Friday, September 18, 2015
သိမှတ်ဖွယ်ရာဆောင်းပါး
“ ကန်ဦး အ ထ က ၏ မှတ်မိသမျှ အမှတ်တရ ” အပိုင်း ( ၁ )
ရေးသူ = ဆရာမကြီး ဒေါ်မေမေကြည်
အမှတ်တရရှိနေဦးမည့် ကန်ဦးကျောင်းတော်
၁၉၄၂ မှ ၁၉၄၃ - ၄၄ တို့သည် ဂျပန်အုပ်စိုးသောခေတ်တွင် ပညာရေး၌ ကမောက်ကမနိုင်လှသည် ။ ယခင်က ဒိုက်ဦးတွင် အင်္ဂလိပ် - မြန်မာ နှစ်ဘာသာသင်ကျောင်းသာမက ဆရာကြီးဦးရွှေမြိုင်၏ ဗုဒ္ဓဘာသာ မြန်မာ အထက်တန်းကျောင်း ၊ ဖအောင်ဝဲရွာ မြန်မာအလယ်တန်းကျောင်းတို့သည် လုံးဝမဖွင့်နိုင်တော့ပဲ ပြွန်တန်ဆာ မြို့ နင်းကြမ်းကျောင်းအုပ်ကြီး ဦးထွန်းတင်နှင့် အထက်တန်းပြဆရာ ဦးအောင်ရွှေတို့ကသင်ပြ၍ စာမေးပွဲဖြေဌာ နမှာ ဒိုက်ဦးမြို့ ဆရာကြီးဦးရွှေမြိုင်၏ အထက်တန်းကျောင်းတွင်ဖြစ်ပါသည် ။ ဆရာဦးသိန်း ၊ ဆရာ ဦးစိုးလှိုင်နှင့် ဆရာမဒေါ်ခင်ကြည်တို့ကား ထိုစာစစ်ဌာနမှ ၁၀ တန်းအောင်မြင်သူများဖြစ်ပါသည် ။
ဒုတိယ ကမ္ဘာစစ်ကြီးပြီးသောအခါ တိုင်းရင်းမြန်မာအထက်တန်းကျောင်းနှင့် အင်္ဂလိပ် မြန်မာ နှစ်ဘာသာသင် ကျောင်းတို့မှာပြန်လည်မဖွင့်တော့ပါ ။ ထိုသို့ဖြစ်သောကြောင့် ပညာတစ်ပိုင်းတစ်စဖြစ်နေသောကျောင်းသားများ နှင့် လူငယ်များတို့၏ နောင်ရေးကိုအလေးထားကြသည့်အတွက် ဒိုက်ဦးတွင် အင်္ဂလိပ် မြန်မာအစိုးရအထက် တန်းကျောင်းတစ်ကျောင်း ဖြစ်မြောက်စေရန်ကြိုးပမ်းခဲ့ကြသည် ။ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများမှာ ဒိုက်ဦးမြို့ ဆန်စက်သူဠေးဦးမြတ်မင်း + ဒေါ်လှိုင် တို့၏သားငယ် ဦးထွန်းတင် ( B.A . B.E.D ) ဖြစ်ပြီး မြို့မိ မြို့ဖလူကြီး များဖြစ်သော ဆရာဦးခင်မောင် ၊ ( ဆရာကြီးဦးထွန်းတင်၏ အစ်ကို ) ။ ဦးတင်လေး ( ဆရာမဒေါ်မြင့်မြင့်စိန်၏ အဘိုး ) ။ ဦးသန့် ( ဆရာဦးစံဝင်းနှင့် ဆရာမဒေါ်တင်သန်းတို့၏ ဖခင် ) ဦးတန် ( ဆရာဦးလှကြည်၏ဖခင် ) ဦး ထွန်းတင် ၊ စသည့်ပုဂ္ဂိုလ်တို့ဖြစ်ပါသည် ။ ဆရာကြီးဦးထွန်းတင်သည် ကျောင်းဖြစ်မြောက်ရေးအတွက် မူလတန်း နှင့် အလယ်တန်းဆရာများပြည့်စုံသော်လည်း အထက်တန်းသင်ကြားရန်အတွက်လိုအပ်နေပါသဖြင့် ဒိုက်ဦးသူဆရာမကြီး ဒေါ်အေးရှင် ( အင်းလျားအဆောင်မှူးမှ TTC ကျောင်းအုပ် ) ဒေါက်တာကေမြရီ ( တက္ကသိုလ်ပါမောက္ခ အငြိမ်းစား ) ဆရာမဒေါ်အုံးမြင့် ( အင်္ဂလန်ရောက် ) တို့အား အေတ္တာရပ်ခံ၍ဖွင့်လှစ်ရာ တွင် ယခုကန်ဦးကျောင်းတိုက်အတွင်းမှ ဦးဘရင် - ဒေါ်မိန်းကလေးတန်ဆောင်းတွင်ယာယီဖွင့်လှစ်ခဲ့ပါသည် ။
ဆရာကြီးသည် စာနှင့်ဝေးနေသောတပည့်များ အဆင့်မှီစေရန်အင်္ဂလိပ်စာကို အချိန်ပိုအခမဲံ့ဖွင့်လှစ်သင်ကြား ပေးခဲ့ရာ တပည့်များစာတော်ကြပါသည် ။ အထက်မှလာရောက်စစ်ဆေးပြီး အ ထ က အဖြစ်အသိအမှတ်ပြုပေး ပါသည် ။ အထက်တန်းတွင်ဆရာကြီး ဦးထွန်းတင် ၊ဆရာမ ဒေါ်ကေမြရီ ၊ ဒေါ်အုံးမြင့်တို့ သင်ကြားပေး၍ ဒေါ် အေးရှင်မှာ သူ၏မိခင်ကျောင်းသို့ ပြန်သွားရပါသည် ။ အလယ်တန်းတွင် ဆရာကြီးဦးသာဒွန်း ၊ဆရာဦးဘအုံးတို့ စတင်သင်ကြား၍ မူလတန်းတွင် ဆရာကြီးဦးကြိုင် ၊ ဆရာ ဦးဘိုးအေး ၊ ဆရာမ မစ္စစတာလင်တို့ဖြစ်ပြီး ၁၉၄၅ နိုဝင်ဘာတွင် စတင်ခဲ့ပါသည် ။
“ ကန်ဦး အ ထ က ၏ မှတ်မိသမျှ အမှတ်တရ ” အပိုင်း ( ၂ )
ရေးသူ = ဆရာမကြီး ဒေါ်မေမေကြည်
ကျောင်းသားများ တိုးတက်လာ၍ အထက်တန်းတွင်ဆရာဦးချမ်း မူလတန်းတွင်ဆရာမဒေါ်မြရင် ဆရာမ ဒေါ်ဖွားမေတို့သည် ၁၉၄၅ ခုဒီဇင်္ဘာတွင် ၀င်ရောက်ခဲ့ပြီး ၁၉၄၆ ခုနှစ်ဇန်န၀ါရီတွင် ဆရာမဒေါ်ခင်ကြည် ၀င် ရောက်သင်ကြားခဲ့ပါသည် ။ ဒေါက်တာဒေါ်လှကြည်သည် ဆေးတက္ကသိုလ်ပိတ်ချိန် ဒိုက်ဦးပြန်ရောက်တိုင်း အ ထက်တန်း၌ သင်္ချာဘာသာရပ်ကို စိတ်ရောကိုယ်ပါရှင်းလင်းသင်ပြပေးခဲ့သူဖြစ်ပါသည် ။ ကျောင်းအုပ်ဆရာကြီး ဦးထွန်းတင်နှင့် ပေါင်းစည်းဝိုင်းဝန်း၍ ပညာသင်ကြားပို့ချပေးခဲ့ကြသော ဆရာ ဆရာမများမှာ ဆရာဦးကြိုင် ၊ ဆ ရာဦးသာဒွန်း ၊ ဆရာဦးဘအုန်း ၊ ဆရာဦးဘိုးအေး ၊ ဆရာဦးချစ် ၊ ဆရာဦးစိန် ၊ ဆရာဦးဘလွင် ၊ ဆရာမဒေါက် တာကေမြရီ ၊ ဒေါက်တာဒေါ်လှကြည် ၊ ဒေါ်အုံးမြင့် ၊ မစ္စတာ စတာလင် ၊ ဒေါ်မြရင် ၊ ဒေါ်ခင်ကြည်တို့ဖြစ်ကြပါ သည် ။ ထိုအချိန်ကာလတွင် ကျောင်းတွင်ပညာသင်ကြားရေးကို အဓိကထားဆောင်ရွက်ကြပြီး ကျောင်းပြင်ပ လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ခြင်းမရှိသေးချေ ။
