Friday, March 24, 2017

( ဒိုက်ဦးသားတစ်ယောက်အကြောင်း ) ပို့ပို့ လို့ခေါ်တဲ့ ကို နေ ဝင်း

ပို့ပို့ အ ကြောင်းပြော ရ ရင် မေမေရယ် ကိုဝင်းခိုင်ရယ် က မပါမဖြစ်။ မေ မေ က ငယ်ငယ်လေး ကတည်းက စိတ်ထားနုညံ့သိမ်မွေ့သူ၊ ၁၆နှစ် သမီးကတည်းက ဝိပဿနာ အားထုတ်သူ၊ သားသမီးတွေကိုလည်း အမြဲ တရားထိုင်ခိုင်းသူ။ ပို့ပို့နဲ့ ကိုဝင်းခိုင်က သူငယ်ချင်းညီအစ်ကို။ ညီအစ်ကို ၆ယောက် ညီမ ၁ ယောက်ဟာ မိဘတွေရဲ့ ပုံစံအတိုင်း ရိုးဖြောင့်တယ်၊ အရှက်အကြောက်ကြီးတယ်၊ ညှာတာစာနာစိတ်တွေရှိတယ်၊ ချစ်ခြင်းမေတ္တာအားကြီးကြတယ်။ သူငယ်ချင်း ညီအစ်ကို နှစ်ယောက်က ပိုပြီးတွဲပါတယ်။ စာအတူဖတ်၊ တရားအတူထိုင်၊ အတူဆွေးနွေး မေ မေက ဘေးက ကူညီပေါ့။ မေ မေရဲ့ ဆုံးမသွန်သင်မှုအောက်မှာ တရားထိုင်ရင်း၊စာတွေဖတ်ရင်း ငယ်ရွယ်တဲ့ ပို့ပို့နဲ့ ကိုဝင်းခိုင်တို့ နိဗ္ဗာန်ဆိုတဲ့ လွတ်မြောက်ခြင်းကို တစ်ဦးတစ်ယောက်တည်း မသွားချင်တော့ဘဲ လူအများကို ခေါ်သွားချင်တယ်။ လူအများရဲ့ကောင်းကျိုးကို အားသွန်ခွန်စိုက် လုပ်ပေးချင်လာကြတယ်။ နိဗ္ဗာန်တောင် တစ်ဦးတစ်ယောက်တည်းဆို မသွားချင်သေးဘဲ လူတွေကို ကူညီကယ်တင်လိုတဲ့ အ တွေးတွေဟာ တရားထိုင်ရင်း စာဖတ်ရင်း ပေါ်လာကြတယ်။ လူတွေကို ကယ်တင်နိုင်ဖို့ ပါရမီ ဆယ်ပါး ဖြည့်ရမယ် ဆိုတဲ့ အ တွေးတွေနဲ့ ကောင်းတာတွေချည့် ရှာလုပ်ကြတော့တယ်။ ၁၉၆၂ ဗိုလ်နေဝင်း တက်လာပြီး ပါပါးတို့ မေ မေတို့ ကုမ္ပဏီ ပြည်သူပိုင်သိမ်းခံရတယ်။ ဒိုက်ဦးမြို့လည်က အိမ်ကြီးရဲ့ အောက်ထပ် လေးပုံသုံးပုံကို "ပ ပ က ဆိုင်" အဖြစ် ပြည်သူပိုင် သိမ်းခံရတယ်။ ကိုဝင်းခိုင် ၁၀တန်းအောင်တယ် ၊ ပဲခူးတိုင်း ပထမ။ ပို့ပို့ ၁၀ တန်းအောင်တယ်၊ ဆေးတက္ကသိုလ် အမှတ်မှီတယ်။ ပါပါးက ဂျပန်ခေတ် အပြီး လူငယ် ဘဝကတည်းက အလုပ်လုပ်ဖို့ လာတဲ့ တရုတ် အမျိုးသားပါ။ ဒီခေတ် ခရိုနီတွေနဲ့ လုံးဝမတူတဲ့ ရိုးသား၊ ကြိုးစား၊ ဖြောင့်မတ်တဲ့ တရုတ်ပါ။ One FRC တွေ ဆေးကျောင်း မတက်ရတော့ သူတို့ ခံစားရပါတယ်။ လူတွေကို ကယ်တင်ချင်တဲ့ ဆရာဝန်၊ ရွှေလင်းယုန်ရဲ့ "သူ"၊ ဒေါက်တာမြင့်မောင်လို ဆရာဝန် ဖြစ်ချင်ခဲ့ကြတာ။ ဥာဏ်ကောင်းတဲ့ လူတွေဆို တော့ ဒီခံစားချက်တွေက နေ စနစ် တစ်ခုရဲ့ အမှားတွေ မြင်လာကြတယ်။ ပို့ပို့နဲ့ ကိုဝင်းခိုင် ဒေသ ကောလိပ် အတူတက်တော့ ညီအစ်ကို နှစ်ယောက် ထမင်းဖိုးကို တစ်ယောက်စာပဲ မှာပြီး တစ်ယောက်စာကို စာအုပ်တွေဝယ်ဖတ်၊ ရုပ်ရှင်တွေ ကြည့်ကြတယ်။ ရုပ်ရှင်က ကားအားလုံးကြည့် နိုင်ဖို့ ရှေ့ဆုံး ငါးမူးတန်းက ကြည့်ကြတာ။ ဆေးလိပ်ခုံ ဖင်စီခံလုံးမယ့် စာအုပ်တွေထဲက စာအုပ်ကောင်းတွေကို ပိဿာချိန်နဲ့ ဝယ်ဖတ်ကြတာ။ စာအုပ်ကောင်းတွေ အများကြီး ပိဿာချိန်နဲ့ ဝယ်ဖတ်ခဲ့ကြတယ်။ ဒေသကောလိပ်ပြီးတော့ ကိုဝင်းခိုင်က စိုက်ပျိုးရေး တက္ကသိုလိ။ ပို့ပို့ က တစ်တန်းငယ်တော့နောက်နှစ်မှ တိမွေးကု တက္ကသိုလ် ရောက်ပါတယ်။ အဲဒီ့တုန်းက Vet က ရန်ကုန်၊ အင်းစိန်မှာပဲရှိသေးတယ်။ ပို့ပို့ အင်းစိန်မှာ စာပေကိစ္စတွေလုပ်ရင်း မိတ်ဆွေ၊ သူငယ်ချင်း၊ ရဲဘော်တွေနဲ့ တွေ့ဆုံရတယ်။ အလုပ်တွေ ပိုလုပ်ဖြစ်ကြတယ်။ ပို့ပို့ရဲ့ ပုံစံက အားလုံးကို တကယ်စွန့်လွှတ်တဲ့သူ။ လမ်းမှာတွေ့တဲ့သူ ဖိနပ်လိုရင် လမ်းမှာတင် ချွတ်ပေးခဲ့တာ၊ မုန့်ဟင်းခါးစားနေရင်း လာတောင်းတဲ့သူရှိရင် ကိုယ်တိုင်ရိုးရိုးစားပြီး တောင်းသူကို ရှယ်ပွဲ မှာပေးတဲ့သူ။ တခါတ လေ ရှပ်အကျီင်္ ချွတ်ပေးခဲ့ ပြီး စွပ်ကျယ်နဲ့ အိမ်ပြန်လာသူပါ။ သူ့ရဲ့ပုံစံက အင်မတန် ယဉ်ကျေး နူးညံ့ သိမ်မွေ့ပါတယ်။ ဒါပေမယ့် ခေါင်းသိပ်မာပါတယ်။ ယုံကြည်ချက် တစ်ခုကို အမြဲစွဲကိုင်သူပါ။ အင်းစိန်မှာ ပြဇာတ် ဒါရိုက်တာ ဦးရဲဝင်းနဲ့ တွေ့ခဲ့ ခင်ခဲ့ပါတယ်။ ဦးရဲဝင်းရဲ့ တစ်ဦးတည်းသောသမီး သန္တာခင်ကို စိတ်ဝင်စားခဲ့တယ်။ Vet က ရေဆင်းကို ပြောင်းတော့ ရေဆင်း က နေ B.Vs ဘွဲ့ရခဲ့တယ်။ သန္တာနဲ့ အိမ်ထောင်ကြပါတယ်။ ၁၉၈၈၊ ၈ လပိုင်းမှာ သမီးဖြိုးဖြိုးအောင်ကို မွေးဖွားခဲ့ပါတယ်။ အ ရေးအခင်း အတွင်း မွေး တဲ့ သမီးနဲ့ ဇနီးကိုပြစ်ထားပြီး ယုံကြည်ရာ လှုပ် ရှားခဲ့တယ် အမျိုးသား နိုင်ငံ ရေးတပ်ပေါင်းစု(မနတ) မှာအထွေထွေ အတွင်းရေးမှူး အောက်မြန်မာနိုင်ငံ တာဝန်ယူခဲ့ပြီး မကြာခင်မှာ UG ဆိုပြီး ကိုဌေးသိန်း Dr.ဇော်မင်းတို့နဲ့အတူ အဖမ်းခံရပါတယ် ထောင် ၂၆ နှစ် အချခံရပါတယ် အင်းစိန် ထောင် မြင်းခြံ ထောင် မန္တလေး သီးသန့်။အိုးဘိုထောင် တွေ မှာ သံခြေချင်းခတ်နဲ့ နေခဲ့ရပါတယ် ထောင်သက်၁၆ နှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ် မွေးပြီးကတည်းက အဖေ နဲ့ခွဲ ထောင်ဝင်စာကို အမေ နဲ့အတူ ထောင်ပေါင်းများစွာ လိုက်ဝင် ထောင်ဆိုတာကြောက်ချင်စရာ အားငယ်ချင်စရာ ဖြိုးဖြိုး မကြောက်ခဲ့တာ သန္တာရဲ့ပြုစု ပျိုးထောင်မှုကြောင့် အမှန်တရားအတွက် အဖေ့ ရဲ့သွေး နဲ့ အမေ့သတ္တိ အဖွါးကူညီစောင့်ရှောက်မှုတွေဟာ ဖြိုးဖြိုးရဲ့အားတွေပါ ဖြိုးဖြိုး အောင် ဆယ်တန်းအောင်တော့ မြို့ပြအင်ဂျင်နီယာ ဘာသာနဲ့GTC တက်ပါတယ် ။GTC တက်ရင်းသမဂ္ဂ လှုပ်ရှားမှုတွေရှိနေတော့ အမြဲအလိုက်ခံနေရတယ် နာဂစ် ဖြစ်တော့ဧရာဝတီတိုင်းကို ကူညီဖို့ပို့ပို့သွားပါတယ် အဲဒီမှာ အလောင်းတွေကိုဘယ်သူမှတာဝန်ယူ မသိမ်းဆည်းတော့ ပို့ပို့တို့အုပ်စု အလောင်းကောက်သင်္ဂြိုလ်ကြတယ် ဖြိုးဖြိုးပါ ပါသွားတာပါ ကိုယ်တိုင် အလောင်းကောက်ရတဲ့အတွေ့အကြုံ ခံစားချက်တွေ သူတို့သားအဖရခဲ့ကြတယ်။ အဲဒီ့ကနေ ရန်ကုန်အပြန်မှာ ကိုနေဝင်း၊ ဖြိုးဖြိုးအောင်တို့ အုပ်စု အဖမ်းခံရပါတယ်။ ကိုနေဝင်းက ဘားအံ နှစ်နှစ်၊ ဖြိုးဖြိုးအောင်က မော်လမြိုင် မှာ သုံးနှစ်ကျော် ထောင်ကျ ခဲ့ပါတယ်။ အသက်အငယ်ဆုံး အမျိုးသမီး နိုင်ငံရေး အကျဉ်းသူပါ။ ဧရိယာ တစ်ခုထဲမှာ သားအဖ ထောင်ကျလို့ တော်သေးတယ်။ မော်လမြိုင်နဲ့ မြစ်ကြီးနားဆိုရင်တော့ ကျမ သေပြီလို့ သန္တာပြောပါတယ်။ စနစ်တစ်ခု ကောင်း မ ကောင်း ကိုနေဝင်းနဲ့ ဖြိုးဖြိုးတို့ ကောင်းကောင်းသိကြပါတယ်။ မနီတာ ၁၅.၃.၁၅

