Saturday, September 26, 2015

မေမေ့ အက်ဆေး

ကောလိယသူ ဆရာမမိုးမိုး ( အင်းလျား )အကြောင်းကို သမီးဖြစ်သူ မသွယ်သွယ်မျိုးညွန့်မှ ရေးသားထားခြင်းဖြစ်ပါသည် ။ မေမေဆုံးတာ ၂၅နှစ်ပြည့်အမှတ်တရ ရေးဖြစ်တဲ့ ပြည်သူ့အရေးက ဆောင်းပါးလေးပါ။ မေမေ့ အက်ဆေး မတ်လ ၁၃ ရက်နေ့ဆိုတာ ဖုန်းမော် ကျဆုံးတဲ့နေ့ ဖြစ်သလို ကျွန်မ မေမေ ဆုံးပါးတဲ့နေ့လည်း ဖြစ်ပါတယ်။ နောက်ထပ် တိုက်တိုက် ဆိုင်ဆိုင် မှတ်မိနေတာတစ်ခုက ရုပ်ရှင်မင်းသား ပြေငြိမ်း ကွယ်လွန်တဲ့နေ့လည်း ဖြစ်ပါတယ်။ ဆုံးပါးတဲ့ နှစ်တွေ မတူကြပေမယ့် ဆုံးပါးတဲ့ ရက်တွေကတော့ တစ်ရက်တည်း အတူတူပါ။ မေမေ မရှိတော့တာ ဒီနှစ်ဆိုရင် ၂၅ နှစ် ပြည့်ပါပြီ။ ကိုယ်ရောက်နေတဲ့ နေ့ရက်အချိန်ကနေ နောင် ၂၅ နှစ် ကြာတဲ့ အခါလို့ တွေးကြည့်လိုက်တော့ အဝေးကြီး အများကြီး လိုသေးတယ်လို့ ထင်ရပေမယ့် ကုန်လွန်သွားတဲ့ ၂၅ နှစ်တာကို ပြန်တွေးကြည့်လိုက်ရင်တော့ မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့တယ်လို့ ထင်ရပြန် ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်တာ အချိန်အခါက ကျွန်မ အမေနဲ့ ပျော်ပျော်ကြီး နေခဲ့ဖူးပါတယ်။ ကျွန်မတို့ မေမေ မေမေ့ ကလောင်နာမည်က မိုးမိုး (အင်းလျား) ဖြစ်ပြီး နာမည်ရင်းက စန်းစန်းဖြစ်လို့ စာမရေးခင်ကတည်းက သိကျွမ်းသူတွေ၊ မွေးရပ်မြေ ဒိုက်ဦးက သူတွေက အစန်းလို့ ခေါ်ကြပြီး စာရေးပြီးမှ သိကျွမ်းသူတွေကတော့ မမိုးလို့ ခေါ်ကြပါတယ်။ မေမေ့မှာ မွေးချင်းဆိုလို့ မေမေ့ရဲ့ အဖေတူ အမေကွဲ မောင်နှမဖြစ်တဲ့ ပဲခူးမှာနေတဲ့ ဘဘ ဦးမြင့်သိန်းတို့ မိသားစုပဲ ရှိတာမို့ ကျွန်မတို့တွေက ငယ်ငယ်ကတည်းက ဖေဖေ့ဘက်ကဆွေမျိုးများရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာကြရပါတယ်။ ကျွန်မတို့ မေမေက စိတ်ဆိုး ဒေါသနဲ့အော်ဟစ် ပြောဆိုတာမျိုး ကျွန်မတော့ မကြုံဖူးဘူးလို့သာ မှတ်မိပါတယ်။ ကျွန်မ သူငယ်ချင်းတွေကတော့ နင့်မေမေက မျက်နှာတည်လို့ ကြောက်တယ်လို့ ပြောတဲ့ သူက ပြောပါတယ်။ ကျွန်မတို့ငယ်ငယ်က မေမေ ဆုံးမတဲ့ အခါ တကယ့်ကိုရှားရှားပါးပါး ခြောက်လက်မပေတံကလေးနဲ့ တစ်ခါတလေမှသာ လက်ဖ၀ါးကို မနာမကျင် တစ်ချက် နှစ်ချက် ရိုက်တတ်လို့ မေမေ့သူငယ်ချင်းတွေက မေမေ့ကို မိုးမိုးက သူ့ကလေးတွေ ရိုက်တာ ခြောက်လက်မပေတံနဲ့လို့ ရယ်စရာ ပြောကြရပါတယ်။ အိမ်ရှင်မ မေမေ မေမေ့ကိုကြည့်ရင် အေးအေးဆေးဆေးနဲ့ အိမ်မှုကိစ္စတွေ သိပ်မလုပ်ဘူး ထင်ရပေမယ့်လည်း ဟင်းချက်ကောင်းလို့ မေမေ ချက်ကျွေးတဲ့ ဟင်းတွေကို အခုထိ သတိရမိပါတယ်။ အမဲသားကို နူးအောင်ပြုတ်ပြီး အမျှင်လေးတွေပြန်ဖွ ငရုတ်သီးနဲ့ ပြန်ကြော်တာ၊ ၀က်သားနဲ့ ကြက်ဥပေါင်းတာ၊ ဘဲသားနဲ့ ကြံမဆိုင်ချက်၊ ၀က်နံရိုးချက်တွေ သိပ်စားလို့ ကောင်းပါတယ်။ ကြေးများတတ်တဲ့ ကျွန်မအတွက် ငါးခူနဲ့ ရဲယိုရွက်ချက်တဲ့အခါ ရဲယိုရွက်ဖယ်ပြီး ချန်ထားပေးတတ်သလို ငါးဟင်းချက်ရင်လည်း ငါးကို သတ်သတ် ကြော်ပေး တတ်ပါသေးတယ်။ ဘာကိုပဲလုပ်လုပ် အလှအပနဲ့ တွဲဖက်ရတာ ၀ါသနာပါလေတော့ ထမင်းဟင်း ပန်းကန်တွေကို အကြီးအသေး အစုံ အပွင့် ဆင်တူ ၀ယ်စုထားပါတယ်။ မုန့်ဟင်းခါး ချက်ဖို့အတွက်ဆိုပြီး မုန့်ဟင်းခါး အိုးသေး လေးတောင်ဝယ်လိုက်သေးတာပါ။ ကျွန်မတို့ ကျောက်မြောင်း အိမ် ဘေးခန်းမှာနေတဲ့ အိမ်ရှင်ကဆို မမိုး မုန့်ဟင်းခါး တစ်အိုးချက်တာ ဘာသံမှ မကြားလိုက်ဘူး ငါတို့အိမ်တော့ ဟင်းချက်ရင်တောင် ဆူညံနေတာလို့ ပြောဖူးပါတယ်။ ဧည့်ခန်းမှာ ပန်းအိုးတစ်အိုး အမြဲထိုးထားတတ်ပြီး ပန်းစိုက်တဲ့ ဆူးတုံးလေးတွေ ခံပြီး ပန်းအလှဆင်ပါသေးတယ်။ ကျောက်မြောင်းအိမ်မှာ အိမ်ရှေ့ မြေကွက်လပ် သေးသေးလေးရှိတော့ ပန်းအိုးတွေနဲ့ ပန်းစိုက်ပါတယ်။ ရွက်လှ၊ ပိန်းပန်းနဲ့ ငါးရိုးအရွက်တွေ စိုက်ပါတယ်။ ညနေ ဘက်ဆိုရင် ပန်းအိုးတွေနား ရောက်သွားတတ်ပြီး ကျွန်မ တို့က မေမေ ခြံထဲ ဆင်းတော့မလားလို့ နောက်ကြပါတယ်။ အိမ်ရဲ့ သစ်သားနံရံတွေက အစိမ်းရောင်ဆေး သုတ်ထားတာမို့လို့ ဧည့်ခန်းမှာ ဆိုဖာအစွပ်တွေနဲ့ ခန်းဆီးကို တစ်ရောင်တည်း ဆင်တူ အစိမ်းရောင်ခြယ်ပါတယ်။ အမေ့စာ မေမေ စာရေးတာနဲ့ ပတ်သက်လို့ ငယ်ငယ်က မှတ်မိတာ တစ်ခုကတော့ သမ္မတ ဟိုတယ်မှာ သွားပြီး စာသွားရေး တာကိုပါ။ စာရေးနေတဲ့ မေမေ့ဆီ တစ်ခါတလေ လိုက်သွား ပြီး အဲဒီအချိန်က ရှားပါးတဲ့ ဟော့ဒေါ့ဂ် ၀ယ်ကျွေးခိုင်း