ဆရာကြီးဦးထွန်းတင်တာဝန်ယူအုပိချုပ်သည့်နောက်ပိုင်းတွင် ဆရာကြီးနှင့်အတူ တာဝန်ယူကြသော ဆရာ ဆရာမအချှိုသည်လည်း ကျောင်းတော်ကြီးတွင် ပညာသင်ကြားမှုတည်ငြိမ်၍ အရှိန်ရလာပြီဖြစ်သည့်အတွက် မိမိတို့ဘ၀တိုးတက်ရေးအတွက် အလုပ်ဌာနသစ်များသို့ပြောင်းရွေ့သွားကြသဖြင့် ဆရာကြီး ဆရာ ဆရာမများ သည်လည်း အသစ်ပြောင်းလဲလာလေသည် ။ တာဝန်ဆက်လက်ထမ်းဆောင်သည့်ကျောင်းအုပ်ကြီးမှာ ဦးအောင်ရွှေဖြစ်ပြီး ပူးတွဲ၍ ထပ်မံအားဖြည့်တာဝန်ထမ်းဆောင်ကြသောဆရာ ဆရာမများမှာဆရာ ဦးပု ၊ ဆရာ ဦးသိန်းမောင် ၊ ဆရာဦးစိုးလှိုင် ၊ ဆရာဦးအောင်ခင် ၊ ဆရာမ ဒေါ်ငွေတင် ၊ ဆရာမဒေါ်အေးကြည်တို့ဖြစ်ပါသည် ။ ထိုအချိန်တွင် ကျောင်းတွင်းပညာရေးကို အလေးပေးဆောင်ရွက်ရင်း ကျောင်းပြင်ပလှုပ်ရှားမှုများအဖြစ် အမျိုး သားအောင်ပွဲနေ့အခမ်းအနား ၊ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည် ပူဇော်ပွဲအခမ်းအနားများတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်ကြသည် ။
ဆရာကြီးဦးအောင်ရွေသည် တိုင်းပညာဝန်အဖြစ်တာဝန်ပြောင်းလဲထမ်းဆောင်သွားသောအခါ ဆရာကြီး ဦး မောင်မောင် သည် ကျောင်းအုပ်ကြီးအဖြစ်ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ပါသည် ။ ထိုအချိန်တွင်ဆရာကြီးဦး အောင်ရွှေလက်ထက်က ဆရာဆရာမများအပြင် ကျောင်းသားဦးရေတိုးလာသည်နှင့်အမျှ ဆရာ ဆရာမများ လည်းတိုးလာခဲ့ပါသည် ။ ထပ်မံဝင်ရောက်လာသည့် ဆရာ ဆရာမများမှာ ဆရာဦးချစ်ဆွေ ၊ ဆရာဦးအောင်သန်း ၊ ဆရာဦးခင်ဆွေ ( ပန်းချီ ) ၊ ဆရာဦးအောင်သိန်း ( ကာယ ) ၊ ဆရာဦးသိန်း ၊ ဆရာဦးဘိုး ထွန်းတို့ဖြစ်ပါသည် ။( ဆရာကြီး ဦးမောင်မောင်လက်ထက်တွင် ကျောင်းသားသမဂ္ဂကို ကျောင်းသားများစည်းရုံး လှုပ်ရှားတည်ထောင်နိုင်ကြ၍ ကျောင်းတွင်းကျောင်းပြင်လှုပ်ရှားမှုများ၌ ကျောင်းသားသမဂ္ဂကိုပါဝင်လှုပ်ရှားခြငိး ဖြင့် အောင်မြင်မှုများ ရရှိခဲ့ပါသည် ။ )
ဆက်ရန် ( ၃ )
“ ကန်ဦး အ ထ က ၏ မှတ်မိသမျှ အမှတ်တရ ” အပိုင်း ( ၃ )
ရေးသူ = ဆရာမကြီး ဒေါ်မေမေကြည်