Sunday, March 19, 2017

ခရေ

.၁၉၈၂တုန်းကရေးခဲ့တာတဲ့ ကိုယ်တောင်မမှတ်မိတောဘူး သိမ်းထားတဲ့မိတ်ဆွေ ( Ko Min Thet Wai)ရဲ့ကျေးဇူးကြောင့် ပြန်လည်ရရှိခဲ့ အတိုင်းမသိ ကျေးဇူးပါ *ခရေ* အနားမှာ ရစ်ဝဲကာတလည်လည်နဲ့ ချစ်သဲညှာ ရင်မှာတွယ်တဲ့ စပါယ်နဲ့ခရေ.. *ပန်းနှစ်ပွင့် လန်းစွင့်ကြူ အကြို ထောက်သမို့ လှမ်းလင့်ယူ ဘယ်ကိုကောက်ရပါ့ မောင့်မှာကအခက်ဝေ... *ရနံ့တလွင်လွင် ခရေလျှင်လေမှာ ဝဲပါလို့ စပါယ်တွေပင်မှာသဲပြီဘဲ ရင်ထဲမှာတော့ရတက်ပေ စပါယ်လေလား ခရေလား.. *မြေမခင် စပါယ်လျှင်မောင်မြင်တော့ လေမှာရွှင် မြေကိုလှမ်းလေတဲ့ ခရေပန်း သက်ဝေအပြုံး ကိုတော့ ပြိုင်လေလျှင်စပါယ် ရှုံးမှာပေါ့ အပြုံးတွေ ငွေရောင်သန်းပေမယ့် ခရေကိုဘယ်လိုစမ်းမှာလဲ အရွယ်ပျို ပန်းတွေ တောင်လိုမောက်စေဦး မကောက်ပါရှောင်ကာကွင်းလို့ရယ် အရောက်သာ အမြန်နှင်းမယ်ကွဲ့ ခရေ. ..ရေ မင်းရဲ့အနား........။ ဒိုက်ဦး..စိုးမိုးသူ..4.10.1982 ပဲခူး ဓမ္မသိပ္ပံ ယခု(USA) မှတ်တမ်းတင်သူ.(မင်းသက်ဝေ.စင်္ကာပူ)င်္