ပါတယ်။ ကျွန်မတို့ဖေဖေကတော့ မေမေ စာရေးဖို့ လိုအပ်တာကို ကောင်းကောင်း ပံ့ပိုးပေးတတ်သူဖြစ်ပြီး ခရီးသွားလို့ပဲ စာရေးဖြစ်သလား၊ စာရေးဖို့ပဲ ခရီးသွားသလား မသိရ ပေမယ့် မေမေနဲ့သွားဖူးတဲ့ ခရီးတော်တော်များများက မေမေ့ဝတ္ထုပုံရိပ်တွေ ဖြစ်လာပါတယ်။ “ခံတက်နုလေးတွေ ညှိုးချိန်တန်တော့” စာအုပ်အတွက် ဇေယျဝတီ သကြားစက်ကို သွားလေ့လာတော့လည်း ကျွန်မတို့ ကလေးတွေ ပါသလို “မီးရောင်အောက်ကို ၀င်သည်” စာအုပ်အတွက် နဲ့လည်း အန်တီဂရေ့စ် (ဆွေဇင်ထိုက်) တို့အိမ်ကို လိုက်သွားပြီး အန်တီ့သမီး မနွေးနွေးနဲ့ သိကျွမ်းခဲ့ရဖူးပါတယ်။ “မသုဓမ္မစာရီ” ၀တ္ထုဖြစ်လာစေတဲ့ ကျိုက်ဝိုင်းက သာသနော ဒယ သီလရှင်ကျောင်းမှာ မေမေ သီလရှင်ဝတ်ခဲ့တာကို အမှတ်တရနဲ့ ကျွန်မလည်း သီလရှင် ၀တ်ခဲ့ဖူးပါတယ်။ “ဝေမလိုနဲ့ကြွေ ကြွေမလိုနဲ့ဝေ” ဆိုရင် မိုးကုတ်မြို့ကို အခြေခံပြီး “ငပလီ ဇာတ်လမ်း” ၀တ္ထုကိုဖတ်ဖူးတဲ့ သံတွဲမှာနေတဲ့ ကျွန်မသူငယ်ချင်းက သူတောင်ငပလီအကြောင်း ဒီလောက် မသိဘူးလို့ ဆိုလာပါတယ်။ မေမေ စာရေးတဲ့အခါ လက်နှိပ် စက်ရိုက်ပြီး စာရေးပါတယ်။ ကျွန်မကိုလည်း မေမေ့လိုပဲ စာရေးစေချင်လားတော့ မသိပါ။ မေမေက ကျွန်မကို လက်နှိပ်စက် သင်ပေးခဲ့ပါတယ်။ မေမေ့ ကျေးဇူးနဲ့ပဲ နောက်ပိုင်း ကွန်ပျူတာ သင်တော့ လက်ကွက်တွေနဲ့ မြန်မြန်ဆန်ဆန် ရင်းနှီးခဲ့ရပါတယ်။ အမေနဲ့သမီး မေမေ့သူငယ်ချင်းတွေက နင့်သမီးက နင်နဲ့ တစ်ပုံတည်းပဲလို့ ကျွန်မရှေ့မှာ ပြောတဲ့အခါတိုင်း ကျွန်မ သိပ်သဘော ကျရပါတယ်။ မေမေရဲ့ ခင်မင်ရတဲ့ သူငယ်ချင်းတွေထဲမှာ အန်တီ စန်းစန်းတင်၊ အန်တီ နီတာ၊ အန်တီမာလာ တင်တို့ကတော့ မေမေနဲ့ တွေ့ကြဆုံကြတာ များပါတယ်။ အန်တီနီတာတို့ အန်တီမာလာတင်တို့ အိမ်တွေကို သွားလည်တတ်ပြီး မေမေ့ဆီကိုလည်း လာလည်တတ်ကြပါတယ်။ သူတို့တွေ စကားပြောကြ စကြ နောက်ကြတာကို ကြည့်ပြီး ကျွန်မက အနားကနေ စားလိုက်သောက်လိုက်နဲ့ အတူ ပျော်ခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ မေမေက တစ်ခါတလေ ဂစ်တာကို တီးတတ်သလောက် တီးပြီး စီးကရက်ကို ဟန်ပါပါနဲ့ သောက်တတ်ပါသေးတယ်။ ကျွန်မ ငယ်ငယ်က