ဆရာကြီးဦးမောင်မောင်သည် အခြားဌာနသို့ တာဝန်ပြောင်းလဲထမ်းဆောင်သွားသောအခါ ဆရာကြီးဦးတင့်မှ ဆက်လက်တာဝန်ယူပါသည် ။ ထိုအချိန်တွင်ကျောင်းသားဦးရေ တိုးတက်များပြားလာသဖြင့် ကန်ဦးဓမ္မာရုံ အပြင် မဦးတန်ဆောင်း ၊ ဓမ္မာရုံတောင်ဘက်ရှိဇရပ် ၊ ဘုရားအနောက်ဘက်ရှိဇရပ်တို့သို့ နေရာတိုးချဲ့သင်ကြား ကြရပါသည် ။ မူလတန်း အလယ်တန်း အထက်တန်းတွင် ဆရာ ဆရာမစုံစုံညီညီနှင့် တိုးတက်သော ကာလသည်ဟု လည်းဆိုနိုင်ပါသည် ။ ဤကျောင်းထွက် ဆရာ ဆရာမငယ်များလည်း ပါဝင်အမှုထမ်းကြပါသည် ။ ဆရာကြီးဦးတင့်ကား အန္တလေးမှပြောင်းလာသူဖြစ်၍ “ မန်းတင့် ” ဟုခေါ်ကြပြီး ဆရာကြီး ဦးပုကို “ ဗိုလ်ပု ” ဟုခေါ်ကာ ကြောက်ရွံ့ရိုသေကြပါသည် ။တခါတရံကျောင်းအစည်းအဝေး၌ ဆရာကြီးဦးတင့်နှင့် ဆရာဦးပုတို့ ၏ အချီချပြောကြဆိုကြရာ ဆရာ ဆရာမ အလတ် အငယ်တို့မှာဝင်လည်းမပြောဝံ့ ထွက်လည်းမသွားရဲ ထမင်း ကလည်းဆာနှင့်အကြပ်တွေ့ကြပါသည် ။ ထိုအခါ အရာရာကိုကဗျာဖွဲ့တတ်သောဆရာမဒေါ်ခင်ကြည်သည် စာ ရွက်စုတ်တစ်ခုတွင် ကဗျာတစ်ပုဒ်ရေး၍ လက်ဆင့်ကမ်းလိုက်ရာ စိတ်ပျက်နေသူအားလုံးပြုံးလာကြပါသည် ။ ထိုကဗျာစာရွက်ကိုဆရာမဒေါ်ပုတင်က ယနေ့ထိသိမ်းထား၍ ဖတ်ရှုကြရသဖြင့် ထိုခေတ်၏ ကြေးမုံပြင်ကိုထင် ဟပ်မိပါသည် ။ ထိုကဗျာတိုလေးမှာ . . . . .
“ မန်းတင့်ကလေမှုတ်လို့ ၊
ငုတ်တုတ်ကွဲ့ ဒို့တတွေ ငေးလို့သာနေ
ဗိုလ်ပုကလေရှေရှေ ၊ မှိုင်လေတဲ့လှိုင်ကြီး
ညွန့်မောင်မောင် ချောင်မှာကုတ်တယ်
ရှုပ်လို့မပြီး ။ ” ဟူ၍ ဖြစ်ပါသည် ။
“ မန်းတင့် ( ကျောင်းအုပ်ဆရာကြီး ဦးတင့် ) ဗိုလ်ပု ( ဆရာကြီးဦးပု ) လှိုင်ကြီး ( ဆရာဦးစိုးလှိုင် ) ညွန့်မောင် မောင် ( ဆရာဦးညွန့် ) ” ဤသို့ဖြင့် တက်ကြွဖွယ် ၊ စိတ်ပျက်ဖွယ် ၊ ပျော်ရွှင်ဖွယ် ၊ တို့ဖြင့်ရောပြွမ်းနေသော( အ ထ က ) အစ၏ သမိုင်းစဉ်ဖြစ်ထွန်းရာကား “ ကန်ဦးမည်ခေါ် ရွှေကျောင်းတော်ကြီး ” ပင်ဖြစ်ပေသည် ။
ဆက်ရန် ( ၄ )
“ ကန်ဦး အ ထ က ၏ မှတ်မိသမျှ အမှတ်တရ ” အပိုင်း ( ၄ )
ရေးသူ = ဆရာမကြီး ဒေါ်မေမေကြည်
