Friday, September 25, 2015
“ ဒီဇင်္ဘာ…..၂၉ည …….ခဏနှင့်ကျွန်တော် ”
ဒီဇင်္ဘာလ၏အေးမြသောနှင်းစက်တို့သည် တုန်ရီချိနဲ့နေပါသော်လည်း တတ်စွမ်းသမျှလေးနှင့် နာမည်ပျက်စာရင်းမ၀င်သေးပေ။ခပ်ယဲ့ယဲ့ကျန်နေသေးသည့် အေးမြခြင်း၏အရိပ်အောက်တွင် နှစ်တိုင်းလိုလို ရောက်ခဲ့ဖြစ်သည့်နေရာလေးတစ်ခုကလွမ်းမောဖွယ်ရာများဖြင့် လွမ်းမောရင်း လွမ်းမောလို့မဆုံး။ မျိုးဆက်ဟောင်းဆိုသူတွေရော မျိုးဆက်သစ်ဟူ၍ ကွဲပြားခြားနားမှုသည် ခံစားနေမှုတို့အပေါ်တွင် ကွဲပြားခြားနားမှုမရှိတော့ပေ။ထိုအရာအားလုံးတို့သည် အ.ထ.ကဒိုက် ဦးလို့ခေါ်တွင်သည့်ကျောင်းပရ၀ုဏ်အတွင်းရှိ ကျောင်းရှေ့မျက်ခင်းပေါ်တွင် ဆင်နွဲနေသည့် အာစရိယ ပူဇော်ပွဲအကြို ညစာစားပွဲတွင် ရှင်သန်နေခြင်းပင်တည်း။
လပြည့်ညကိုကျော်လွန်သွားပြီဖြစ်သော်လည်း လမင်းကြီးသည်ကားဝိုင်းဝိုင်းစက်စက်သာနေ တုန်းပင်။အပြစ်ကင်းစင်သော ကလေးငယ်ကိုထွေးပိုက်ထားသလို ညဉ့်ဦးယံကို ထွေးပွေ့ထား ပေသည်။ဒီဇင်္ဘာ၏အေးမြခြင်း ၊ လရောင်၏နွေးထွေးခြင်းတို့အောက်တွင် ခံစားမှုမျိုးစုံတို့ဖြင့် အလှဆင်နေသည့်နှယ်။ဘူးဖေးသဘောမျိုးခင်းကျင်းထားမှုအပေါ်တွင် မိမိစားလိုရာများကို တချို့ကယူငင်စားသောက်နေကြသည်။အချို့က ခင်ရာမင်ရာအစုကလေးများနှင့်စကားလက် ဆုံကြနေသည်။တချို့က ကင်မရာတဖျပ်ဖျပ်လဲ့နေသည်။အချို့က ကာရာအိုကေသီချင်းဆိုနေ ကြသည်။အချို့က တချို့ကနှင့် အသီးသီးဆင်နွဲနေသော ညစာစားပွဲကလေးတွင် ကျောင်း သားများ၏ နှုတ်ဆက်မှုကို ငယ်မူပြန်အပြုံးများဖြင့်ပြည့်နှက်နေသော ဆရာများ၏မျက်နှာများ က နွေးထွေးအေးမြဆုံးဟု ထင်မိသည်။အော်…ပျော်နေကြသည်။တပည့်များနည်းတူအလွန် ဆရာများ။
ဤနေရာလေးသည်သာမာန်အားဖြင့်ကြည့်မည်ဆိုလျှင် ဘာရယ်မဟုတ်ဟုထင်မှတ်ကောင်းစ ရာရှိနိုင်ပေသည်။တကယ်တော့ ဒီလိုနေရာလေးကိုရောက်လာနိုင်ဖို့အတွက် ဆရာများမှာတစ် ဘ၀လုံးရင်းနှီးပေးဆပ်ခဲ့ကြရသည်။လစာထုတ်တိုင်းစာရွက်ကလေးကိုင်ပြီး ပြန်လာရသောနေ့ ရက်ပေါင်းများစွာကိုတွေးကြည့်ရုံနဲ့ပင် ကြက်သီးထမိသည်။တစ်လမှတစ်ခါရသောလစာငွေအ စားစာရွက်ကလေးတစ်ရွက်။ဖြတ်ကျော်ရမည့်တစ်လတာ။နောက်လှည့်တော့ကိုယ့်မိသားစု၏ စားဝတ်နေရေး…ရေး….