Sunday, October 11, 2015
ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်များစွာ
စီးမျောသွားခဲ့ပြီလား
သံလွင်လှိုင်းကြား
မြုပ်ထားခဲ့တဲ့ ဝေဒနာတွေ
သွေးပေစွန်းရစ်ခဲ့တဲ့ ငွေနှစ်သောင်စပ်မှာ
နေကြာပန်းရိုင်းတွေက
စိမ်းကားစွာ လှပနေလေရဲ့ ။
တကယ်ပဲ သူစိမ်းတစ်ယောက်လေလား သံလွင်ရေ
ဒီကျွန်းပင် အင်ပင်ကြီးတွေ
မြက်ရိုင်းတောကြီးတွေကြားမှာ
လှုပ်ရှားသွားလာနှစ်များစွာဟာ
ဟိုး တောင်တန်းမြင့်ကြီးတွေ ငွေတိမ်ဖြူတွေထက်က
အိမ်မက်တေလေတွေပဲလား ဝိုးတဝါးစိတ်ငယ် ။
အို ဒါပေမယ့် သည်တောလမ်းလေးမှာတော့
ငါတကယ်ဖြတ်သန်းဘူးတယ် ထင်တယ်ကွယ်
နုပျိုတက်ကြွတဲ့ ကဗျာလှလှ လေးတွေကို
သတိရလာတယ် ။
ရဲဘော်ကြီးသံလွင်ရယ်
တောင်ကျစမ်းတွေ
ကန္တာရပန်းတွေဝန်းရံခလို့
အမြဲထာဝရ စိမ်းလန်း
ငြိမ်းချမ်းကြပါစေကွယ် ။
ပင်မွန်း
( ၂၀၀၈ ခရစ်စမတ် မယ်စဲ့ မြို့ )့
Wednesday, October 7, 2015
* မြင်းစီးသူရဲ *
ဒီနေ့မနက်
လေကို အန်ပြီးတဲ့နောက်
ပျွတ်ပျွတ်ထနေတဲ့ ခွာခတ်မြည်းများအကြောင်း
စဉ်းစားတော့
ကိုယ့်မှာ လုံးလုံးလျားလျားအင်အားတက်လာပေါ့ ။
ကိုယ်ဟာ
ရာနှုန်းပြည့်
မဖြူစင်နိုင်ပေမယ့်
ဝတ်ရုံအနီရောင်ရဲရဲနဲ့
ပြန်တွေ့တော့
ပျော်ဝင်လွယ်ခြင်းကို ဂုဏ်ယူမိ
ပွဲနဲ့
အောင်မြင်တန်းဝင်သွားသူတို့ အချင်းချင်းနဲ့
ရှန်ပိန်ရဲ့ လွတ်မြောက်ခြင်းနဲ့
တန်ဖိုးကြီး ဖော့ဆို့တစ်ခုကိုဖွင့်လှစ်ခြင်းနဲ့
ကိုင်စုပ်မြှောက်ချီဖို့ အသစ်တစ်ခုဆီနဲ့
အဆိပ်ကို
တင်ဆောင်လာခဲ့ပါတယ်
ခန္ဓာကိုယ် မာကြွပ်ကြွပ်ကို ဆင်မြန်းနိုင်တဲ့
ပရိဒေဝဟာ
ပိုးလောက်တို့ကို သေစေ
ရွက်နုတို့ကို စိမ်းလန်းစေ . .
အကြားအမြင်လမ်းကြောင်းတစ်လျှောက်
ဆူးလက်ဖားဖား
အရိုးအခက်ဖားဖားများဟာ
ကျေးဇူးရှင် ကိုယ့်အစာတစ်ဖြစ်လည်း
စွန့်ပစ်စရာ ကိုယ်မစင်လည်း ဖြစ်ရဲ့ . .။
ကြည့်မှန်တစ်ချပ်လုံးလုံးနဲ့
ပိတ်မိနေတဲ့ အနားသတ်ဝိဥာဉ်ကိုကယ်ဖို့ပါ
သူရှင် ကိုယ်ရှင်ကိုက်ဆွဲနည်းဖြင့်
သံဝါသပြုခြင်းအပြီး
သန္ဓေအသစ်မှာ နိုင်ငံတော်ဝင်စားပါစေသား ..။
ဆယ်လွန်နိုင်
( ၁/၁၀/၂၀၁၅)၈:၄၁ ည
" တို့အရေး "
သစ်ရွက်ကြွေ ဖို့ဆို
ဒီမှာ ခြွေချရဲတဲ့ပင်စည်ရှိမှ
ဒါကိုစွန့်လွှတ်စွန့်စားခြင်းလို့တွေးနေရုံလောက်နဲ့
သမိုင်းတွင်မယ့်အမျိုးအစားထဲ
ခပ်တည်တည်နဲ့ဝင်ထိုင်နေခဲ့တာမဟုတ်ဘူး ။
တစ်သွေးညီ တစ်သားစီလို့
တို့တတွေရဲ့ရင်ဘတ်ထဲအထိ စီးဆင်း
ဒီလိုညီမျှခြင်းဟာ အာဏာရှင်သရဲသဘက်လက်က
လွတ်မြောက်လိုခြင်းကစတယ် ။
ကိုယ့်ဘဝကို ကိုယ်ချစ်တယ်
ကိုယ့်ဘဝလိုပဲ သူများဘဝတွေကိုချစ်တယ်
လူကိုလူလိုတန်ဖိုးထားလေးစား
လူ့အသက်တစ်ချောင်းမကုန်ခင်
လွတ်လပ်စွာရှင်သန်
လွတ်လပ်တဲ့စီးပွား
လူတစ်ယောက်ရဲ့အခွင့်အရေး
ဘယ်သူဆီက ပေးပါလို့တောင်းစရာမလိုအောင်
ပြောင်းမယ် . . . . .
ခေတ်အဆက်ဆက် အဆိပ်မဲ့နေရတဲ့ပြည်သူတွေအတွက်
ပြောင်းမယ် . . . . . . . . .