ထိုကျောင်းတော်ကြီးမှပင်ထူးချွန်သောပုဂ္ဂိုလ်ကြီးများပေါ်ထွက်ခဲ့ပါသည် ။ ထူးချွန်ပုဂ္ဂိုလ်ကြီးများမှာ --( ဒေါက်တာ သိန်းအောင် ) ပဲခူးကောလိပ်ကျောင်းအုပ်ကြီးငြိမ်း ။ ဦးဝင်းစိန် ( အကောက်ခွန်အရာရှိ ငြိမ်း ) ။ ၀ဏ္ဏ ကျော်ထင် ဦးလှမြင့် ( မြေတိုင်းဝန်ထောက် ငြိမ်း ) ။ ဗိုလ်မှူးကြီး မျိုးဆွေ ။ ဦးသိန်းအောင်( ခေါ် ) ဦးလွင် ( ရန် ကုန်တိုင်းကောင်စီ ဥက္ကဌ ) ။ ဦးကံညွန့် ( ပန်တျာကျောင်းအုပ်နည်းပြဆရာ ) ။ ဗိုလ်မှူးခင်မောင်ကြည် ။ ဒုတိယ ဗိုလ်မှူးကြီးတင်မြင့် ။ ဗိုလ်မှူးဘ၀င်း ( ဆသရ ညွန်ချုပ် ငြိမ်း ) ။ ဦးလှဖေ ( ထောင်ပိုင်ငြိမ်း ) ။ ဦးကြီးလှိုင် ( ရဲမှူး ငြိမ်း ) ။ ဦးတင်နု ( လက်ထောက် အထွေထွေမန်နေဂျာ မြန်မာ့သစ်လုပ်ငန်း ငြိမ်း ) ။ ဗိုလ်မှူး ဒေါ်ယဉ်ယဉ်မွန် ။ ဦးသိမ်းဟံ ( မြန်မာ့အသံ ) ။ ဦးဝင်းနိုင် ( အ ထ က ဗိုလ်တစ်ထောင်ကျောင်းအုပ်ကြီးငြိမ်း ) ။ စောသတိုးအောင် ( ဆည်မြောင်းဝန်ထောက် ကွယ်လွန် ) ။ တို့ဖြစ်ကြပါသည် ။ ( ထူးချွန်ပုဂ္ဂိုလ်များဖေါ်ပြရာ တွင် ကျန်ရစ်ခဲ့ပါက ရှာဖွေတင်ပြသူအားခွင့်လွှတ်ပါရန် အနူးညွတ်ပန်ကြားအပ်ပါသည် ။ )
ကန်ဦး အ ထ က မှာတစ်နေ့တခြားဘက်စုံအောင်မြင်တိုးတက်ခဲ့သော်လည်း စာသင်ရာမှာကြပ်တည်းလာပါ သည်။ မြို့မိမြို့ဘများကလည်းကျောင်းရရေးကြိုးစားကြပါသည် ။ မိဘဆရာအသင်းဥက္ကဌ ဦးတင့်လေးနှင့် ဦး တင့်လေး၏ တူတော်သူ ဦးထွန်းအောင် ( ဖ ဆ ပ လ အမတ် ၊ ၀န်ကြီးချုပ်ဦးနု၏ အတွင်းရေး အတွင်းဝန် ) တို့ သည် ဒိုက်ဦးမြို့၏ တိုးတက်ရာတိုးတက်ကြောင်းကိုအစဉ်နည်းလမ်းရှာဖွေနေသူများဖြစ်ပါသည် ။ ၁၉၅၂ ခုနှစ် တွင် ၀န်ကြီးချုပ်ဦးနုသည် ပါလီမန်ရွေးကောက်ပွဲအကြိုအဖြစ် လှည့်လည်ဟောပြောရာမှ ဒိုက်ဦးမြို့သို့ရောက် ရှိလာရာ တရားဟောပြောပွဲကို ကျင်းပခဲ့ပါသည် ။ တရာပွဲကျင်းပရာနေရာသည် ဒိုက်ဦးတွင်ကျောင်းမရှိ၍ ဤဓ မ္မာရုံတွင်ဖွင့်လှစ်ထား တရားဟောပြောပွဲရှိတိုင်း ကျောင်းကိုပိတ်ပေးပြီးမှ နေ့စားပြန်တက်ရပါကြောင်း ၊ သို့သော် ကျောင်းသားကျောင်းသူများအလွန်ပညာတော်ကြပါကြောင်း ၊ သို့ပါ၍ ၀န်ကြီးချုပ်အနေဖြင့် ပညာရေးကိုမြှင့် တင်သော်အားဖြင့် အထက်တန်းကျောင်းတစ်ဆောင်ဆောက်လုပ်ခွင့်ပြုပေးသင့်ပါကြောင်းစသည့်လိုအပ်ချက် များကို