ဝန်မင်းများ အမတ်မင်းများအတွက် မုန့်ဖက်ထုပ်လက်ဆောင်

**** --*--*--*--*--*--*--*--*--*--*--*-- သူရိန်ထက်။ မေ ၃၀၊ ၂၀၁၂ ( မိုးမခမှာ ၂၀၁၂ ပြည်သူ့ခေတ်မှာ ၂၀၁၆ က လက်ဆောင်ပေးခဲ့တဲ့ သရော်စာ အဟောင်းပါခင်ဗျား ) ရောင်းရင်းရေ … ဒီဖက်နှစ်ပိုင်းအတွင်းမှာ တီဗွီတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဘာဘာညာညာ မီဒီယာတွေမှာ အတွေ့ရအများဆုံးဟာ ခေါင်းပေါင်းစ တလူလူနဲ့ အမတ်မင်းတွေ၊ ၀န်ကြီး ၀န်မင်းတွေပဲ ဆိုရင် မှားမယ်မထင်ဘူးဗျ.. နော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ… ခုလို အမတ်မင်း၊ ၀န်မင်းတွေ ရာထောင်မက မြင်တွေ့ရတာ၊ ခုထိတော့ ဟုတ်တိပတ်တိ မရှိလှပေမယ့် နိုင်ငံ့အကျိုး ရွက်သယ်ပိုးတော့မယ့်ဟန် တပြင်ပြင် လုပ်နေကြတာတော့ တယ် အားတတ်ဖွယ်ကောင်းသကိုးဗျ။ တဟုန်းဟုန်းထနေတဲ့ အလုပ်သမားပြသနာတွေ၊ တဆူဆူ တပူပူဖြစ်နေတဲ့ လယ်သမား အခက်အခဲတွေ၊ တမဟုတ်ချင်း ကျယ်ပြန့်လာတဲ့ လျှပ်စစ်မီး ဆန္ဒဖေါ်ထုတ်မှုတွေ၊ တသေသေ တကျေကျေနဲ့ ဆိုးဝါးနေတဲ့ ကချင် ပြည်နယ် စစ်ပွဲနဲ့ စစ်ဘေးဒုက္ခသည်ပြသနာတွေ၊ တအုံနွေးနွေးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြသနာတွေ၊ မထင်မှတ်ပဲ ဖြစ်ပေါ်နေတဲ့ ရေဘေး အခက်အခဲပြသနာတွေ… စတဲ့ စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို အမတ်မင်းတွေက မသိကျိုးကျွန်ပြုတဲ့သူကပြု၊ နှမ်းဖြူး တဲ့သူက ဖြူး၊ လေပင့်တဲ့သူကပင့်၊ ရိသဲ့သဲ့ လုပ်တဲ့သူကလုပ်၊ မတော်တရော် ပြောသူကပြော၊ စားပြီး နားမလည် လုပ်တဲ့သူကလုပ်၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်ပြသူက လုပ်ပြ၊ နှာစေးတဲ့သူက စေး စသဖြင့် နည်းပေါင်းစုံနဲ့ အမတ်မင်းများ ၀န်မင်းများက ဖြေရှင်းနေကြတာ ကိုလည်း အင်မတန်မှ အားတတ်ဖွယ် တွေ့နေရတာကလား။ ဒီလို အားတတ်ဖွယ်တွေ အင်မတန်တွေ့ရလေတော့ တခါတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောဖူးတဲ့ မုန့်ဖက်ထုပ်ခြောက်ဝန်ကြီး ဆိုတာကို သွားသတိရမိတယ်။ (စကားချပ်။ ။စာအုပ်စာတမ်းတွေ အင်မတန်ချိနဲ့နေရတဲ့ အခြေအနေမို့ မူရင်းအတိုင်း ပြန်မဖေါ်ထုတ်နိုင်တာကိုတော့ သည်းခံပေးပါ တကာတော်။) ဆရာကြီးပြောခဲ့တာကို မှတ်မိသလောက် ပြန်ဖေါက်သည်ချပါရစေ။ တခါတုန်းက..ပေါ့ဗျာ။ ရှင်ဘုရင်ကြီးတပါးမှာ သမီးတော်လေး တယောက်ရှိဆိုပဲ။ တခါမတော့ မင်းသမီးလေး ဟာ မကျန်းမမာဖြစ်သတဲ့။ ဝေဒနာဟာ တစစ ဆိုးဝါးနေတာမို့ သမားတော်တွေ၊ အထူးကုတွေ အစုံအလင်နဲ့ ကြိုးစားကုသပေမယ့် မသက်သာ မပျောက်ကင်းတဲ့အပြင် အိပ်ယာထက်မှာ ခပ်မျော့မျော့လေးပဲ ရှိတော့တယ်တဲ့။ (ခုခေတ်လို စင်္ကာပူမှာ ဆေးသွားကုတာတွေဘာတွေလည်း ခေတ်မစားသေးဘူးကိုးဗျ။) ဘုရင့်သမားတော်တွေ၊ ကျန်းမာရေးဝန်ကြီး (ဟိုတုန်းကတော့ သမားဝန်ကြီးလို့ ခေါ်တယ်ဆိုပဲ) က အစ လက်လျော့ရတော့မယ့် အခြေအနေ ဖြစ်နေတော့ ဘုရင်ကြီးလည်း အင်မတန်မှ စိုးရိမ်းသောကတွေ ဖြစ်ပြီး ကြံရာမရ ဖြစ်နေသတဲ့။ ဒီလိုနဲ့ နောက်ဆုံး သမီးတော်လေးရဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသနိုင်ရင် သမားဝန်ကြီး ခန့်မယ် လို့ မြို့တွင်းမြို့ပြင် တိုင်းရပ်အခွင်ခွင်ကို မောင်းခတ်ကြေညာစေသတဲ့။ အဲဒီအချိန်မှာ မြို့ပြင် ကျူးကျော်ရပ်ကွက်မှာ ဆေးကုစားတဲ့ ဆရာတယောက်လည်း ရှိသတဲ့။ နာမည်က ဗိန္ခောဆရာ ဆရာဇော် ဆိုပါတော့။ သူက ဆေးပညာကို ကျွမ်းကျင် တတ်မြောက်လှချည်ရဲ့တော့ မဟုတ်တာမို့ လျက်ဆားလေး ဘာ လေး ဖေါ်ပြီး ရမ်းသမ်းကုရတဲ့ ဆရာရမ်းကု ဆိုပါတော့။ တပည့်တယောက်တော့ ရှိပေမယ့် ငတ်တလှည့် ပြတ်တလှည့်နဲ့ ခက်ခက်ခဲခဲ အသက်မွေးနေရရှားသကိုးဗျ။ ဘုရင့်သမီးတော် မကျန်းမာလို့ ဆေးကုသပေးနိုင်ရင် ၀န်ကြီးခန့်မယ် ဆိုတဲ့ မောင်းခတ် ကြေညာသံကို ဆရာဇော် ကြားတော့ … “အင်း… ခုလို ငတ်တလှည့် ပျက်တလှည့် နေတာထက်စာရင် ရမ်းသမ်းကုလိုက်လို့ မင်းသမီးလေး ကျန်းမာသွားလို့ကတော့ ကြိုတင်မဲတွေ မဲလိမ်တာတွေ လုပ်စရာတောင် မလိုပဲ ၀န်ကြီးဖြစ်မယ်။ သေသွားရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ.. သေမြေကြီး ရှင်ရွှေထီးပဲ။ ကြုံတုန်း ၀င်စမ်းကြည့်ဦးမှပဲ” လို့ တွေးမိပြီး ကြေညာမောင်းခတ်တဲ့ ပြန်ကြားရေးဝန်ထမ်းတွေဆီ သွားတွေ့သတဲ့။ “ဗျို့.. ဆရာလေးတို့.. မင်းသမီးက အတော်လေး နေမကောင်းဖြစ်နေတာလားဗျ။ ဘာရောဂါလဲ” “ဒါတော့ မသိဘူးဗျို့..။ ခင်ဗျားက ဘာလုပ်မလို့လဲ“ “သြော်.. ကျုပ်က သမားတော်ကြီးပါ။ ခုတလော အထူးကု ဆေးခန်းတွေ ပြသနာဖြစ်နေတာနဲ့ အနားယူ နေတာဗျ..။ နေပါဦး.. ခင်ဗျားတို့ ဘုရင့်သမီးတော်ကို ဆေးကုနိုင်ရင် သမားဝန်ကြီး တကယ်ပေးမှာလား” “ဟ.. ရှင်ဘုရင်ဗျ.. လူကြားကောင်း နားထောင်ကောင်းအောင် ပြောရုံပြောတတ်တဲ့ သမ္မတ မဟုတ်ဘူး။ ကတိတည်တယ်။ ခင်ဗျားကုနိုင်ရင် ၀န်ကြီးခန့်မှာဗျ“ “ရွေးကောက်ပွဲရော ၀င်ရဦးမှာလား။ ကြိုတင်မဲတွေ၊ ဖယောင်းသုတ်တာတွေ လုပ်ဦးမှာလား” “ဟာ.. ဒါတွေ မလိုဘူး။ ကုသနိုင်လို့ကတော့ ၀န်ကြီးတန်းခန့်မှာဗျ။ ခေါင်းပေါင်း ပေါင်းတတ်ဖို့သာ လေ့ကျင့်ထား” “မဆိုးဘူးဗျ..