ကျမ မသေခင်အစိုးရဆီကအာဏာကို
ပြည်သူတွေလက်ထဲထည့်ပေးချင်တဲ့ ဆန္ဒပြည့်ဖို့
ပြောင်းမယ် . . . . . . ။
ဘယ်သူပြောင်းခိုင်းပြောင်းခိုင်း
လိုက်ပြောင်းစရာ လိုအပ်ခဲ့တာမဟုတ်ဘူး
ကိုယ်အသာရဖို့ထက် နာနေရတဲ့ဘဝတွေကိုလှမ်းကြည့်
ဆီမီးတစ်ခွက်အောက် အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့
ဘဝတွေကိုစာနာကြည့်
ကိုယ်ပိုင်တဲ့သယံဇာတတွေကို
သူများတွေလာထုတ်သုံးနေတဲ့ဘဝတွေကို ခံစားကြည့်
ငါတို့ရဲ့အိမ်ဦးခန်းမှာ ခွင့်ပြုချက်မပါပဲ ဝင်ထိုင်နေတဲ့သူတွေကိုကြည့်
ကိုယ့်လယ် ကိုယ့်ယာကို စိုးရိမ်စိတ်နဲ့ ဖက်အိပ်နေရတဲ့
ဘဝတွေကိုကြည့်
. . . ကြည့် . . . . . . ကြည့် . . . . . . . ကြည့် ။
ဟောဟိုကလမ်းသစ်ကြီးကနေ
ဟောဟိုကတံတားသစ်ကြီးကနေ
တို့တတွေ နဖားကြိုးတပ်ခံရဖို့ သွားဖို့ရယ်
ငါတို့ကိုယ်ငါတို့ သိက္ခာတရားတွေ သွားရောက်ရောင်းချဖို့ရယ်
ငါတို့ဆီက လတ်ဆတ်တဲ့အသွေးအသားတွေသွားရောက်ပူဇော်ဖို့ရယ်
ကဲ . . . . . အဲ့ဒီလမ်းတွေပေါ်ခြေချလိုက်ရုံနဲ့
ကြက်သီးထစရာကောင်းလောက်တဲ့ တာဝန်မဲ့မှုတွေအပြည့်နဲ့
ပြောင်းလဲသွားမှုဟာ
နိုင်ငံခြားငွေလေးကိုင်ဘူးတာပဲရှိတယ် ။
တစ်ခါလာလည်း ယူနီဖေါင်းဝတ်လိုက်
တစ်ခါလာလည်း အမျိုးသားဝတ်စုံဝတ်လိုက်
ဘယ်မှာပြည်စေ့ကျွန်
ဘယ်မှာလည်းပြည်သူအတွက်
ဘယ်မှာလည်းပြည်သူစကား
ဘယ်မှာလည်း ပြည်သူလိုအင်
ဘယ်မှာလည်းပြည်သူအနာဂါတ်
ငါတို့ရိုးသားမှုကိုခုတုံးလုပ်
ငါတို့ရဲ့ခွင့်လွှတ်စိတ်ကို ဖိနင်းလို့
လူကြိုက်များတဲ့စကားလုံးတွေလှိုင်လှိုင်သုံးရင်း
မှတ်ထား
ဂုဏ်ယူစရာဆိုလို့
ကမ္ဘာ့အဆင်းရဲဆုံး ၂၃ နိုင်ငံမှာ
အချမ်းသာဆုံးနိုင်ငံဖြစ်နေတာပဲရှိတယ် ။
တို့ပြည်သူရဲ့အတွေး
တို့ပြည်သူရဲ့အရေး
တို့တတွေသွေးအေးလို့မနေသင့်ပြီမို့
တို့ရတဲ့အခွင့်အရေးကိုဖမ်းဆုပ်
တို့နိုင်ငံအတွက်အလုပ် လုပ်ကြရအောင်
အမျိုးတို့ ရေ
ကဲ . . . . . . . . . . . .
ရွေးလိုက်ကြရအောင် ။
စစ်သွေးအိမ်
´ တိုက်စားခံရခြင်း ကာလများ `
အချိန်တွေကုန်တယ်ဆိုတာ မြန်ပေမဲ့
ငါတို့ သယံဇာတပေါတဲ့ နိုင်ငံမှာမှ
အာဏာရဲ့  အရုးအမူးတွေ နေရာလုကျခဲ့ရတယ်။
ကိုယ့်ကိုကိုယ်ထက် လူထုတွေရဲ့  လှပတဲ့မေတ္တာတရားဟာ
ဖိနှိပ်မှုအောက်မှာ လှလှပပနဲ့ ကို ဂရုဏာဆန်ခဲ့။
အငြိုးများတဲ့ ရာသီခွင်ရဲ့  ယြတရာချေမှုတစ်ခုလို့ လဲ ဆိုလိုနိုင်တယ်။
အပျိုရည်မပျက်သေးတဲ့ ဖိနှိပ်မှုတရားအောက်က
အာဏာတွေတည်မြဲနေတဲ့ ကန္တာရကြီးတစ်စု ပျောက်ပျက်သွားချင်ယုံ။
ဒါကို ပြည်သူမှားသလား
ယူသူမှားသလား အစအဆုံး ရှင်းပြ။
တို့ လျှောက်တဲ့လမ်းဟာ
ငါတို့ အသက်ရဲ့ ထက်ဝက်
မင်းတို့ စုဆောင်းခဲ့တဲ့ ခဲယမ်းလက်နက်ထက်တော့
ပြန်ထက်ဝက်ကျရင်ကျလိမ့်မယ်။
ဒီအရာကြီး ဒီနှစ်ရှည်စီမံကိန်းကြီး နဲ့ 
ခုထိ အတိုက်အခံနဲ့ စလို့  ငါတို့ ဘဝဟာ
တောတောင်ထဲကျင်လည်ခဲ့ရ...
ငှက်တစ်သိုက်နားလဲ ချိုးကူခဲ့ရ...
မျက်ရည်တွေတည်ခင်း အမှောင်အမဲကြားမှာ
သွေးစက်တွေနဲ့ တိုက်ရင်း။
အဲ့လိုမျိုး အတိတ်ဆိုးမှာ ရင်နာခဲ့ရရင်း
ဒီအရေး ဒီ့ထက်ဆိုးမယ်တွေးပီး
အာဏာကိုအံတုခဲ့တာ
ခုကြည့်လေ ငါ့လက်ဖမိုးနုနုတောင် မရှိတော့ဘူး။
ဒီလာဘ်စားကောင်တွေကို ကျိန်စာမတိုက်
သူ့ သံသရာနဲ့ သူပါ မြေမျိုမဲ့ လူပါးဝတွေပဲ ခနထားလိုက်။
သံချေးတက်နေတဲ့ အမာရွတ်တွေပါ
ဒီခေတ်အချိန်ကိုရေးရင် နိုင်ငံရဲ့ မြေပုံမှာမှ
ငါတို့ မြင်ရခဲတဲ့ ရေနံ/ဓါတ်ငွေ့ /လျှပ်စစ်/သတ္တု/တွေနဲ့ 
လူတစ်စုအတွက် ပြည်ပမှာ ပြည့်လျှံနေတယ်။
မနက်ကထွန်းလိုက်တဲ့ နေအလင်းရောင်မှာတောင်
ငါတို့ ဟာ မှိုတက်နေရသလို ဘဝ။
ငါတို့  သမိုင်းသံမှာ...