ရေး….ရေး……။ကိုယ်တာဝန်ကျသည့် ရပ်မိရပ်ဖများ၏ကြည့်ရှုစောင် မမှုတို့နှင့် ဆွေမျိုးသားချင်းတို့၏အပေးအယူတို့ကြားတွင် ဗေဒါပျံကလေးများ အံကိုဘယ်လို များခဲခဲ့ကြရမည်ကို ပြောစရာစကားပင်မရှိတော့ပါချေ။သို့ပါသော် ၀မ်းရေးတစ်ထွာကို ငါ့ဝမ်းပူ စာမနေသာလို့စားရတယ်လို့ မရှိ။ကျပ်တည်းမှုတို့သည် မိမိ၏တပည့်များအပေါ်တွင်မည်သို့ သက်ရောက်မှုမှမရှိအောင်ပင် ဖြူစင်သောစေတနာတို့ကို ထိန်းသိမ်းခဲ့သည်မှာ ယနေ့ခေတ်နှင့် ယှဉ်ကြည့်လျှင်ထူးဆန်းသောလူသားများနှယ် မြင်နေကြသည်။ယနေ့လောကကြီး၏ နယ်ပယ် အသီးသီးတွင်ရှာဖွေကြည့်လျှင် ဤသို့သော်ပုဂ္ဂိုလ်များကိုတစ်ဦးကောင်းတစ်ယောက်ကောင်း တွေ့နိုင်သော်လည်း လောကတစ်ခုလုံးကိုကိုယ်စားပြုသောလူအစုအဝေးမျိုးကိုမြင်တွေ့ရန် လွယ်ကူတော့မည်မထင်။ထိုဥယျဉ်မှူးများ၏ ထွန်းလင်းပေးမှုများသည် တစ်မိသားစုအတွက် မဟုတ်။တစ်ရပ်ကွက်အတွက်မဟုတ်။တစ်မြို့နယ်အတွက်မဟုတ်။တစ်နိုင်ငံအတွက်မဟုတ်။ ဗဟုသဘောဆန်လျှက်နှင့် အနန္တအတွက်ဖြစ်ပေသည်။
ထိုအတိုင်းအတာမျှလောက်နှင့် ဤသို့သော်နေရာသို့ရောက်လာဦးမည်မထင်ပါနှင့်။ဆရာများ ခမျာနောက်ထပ်ဂိတ်တစ်ခုကိုလည်းကျော်ဖြတ်ရသေးပေသည်။ထိုဂိတ်သို့မရောက်မှီနှုတ်ဆက် သွားသောဆရာများသည်ကား ဤနေရာသို့မရောက်လာနိုင်တော့ပေ။တခြားမဟုတ် လုပ်သက် ပြည့်ပင်စင်နှင့်သက်ပြည့်ပင်စင်တို့ကိုကျော်ဖြတ်ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်သက်လုံ ကောင်းသူများ၏ ပန်းတိုင်ဖြစ်သည်။ဤနေရာသို့ရောက်လာသောဆရာများ၏အလှသည်ကား ဆည်းဆာအလှသည်လား ဆည်းဈာအလှသည်လားတော့မသိ။သေချာသည်က အရောင် သွေးစုံလင်စွာတောက်ပနေဆဲပင်ဖြစ်သည်။ထိုထက်ပိုပြီးအသက်ဝင်နေသည်က နွေးထွေးစွာ ဖြာဆင်းနေသည့် လရောင်နှင့်အပြိုင်ဘယ်သူနိုင်ပါ့မလည်းဟု အပြိုင်ခင်းကျင်းနေသည့်ဆရာ များ၏အပြုံးများသာဖြစ်ပေသည်။တပည့်တစ်ဦးကနှုတ်ဆက်လိုက်တိုင်း တဖျတ်ဖျတ်ဝင့်ကြွား နေသည့်ကြယ်ပွင့်များလို အပြုံး။တနယ်စီဝေးကွာနေကြ၍ ယ္ခုမှဆုံစည်းရသောသူငယ်ချင်း များနှင့်လည်း ရေတံခွန်စမ်းရေစီးသလို တသွင်သွင်ကြဆင်းနေသည်။ဇရာညို ဆရာအိုတို့၏ တစ်ဦးနှင့်တစ်ဦး တွယ်တာဖေးမမှုများမြင်နေရသည့် ကျွန်တော်တို့အဖို့မှာ ၀မ်းသာရမည် လား ။ ၀မ်းနည်းရမည်လား။ဤအဖြေကိုမေးခဲ့သူရှိခဲ့လျှင်လည်း ဖြေဆိုရန်အင်အားရှိလိမ့်မည် မဟုတ်ပေ။တရားပဲသိသိမသိသိ။တရားပဲ ရှိရှိမရှိရှိ အမှတ်ကိုသုညသာရယူလိုက်မည့်အဖြေ လွှာ တစ်ခုသာဖြစ်သည်။ထိုအဖြေလွှာကို မှင်စွန်းခြင်းဌါမတတ်နိုင်ပါချေ။တစ်ခါတစ်ရံမူလအ တိုင်းထားလိုက်သည်က ပိုကောင်းတတ်သည်လည်းရှိပေမည်မဟုတ်ပါလား။လောလောဆယ် ကာရာအိုကေဆိုနေသည့်ဆရာများရှိရာသို့ မျက်နှာမူလိုက်မိသည်။တစ်ယောက်နှင့်တစ် ယောက် နောက်ဟယ်ပြောင်ရယ်နှင့် သီချင်းသီဆိုနေကြပါသော်လည်း အဆိုကမညံ့။သံစဉ်ယူ ၍ အာစရိယပူဇော်ပွဲအကြောင်း စာသားထည့်သွင်းထားသည်လည်းပါလိုက်သေး၏။အခုလို ကာရာအိုကေအစား အငြိမ့်များထည့်ပေးလိုက်လျှင်ကျွန်တော်တို့ဆရာတွေဘယ်လိုများအ စွမ်းပြလိုက်လေမည်နည်း။ ထိုဆရာများ၏တပည့်များဖြစ်သည့် ကျွန်တောတို့မှာသာ လေချွန် သံတောင်ဖြောင့်အောင်မချွန်နိုင်ခြင်းက ကျွန်တော်တို့၏ညံ့ဖျင်းမှုသာဖြစ်ကြောင်းသက်သေပြ နေသည့်မှာ ဆားပုလင်းနှင်းမောင်လက်ထဲ ကျဆင်းခဲ့ရသည့် တရားခံများနှယ်။လူပျိုသန်လှ လူအိုပေါင်ကျိုး လို့သာဆိုလိုက်ချင်ပါသည်။
ကျွန်တော်ဆရာများသီချင်းဆိုနေသည်ကိုအမှတ်တမဲ့ငေးကြည့်နေမိသည်။ ကြည့်ရင်းကြည့် ရင်းဖြင့် ရှေးရိုးဆန်ဆန်မြေ၀ိုင်းကာရာအိုကေ ၀ိုင်းကလေးသည် တစ်စုံတစ်ရာတို့ဖြင့်လွှမ်း ချုံ နေသလိုလိုခံစားလာရသည်။ဆရာတစ်ယောက်၏ “ ခေါင်းလောင်းသံတညံညံပေး x x x x x ရွာကျောင်းကို x x x ပြေးမြင်မိရင် x x xသတိရနေတယ်သူငယ်ချင်းရေ ”ကိုအမြဲလိုလိုဆိုနေ ကျသီချင်းတစ်ပုဒ် ကြားနေကြသီချင်းတစ်ပုဒ်ဖြစ်နေသောလည်း “ ကျွန်တော်တို့ငယ်ငယ်တုန်း အတူတူတက်ခဲ့ကြသူငယ်ချင်းများ ”လို့အစချီကာ သံစဉ်များတွင်ထည့်သွင်းပြောနေသည့် ဆရာ၏အသံမှာဥသြငှက်ကလေးများဝင်စားနေသည့်ဟန်ဖြင့်တုန်ရီမောဟိုက် ရိုက်ခတ်နေသံ ကြားတွင် ကျွန်တော်ယနေ့ခေတ် ယနေ့အခါမှနေ၍ ဆရာများ၏ငယ်စဉ်ဘ၀ကို မှန်းမျှော် ကြည့်သည့်အခါ အရိုင်းတောများပြည့်လွှမ်းနေမှုတွင် ဖြူစင်သောပန်းကလေးများကဖွေး လျက်။အရာရာသည် ပကတိအနှစ်အသားတို့ ရွှန်းလဲ့မှုအောက်တွင် ပြန်ဝဲ လွင့်စင်ကျလာနေ သည့် မျိုးစေ့လေးများကိုတွေ့လိုက်ရသည့်အခါ ပြီးဆုံးခြင်းနှင့် ရှင်သန်ခြင်းတို့၏တစ်ခုနှင့် တစ်ခုဆက်နွယ်နေသည့် ပြောင်းလဲမှုဖြစ်စဉ်ကို ပြက်ပြက်ထင်ထင်မြင်ကြည့်မိလိုက်ရင်း ၀မ်း သာမှု ၊ ၀မ်းနည်းမှု များဒွေးရောယှက်တင်လူးလာလှုပ်ခတ်နေမိသည်။ု
တစ်ဦးပြီးတစ်ဦး သီဆိုသံတို့သည် ကျွန်တော်အနားတွင်လူပုဂ္ဂိုလ်တို့ပျောက်သွားစေသည်။ ဆရာတို့၏ခံစားမှုထဲတွင် ကျွန်တော်ခန္ဓာကိုယ်ကြီးလွင့်မျောနေသည်။အိမ်မက်ထဲတွင် သီချင်း နားထောင်နေသည့်ပမာ။ကျွန်တော်အနားတွင်ထိုင်နေသောသူငယ်ချင်းများက ဘယ်လိုနေ သည်မသိ။ကျွန်တော်က ခေတ္တခဏ မေ့နေသည်။မည်မျှစူးစူးနစ်နစ်ဝင်နေခဲ့သလည်းဆိုရလျှင် ဆရာတစ်ဦးက ချိုပြုံးသီဆိုထားသည့် တက္ကသိုလ်ကျောင်းကငွေလမင်း သီချင်းကို မရ ရအောင်လိုက်ဆိုနေသည်ကိုတော်တော်လေးနှစ်ခြိုက်နေမိသည်။ ကီးကလည်းဘယ်လိုမှမမှီ။ အဆိုလည်းမနိုင်ပါ။သို့သော်လည်း ထိုဆရာခံစားမှုများကိုကား သာယာနာပျော်ဖွယ် သီချင်းသံ ကဖုံးဖိ၍ မရနိုင်အောင် ရုပ်ပျက်နေသော်လည်း ခွင့်လွှတ်သည်းခံခြင်းမလိုလျက် ကျွန်တော် နားထဲတွင် လှနေသည်။လူတိုင်းယစ်မူးဖွယ်ဂီတသံသည် ဒီတစ်ခါတော့ကျွန်တော့် ဆရာတို့၏ နှလုံးသားအလှကို ခြေပစ်လက်ပစ်အရှုံးပေးလိုက်ရချေပြီ။တဆက်တည်းမှာပင် ထာဝရအလှ သည်ကို ကျွန်တော်တိတိပပ မြင်လိုက်ရသည်။
ထို့နောက် ကျွန်တော်ပြန်ရန်ပြင်လိုက်ပါသည်။အေးချမ်းနေသော ဒီဇင်္ဘာနှင်းစက်တို့၏အောက် တွင် ဆိုင်ကယ်ကို အရှိန်ဟုန်ခပ်ပြင်းပြင်းမောင်းလိုက်မိသည်။အဘယ်ကြောင့်ဆိုသော် ဤခ ဏတာခံစားမှုလေးကို တစ်ယောက်ထဲစိတ်ရှိလက်ရှိခံစားချင်နေသေးသည့်အတွက်ကြောင့် ဖြစ်သည်။တစ်နည်းအားဖြင့် မြင်ရတွေရခဲလှသည့် ထာဝရအလှကို ဆုံးရှုံးသွားမှာ ကြောက် ရွံ့ ခဲ့ခြင်းဟုလည်းဆိုနိုင်ပါပေသည်။
စစ်သွေးအိမ်
၁၀.၁.၂၀၁၃
၁၀း၃၉ Am
Subscribe to:
Post Comments (Atom)
No comments:
Post a Comment