။ အဲ.. နေဦး.. ၀န်ကြီးပဲ ခန့်မှာလား။ မင်းသမီးလေးနဲ့ လက်ထပ်ပေးပြီး “စိန်စီသောည” တွေ ဘာတွေရော လုပ်ဦးမှာလားဗျ.. ဟီး” “အာ.. အဲဒါတော့ မပါဘူး.. ကဲဗျာ.. လေရှည်တယ်.. ခင်ဗျား လိုက်ကုမလား။ နန်းတွင်း သမားတော်ကြီးတွေတောင် လက်လျော့ထားရတာနော်။ ကုနိုင်ရင် တပါတည်း ခေါ်ခဲ့ ရမယ်တဲ့.. ” ဆရာဇော်လည်း အတော်လေး စဉ်းစားပြီး “ကုမယ်ဗျာ.. ခု လိုက်ခဲ့မယ်.. ” ဆိုပြီး ရှိတဲ့ အ၀တ်နွမ်းလေး နှစ်စုံလောက် လွယ်အိတ်ထဲထည့်ရင်း တပည့် လုပ်သူကိုလည်း ဆေးတွေ ထည့်ခိုင်းသတဲ့။ “ဆရာ.. ဆေးက ဘာဆေးတွေ ယူခဲ့ရမှာလဲ။ ဖေါ်စပ်ပြီးသားကလည်း လျက်စားပဲ ရှိတာလေ” “အာ.. ရှိတာသာ ထည့်ခဲ့။ အဲ.. နေဦး.. ဟိုနေ့က နေလှမ်းထားတဲ့ ဆေးမြစ်တွေ ရသလောက် ထည့်ခဲ့ကွာ” တဲ့။ ဒါနဲ့ တပည့်လုပ်သူကလည်း နေလှမ်းထားတဲ့ ဆေးမြစ်တွေထဲက လက်လှမ်းမှီသမျှ ဟိုနည်းနည်း ဒီနည်းနည်း ထည့်ယူပြီး နန်းတော်ထဲ လိုက်သွားရော ဆိုပါတော့။ ဘုရင်ကြီးက ဆေးကုနိုင်တဲ့သူ ပါလာတယ်ဆိုလို့ ၀မ်းသာပေမယ့် ဆရာဇော်ရဲ့ ခပ်နွမ်းနွမ်း မခန့်မငြား အနေအထားကိုကြည့်ပြီး စိတ်တော့ ပျက်မိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကုနိုင်မယ့်သူ မရှိတဲ့ အခြေအနေမှာ ကောက်ရိုးတမျှင်လို သဘောထားကြီး ဆရာဇော် ဆေးကုတာကို ခပ်လှမ်းလှမ်းက ၀န်ကြီး အခြွေအရံတွေနဲ့ အကဲ ခတ်ကြည့်နေသတဲ့။ အိပ်ယာသလွန်ပေါ်မှာ မလှုပ်မယှက် ရှိနေတဲ့ မင်းသမီးလေးကို ကြည့်လိုက်၊ လက်ကလေး ကိုင်ကြည့်လိုက်၊ ဆေးအိတ်ထဲက ဆေးမြစ်တွေ ကြည့်လိုက်နဲ့ အကြံထုတ်နေတဲ့ ဆရာဇော့်ပုံစံက အားရစရာ မရှိတာတော့ အမှန်ပါပဲ။ နောက်ဆုံး ဆရာဇော်လည်း မထူးဘူးလို့ ဆုံးဖြတ်လိုက်တယ်ထင်ရဲ့။ တပည့်ဆီက ဆေးလွယ်အိတ်ကို ယူပြီး ကြည့်တောင်မကြည့်ပဲ လက်လျှိုပြီး တွေ့ရာ ဆေးမြစ်တခုကို ကောက်ယူ၊ ကျောက်ပြင်တချပ်ပေါ်မှာ ရေသန့်လေးနဲ့ တပည့်ကို သွေးခိုင်းပြီး ဆေး တပန်းကန်လုံးလောက်ရတော့ အထိန်းတော်ကြီးကို ပေးပြီး ဇွန်းကလေးနဲ့ ဖြေးဖြေးချင်း မင်းသမီးလေးကို တိုက်လိုက်ပါလေရော..။ ဆေးတိုက်နေချိန်မှာ နန်းတော်ထဲမှာလည်း ငြိမ်သက်ပြီး မင်းပရိသတ်တွေက ဆေးကုသတာကို ၀ိုင်းကြည့်နေသလို ဆရာဇော်လည်း ဘာဆက်လုပ်ရင် ကောင်းမလဲလို့ အကြံထုတ်နေတာပေါ့။ အကြံထုတ်ချိန် ရအောင် ဆေးတိုက်တာကိုလည်း ဖြေးဖြေးချင်း အကြာကြီး တိုက်ခိုင်းသတဲ့။ အတော်ကြီးကြာတော့ အသက်တောင် ငွေ့ငွေ့လေး ရှူနေတဲ့ မင်းသမီးလေးဟာ မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ် လှုပ်၊ ပါးစပ်ကလေးက ဟစိဟစိလုပ်လာတာကို တွေ့လိုက်ရသတဲ့။ ဘုရင်ကြီးနဲ့ တကွ တနန်းတော်လုံးလည်း ၀မ်းသာအားရဖြစ်လာသလို ဆရာဇော်ဆိုရင် ကိုယ့်မျက်စိတောင် ကိုယ်မယုံလို့ ပွတ်ကြည့် ရ ဆိုပဲ။ ဒါနဲ့ အားတက်လာပြီး လက်ကျန် ဆေးမြစ်လေးကို ဆက်သွေးပြီး တိုက်ခိုင်းတာပေါ့။ ဒုတိယအကြိမ် ထပ်တိုက်ပြီး အတော်လေးကြာတော့ မင်းသမီးလေးက ခပ်တိုးတိုးလေးနဲ့ “ရေ.. ရေ ပေးပါ” ဆိုပြီး တောင်းသတဲ့။ အားလုံးလည်း ၀မ်းသာပြီး ရေလည်းတိုက်၊ ၀ိုင်းလည်း အုံလာလို့ ဆရာဇော်က ခပ်တည်တည် နဲ့ လူနာနားသိပ်မကပ်ဖို့ (လူကြီးကို လုံခြုံရေး လုပ်ပေးနေကြတဲ့ လူတွေ မျက်နှာပေးမျိုးနဲ့ပေါ့လေ) မောင်းထုတ်ရ ဆိုပဲ။ မင်းသမီးလေး သက်သာလာတယ်ဆိုတော့ ဆရာဇော်လည်း အတော်လေး စဉ်းစားရ ကြပ်နေတာပေါ့။ သူ တိုက်လိုက်တဲ့ ဆေးဟာ ဘာဆေးလဲ၊ ချိုလား၊ ချဉ်လား၊ ငန်လား၊ ဘာအမြစ်လဲ။ နံ့သာဖြူလား၊ ကရမက်လား၊ ဆေးဒန်းလား၊ တောင်တန်ကြီး လား၊ ဆင်တုံးမနွယ်လား.. ပေါ့လေ။ သူများမပြောနဲ့ သူကိုယ်တိုင်တောင် မသိလို့ ဆေးလက်ကျန်လေးကို မသိမသာ လျှာနဲ့ တို့ကြည့်သတဲ့။ ဒီတော့မှ သူ့ဆေးအကြောင်းရော၊ မင်းသမီးလေးရဲ့ ရောဂါအခြေအနေရော သဘောပေါက်ပြီး ဆေးကျန်ကလေးကို ကျင်းပြီး တိုက်၊ အဟာရဖြစ်မယ့်ဟာလေးတွေ တိုက်လိုက်နဲ့ ကုသလိုက်တာ မကြာခင် ပျောက်ကင်းပြီး ဆရာဇော်လည်း သမားဝန်ကြီး ဖြစ်သွားပါလေရော တဲ့ဗျား..။ တကယ်တော့ ဆရာဇော် မကုခင်ကတည်းက ရောဂါက ပျောက်ကင်းနေပါပြီ။ ဆေးဆရာပေါင်းစုံ၊ ဆေးနည်း ပေါင်းစုံနဲ့ ဆေးဝါး မန္တန် ပရိတ်ပဌာန်း က အစ အမျိုးမျိုး သက်သာပျောက်ကင်းအောင် ကုသထားပြီးသားပါ။ ဒါပေမယ့် ဆေးဆရာတွေ မေ့နေတာက လူနာကို အာဟာရ တိုက်ကျွေးဖို့ပါ။ ရောဂါပျောက်ပေမယ့် ရက်ရှည်လများ အာဟာရ မရရှိတော့ မေ့မျောနေတဲ့ လူနာကို ဆရာဇော်က မထင်မှတ်ပဲ အာဟာရ ကျွေးလိုက်မိလို့ပါ။ ဆရာဇော် လျှာနဲ့တို့ပြီး မြည်းကြည့်လိုက်တဲ့ ဆေးဟာ တကယ်တော့ ဆေးမြစ်မဟုတ်ပဲ ဆေးမြစ်တွေ လှမ်းထားတဲ့အပေါ် ကျေးငှက်တွေ ချီလာတဲ့ မုန့်ဖက်ထုပ်တခုဟာ နေလှမ်းလို့ ခြောက်ပြီး ဆေးမြစ်ထဲ ရောနေတဲ့ မုန့်ဖက်ထုပ်ခြောက်ကို သွေးတိုက်မိ လျက်သား ဖြစ်နေတာကိုး။ ဆေးပညာ မတတ်ပေမယ့် သမားဝန်ကြီး ဖြစ်သွားရတဲ့ ဆရာဇော်လို ၀န်ကြီးမျိုးတွေ ဒီခေတ် ဒီအခါ ခေတ် ပြောင်းချိန် လိုလို ဘာလိုလို အခြေအနေထဲ ရောနှောမပါလာပါစေနဲ့လို့ ဆုတောင်းမိပါရဲ့ဗျာ။ ပြည်သူပြည်သားတွေမှာတော့ ရှင်ကြီးဝမ်းထဲ နေရတော့လည်း မသက်သာ၊ ရှင်ငယ်ဝမ်းထဲ နေရတော့လည်း မလွယ်ကူ၊ ခု တခါ ရှင်သစ်ဝမ်းထဲ ၀င်ရရင်တော့ ချောင်လည်တန်ကောင်းရဲ့လို့ မျှော်လင့်ချက်ကလေးတွေ တဝေေ၀ ဖြစ်နေတာကို ပန်းကောင်းအညွှန့်ကျိုးတော့ တယ် မဖြစ်စေချင်ဘူးကိုးဗျ။ အမတ်မင်းတို့ ၀န်မင်းတို့ ခေတ်မှာ ပြောင်းအောင်လည်းလုပ်နိုင်ကြပါစေ..။ ကောင်းအောင်လည်း လုပ်နိုင်ကြပါစေ… လူထုအကျိုးလည်း (နည်းနည်းပါးပါးဖြစ်ဖြစ်) သယ်ပိုင်းနိုင်ကြပါစေ ….။ မုန့်ဖက်ထုပ်ခြောက် ၀န်ကြီးတွေ မဖြစ်ကြပါစေ သတည်း..။ (နတ်လူ သာဓုခေါ်စေသောဝ်) ၀န်ခံချက်။ ။ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောတဲ့ ပုံပြင်ကို မှီငြမ်းပါကြောင်း