ငါတို့  မျက်ရည်ကြီးပေါက်မှာ...
ငါတို့  သွေးအလူးလူးမှာ...
ငါတို့  ပြောင်းလဲခြင်း မှတ်တိုင်နားမှာ.
သိပ်လှပနူးညံ့တဲ့ မနက်ဖြန်တိုင်း ပွင့်မဲ့အလှတရားတွေကို ဆက်ကြစို့ 
အနာဂါတ်ဆိုတာကြီး တရွရွ ညွန့် လူးလာလိမ့်မယ်။
K.Y.L
Saturday, October 3, 2015
` အမှန်ဆိုတာ သတ်ပုံလွဲခြင်းတမျိုး ´
အမှန်တရားဆိုတာ ဘယ်ကိုင်းနဲ့ငြိငြိ
ဖတ် လို့မရအောင်ပျက်စီးသွားတယ်လို့တော့မရှိပါဘူး
ရွာပြင်မှာလည်းနေပူတာဘဲလေ
လိုသူ နဲ့ မလိုသူအတွေးကြားမှာ
ကိုယ်ရည်စူးမိတာတော့
တာဝတိံသာချည်းဘဲ ပေါ့ 
လူတိုင်းနားတွေမှာအပေါက်နှစ်ပေါက်နဲ့ဆိုတာမျိုး
ကောက်လိုက်တဲ့ခြေရာမှာ
တံဆိပ်အမျိုးမျိုးနဲ့ ထွာပြကြတယ်
လိုက်တိုင်းကြတယ်
ကွေ့ကောက်ခြင်းဆိုတာ လမ်းဘဲတဲ့
နားလည်း အရည်မလည် လူလည်းအရည်ပျော်
လမ်းကြုံလေး ဆိုရင်းနဲ့ တယောက်နဲ့တယောက်
အရှုပ်တွေလက်စားချေထည့်ထည့်ပေးကြတယ်
မမြင်ချင်တော့ဘူး မလိုချင်တော့ဘူး
မတောင့်တတော့ဘူး ဗရော်နီကာပြောတဲ့
''ရယူမှု့လွန်ကဲလွန်းရင် နေရောင်ခြည်တောင်မီးလောင်ကျွမ်းနိုင်တယ်''
ခြေထောက်ရဲ့ ခြေထောက်ကိုထူးခတ်
ဘယ်နဲ့ညာ နဲ့ပြိုင်ပြေးခိုင်း
ဘဝ ဘဝ ဘဝ များစွာသောဘဝတွေရဲ့
ဒါဏ်ရာတွေ ခေါက်သိမ်းဖို့
မီးပူတိုက်ခြင်းခံရ ပူပါတယ်ဆိုမှ ကိုယ့်ထွန်ကိုယ်ထင်းစိုက် ကိုယ်ပိုင်တွေလည်းတစ္ဆေခြောက်ခြင်းခံနေရ
ရှည်လျှားတဲ့ ဝတ်ရုံတထည်တောင်
အညှော်ရှောင်ရင်း ဝေးရာကိုပြေးထွက်သွား
တကယ်တော့တိတိပပပြောရမယ်ဆို
နေညိုချိန်နဲ့နေဝင်ချိန်ကြားထဲမှာ ကွာခြားမှု့လေးတခုရှိတယ် ''မင်းတို့လည်းရူးလို့ရတယ်''ဆိုတာမျိုးပေါ့။ ။
သော်နေဇင်
`စပ်မိစပ်ရာ ဦးတည်ရာ´
ကဲ . . . ပိတ်သတ်ကြီးရေ အဲ့ ဟုတ်သေးပါဘူး ။ တခါလာလည်းချောင်ပိတ် ရိုက်သတ် နောက်တစ်ခါ လည်းချောင်ပိတ်ရိုတ်သတ်ဆိုတော့ ပရိတ်သတ်ဆိုတဲ့စကားလုံးတောင် မှားကုန်မပေါ့ ။ တကယ်ခေါ်လိုက်တာ က အာလုပ်စကားပါ ပရိတ်သတ်ကြီးရေလို့သာအမှန်ဖြစ်ပါကြောင်း ။ ကော်မရှင်ဖွဲ့စုံစမ်းစစ်ဆေးစရာမလို အောင် တလက်စတည်းရှင်းလိုက်ပါရစေလို့ ။ တော်တော်ကြာ အကျင့်တွေပါနေတဲ့လက်အစုံတွေကြောင့် တို့ ပြည်သူတွေများ အဲ့အကျင့်တွေစွဲနေမလားလို့ရယ် စိုးစိတ်ခိုးထိတ်လေးနဲ့မို့ ခွင့်လွှတ်ပါဗျာ ။ လေရှည် ပေရှည် မိဘပြည်သူများခင်ဗျားလို့ ကျနော်လည်း လေသံလိုက်လို့ ခေါ်ကြည့်လိုက်ချင်ပါတယ် ။ စလုံးရေးစထားပြီဆို တော့ကာ အဖြစ်အပျက်တို့က မကြာခင်လာတော့မယ်ဆိုတဲ့သဘောဆိုတာ မိဘပြည်သူများသိကြပြီးသားပဲ ဖြစ်နေပါလိမ့်မယ် ။ ကျနော်အနေနဲ့ မိဘပြည်သူများကို တင်ပြလိုတာကတော့ အနောက်တောင်မုန်သုန်လေက တစ်နှစ်တစ်ကြိမ် တိုက်ခတ်တယ်ဆိုတဲ့နေရာမှာ လိုအပ်တဲ့အနေအထားကိုရဖို့ ကျနော်တို့ရဲ့တွင်းထွက်သယံ ဇာတလို့ ပြောလို့ရတဲ့ ဂါထာ မန္တန် အင်းတွေစီရင်ပြီး နေရာတကျ အချိန်တကျ ရွတ်ဖတ်စီရင်ပေးမှသာလျှင် မိ ဘပြည်သူများအတွက် အဆင်ပြေသောဘ၀တစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ် ။ အဲ့ဂလို ရွတ်ဖတ်နေချိန်မှာ ကျနော်တို့ရဲ့ အိမ်နီးခြင်းမိတ်ဆွေတွေကနေ ပါတ်ဝန်းကျင်မှာရှိနေတဲ့အမှိုက်တွေကို