ဦးထွန်းအောင်မှအစပျိုးကာ လူကြီးများက၀ိုင်းဝန်းပြောဆိုကြရာ ၊ ၀န်ကြီးချုပ်က မှတ်သားသွားပြီး ( ထို အချိန်သည် မြန်မာပြည်တစ်ပြည်လုံးကျောင်းဆောက်လုပ်ခွင့်အားလုံးပိတ်ထားချိန်ဖြစ်ပါသည် ။ ) မကြာမှီ ကျောင်းသား ၈၀၀ ဆန့် E ပုံသဏ္ဍန်ကျောင်းဆောက်ခွင့်ကို ( အထူးခွင့်ပြုချက်ဖြင့် ) ချပေးခြင်းပြုခဲ့သဖြင့် ယခု လက်ရှိ အ ထ က ကျောင်းကြီး ဆက်လက်ရှင်သန်လာရပါသည် ။
နိုင်ငံတော်က ကျောင်းဆောက်ရန်ခွင့်ပြုမိန့်ရသောအခါ မြေနေရာအတွက် ကျောင်းဖြစ်မြောက်ရေးကော်မတီ ရွှေပန်းထိမ်ဆရာကြီး ဦးစိန်ဘန်း + ဒေါ်သင်းကြူတို့ထံမှ မြေ ၂ ဧက၀ယ်ယူ၍ ၁ ဧကကိုစေတနာထက်သန်စွာ လှူဒါန်းခဲ့ပါသည် ။ တဖန်ကွင်းဆင်းတိုင်းတာရာ မြေနေရာကျဉ်းနေ၍ နောက်ထပ် ၂. ၄၂၉၇ ဧကကိုထပ်မံ ၀ယ်ယူခဲ့ပြီးမှ ကျောင်းဆောက်လုပ်ရေးကိုစိုင်းပြင်းခဲ့ရပါသည် ။ ရေပြင်ဖွေးဖွေး မြို့နှင့်မနီးမဝေး လယ်ကွက်ကို ယခုအခြေအနေရောက်အောင် တစ်နှစ်နီးပါးမြေဖို့၍ မြေသားသေအောင်ထားပြီးမှ ကျောင်းအဆောက်အဦးကို စတင်ခဲ့ရာ ကျောင်းပတ်လည်မြေဖို့ရသောစရိတ်လေးသောင်း ၊ ကျောင်းအဆောက်အဦးတွက်စရိတ် သုံးသိန်း ရှစ်သောင်းကုန်ကျခဲ့ပါသည် ။ ဤသို့အားဖြင့် စစိပြီးခေတ် ကန်ဦးအထက်တန်းကျောင်း ယင်းမှသည် ယနေ့ဝံ့ ကြွားလှသော အစိုးရအထက်တန်းကျောင်းကား “ ဇာတိတည်ရာ အောင်မြေသာ ” ဖြစ်ခဲ့လျက် ၊ ၂၀ - ၅ - ၅၅ ခုနေ့တွင် ယခု အထက်တန်းကျောင်းတော်ကြီးကို ပညာရေးကြီးဝန်ကြီး ဦးသန်းအောင်ကိုယ်တိုင်ဖွင့်လှစ်ပေး ခဲ့ပါသည် ။ ကျောင်းသူ ကျောင်းသားတို့၏ အနုပညာတင်ဆက်မှုများနှင့် ပျော်ပွဲ ရွှင်ပွဲများ ၂ ညမျှဖြင့်ကပြ တင်ဆက် ပြီး ပျော်ရွှင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းသည် “ ကန်ဦး ၀ိဟာရ ကျောင်းတော်သာ” နှင့်တကွ ဆရာကြီးဦးထွန်းတင် ၊အမတ်မင်း ဦးထွန်းအောင်တို့ကိုကား ဆယ်သက်ဆယ်ကမ္ဘာမမေ့အပ်ပါပေ ။
( ကန်ဦး အ ထ က ၏ သမိုင်းကြောင်းကို လက်လှမ်းမှီသမျှ တင်ပြထားခြင်းဖြစ်ပါသည် ။ )
ဆက်ရန်ရှိပါသေးသည် ။ ( စာရိုက်သူ )
Labels:
essay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment