Thursday, September 17, 2015

" အဖေပြန်လာတဲ့အခါ နိုင်ငံတော်ကြီးပါလာတယ် . . . . . .'. . . . . . . ."

ဘ၀ကဘယ်ကစသလည်းလို့မေးစရာမလိုလောက်အောင်ရှင်းတယ် ။ လူတစ်ကိုယ်ထက် လက်ထဲကကိုင်ဆွဲ လာမယ့် အရာတစ်ခုဟာ အာဖဂန်နစ္စတန်က ကလေးတစ်ယောက်ရဲ့ မျက်ဝန်းမှာအရောင်လဲ့တယ် ။ ဘာတွေနဲ့ ခြိမ်းခြောက်မလည်း ။ ကောင်းကင်ယံမှာ ၀ဲနေတဲ့ အသားစားငှက်တွေကတော့ ခပ်သုတ်သုတ်ပြေးထွက်လာ မယ့် ဘုတ်ငှက်လေးတစ်ကောင်ကို သမိုင်းရှုံးကြွေးဆပ်ဖို့စောင့်ဆိုင်း ပြင်ဆင်နေကြဆဲ ။ ကြွေဆင်းသွားတဲ့ သစ်သီးတစ်လုံးရဲ့ ပြုတ်ကျသံထဲမှာတော့ နောင်တဆိုတာ ဘယ်တော့မှမပါဘူးလေ ။ ယဉ်ကျေးမှုအရ တည် ဆောက်ထားတဲ့ ဟောဒီ နိုင်ငံတော်ကြီးထဲ တစ်ကိုယ်ရည် အဖြစ်အပျက်ဆိုတာ သက်မှတ်ထားတဲ့စံချိန် စံညွှန်း မှာ မေ့ထားသင့်တာပဲ ။ ကလေးတစ်ယောက်ရဲ့ တွယ်တာမှုမှာတော့ ပျော်ရွင်မြူးတူးလိုက်တိုင်း ဘ၀တစ်ဆစ် ချိုးသွားတယ် ။ မတုန်မလှုပ်တည်ရှိနေတဲံ့ တောင်တန်းတွေတောင် တအိအိပြိုဆင်းသွားကြတယ် ။ ချွန်ထက် နေတဲ့ ဓားတစ်ချောင်းဟာကြောက်စရာကောင်းမှန်း အလှီးခံရတဲ့အသားတွေက မသိဘူး ။ တမေ့တမော ပျော် နေကြတဲ့ ရိုလာကိုစတာကြီးလည်း အိမ်ပေါက်ဝကနေ ငိုနေချင်မှာမဟုတ်ပါဘူး ။ သိမ်းမြစ်ကမ်းနဘေးကနေ သိမ်းထားတဲ့အရာတွေကို ရေမျောပစ်လိုက်ရလို့ဖြစ်မလား ။ ငါတို့ရင်ထဲမှာလည်း သွေးမခြောက်တဲ့ယာတစ်ခင်းပေမယ့် ထွန်ယက်စိုက်ပျိုးခွင့်ရှိတယ် ။ ဘယ်သူတားတား လက်မောင်းမှာခိုတွယ် နေမယ့် သံယောဇဉ်တွေအတွက် ပေးဆပ်ခြင်းဟာ အသစ်ဖြစ်ချင်တာချည်းပဲ ။ ရင်းလိုက်တာက ယင်းတိုက် လိုက်သလို ငါးသေးငါးမွှားပါမကျန်မှတော့ပေမယ့် ကျွတ်ကျွတ်အိတ်တစ်လုံးကလည်း နိုင်ငံတော်သစ်ဖြစ်တယ် ။ပြန်စမယ် ။ ဟောဟိုက အိမ်တံခါးဝက စောင့်ကြိုနေမယ့် အသက်ရှုသံတွေအတွက် ။ အထီးကျန်ဆန်လွန်းခဲ့ တဲ့ အိမ်မက်တွေထဲကနေ ပြန်နိုးထရမယ် ။ နေစရာပျောက်ဆုံးသွားတဲ့ မေတ္တာသုတ်ထဲကနတ်တွေအတွက် မြို့ပြအိမ်ယာစီမံကိန်းတွေ ။ ထောင်လမောင်းကျေအောင် တူးဆွခံထားရတဲ့ မြေယာတွေအတွက် ဦးဏှောက် အခွံတွေချွတ်ပြီး ပြန်လည်ဆေးကျောရမယ် ။ ဒုတိယ ကမ္ဘာစစ်ထဲမှာလို ကျည်ခွံလိုက်ကောက်နေတဲ့ စီးပွားရေး သမားတွေအတွက် စတော့ရှယ်ရာဈေးကွက်တွေဖွင့်ပေးရမယ် ။ ဆွဲဖွင့်လိုက်တဲ့ တံခါးတိုင်း အပြုံးစစ်တွေနဲ့ အဖေလို့အော်ခေါ်သံတွေ ထွက်ကျလာအောင် ။ ဘ၀တွေခြေထားတယ် ။ ဘ၀တွေကြေထားတယ် ။ အနက်ရောင်ခန်းဆီးစမှာ တိတ်တခိုးသုတ်လိုက်တဲ့မျက် ရည်က ဘယ်ဘ၀ထိမှရှေ့ဆက်မလှမ်းနိုင်အောင် ။ ဒီမှာတွေ့လားလက် ။ ဒီလက်ထဲမှာဘာမှ မပါဘူး ။ ကျစ် ကျစ်ပါအောင်ဆုပ်လိုက်တဲ့အခါ ဒီကမ္ဘာကြီးတောင် စက္ကူစုတ်ဖြစ်လို့ရတယ် ။ ငါတို့ရဲ့မျှော်လင့်ခြင်းအလင်း ရောင်မှာ အရောင်တစ်ခုတည်းမဟုတ်ဘူး ။ ခြယ်သပစ်လိုက် ။ ကြည်လင်တဲ့အရောင် ။ ဆွဲခြစ်ချလိုက် ။ ပျော် ရွှင်နေတဲ့ အလင်းရောင် ။ နကန်းတစ်လုံးမှ စာမတတ်တဲ့ သက်တန့်တောင် လူတိုင်းရဲ့နှလုံးသားထဲမှာ အရည် ပျော်တယ် ။ တို့ခေတ်ရောက်ပြီလို့ အော်ဆိုလိုက်ဖို့ အပြင်ထွက်သွားတဲ့ အဖေရဲ့ခြေရာတွေမှာ ကုတ်ခြစ်ရာတွေ ဘယ်လောက်ပါသွားလေမလည်း ။ သူ့ရင်ဘတ်ထဲမှာ ပြိုကွဲနေတဲ့ ဘ၀တွေအတွက် ဘယ်လောက်ထိမျိုသိပ် ထားခဲ့ရမလည်း ။ ဒါပေမယ့် အနမ်းဟာ ခြွေတယ် ။ အနမ်းဟာကြွေတယ် ။ ပြန်ပြန်စလိုက်တဲ့နေ့သစ်တိုင်းမှာ ။ တဖြည်းဖြည်း ကျဲပြန့်သွားရင်း ငုပ်လျှိုးသွားမယ့်နေလုံးကြီးဆီမှာ ။ တို့တတွေပျော်တယ် ။ ခါသီးနေတဲ့ အရသာ ကြားကနေစိမ့်ထွက်လာတဲ့ ချိုမြခြင်းတွေ ။ ငါတို့သူငယ်ချင်း အချင်းချင်းချစ်ခင်မှုဆိုတာ အဖေလက်ထဲကဆွဲ လာမယ့်နိုင်ငံတော်ကြီးလောက် ငါတို့မမက်မောခဲ့ဘူး ။ စွန့်ပစ်လိုက်ရတယ် ။ ငါလည်းစွန့်တယ် ။ အင်း အဖေလည်း စွန့်မှ ။ နူကလီးယားဗုံးတောင် အမေရိကန်ကစတွေ့သွားအောင် ။ ဘာတစ္စတူတာကို ကိုယ်တိုင် လျောက်လဲချက်တင်နိုင်အောင် ။ အခြေအနေဆိုတာ ပြန်ပြန်စခွင့်ရှိတဲ့ ပုတ်သိုးကုန်တွေရဲ့ expired date လို အာဏာရလိုက်ချင်တယ် ။ မြင်ကွင်းဟာကျယ်သွားတိုင်း သစ်ရွက်တို့ရဲ့ ငိုရှိုက်သံကိုတောင်ကြားရတယ် ။ သွေး နွေး သတ္တ၀ါတို့ရဲ့ လွတ်မြောက်ခြင်းမှာ ဆန့်ကျင်ဖက်အရောင်တွေကြောင့် အဖေရဲ့မေးကြောကြီးတွေ ထောင်ထနေခဲ့တာလား ။ သားတို့မသိဘူးအဖေ ။ အဖေထွန်ယက်နေခဲ့တဲ့လယ်ကလေး ပြီးစလွယ် စာရင်းအင်း တွေအောက်မှာ အတင်းအဓမ္မအသိမ်းခံလိုက်ရတာ ။ သားတို့မထင်ဘူးအဖေ ။ တရစပ်ကုတ်ခြစ်နေမယ့် ကြောင်ခြစ်စားပွဲခုံတွေအောက်မှာ မှောက်သွားမယ်ဆိုတာ ။ ရှုလိုက်တဲ့လေတိုင်း အဖေပြန်ဝင်လာဖို့ခွင့်ရှိ အောင် အားရပါးရရှိုက်သွင်း ။ သားတို့မျှော်နေဆဲ ။ အဖေပြန်လာတဲ့အခါ နိုင်ငံတော်ကြီးပါလာမယ်ဆိုတာ ။

1 comment:

  1. နိုင်ငံတော်ကြီးဒီနေ့ပါလာဘီ

    ReplyDelete