ဘူဒိုဇာစက်ကြီးတွေသုံး လို့ရှင်းလင်းပေးမှာပါ ။ ထိုအတွက်ကြောင့် ခုလိုအင်မတန်ချစ်ကြည်စရာ မိတ်ဆွေစစ် မိတ်ဆွေမှန်ကို ရထားတဲ့ ကျနော်တို့အတွက် ဗုဒ္ဓဘာသာမြန်မာဆိုပြီး ကမ္ဘာအလယ်မှာ ၀င့်ကြွားထည်ဝါနိုင်တော့မှာဖြစ်ပါတယ် ။ ကျနော်တို့ရဲ့ မျိုးဆက်တွေအတွက် လက်လှုပ်ခြေလှုပ် ထောင်ထဲချုပ် မူဝါဒအရ အဆင့်ဆင့်စီမံကိန်းကို လည်း နိုင်ငံခြားမှတတ်သိပညာရှင်များကိုခေါ်ယူငှားရမ်းပြီး အကောင်ထည်ဖေါ်ဆောင်ရွက်နေတာဆိုရင်ဖြင့် ခုဆို အတော်လေးခရီးပျောက်ခဲ့ပါပြီ ဒီအတွက် အိမ်တော်ရာစီမံကိန်းကြီးကို စွန့်လွှတ်လိုက်ရပြီဖြစ် သလို အနာဂါတ်သူရဲကောင်းလေးများမွေးထုတ်မယ့် အပေါက်ကိုလည်း သေချာရှင်းလင်းဆောင်ထားပြီးဖြစ်ပါ တယ် ။
ဟဲဟဲ တကယ်မထင်ကြပါနဲ့ ။ ဦးတည်ရာလျောက်ပြောနေတာပါ ။ ဘာပဲဖြစ်ဖြစ်ဒီလိုဦးတည်ရာ လျောက်ပြောရင်း ဘာလိုလိုနဲ့ သမ္မတသက်တမ်းငါးနှစ်ပြည့်လို့ နောက်ထပ်ရွေးကောက်ပွဲတောင် ရောက်လာ တော့မှာပါလား ။ ဒါကြောင့်ထင်တယ် ကျနော်တို့ဆီမှာ လုပ်ငန်းခွင့်သုံးဦးထုပ်တွေကို ဆိုင်ကယ်စီးဦးထုပ်လို့ အထင်မှားပြီး လူတွေဆောင်းသွားတာကိုး ။ အိုကွယ့် . . . ယဉ်အန္တရယ်ကင်းရှင်းရေးဆိုပြီး ဆိုင်ကယ်စီးဦးထုပ် မဆောင်းရင် ဒဏ်ငွေ ငါးထောင်ဆောင်ခိုင်းတဲ့အထဲ လုပ်ငန်းခွင်သုံးဦးထုပ်ဆောင်းလျှင်ရ၏ ဆိုတာ ဘယ်နား ကကပ်ပြီးဖြည့်စွပ်လိုက်လည်းမသိလိုက်တာတကယ် ။ မသိဆို တစ်ယေက်ငါးထောင်ဒဏ်ငွေတွေလည်း ( ဒီကြားထဲ ဒဏ်ငွေပွဲစားရတဲ့ ငွေတွေလည်း ) ကျနော်ကြားဘူးတာက ရှေ့နေပေးငွေ ကြက်သောက်ရေလို့ပဲ ကြားဘူးတာ ။ ခုဒဏ်ငွေဆောင်ငွေ ကြက်သောက်ရေလို့ပြောရမလိုလို ။ ခက်တာက အန္တရာယ် ကင်းမကင်း တော့မသိဘူး ။ သေလိုက်ကြတာကတော့ အတုန်းအရုံး ။ တစ်နေ့ထက် တစ်နေ့ တစ်နေရာမဟုတ်တစ်နေရာ ဖြစ်နေကြတာ ဖြစ်ရိုးဖြစ်စဉ်မှုခင်းတစ်ခုပါလို့ အပိုင်းထဲက အဿုဘပွဲစားကြီးလို ခပ်တည်တည်ဝင်ပြော ကြည့်တာလို့မှတ် ။ ဘာတဲ့ပြည်သူတွေအဆင်ပြောချောမွေ့စေရေးဆိုလားကြားမိတယ် ။ အဆင်ပြေမပြေတော့ မသိဘူး ။ တစ်နိုင်ငံလုံးဆက်သွယ်ရေးကွန်ယက်တွေမှာ ဖုန်းလေးဝယ်သုံးမိရင်း ဖုန်းကဒ်ပျက်သွားမိပါတယ် ။ အကန်းကတော့ခံလား ကန်တော့ခံလား ကန်ပြီးတော့ တော့ခံလား လဖက်ရည်ဖိုးဆိုလား ကြားထဲကဖက်ကို ဖြုတ်ထားတဲ့အရည်ဖိုးဆိုလား ကိုယ်ရွှေတိုင်းရုံးကြီးကို ငါးခေါက်လောက် စီးတော်ရောက်လိုက်ရတယ် ။ အိုမီတိုဖူ လို့သာပြောလိုက်ရင်( ရက်ပိုင်းအတွင်းသေဒဏ်တောင်လွတ်တယ်ဆိုတာမသိခဲ့လို့ ) ( ကျေးဇူးရှင် အစစ်ကြီးတွေမှန်းတော့သိပေမယ့် ) ဒီလောက်စူပါဝါ M150 ဖြစ်နေမှန်းမသိခဲ့လို့ ) ချက်ခြင်းရချင်ရမှာ ။ အာ့ဂလိုအသိပညာကနုံ့ အတတ်ပညာကညံ့ဖြင်းခဲ့လေတော့ လွှဲ တဲ့ အခါလည်းလွဲပေမပေါ့လို့ ဆရာနီကိုရဲ ရဲ့အမွေကိုဆက်ခံလိုက်ရင်း အမလေး မကြည်ပြာရဲ့လို့တောင် ဆိုလိုက်ချင်ပါရဲ့ ။ ဟလိုကြားလား ဟလိုကြားလားဆိုတဲ့ ဖုန်းစကိုင်လိုက်တဲ့အသံဟာဆိုရင်ဖြင့် ကမ္ဘာကျော်ရပ် ဂီတအဆိုရှင် 50 CENT ကဆိုလိုက်တာ ကမ္ဘာဂီတ ဂရမ်မီ ဆုပေးပွဲကြီးမှာ နံပါတ်တစ်ချိတ်လို့ ဆုအကြီးကြီးရ သွားတယ်ဆိုပဲ ။ ဒါပေမယ့် ဒါကို ဒီကလူတွေမသိလိုက်ကြဘူး ။ အကြောင်းက ဟဲလိုကြားလား ဟဲလိုကြား လားဆိုတာကို ထိုပုဂ္ဂိုလ်က အိမ်ထဲကနေ မြန်မာနိုင်ငံကိုဖုန်းဆက်လှမ်းပြောလိုက်ရင်း အသက်ရှုရပ် ပြီး ဆွံ့အ နားမကြားဖြစ်သွားလို့ပါတဲ့ကွယ် ။ အဟစ် အဟစ်နဲ့ အစကိုပြန်ရစ်ကြည့်ရမယ်ဆိုရင် ဒီမိုကရေစီရရှိရေး တို့အ ရေးလို့တောင်းဆိုခဲ့တာကဖြင့် အင်းကြားထဲက အချိန်ကာလတွေမှာစည်ကမ်းပြည့်ဝအောင်တည်ဆောက် ။ မလိုအပ်တာတွေ ဖယ် ။ လိုအပ်တာတွေကယ်ရင်း အခုတော့တကယ့်ဒီမိုကရေစီလမ်းစဉ်နဲ့အညီ ရွေးကောက် ပွဲ ကြီးကျင်းပရန် ဘာများလိုတော့လို့တုန်း ။ လျောက်ခဲ့ရတဲ့လမ်းတွေမှာဖြင့် လမ်းတွေကောင်းကောင်းလျောက်လို့ ရအောင် တောမှန်သမျှရှင်း ။ တောင်မှန်သမျှဖြို ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေခဲ့ပြီ ။ ဒီလိုလမ်းပန်း ဆက်သွယ်ရေးတွေကောင်းမှ တစ်နေရာနဲ့တစ်နေရာ ကူးလူးဆက်ဆံနိုင်မှာဖြစ်ပြီး ထိတွေ့မှုများလာတဲ့အခါ ကျတော့ ပြည်မနဲ့တောင်တန်း ရင်းနှီးချစ်ကြည်မှုတွေများလာမပေါ့ ။ ဟုတ်ပေဘူးလား ။ ကဲအမျိုးတို့ရေ တိုင်းရင်းသားတွေနဲ့ချစ်ကြည်ရင်းနှီးရအောင် ခင်ဗျားတို့ခရီးသွားနိုင်ဖို့ ခင်ဗျားတို့အိမ်တွေကို ကျုပ်တို့ထိန်းသိမ်း ပေးထားမယ် ။ ခင်ဗျားတို့မြေယာတွေကို ကျုပ်တို့ထိန်းသိမ်းပေးထားမယ် ဟလား ။ စေတနာပါ ။ စေတနာပါ ။ လောကပါလတရားနဲ့အညီ ကိုယ့်အမျိုးအခြင်းခြင်း ကူညီဖေးမရမယ့်တာဝန်ရှိတယ် မဟုတ်လား ။ အဲ့တော့ ခင်ဗျားတို့ခရီးသွားပါ ။ ချစ်ခင်ရင်းနှီးမှုကို ကျုပ်တို့တတွေရယူနိုင်မှ ကျုပ်တို့နိုင်ငံရဲ့အနာဂါတ်ဟာ ငြိမ်းချမ်းမှာ မဟုတ်လား ။
ဒါကျုပ်တို့ရဲ့စေတနာပါ ။ ခင်ဗျားတို့အတွက် စွန့်လွှတ်စွန့်စားပြီး ကျုပ်တို့ပေးခဲ့တဲ့ စေတနာပါ ။ တစ်ခုတော့ရှိ တယ် ။ စေတနာဆိုတာကို လက်မခံချင်နေပါ ။ မစော်ကားပါနဲ့ ။ ကျုပ်တို့ဟာပြည်သူလူထုရဲ့အတွက် ကျုပ်တို့ ဟာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဟူသမျှကို စွန့်လွှတ်ပြီး အသစ်တည်ဆောက်ထားတာပါ ။ ပြည်သူ လူထုဆိုတာ ကျုပ်တို့ကိုခိုင်းဖို့ဆိုရင် ကျုပ်တို့ခိုင်းတာကိုအရင်ဆုံးလုပ်သင့်ပါတယ် ။ ခုဆိုရန်ကုန်မန်း အမြန် လမ်းမကြီးဟာဆိုရင်ဖြင့် အောင်မြင်မှုမှတ်တိုင်တစ်ခုလို့သမိုင်းရေးထိုးရမှာဖြစ်ပါတယ် ။ အဲ့ပါတ်ဝန်းကျင်မှာရှိ နေတဲ့ရွာတွေကိုပါကြည့်လိုက် ။ အရင်ကဆို သစ်နဲ့ဆောက်ထားတဲ့အိမ်လေးတွေကနေ ဟောခုဆို တိုက်တာ နေအိမ်တွေဆောက်လုပ်လာတဲံ့အထိ အမြင်တွေပွင့်လင်းသွားခဲ့ပြီ ။ ခုဆို ကျုပ်တို့တတွေ ဂုဏ်ယူလို့ရနေပြီ ။ ကမ္ဘာ့အဆင်းရဲဆုံး ၂၃ နိုင်ငံထဲမှာ အချမ်းသာဆုံးဖြစ်နေခဲ့တာဒါတွေကြောင့်မဟုတ်လား ။ ဘာပဲဖြစ်ဖြစ်နေ တတ်ရင်တော့ကျေနပ်စရာတွေချည်းပဲ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက် စစ်တပ်ကအာဏာလွဲပြောင်း ယူခဲ့တာကလည်း တာဝန်ယူမယ့်လူတွေ တာဝန်ယူနိုင်တဲ့အစိုးရမရှိတော့လို့ တာဝန်ဝင်ယူပေးခဲ့ရတာပါတဲ့ ။ အဲ့ ဒါကြောင့်ပြောတာပေါ့ ။ နေတတ်ရင်ကျေနပ်စရာပါဆိုတာ ။ အဲ့ဒီလိုနေတတ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာ နော် ။ ခုတလော ဖဲကြိုးတွေ ပလူပျံအောင်တက်လာနေတာကလည်း မနေတတ်လို့ဖြစ်တာဆိုပဲ ။ ဟိုက တရား ၀င်ဝန်ကြီးဌာနက လှမ်းတောင်းလို့ပေးရတာကိုများ ဖဲကြိုးတွေထိုးနေရသေးတယ်လို့ ။ ခက်တော့တာပဲကွယ် ။ပြည်သူတွေဆိုတာက ပညာတွေတတ်အောင်သင်ပေးထားတာမဟုတ်တော့ ပြည်သူတွေထဲကလူတွေခန့်လို့မ ရနိုင်တာကို မသိကြဘူးနဲ့တူပါတယ် ။ ဒါရေး ဒါကျက် ဒါဖြေ ။ ဒါတို့ပြေ ဒါတို့မြေ ဆိုပြီးပြန်ကြ ။ အဲ့မှားလို့ ပြန်လို့ မရသေးဘူး ။ အတန်းပိုင်ဆရာမဆီ ကျူရှင်သွားတက်ရဦးမယ် ။ ပြီးမှပြန်ရမှာ ။ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ဖို့ ဆရာမ အိမ်ကိုပြေးကြပါစို့ ။ ဟိဟိ ။ လာမတက်ချေဘူးလား ။ ရတယ်လေ ။ အတန်းထဲမှာ ရှိစုမဲ့စု အာဏာ လေးပြလိုက်မပေါ့ ။ ပြီးတော့ပြောသေးတယ် အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ဖို့ဆိုလား ။ ကြားမိလိုက်သလိုလိုပဲ ။ ဒင်းတို့မကောင်းလို့ ငါတို့ဒီဘ၀ ရောက်နေတာလို့လည်း ကြားမိသလိုလိုပဲ ။ ဧကန္တ အိမ်က ခင်ပွန်းသည်ကြီးကို စောင်းပြောတာပဲဖြစ်မယ်ထင်တယ် ။ ခက်ချေပြီ ။ တို့နိုင်ငံ ဥသျှောင်ကြီးတွေကို ဒီလိုလှောင်နေစရာလား ။ တစ်သက်တစ်ကျွန်းကျတာ ရှစ်ရက်နဲ့ပြန်လွတ်တာဘာဖြစ်လည်း ။ ဥပဒေအရလုပ် တာလေ ။ လက်ပံတောင်းတောင် သေနတ်နဲ့ပစ်တာဘာဖြစ်လည်း ဥပဒေအရလုပ်တာလေ ။ လယ်တီသိမ်ဖျက် တာဘာဖြစ်လည်း ဥပဒေအရလုပ်တာလေ ။ သံဃာတွေ မီးလောင်ဗုံးနဲ့ပစ်တာဘာဖြစ်လည်း ဥပဒေအရ လုပ် တာလေ ။ ငါးလောင်ပြိုင်လူသတ်မှုလား ဘာဖြစ်လည်း ဥပဒေအရလုပ်တာလေ ။ကျောင်းသားတွေထောင်ထဲ ထည့်တာလား ဘာဖြစ်လည်း ဥပဒေအရလုပ်တာလေ ။ ကိုပါကြီးသတ်ခံရတာလား ဘာဖြစ်လည်း ဥပဒေအရ လုပ်တာလေ ။ ဘာပဲဖြစ်ဖြစ် အစိုးရကလုပ်တယ်ဆိုမှတ်ထား ဥပဒေအရလုပ်တာလို့ ။ ဘာလို့လည်းဆိုတော့ အဲ့သူတို့ပြောပြောနေတဲ့ ဥပဒေဆိုတာကြီးက ပြည်သူနဲ့မဆိုင် ပြည်သူနဲ့မပက်သက် ပြည်သူကိုလိုအပ်ရင် လို အပ်သလို ထောင်ထဲထည့်လို့ရအောင်လုပ်ထားတဲ့ သူတို့ပိုင်ပစ္စည်းဖြစ်နေလို့ပေါ့ ။ ထို့ကြောင့် ပြည်သူကြီးတို့ရေ မကျေနပ်လည်းကျေနပ်လိုက် ။ ကျေနပ်လည်း ကျေနပ်လိုက်လို့မပြောပေါင် ။ အားလုံးက ကိုယ့်ဒေါသနဲ့ကိုယ်ပဲ ။ ကိုယ်ဖြစ်ကိုယ်ခံ ။ ကိုယ်မှန် ကိုယ်ထု ။ ဟေ့ချဟ ဆိုပြီး လက်သီးလက်မောင်းတန်းမယ်မကြံနဲ့ ရှေ့သို့လှမ်း ချီ မြန်မာပြည် နောက်ကိုပြန်ကြည့်ဘာမှမရှိ ဆိုတဲ့ ကြော်ငြာကို ကလေးတွေဖြည့်ဆိုနေကြသလိုပဲ ပြောလိုက်ပါရ စေလို့ ။
ရွာလည်ကျောင်းကဖေသံချောင်း
Sunday, September 27, 2015
ကောလိယ ဒိုက်ဦးသမိုင်းအကျဉ်း
ဒိုက်ဟူသောစကားမှာမွန်စကား”ဍာ်”ကိုမြန်မာအသံထွက်ဖြင့်ခေါ်ရာမှ
”ဒိုက်”ဟုဖြစ်လာခြင်းဖြစ်သည်။
ရေဟုအဓိပ္ပါယ်ရသည်။”ဦး”မှာမွန်စကား”ဟဦး”ကိုမြန်မာအသံဖြင့်ခေါ်ရာမှ
”ဦး”ဖြစ်လာခြင်းဖြစ်သည်။
လျှံခြင်း၊ကြီးခြင်းဟုအဓိပ္ပါယ်ရသည်။
ထိုကြောင့်ဒိုက်ဦး်၏အဓိပ္ပါယ်မှာရေလျှံခြင်းရေကြီးခြင်းတနည်းအားဖြင့်
ရေဖုံးလွှမ်းရာအရပ်ဟုဆိုရပေမည်။
နောက်တမျိုးပြောကြသည်မှာ ၁၈၇၈ခုနှစ်တွင်ရန်ကုန်မှပြွန်တန်ဆာအထိ
မီးရထားလမ်းဖေါက်လုပ်ရာတွင်ယ္ခုဒိုက်ဦးတည်နေရာ၌အိုးအိမ်များမရှိပဲနှင့်
နှစ်ထပ်ဘူတာရုံဆောက်လုပ်ခဲ့သည်။
ထိုကြောင့်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သောဖအောင်ဝဲ၊
ဖောင်တော်သီ၊ကမာဖရုံ၊ကတုတ်၊ရှမ်းစု၊ဆာပါခြုံ၊ရွှေအင်ဒုံ၊
ဆင်စခန်း၊ဖအောင်းစုရွာများမှခရီးသွားလိုသည့်အခါဆိုက်ဆိုက် မြိုက်မြိုက်ဦးတိုက်လာရ၍
ဆိုက်ဦး၊တိုက်ဦးမှ ဒိုက်ဦးဖြစ်လာသည်ဟုဆိုသည်။
အထောက်အထားအဖြစ်ပထမဦး ဆုံးမြို့ပိုင်ဦးအောင်ကျော်၏သမီးအုတ်ဂူတွင်တိုက်ဦးဟုရေးထိုးထားသည်ကိုတွေ့ရသည်။
တရုတ်တန်းလမ်းယ္ခုအောင်ချမ်းသာလမ်းမှစတင်၍လူနေအိမ်များစတင်ပေါ်ပေါက်လာသည်။
ဒိုက်ဦးရွာကိုဒရယ်မီးရွာသူကြီးဦးလယ်ရောက်ကပူးတွဲ၍စတင်အုပ်ချုပ်သည်။
၁၉၀၈ခုနှစ်တွင်မြို့အဆင့်သို့တိုးမြှင့်သည်။
ဆိုကြသည်မှာရှေးဘုရင်များလက်ထပ်လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ခန့်က
”သစ်ထိန်ညင်”ဟုအမည်တွင်ခဲ့ပြီးအမတ်ကြီးဟန်အပိုင်စားရသောရွာဂါ မဖြစ်သည်။
တည်နေရာ၊အကျယ်ဝန်း
မြောက်လတ္တီတွဒ် ( ၈၇ံ၊၅၀ ) ၊အရှေ့လောင်ဂျီကျု့ ( ၉၇ံ၊၄၈ )တွင်တည်ရှိ
ကားလမ်းမိုင်တိုင်အမှတ် ( ၇၀ ၊ ၀ )မှ( ၈၈ ၊ ၀ )ထိ
ရထားလမ်းမိုင်တိုင်အမှတ် ( ၆၆ ၊ ၀ ) မှ ( ၈၄ ၊ ၁၄ ) အထိနှင့်အလျား(၂၆)မိုင် ၊
အနံ (၁၉)မိုင်။ဧရိယာစတုရန်းမိုင် ( ၄၇၉.၀၃ )နှင့်( ၃၁၈၀.၉၇ )ဧကရှိသည်။
အရှေ့ဘက်တွင်စစ်တောင်းမြစ်၊အနောက်ဘက်တွင်ပဲခူးရိုးမကြိုးဝိုင်းသစ်တော
တောင်ဘက်တွင်ပဲခူးမြို့၊မြောက်ဘက်တွင်ပြွန်တန်ဆာမြို့တို့တည်ရှိသည်။
မြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်၊ကျေးရွာအုပ်စု(၄၄)၊ကျေးရွာငယ်ပေါင်း(၁၇၈)ရွာတို့ပါဝင်သည်။
၁။ပုဂံကွဲ ၂။အုတ်သျှစ်ကုန်း ၃။စစ်ဗိုလ်ကြီး ၄။တောင်သလဲမြောင် ၅။မှော်အင်း ၆။ဗျက်ကြီး
၇။ဆာပါခြုံ ၈။ဒိုးတန်း ၉။ဆင်ဇလုပ် ၁၀။မရမ်းချောင်း ၁၁။ပျဉ်ပုံလေး ၁၂။တကောင်း
၁၃။ရွှေအင်ဒုံ ၁၄။ကလိ ၁၅။ဒရယ်မီး ၁၆။ကမာဖရုံ ၁၇။ဖအောင်းစု ၁၈။ကျွန်းကုန်း
၁၉။သပြေတန်း ၂၀။သရက်တော ၂၁။သဲတော ၂၂။အိမ်ခြေလေးဆယ် ၂၃။ဖအောင်ဝဲ
၂၄။ပနွတ် ၂၅။သုံးခွ ၂၆။မဂ်လွန်း ၂၇။ပုကိုင် ၂၈။ဖောင်တော်သီ ၂၉။ပေါက်တပင်
၃၀။ပျဉ်းမလွင် ၃၁။ရှမ်းစု ၃၂။ပသွယ် ၃၃။အင်းသဇင် ၃၄။ပွဲတမော့ ၃၅။ကံကလေး
၃၆။ဂုံညင်းတန်း ၃၇။ဘောနီ ၃၈။ဗျိုင်းသွယ် ၃၉။မအူတန်း ၄၀။တမံကြီး
၄၁။ကတုတ်ဘုရားကြီး ၄၂။ကျိုက်စကောအရှေ့
၄၃။ကျိုက်စကောအနောက် ၄၄။အေးသုခတို့ဖြစ်သည်။
ရှေးခေတ်ကျောင်းများ
ဒုတိယကမ္ဘာစစ်မတိုင်မှီနှစ်ပေါင်း(၂၀)လောက်က
ဦးရွှေမြိုင်ကျောင်း(ယ္ခုဆောက်လုပ်ရေးဝန်းမှ ( ၉၁၉ )အိမ်အထိ ( aided school )
အင်္ဂလိပ်လက်ထက်တွင်KEM ကျောင်း(king's of Edward Middle School )
ယ္ခုအ.ထ.က ဒိုက်ဦးအနီးဟုယူဆ
ကန်ဦးအ.ထ.က(ဒုတိယကမ္ဘာစစ်အပြီး)လက်ရှိကန်ဦးဘုန်းကြီးကျောင်း
ဂျပန်ကျောင်း(ဒရယ်မီးဘုန်းကြီးကျောင်းဝင်း)
ဆရာချစ်လက်ရေးတိုသင်တန်းကျောင်း
ယ္ခုကျောင်းများ
အထက်တန်းကျောင်း
(ဒိုက်ဦး၊ဖောင်တော်သီ၊ကျိုက်စကော)
အ.ထ.က ခွဲ
(ကတုတ်ဘုရားကြီး၊ဖအောင်ဝဲ၊သုံးခွ၊လက်ပံသုံးခွ၊ဒိုက်ဦးအလယ်တန်းကျောင်း)
အလယ်တန်းကျောင်း(ဗျက်ကြီး၊တောင်သလဲမြောင်၊အိမ်ခြေလေးဆယ်၊အေးသုခ)
ဘကကျောင်း
(ကန်တော်မင်္ဂလာ၊လက်ပံသုံးခွ၊ကွင်းမြှောင်၊အုတ်သျှစ်ကုန်း၊
လက်ခုပ်ကွင်း၊ကတုတ်ဘုရားကြီး၊အလံပြ၊ပုဂံကွဲ၊အိုးဖိုစု၊ကျိုက်စကော၊ကုန်းဝိုင်းကြီး၊ပနွတ်)
စာတိုက်များ ( ဒိုက်ဦး၊ဖောင်တော်သီ၊ကတုတ်ဘုရာကြီး)
စာကြည့်တိုက်များ
(မြို့ဦးစာကြည့်တိုက်၊မြို့ပါတ်လမ်းအမှတ်(၂)ရပ်ကွက်။
ဒေါ်ခင်မြင့်မြင့်စာကြည့်တိုက်၊မြို့ဝင်လမ်း(၅)ရပ်ကွက်။
ဒို့ခေတ်စာကြည့်တိုက်၊အောင်ချမ်းသာလမ်း(၂)ရပ်ကွက်။)
ဒိုက်ဦးမြို့နယ်၏သမိုင်းဝင်လှုပ်ရှားမှုများ
တောင်သူလယ်သမားတော်လှန်ရေးတွင်ဆရာစံနှင့်အတူမင်းလမ်း(၁)ရပ်ကွက်
(ယ္ခုဒေါ်ကျင်ဋ္ဌေး)ဦးမြသောင်းအိမ်တွင်ဂဠုန်တပ်ဖွဲ့များဖွဲ့စည်းခဲ့သည်။
လက်ပံသုံးခွရွာသားဆရာချစ်ဦးဆောင်၍မြက်နီကွင်းတိုက်ပွဲ၊ရွှေညောင်ပင်တိုက်ပွဲ၊
ဘူးတစ်ရာတိုက်ပွဲများဆင်နွဲခဲံ့သည်။ဆရာချစ်နှင့်သူပုန်တပ်သား(၁၀)တို့
အဖမ်းခံရပြီးညှင်းပန်းနှိပ်စက်ကာခေါင်းဖြတ်အသတ်ခံခဲ့ရသည်။
၁၉၁၈၊၁၉၁၉တွင်ဆရာတော်ဦးဥတ္တမနှင့်ဖအောင်ဝဲကျေးရွာ
မန္တလေးကျောင်းတိုက်ဆရာတော်ဦးညေးယျ၊
ဦးကောဝိဒတို့သည်ကန်ဦးကျောင်းဓမ္မာရုံတွင်နယ်ချဲ့ဆန့်ကျင်ရေးတရားများဟောပြောခဲ့သည်။
၁၉၃၈၊၁၉၃၉တွင်ဒို့ဗမာအစည်းအရုံးမှသခင်ကိုယ်တော်မှိုင်း၊သခင်တင်၊
သခင်ထွန်းလှတို့ကန်ဥိးဓမ္မာရုံတွင်(မဦးတန်ဆောင်းဟုယူဆ)
နယ်ချဲ့ဆန့်ကျင်ရေးတရားများဟောပြောခဲ့သည်။
၁၃၀၀ပြည့်ရေနံမြေသပိတ်တွင်KEMကျောင်းသားများ၊
ကျောင်းသားသမဂ္ဂဦးထွန်းအောင်၊ဦးပါ၊ဦးညွန့်၊ဦးကျောက်တို့သည်
ကန်ဦးကျောင်းတိုက်မဦးဓမ္မာရုံတွင်စည်းဝေးတိုင်ပင်လျက်သပိတ်တိုက်ပွဲများပါဝင်ဆင်နွဲခဲ့သည်။
၁၉၄၇ခုနှစ်ဖေဖေါ်ဝါရီလတွင်ဗိုလ်ချုပ်အောင်ဆန်းသည်ဒိုက်ဦးတာဆုံတွင်တရာဟောခဲ့သည်။
ဖအောင်ဝဲရွာသားဦးတိုးသည်ဖက်ဆစ်တော်လှန်ရေးတာဝန်ခံဖြစ်ပြီး
ဗိုလ်မြဒင်၊ဗိုလ်ဘကျင်တို့နှင့်အတူလက်တွဲကာသေနတ်(၆)လက်တည်းနှင့်
အောင်စိုးမိုးကျေးရွာတောင်ဘက်
တံတားဖြူ(ခြောက်လောင်းတံတား)မှဖက်ဆစ်ဂျပန်တို့ကို
ဒိုက်ဦးသားများနှင့်ပူးပေါင်းကာတိုက်ပွဲဝင်ခဲ့သည်။
ဒိုက်ဦးမှစစ်တောင်းဘက်သို့ဖြတ်ထွက်လာသောဂျပန်တပ်မကိုလည်းလိုက်လံတိုက်ခိုက်ခဲ့သည်။
ပြည်တွင်းစစ်တိုက်ပွဲများတွင်ဒိုက်ဦးတာဆုံတိုက်ပွဲ၊ရှမ်းစုတိုက်ပွဲ၊
ကတုတ်လက်ခုပ်ကွင်းတိုက်ပွဲများကအထူးထင်ရှားသောတိုက်ပွဲများဖြစ်သည်။
ရှမ်းစုတိုက်ပွဲတွင်ရဲဘော်လှသောင်းအားအောင်ဆန်းသူရိယဘွဲ့၊
ထောက်လှမ်းရေးတပ်ကြပ်ခင်မြင့်အားသီဟသူရဘွဲ့ကိုလည်းကောင်း၊
ကတုတ်တိုက်ပွဲတွင်ဆေးမှုးကြီးမွန်ထော်သက်ညွန့်အား
သူရဘွဲ့ကိုလည်းကောင်းနိုင်ငံတော်မှချီးမြှင့်ခဲ့သည်။
၁၉၅၀၀န်းကျင်မှစ၍ဒိုက်ဦးသားများ၏စွမ်းဆောင်မှုများသည်မြန်မာသာမက
ကမ္ဘာပါကျော်စေခဲ့သူများရှိခဲ့သည်ကိုအလွယ်တကူလေ့လာနိုင်ပါသည်။
သမိုင်းစဉ်ဆက်ဘယ်တုန်းကမှမညံ့ခဲ့သောဒိုက်ဦး
ဘယ်သူမှမမှု၊ဘယ်သူမှမတုပခဲ့သောဒိုက်ဦးအားအစဉ်အမြဲတန်ဖိုးထားနိုင်စေရန်ရည်ရွယ်၍
သမိုင်းသိမှသမိုင်းသစ်မည်။
စစ်သွေးအိမ်(ဒိုက်ဦး)
Subscribe to:
Posts (Atom)