Tuesday, February 21, 2017

အကျဉ်းစံအပြန်လမ်း

ရန်ကုန်ဘူတာကြီးက စထွက်ကတည်းက ဦးကြည်ကို ကျနော်မြင်တယ် ။ အသွင်သဏ္ဍန်ကသာ သားသား နားနားနဲ့ ရထားတွဲကြီးတလျောက် ရှေ့နောက်သွားနေတာမို့ ( သူ့လှုပ်ရှားမှုကိုနားမလည်သေးတာမို့ ) မခေါ်လိုက်သေးပဲ လိုက်ကြည့်နေမိတယ် ။ မခေါ်လိုက်နှုတ်မဆတ်ဖြစ်လိုက်မှာကိုလည်း စိုးနေမိသေးတယ် ။ ခုံနေရာမရတာကြောင့် ကျနော်အိမ်သာအပေါက်ဝနားကနေ မတ်တပ်ရပ်လိုက်လာရတော့ ကျနော်ပုံကြီး ကို ဦးကြည်ဘယ်လိုမှ မမြင်နိုင်စရာမရှိပါဘူး ။ ကျနော်တို့တွဲထိပ်ကို တစ်ခေါက်ကျော့လာကတည်းက တစ် ချက်လှမ်းအကဲခတ်ကြည့် ကြည့်လိုက်တာကိုလည်း ကျနော်သိလိုက်မိတယ် ။ ဒီတစ်ခေါက်ရောက်လာရင် တော့စပြီးနှုတ်ဆက်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး ရထားတွဲဆက်နားကစောင့်နေလိုက်တယ် ။ သူကလည်းရိပ်မိလို့ထင်တယ် ။ ချက်ချင်းပဲရောက်လာတော့ ` ၀ိဇ္ဇာကြည် ´ လို့ခပ်တိုတိုပဲခေါ်လိုက်လျင်ပဲ ရှေ့သွားပေါ်အောင် ပြုံးပြုံးကြီးမော့ကြည့်ပြီး ကျနော်လက်ကို တင်းတင်းကြီးဆွဲတော့တာပါပဲ ။ `ကျနော်လက်က ၀ဲတွေကူးကုန်ပါဦးမယ် အရာရှိမင်းကြီးရယ် ´ လို့နောက်လိုက်ပြန်တော့ အရင်ဝသီအ တိုင်း တဟားဟား ။ ရထားကြီးကလည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်း ကျနော်တို့နှစ်ယောက်မှာလည်း ပြောစရာ တွေကအစုံ ။ ဦးကြည်က ရှေ့နှစ်တွဲကျော်လောက် ကျနော်ကိုခေါ်သွားပြီး ခုံနေရာတစ်ခုရှာပေးတယ် ။ `ပဲခူး ဘူတာရောက်ရင်ခင်ဗျားဆက်မသွားပဲ ဆင်းရမယ်လို့အမိန့်ချတယ် ။ ဟိုမှာ ၀က်ကြီးတို့ သိန်းအောင်တို့ လည်းရှိတယ် ။ ခင်ဗျားကိုပြုစုကြလိမ့်မယ် တဲ့´ ဆိုပြီး ကျနော်ကိုထားခဲ့ကာ ရှေ့တွဲကိုကူး သွားပြန်ရော ။ တရိပ်ရိပ်လည်ပြီး ကျန်ရစ်ခဲ့တဲ့လယ်ကွင်းတွေ ကုက္ကိုပင်တွေ ထန်းပင်အုပ်လေးတွေ ၀န်းရံထား တဲ့ ရွာက လေးတွေကို ရထားပြူတင်းပေါက်နေ ငေးမောရင်းလိုက်ပါလာခဲ့ပေမယ့် ကျနော်အတွေးထဲမှာကတော့ ဦးကြည်တို့နဲ့အတူ တောင်ငူထောင်ထဲမှာ . . . . . . . . 1975 ပဲခူးရိုးမပြိုတော့ ကျနော်တို့လည်းအဖမ်းခံရပြီး မတရားအသင်းပုဒ်မနဲ့ထောင် 3 နှစ်ကျခဲ့ရတယ် ။ တောင်ငူထောင်ဝင်ရင် ဇာတ်ကြမ်းတွေခင်းရတော့မယ်ဆိုတာကိုကြိုသိထားတယ် ။ နောက်ဆုံးစီရင်ချက်ချ တဲ့ညောင်လေးပင်အချုပ်မှာလာနှုတ်ဆက်ကြတဲ့ မိသားစုတွေ မိတ်ဆွေတွေရဲ့ လက်ဆောင်တွေကို ကျနော် ယူမသွားချင်တော့ဘူး ။ အလကားဆုံးရှုံးကုန်တော့မှာလို့ လာနှုတ်ဆက်တဲ့ကဗျာဆရာအောင်ဇင်မင်းကို တိုးတိုးပြောမိတော့ နည်းနည်းမှမျက်နှာမကောင်းဘူး ။ `ယူသာသွားပါဗျာ ´ လို့အံကြိတ်ပြီးပြောရှာတယ် ။ တောင်ငူထောင်အ၀င်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ ။ ပုံစံမထိုင်လို့ဆိုပြီး ၀ိုင်းသမ ။ ကျနော်တို့ကလည်း ပြန်ချ ။ ကြိုးတိုက်ထဲကို ဘယ်လိုရောက်သွားမှန်းမသိလောက်အောင် လောကကြီးနဲ့တစ်ညလောက်ဝေး ကွာသွားခဲ့ရတယ် ။ မြေကြီးမှာ ကျနော်ကိုဒရွတ်တိုက်ဆွဲသွားတာလို့ နောက်မှသိရတယ် ။ တစ်လလောက်ကြာမှ အပြင်ကရဲဘော်တွေနဲ့အဆက်အသွယ်ရတယ် ။ စာလာပို့ပေးတာက၀က်ကြီး ။ နာမည်နဲ့လိုက်အောင် မဲမဲ၀၀ ဗိုက်ပူပူကြီး ။ ကတုံးပြောင်ပြောင်နှုတ်ခမ်းမွှေးကားကားကြီးနဲ့ ။ အခန်းစဉ် လိုက်မိုက်ကြည့် ကြည့်ပြီး ကြိမ်းဝါးလိုက်သေးတယ် ။ ပြီးမှအလစ်မှာ ကျနော်ကိုစာလေးပစ်ပေးသွားတာ ။ ထောင်တွင်းပါတီကော်မတီက ထောင်စည်းကမ်းကိုလိုက်နာပြီး ထောင်သားအများစုနဲ့ရောနှောနေခြင်းသာ သင့်လျော်ကြောင်း အကြံပေးထားတယ် ။ အတူနေ အတူစား ။ အတူလေ့လာ အတူတိုက်ပွဲဝင် ။ ( တူလေး လုံး ) ကျင့်သုံးဖို့ပေါ့ ။ အဲ့ဒီအချိန်တုန်းက ဦးသန့်ုတို့မှိုင်းရာပြည့်ကာလဆိုတော့ ထောင်ထဲမှာလည်း ကျောင်း သားတွေပြည့်နေတယ် ။ အများစုကတော့ ကျေးလက်ကကျောင်သားတွေ ။ ထောင်ပုံစံအတိုင်းနေပါတော့မယ်လို့ပြောလိုက်တော့ ကျနော်တို့ကိုတိုက်ကထုတ်ပြီး အိပ်ဆောင်တွေဆီခွဲ ပို့ပါတယ် ။ တစ်ခန်းမှာ လူငါးဆယ်ကျော်လောက်နဲ့ရောနှောနေရတာပါ ။ ကျနော်အလုပ်လုပ်ရတာက လက်သမားရုံမှာ ။ နောက်တော့ တက္ကသိုလ်တုန်းကသူငယ်ချင်းတစ်ယောက်က ထောင်မှူးလေးကိုပြောပေး တာနဲ့ ကြိမ်ရုံမှာစာရေးလုပ်ရပါတယ် ။ ထောင်အရာရှိတွေကတော့ ကျနော်တို့ကိုသတိထားပြီး ပြောဆို ဆက်ဆံပါတယ် ။ အရောမ၀င်ရဲကြဘူး ။ အောက်ခြေဘာယာတွေ ထောင်မင်းသားတွေကတော့ထုံးစံအ တိုင်းလူကြမ်းတွေ ။ ဗိုလ်နေ၀င်းကစပြီး ကျနော်တို့အထိအားလုံးဟာစနစ်ရဲ့သားကောင်တွေဖြစ်တယ်လို့ ကျနော်တို့ယုံကြည် တယ် ။ လူသားတိုင်းဟာ မွေးလာကတည်းက သဘာဝအလိုက်ရိုးသားကြသူတွေဖြစ်တယ် ။ တွေ့ကြုံဖြတ် သန်းလာရတဲ့ဘ၀တွေက စာရိတ္တတွေကိုဖြစ်ပေါ်လာစေတာဖြစ်ပါတယ် ။ ဦးကြည်တို့ ၀က်ကြီးတို့လိုထောင် ကိုအိမ်လုပ်နေသူတွေကအစ ကျနော် သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံပါတယ် ။ တချို့လယ်သမားတွေဆို အိမ်က ထောင်ဝင်စာလာမတွေ့နိုင်ကြတော့ တအားချို့တဲ့ကြတာတွေ့ရတယ် ။ ဒါနဲ့ပဲ ကျောင်းသားတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့အိမ်ကလာတဲ့ထောင်ဝင်စာပစ္စည်းတွေ ဆေးဝါးတွေကို အခန်းထဲကအကျဉ်းသားတွေ နဲ့ အမြဲပဲမျှဝေစားကြတယ် ။ နှစ်ဆယ်ဝန်းကျင်အသက်အရွယ်သူငယ်လေးတွေ ဘ၀ရဲ့အတက်ကြွဆုံးကာ လတွေတုန်းကပေါ့ဗျာ ။ သူခိုးဓါးပြတွေက သူတို့ကိုရင်းရင်းနှီးနှီးဆက်ဆံတာကို