မြစ် ကြီးနားကူးတို့ဆိပ်အနီးက ဧရာဝတီမြစ်ထဲကိုလူတစ်ဦးအပါအ၀င် ကားတစ်စီးထိုးကျခဲ့ကြောင်း ရေခဲတမျှအေး လွန်းလှတဲ့ရေထဲကို မိမိအသက်ကိုပဓာနမထားပဲငုပ်ဆင်းပြီး ကယ်တင်ခဲ့ကြောင်း ။ ရဲဝံ့စွန့်စားတဲ့စိုင်းအောင် လှိုင်မြင့်ကို ဤကဲ့သို့ ဟင်နရီဒူးနန့်ဘွဲ့အပ်နှင်းရကြောင်း အဖြစ်အပျက်တွေကိုပြန်လည်ဖေါ်ထုတ်ပြီးကြေငြာနေ တော့တယ် ။ ရေဒီယိုနားထောင်နေကြတဲ့သူအပေါင်း အထင်းသားမျက်နှာတွေမှာ ၀မ်းသာပီတိရိပ်တွေတဖျပ် ဖျပ် လျှပ်ပြေးနေတော့တယ် ။ ဟင်နရီဒူးနန့်ဘွဲ့တံဆိပ်ရှင် စိုင်းအောင်လှိုင်မြင့်ရဲ့ သတင်းအဆုံးမှာတင်အေးအ ဖေက သူ့ရဲ့အသံဝါ၀ါကြီးနဲ့ `ကွာ . . ဒီလိုသားကောင်းဇာနည်တစ်ယောက်လောက်တို့မိသားစုထဲမှာပါလာရင် သိပ်ကောင်းပဲဟေ့ `
အိပ်ခန်းထဲမှာအသာငြိမ်နေတဲ့ တင်အေးဟာ သူ့အဖေရဲ့စကားသံကြောင့်ပဲ စောင်ကိုခေါင်းအထိရောက်အောင် ဆွဲတင်ရင်း ခြေသလုံးသားကဖူးရောင်နေတဲ့ ဒဏ်ရာတွေကို ဒူးကွေးပြီး ကယောင်ကတမ်း လှမ်းစမ်းလိုက်တော့ တယ် ။
( သူငယ်ချင်း သူရဲကောင်းနှစ်ယောက်ကိုဂုဏ်ပြုရင်း . . . . . . . ။ )
ကိုလွင် ( နန်းမြေ
Tuesday, March 15, 2016
မေမေ့ အက်ဆေး - ၂
Subscribe to:
Posts (Atom)