ကြည်နူးကြ တုန့်ပြန်ကြ တာတွေ့ရပါတယ် ။ အရေးအကြောင်းတွေကြုံလာရင် ထင်မှတ်ထားတာထက်ပိုပြီးသစ္စာရှိကြ နှလုံးသားကြီးကြတာကိုလည်းတွေ့ရပါတယ် ။ ထောင်ထဲမှာအဓိကပြဿနာက သတ်မှတ်ထားတဲ့ရိက္ခာကိုအပြည့်အ၀မရတာနဲ့ မတန်မဆညှင်းပန်းနှိပ် စက်ခံရတာပဲဖြစ်ပါတယ် ။ တစ်ပါတ်တစ်ခါအသားကျွေးတဲ့နေတွေဆို ထောင်မှူးကြီးအိမ်မှာ အသားတွေ အခြောက်လှမ်းထားတာကိုဗြောင်ကျကျပဲတွေ့နေရတယ် ။ အဲဒါတွေကို ကျနော်တို့နှစ်ကြိမ်တိုင်တိုင်ရှေ့ ဆောင်ပြီးဆန္ဒြ့ပခဲ့တာ အောင်မြင်ခဲ့ပါတယ် ။ ပထမအကြိမ်ကတော့ ရိုက်နှက်နှိပ်စက်တာခံရတဲ့ ကျောင်း သားတစ်ယောက်ကိစ္စ ။ ရိုက်နှက်တာက မောင်မောင်လွင်ဆိုတဲ့ထောင်မှူးကလေး ။ ကရာတေးသိုင်းသမား စတိုင်နဲ့ တကဲ့စောင့်ကြွားကြွားကောင်ပါ ။ ` ပြည်သူ့ကောင်စီ ခေါ်ပေး ´ ဆိုပြီးကျနော်တို့ကြွေးကြော်ကြ တယ် ။ အဲ့ဒီခေတ်က မဆလခေတ်ဆိုတော့ ပါတီကောင်စီတွေကြီးဆိုးနေတဲ့ခေတ်ကိုး ။ ကောင်စီတွေဝင် လာတော့ကျနော်တို့ကအရိုက်ခံရတဲ့အကျဉ်းသားကိုပြပြီးတိုင်တန်းကြပါတယ်။ ကောင်စီဝင်တစ်ယောက်က ကျနော်တို့အကျဉ်းသားရှေ့မှာတင် မောင်မောင်လွင်ပုခုံးပေါ်က အပွင့်ကိုဖြုတ်ပြလိုက်တယ် ။ အကျဉ်းသား တွေက လက်ခုပ်တီးကောင်းချီးပေးလို့ အောင်ပွဲလေးတစ်ခုရလိုက်တာပေါ့ ။ ကျောင်းသားတွေကတော့ မဆလတွေအမှတ်ယူသွားတာမခံချင်ဘူးဖြစ်နေကြတယ် ။ ကျိုးကြောင်းဆီလျော်ရမယ် ။ အကန့်အသတ် ရှိရမယ် ။ အကျိုးအမြတ်ရှိရမယ် ( ကသုံးလုံး ) တိုက်ပွဲနည်းနာကို မနည်းရှင်းပြရသေးတယ် ။ သူတို့က ထောင်ထဲကနေပြီး ` စစ်အစိုးရ အလိုမရှိ ´ အော်ချင်နေကြတာ ။ ကျနော်တို့က မဆလတွေကိုထောင်တွင်း အခြေအနေတွေကို လေးလေးစားစားတင်ပြနေတာကို သူတို့ကအူယားနေကြတယ် ။ တကယ်တော့ ကျနော်တို့ကွန်မြူနစ်ဆိုတာ အဲ့ဒီမဆလတွေကောင်းကောင်းသိတာပေါ့ ။ သူတို့ပြန်သွားပြီးနောက်တစ်နေ့ ကစပြီးကြိမ်ရုံမှာ ဒိုင်းတွေ တုတ်တွေကို ထောင်ပိုင်ကစပြီးလုပ်ခိုင်းတော့တယ် ။ နောက်တစ်ကြိမ်က ပုံစံ ထမင်းဟင်းအပြည့်အ၀ရရှိရေးတိုက်ပွဲ ။ထောင်ကကြွေးတဲ့ ပုံစံကိုပြပြီး တောင်းဆိုတာ ။ မဆလတွေလည်း ကျနော်တို့ရှေ့မှာ ထောင်မှူး ထောင်ပိုင်တွေကို ဆဲဆိုပြပြီးပြန်သွားတာပါပဲ ။ သိပ်မကြာခင် ထမင်းပုံစံက ယခင်အတိုင်း ဖြတ်စားလက်စားလုပ်လျက်ပါပဲ ။ ထောင်ဝန်ထမ်းတွေမှာကလည်း ဒါပဲသူတို့ရဲ့အဓိက၀င်ငွေ ဖြစ်နေတာကိုး ။ ထောင်ဝန်ထမ်းတွေက ကျနော်တို့ထက်ကို ဦးကြည်တို့ ၀က်ကြီးတို့လိုရာဇ၀တ်သား အကျဉ်းသားတွေကို ပိုပြီးတီးချင်နေကြတယ် ။ သူတို့ကလည်းတကယ်ပဲ လက်ဝဲကြချင်နေကြတာကိုးး ။ ဦးကြည်ဆိုအရင်က ၀ိဇ္ဇာကြည်ဆိုတဲ့ မျက်လှည့်ဆရာကြီးပါ ။ ကျနော်တို့မြို့မှာ ငယ်ငယ်ကတည်းက သိခဲ့ ဘူးတယ် ။ သူ့သားလေးကိုဒကောက်ဖာထဲထည့်ပြီး အပေါ်ကနေဟန်ပါပါနဲ့ လှံနဲ့ထိုးပြတာတွေကို အပြော ပိုင်ပိုင်နဲ့ဆေးရောင်းနေတာတွေကြည့်ခဲ့ရဘူးတယ် ။ ကျနော်ငယ်ငယ်ကမြို့နယ်ပွဲတွေမှာဘောလုံးကန်တာ ကိုလည်း တက်တက်ကြွကြွနဲ့လိုက်အားပေးလေ့ရှိပါတယ် ။ ကျနော်ကိုတော်တော်လေးခင်တယ် ။ ကျနော် ကျောင်းပိတ်လို့ တက္ကသိုလ်ကျောင်းကပြန်လာရင် လာလာလည်တယ် ။ အဖေ့အလစ်မှာလာရတာ ။ အဖေ ကသူ့ကို တစ်စက်မှကြည့်လို့မရအောင် အမြင်ကပ်တာ ။ ကျနော်တောင်ငူထောင်ထဲရောက်တော့ သူပဲအရင်လာပြီး အစစစအရာရာကူညီပေးခဲ့တာ ။ `ကွန်မြူနစ်ဆိုပြီး မင်းတို့ကောင်တွေတရားဟောတာ လည်းမတွေ့ဘူး ´ ဆိုပြီးစဝေဖန်တာသူပေါ့ ။ သူ့လိုအပြောပိုင်ပိုင်နဲ့ရွာတွေမှာလိုက်ပြီးမဟောပြောတတ်လို့ ဒီလိုရှုံးနိမ့်ရတာလို့ သူကထင်နေတယ် ။ နောက်တစ်ခါတောပြန်ခိုရင် သူ့ကိုပါခေါ်ဖို့ပြောတယ် ။ ` မလုပ်ပါနဲ့ ဦးကြည်ရယ် ဒီထက်ပိုဆိုးသွားနေပါဦးမယ် ´ပြောတော့ သူဒေါပွနေလေရဲ့ ။ လေဘာတီမမြရင်တို့ ခင်မောင်ရင်တို့ခေတ်က သီချင်းလေးတွေတောင်းဆိုရင်တော့ ကြည်ကြည်နူးနူးကြီးကို ဆိုပြတတ်သူပါ ။ ၀က်ကြီးဆိုရင်လည်း အချိန်ရတာနဲ့ နာကျည်းစရာသူ့ဘ၀တွေကိုရင်ဖွင့်နေတော့တာပါပဲ ။ ငယ်ငယ်က တည်းက မိဘမဲ့ အနှိပ်ခံဘ၀နဲ့ပြည်တွင်းစစ်ထဲပြေးလွှားခဲ့ရတာတွေ ။ ခိုးဆိုးလုယက်ခဲ့ရတာတွေ ။ နောက်လူလစ်တာနဲ့အမျှ မကြာခဏပြောတတ်တာကတော့ ထောင်အာဏာပိုင်တွေကိုသတ်ပြီး တောခိုဖို့ အကြောင်းတွေပဲဖြစ်ပါတယ် ။ ကျနော်တို့တွေဟာ ဒီလိုရင်ဖွင့်ကြရင်းနဲ့ပဲ ညီအစ်ကိုတွေလို တကယ်ချစ်ခင် လာကြသလိုခံစားရပါတယ် ။ ကိုစိန်လှိုင်ဆိုတဲ့ ကျွဲပွဲဖက်က နွားခိုးကြီးတစ်ယောက်ဆိုရင်လည်း တကယ်ကို အေးအေးငြိမ်းငြိမ်းနေတတ်သူပါ ။ ကျနော်တို့ကို ပြုံးပြုံးလေးကြည့်နေလေ့ရှိတာကို မြင်ယောင်မိတယ် ။ စကားလည်းသိပ်မပြောဘူး ။ တစ်ခါတော့ အလုပ်နားရက် ထောင်မှူးကြီးကအိပ်ဆောင်တွေကိုလိုက်ကြည့် တယ် ။ ကိုစိန်လှိုင်က တစ်ချက်မှလှည့်မကြည့်ပဲ ဗန်းမော်တင်အောင်စာအုပ်ကြီးကို သဲသဲမဲမဲဖတ်နေတုန်း ပေါ့ ။ ထောင်မှူးကြီးက သူ့ကို ` ဟော့ကောင်စိန်လှိုင် မင်းကနွားခိုးမဟုတ်ဘူးလား ´ လို့မေးတယ် ။ သူက `ကျုပ်မနေ့က နွားခိုး ဒီနေ့ကွန်မြူနစ် ´ ဆိုပြီးလှည့်မကြည့်ပဲဖြေလိုက်တယ် ။ ထောင်မှူးကြီးလည်း တဟားဟားရယ်ပြီးပြန်သွားတယ် ။ ` ကွန်မြူနစ်ကြီး လေ့လာပါ ဆက်လေ့လာပါ ´လို့ခပ်ရိရိတောင်ပြော သွားသေးတယ် ။ ဘယ်လောက်အူးယားသွားမလည်း စဉ်းစားသာကြည့်ပါတော့ ။ စနစ်တကျထောင်တွင်းတိုက်ပွဲတွေဆက်မ၀င်နိုင်ပဲ ကျနော်တို့တတွေ တိုက်ထဲရောက်ကုန်ကြတာက လူသတ်မှုဖြစ်လို့ပါ ။ ဖြစ်ပုံက ကျနော်တို့အခန်းထဲကိုထောက်လှမ်းသွေးခွဲဖို့ ထောင်အာဏာပိုင်တွေက လက်ကောက်အကျဉ်းသားတစ်ယောက်ထည့်လာပါတယ် ။ ဒီကောင်အကြောင်းကိုအားလုံးသိထားတော့ သတ်ချင်နေကြတယ် ။ ကျနော်ကသူ့ကို နှလုံးသားနဲ့ဆက်ဆံပြီး အစွဲချွတ်ဖို့စဉ်းစားတယ် ။ အကုန်လုံးက ပြောမရ စည်းရုံးမရလောက်အောင် ပြင်းထန်နေကြလေရဲ့ ။ ထောင်တွင်းပါတီကော်မတီကလည်း မဖြစ် အောင်တားဖို့ ကျနော်ကိုပြောတယ် ။ အပြောရအခက်ဆုံးက ကျောင်းသားတွေပါပဲဗျာ ။ ကျောင်းသားတွေ နဲ့ငြင်းခုန်ရင်း စိတ်တိုလာတော့ ကျနော်ကစပြီး အဲ့ဒီလက်ကောက်ကောင် ဦးကြည်အိပ်ယာမှာအိပ်နေ တာကိုသွားပြီး မျက်နှာကိုဆောင့်ကန်လိုက်တာက စတာပါပဲ ။ တစ်ဆောင်လုံးက၀ိုင်းရိုက်ကြ ဓားနဲ့ထိုးကြ နဲ့ဆူညံသွားတာပါပဲ ။ ထောင်အာဏာပိုင်တွေလာတော့ အဲ့ဒီကောင်က သွေးအိုင်ထဲလဲနေပြီ ။ ကျနော် လည်းအခန်းတံခါးတွေမပိတ်ခင် တခြားအခန်းမှာရောက်နေပြီ ။ ခါတိုင်းနားရက်တွေဆိုရင်လည်း အဲ့ဒီအခန်း မှာသွားပြီး မစ္စတာချန်တင်ဆိုတဲ့ တရုတ်ကြီးဆီမှာ အင်္ဂလိပ်သတင်းစာသွားဖတ်နေကြလေ ။ ဆေးရုံမှာဆေး စစ်ချက်ယူတော့ အဲ့ဒီလက်ကောက်ကောင်က ကျနော်ကိုပဲမှတ်မိတယ်လို့ပြောတယ် ။ မသေတော့ ချောက် ကျသွားတာပေါ့ဗျာ ။ ကျနော်ကိုလာခေါ်ထုတ်တော့ အဲ့ဒီတစ်ခန်းလုံးကထုတ်မပေးဘူးလို့ ငြင်းဆန်နေကြ တယ် ။ ကျနော်ဟာအခင်းဖြစ်တဲ့အချိန်မှာ ဒီအခန်းထဲမှာရှိနေတယ်ဆိုပြီး တညီတညွတ်ထဲပြောကြတယ် ။ နောက်ဆုံးတော့ ညှင်းပန်းနှိပ်စက်မှာမဟုတ်ပါဘူးဆိုတဲ့ကတိနဲ့ ကျနော်ကိုယ်တိုင်ကပဲ ထောင်အာဏာပိုင်နဲ့ ညှိပြီး တိုက်ထဲလိုက်သွားခဲ့တော့တယ် ။ နောက်တော့ ဦးကြည်အိပ်ယာပေါ်မှာဖြစ်တာမို့ ဦးကြည်ကိုအမျိုးမျိုးညှင်းပန်းနှိပ်စက်ကြပေမယ့် သူလုံးဝ မသိလိုက်ဘူးဆိုပြီး တင်းခံခဲ့ကြောင်းကြားရပါတယ် ။တကယ်တော့ ကျနော်စလုပ်တာ သူကောင်းကောင်း တွေ့လိုက်တာပဲလေ ။ ဘယ်လိုပဲမက်လုံးတွေပေးပေး ဦးကြည်ဟာ မျက်မြင်သက်သေအဖြစ်မခံပဲ တင်းခံခဲ့ ကြောင်းသိခဲ့ရတယ် ။ တစ်ရက်ထောင်ပိုင်ကြီးတိုက်ထဲလှည့်ရင်းပေါ့ ။ နောက်အမှုနဲ့ရုံးထွက်ဖို့ပြင်ထားဆိုပြီး ချိန်းခြောက်ပါတယ် ။ ကျနော်ကလည်း ကျနော်မှာတရားရုံးရောက်ရင် ခင်ဗျားတို့အကြောင်းဖွင့်ချစရာတွေ ပြောလို့ရတာပေါ့လို့ ပြန်ပြောလိုက်တယ် ။ ကုလားကြီးမျက်လုံးကိုပြူးသွားတာပဲ ။ အဲဒါတွေကြောင့်လား မသိဘူး ။ နောက်အမှုလည်းမတိုးတော့ဘူး ။ ဟိုလက်ကောက်ကောင်ကိုလည်းထောင်ပြောင်းပေးလိုက် တယ် ။ ကျနော်ဘယ်လောက်တောင် အတိတ်ကြောင်းတွေတွေးနေမိလည်းမသိ ။ သတိထားမိတော့ ရထားက ပဲခူးဘူတာဝင်တော့မယ် ။ ဦးကြည်လည်းရောက်မလာပါလားလို့ သတိထားမိတယ် ။ အော်ကျေးဇူးတင် စကားလေးတောင်မပြောလိုက်ရပါလားလို့စိတ်ထဲမကောင်း ။ လူရင်းတွေတွေ့ရင် နောက်ပြောင်လိုက် ဒေါက်ဖြုတ်လိုက်တတ်တဲ့ကိုယ့်အကျင့်ကိုလည်း အပြစ်တင်မိတယ် ။ ဘူတာထဲကို ပြူတင်းဝကခေါင်းထွက် ပြီး ရှေ့နောက်ဝဲယာ ကြည့်နေတုန်းမှာပဲ ဦးကြည်အသံကနောက်ကပေါ်လာတယ် ။ ` ကဲ ဆင်းဆင်းတဲ့ ´။ ဘူတာအထွက်ကလဖက်ရည်ဆိုင်လေးမှာထိုင်မိတယ်ဆိုရင်ပဲ ကိုယ်ကဦးစွာကျေးဇူးတင်စကားပြောလိုက် တယ် ။ ` ဦးကြည်ရယ် ခင်ဗျားသာဖေါ်လိုက်လို့ကတော့ ထောင် 5 နှစ်လောက်ထပ်ကျဦးမှာ ´ လို့ဆိုတော့ ဦးကြည်ကပြုံးပြုံးကြီးကြည့်ရင်းနဲ့ပြန်ပြောတယ် ။ ` ကိုအောင် ကျနော်ဘ၀မှာအဲသလိုနှိပ်စက်ခံရတာရိုးနေ ပါပြီဗျာ ´ ` နောက်ပြီးကျနော်တို့ကို လူကိုလူလိုဆက်ဆံတာခင်ဗျားတို့ပါပဲဗျာ ´ တဲ့ ။ သားသားနားနားဖြစ် နေလို့ခုဘယလုပ်စားသလည်းလို့မေးမိပြန်တော့ ` ခိုးတယ်လေ ´ တဲ့ ။ စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ ဒီလိုပဲဖြတ်သန်းနေရတာပဲဆိုပြီး ကျနော်တို့လေသံတွေနဲ့ပြန်တရားဟောနေသေးတယ် ။ အဲဒီတုန်းမှာပဲ ညီလေးလို့ခေါ်သံနဲ့အတူ ပုခုံးလာဖက်တာတာနဲ့လှည့်ကြည့်လိုက်တော့ ၀က်ကြီး ။ ဂျင်းဘောင်းဘီနဲ့ မျက်မှန်နဲ့ ။ သိန်းအောင်ကတော့ ကျနော်အတွက်ဂျာကင်အကျီ င်္လက်ဆောင်ပေးဖို့ဆိုပြီး သူတဲကိုပြန်ပြေး နေတယ်လို့ပြောတယ် ။ ဘူတာနားကထမင်းဆိုင်တစ်ခုမှာ သူတို့ကျနော်ကိုထမင်းကျွေးကြတယ် ။ ကိုသိန်း အောင်ရောက်လာတော့ သူ့ဂျကင်ကြီးကိုအတင်းဝတ်ခိုင်းနေတယ် ။ ` ခင်ဗျားခိုးထားတာဆိုရင် အမှုပတ် နေပါဦးမယ်ဗျာ´ဆိုတော့ မဟုတ်ကြောင်း နိုင်ငံခြားသားတစ်ယောက်ကလက်ဆောင်ပေးခဲ့တာဖြစ်ကြောင်း ရှင်းပြတယ် ။ ကိုဝက်ကြီးက သူ့နေကာမျက်မှန်ကို အတင်းပေးတယ် ။ ` ကိုယ့်ညီ တကယ်ကသူပုန်မလုပ် ပဲ မင်းသားလုပ်ရမှာဆိုပြီး ထပ်ပင့်နေလို့ ` အစ်ကိုရယ်ကျနော်မှာ ပြန်ပေးစရာဆိုလို့ လောလောဆယ် ၀ဲတွေပဲရှိပါတယ် ´ လို့ဝသီအတိုင်းပြန်ပြောမိတော့ အားလုံးရယ်မောကြရင်း စကားတွေအလုအယက်ပြော နေကြတယ် ။ သူ့တို့အဓိကသိချင်တာက ဘယ်တော့တောထဲပြန်သွားမလည်းဆိုတာပါပဲ ။ ကျနော်လည်း ` လောလောဆယ်ဘယ်တောခိုရမှန်းမသိသေးပဲ ကောင်မလေးတစ်ယောက်ရဲ့အချစ်တော ထဲမှာမိနေကြောင်း ´ အမှန်အတိုင်းပဲပြောလိုက်မိတယ် ။ အလုပ်အကိုင်ကလည်းမရှိ အာဝဇ္ဇန်းကလည်း မရွှင်တော့ ဦးကြည်ကြီးကိုပဲ ဆရာတင်ရမည့်အကြောင်း ရယ်စရာပြောရင်းနဲ့ နှုတ်ဆက် ခဲ့ရတယ် ။ တောင်ငူလော်ကယ်ရထားကြီးထွက်တော့ လက်ပြရင်း ကျနော်ရင်ထဲမှာတော့ မလွတ်မြောက်သေးတဲ့ဘ၀ တွေ အတွက် ခရီးသွားနေသလိုလိုထင်မိခဲ့လေရဲ့ .။ ကိုအောင် ( ဒိုက်ဦး )

Friday, February 17, 2017

ရေစီး

" ရေစီး " ရေတွေကစီးနေတယ် မြေပြင်ပေါ်မှာ မြောင်းတစ်ခုဖြစ်လာဖို့ ရှင်သန်ရာကို အကြိမ်ကြိမ်ပွတ်တိုက် ရေတွေကစီးနေတယ် မြောင်းတစ်ခုထဲမှာ ချောင်းတစ်ခုဖြစ်လာဖို့ ပွတ်တိုက်လိုက်ခြင်းက ရှင်သန်ရာ ရေတွေကစီးနေတယ် ချောင်းတစ်ခုထဲမှာ မြစ်တစ်ခုဖြစ်လာဖို့ ရှင်သန်ခြင်းကို အကြိမ်ကြိမ်ပွတ်တိုက် ရေတွေကစီးနေတယ် မြစ်တစ်ခုထဲမှာ ပင်လယ်တစ်ခုဖြစ်လာဖို့ ပွတ်တိုက်ခြင်းသာ ရှင်သန်ခြင်း ရေတွေကစီးနေတယ် ပင်လယ်တစ်ခုထဲမှာ သမုဒ္ဒရာတစ်ခုဖြစ်လာဖို့ ရှင်သန်ခြင်းမှန်သမျှ အကြိမ်ကြိမ်ပွတ်တိုက်ပေးလိုက်ရတယ် ။ စသအ

Wednesday, January 18, 2017

သမိုင်းပရမတ္ထ

……………………….. လမင်းဟာ နေ့တံခါးဆွဲအဖွင့်မှာ သူဖြန့်ခင်းတဲ့ အလင်းဂုဏ်ပုဒ်ကို ကမ္ဘာကြီးထဲမှ ဆွဲနှုတ်လို့ သိမ်းသွားရတယ်။ နေမင်းဟာ အမှောင်တွေကိုလှဲကျဉ်း လောကကြီးကိုလင်းစေတယ်ဆိုလည်း ဂေါ်ယာကျွန်းရဲ့ချောက်ထဲ လိမ့်အကျမှတော့ ညနက်နက်ကို အောင်ပွဲခံခွင့်ပေးရပြန်တယ်။ ခေတ်တံခါးချပ် တထပ်ပြီးတထပ်သော့ပိတ် စေတနာမမှန်သူများကတော့ သမိုင်း အမှိုက်ခြင်းထဲ လဲသူလဲ ကွဲသူကွဲ ပျောက်သူပျောက်။ စေတနာ အဖြူစင်ဆုံးနဲ့ လူသားတာဝန်ကျေခဲ့သူများကတော့ လမင်းလို လင်းတခါ မှိန်တလှည့်မဟုတ်။ နေမင်းလို အရောင်လင်းလိုက် ၊ အမှောင်ခင်းလိုက်မဟုတ်။ သမိုင်း ရာဇာပလ္လင်အထက် လင်းမြဲ လက်မြဲ ။ စိုးမိုးသူ(ဒိုက်ဦး)

Monday, December 19, 2016

အညတရ . . ရင်ခုန်သံ

အညတရ ရင်ခုန်သံ ........................... အလှမဆင် အသွင်မွဲပေမယ့် ဘဝအမြင် အစဉ်ရဲပါဘိ ရင်းအသည်း သန့်သန့်ကြည်။ အဆင်းအတက် နင်းချက်ဒဏ် အစဉ်ခံလို့ သင့်ကိုယ်ခန်ခြေရာထင်းပေမယ့် တက်ဆင်းသူထည့်မတွက်သော်လည်း ငဲ့ကွက်စရာ ဧည့်ခန်းဆောင်သို့ စိတ်မှန်းယောင် လှမ်းရည်စူးပြီး ပေလူးနေ မြေမှုန့် အစုံနဲ့ ခြေသုတ်ခုံ ဘဝင်မညှိုး တိုးလို့ရပ်တည်။ အလှနုံချာ ဘဝမှုံစွာ ငါလျှောက်လှမ်းလေခိုက် အောက်တန်း၌ နောက်တန်းကျသည်ဟု သောကချည် ဘဝအတွေးတွေနှင့် လောကသည် မမျှသေးပါဟု ဟစ်ကျွေးကာ ရန်မူ၍ သာသည့်သူ မျက်မာန်ချိတ် စိတ်ထဲမှာ အနာတည် မျက်ရည်ပူက ရင်ခိုအောင်း ။ သောကတွေလျှင် အလှမဆင် အသွင် နုပ်သော်လည်း ဘဝအမြင် အစဉ်ထုတ်လေတဲ့ ခြေသုတ်ခုံ ငါမြင်မိလေတော့ ရင်ညှိတွယ် မဖွယ် အတွေးတွေလည်း လွင့်ပြေးရှောင် လျှောပြေကျပါလို့ လောကဧည့်ခန်းဆောင်၌ ဖုံမလှောင် မြူမလွှားရအောင် တတ်အားသမျှ ဝင်ကာကူဖို့ စိတ်ကြည်ဖြူ ဘဝအမြင်ဖက်တော့ ငါ့ရဲ့ရင်သောက ထွက်လို့ အားဘက်လှည့်ပြောင်း ။ ။ စိုးမိုးသူ (ဒိုက်ဦး)