ကျောင်းအပ်လို့ အမေ အလုပ်အကိုင်ကို ဖြည့်လိုက်ပြီဆိုတာနဲ့ ဆရာ၊ ဆရာမတွေရဲ့ ချစ်ခြင်းကို စပြီး ရလိုက်တော့တာပါပဲ။ အဲဒီ ကံကောင်းခြင်းက အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်တက်တဲ့ အချိန်ထိအောင် နောက်ဆုံး မေမေ ဆုံးပြီးလို့ ခုလို ၂၅ နှစ်တာ ကြာလာတဲ့အထိအောင် ကျွန်မအတွက် မေမေ ပေးခဲ့တဲ့ အမွေတစ်ခုပါ။ မေမေ့သမီးလို့ ဆိုလိုက်ရင် ကူညီ ဖေးမသူ အားပေးချစ်ခင်သူတွေ တွေ့ရ ဆုံရတတ်ပါတယ်။ မေမေ ရှိစဉ်မှာလည်း မေမေ့ရဲ့ သားသမီးအပေါ် ဆက်ဆံမှုကို ကျေနပ် နှစ်သက်မိရပါတယ်။ မိုးကုတ်မြို့မှာ သူငယ်ချင်းတွေ ရခဲ့တာမို့ မကြာခဏ ဆိုသလိုပဲ မိုးကုတ်ကနေ စာတွေ လာတတ်ပါတယ်။ ကျွန်မဆီ စာတွေလာတိုင်း မေမေက ဖွင့်ဖောက်မဖတ်ဘဲ စာလာရင်ထားတဲ့ နေရာလေးမှာ ထားထားပေးတတ်ပါတယ်။ တစ်ခါမှာ ကျွန်မ သူငယ်ချင်းတွေက ကျွန်မကို သူတို့နဲ့ အပြင်လိုက်ခွင့် ရအောင်လို့ မေမေ့ဆီ လိုက်ပြီး ခွင့်တောင်း ကြပါတယ်။ နောက်တော့ ကျွန်မကို မေမေက ပြောပါတယ်။ ဘယ်ကိစ္စ မဆို သူများတွေကို ခွင့်မတောင်းခိုင်းဘဲ ကိုယ်တိုင်ပဲ သွားသင့် မသွားသင့် ဆုံးဖြတ်ပြီး အမေကို ပြောဖို့သင်ပါတယ်။ ကျွန်မ စက်ချုပ်သင်တော့ ကျွန်မအတွက် စက် တစ်လုံးဝယ်ပေးပြီး စက်ချုပ်ဆိုင်တွေမှာ ထားသလို ချည်ရောင်စုံ ၀ယ်ပေးပြီး အောက်ချည်ထည့်တဲ့ လွန်းတွေကိုပါ အများကြီး ၀ယ်ပေးပါတယ်။ ပြီးတော့ ကျွန်မကို ယုံယုံ ကြည်ကြည်နဲ့ အစတွေဝယ်ပြီး သူ့အင်္ကျီတွေ ချုပ်ခိုင်းတော့တာပါ။ ပြီးတော့ ကျေကျေနပ်နပ်ဝတ်ပြီး မိတ်ဆွေတွေကို သမီး ချုပ်ပေးတာလို့ ကြွားပါတယ်။ ပြီးတော့ ချည်တွေ ပြန်ဝယ်နိုင်အောင်ဆိုပြီး ချုပ်ခပါ ပေးလိုက်ပါသေးတယ်။ ဒါနဲ့ ကျွန်မလည်း လမ်းထဲက သူငယ်ချင်းတွေ အင်္ကျီပါ ချုပ်ပေးရဲတဲ့အထိ ဖြစ်သွားပါတယ်။ ကျွန်မရဲ့ စက်ချုပ် အတွေ့အကြုံလေးကို အခြေခံပြီး ၀တ္ထုတို တစ်ပုဒ်ရေး ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ မေမေက စံပယ်ဖြူမှာ အယ်ဒီတာ လုပ်နေတော့၊ ကျွန်မ ၀တ်္ထုလေးကို ပြင်ဆင် တည်းဖြတ်ပြီး စံပယ်ဖြူ ကလောင်သစ်ကဏ္ဍမှာ ဖော်ပြခွင့် ရခဲ့ပါတယ်။ မေမေကိုယ်တိုင် ပြင်ဆင် တည်းဖြတ်ပေးတဲ့ ကျွန်မရဲ့ ပထမဆုံး ၀တ်္ထုလေးပါ။ မေမေ ဆုံးချိန် အမေ့ရဲ့ သမီးဖြစ်ပေမယ့်လည်း အမေ့စနစ်ကျနမှုကိုတော့ ခြေဖျားတောင် မမီနိုင်ပါဘူး။ မေမေ ဆုံးပြီးတော့ မေမေ့ရဲ့ စာမူစာရင်း မေမေ့ရဲ့ဓာတ်ပုံ မိသားစုဓာတ်ပုံတွေက အထူး တလည် ရှာဖွေစုဆောင်းမနေရဘဲ စနစ်တကျနဲ့ ကျန်ရှိပါတယ်။ မေမေ ဆုံးတဲ့နေ့ကတော့ ကျွန်မဘ၀အတွက် အထူးအမှတ်တရနေ့ပါ။ မေမေ ဆုံးတော့ ကျွန်မက ၉ တန်းပါ။ ၀မ်းနည်းစရာ ကြုံရတဲ့အဲဒီနေ့မှာ ကျွန်မကအိမ်မှာ ရှိမနေခဲ့ပါဘူး။ မေမေ့ရဲ့ ငယ်သူငယ်ချင်း အန်တီမြင့်တို့ အိမ်မှာ သွားနေနေတဲ့အခိုက်ဖြစ်ပါတယ်။ အဲဒီနေ့ မနက်မှာ ကျွန်မကို အိမ်ပြန်မယ်ဆိုပြီး အန်တီမြင့်သမီးကြီး မပပက ပြန်ခေါ်လာခဲ့ပါတယ်။ လမ်းမှာ ကျွန်မကို မပပက အန်တီမိုး ဆုံးပြီလို့ ပြောပါတယ်။ ကျွန်မ ဘာစကားမှ ပြန်မမေးနိုင်ဘဲ စိတ်ထဲကပဲ မဟုတ်ပါစေနဲ့လို့ ကြိတ်ဆုတောင်းရင်း လိုက်လာခဲ့ပါတယ်။ ကျွန်မတို့ လမ်းထိပ်ကို ကားကွေ့လိုက်တဲ့ အချိန်မှာ ကျွန်မ အိမ်နားကို လှမ်းကြည့်လိုက်တော့ အိမ်နားမှာ လူတွေ စုစု စုစုနဲ့ တွေ့လိုက်ရတော့ ကျွန်မ ဆုတောင်း မပြည့်နိုင်တော့ဘူးဆိုတာ သိလိုက်ရပါတယ်။ အိမ်ရှေ့မှာ လဲလျောင်းနေတဲ့ မေမေ့ကို ကျွန်မ ဘာစကားမှ ပြောခွင့် မရှိတော့ပါဘူး။ အသက်ကလည်း ငယ်ရွယ်သေးတဲ့ အချိန် ၄၆ နှစ်မှာ စာတွေ ရေးနိုင်တုန်း လုပ်နိုင်ကိုင်နိုင် တုန်းအချိန်မှာ ဘယ်လို ရောဂါအခံမှလည်း ကြုံဖူး သိဖူးတာ မရှိလေတော့၊ မေမေနဲ့ ခွဲရတော့မယ်လို့ ကြိုတင် အားတင်း ထားရတာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ကျွန်မတို့တင်မှ မဟုတ်ပါဘူး၊ မေမေနဲ့အတူ နေ့စဉ် လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ စံပယ်ဖြူတိုက်က အမေဦးတို့တောင်မှ ထင်မထား ကြမယ့် ကိစ္စမျိုးဖြစ်ပါတယ်။ အဲဒီလိုပုံစံနဲ့ မေမေက မိတ်ဆွေ သူငယ်ချင်း စာပေမိတ်ဆွေ အပေါင်းအသင်းများ အားလုံး ကို ခွဲခွာသွားပါတယ်။ မေမေဆုံးတော့ နှုတ်ဆက်စာတွေ ရေးကြတဲ့အထဲမှာ ဆရာတင်မိုးရဲ့ စာလေးကိုတော့ အမှတ်တရ ဖြစ်ရပါတယ်။ ချစ်သောသူတို့ အသက်တို၏တဲ့။ မေမေ့လူ့ဘ၀သက်တမ်း တိုခဲ့ပေမယ့်လည်း မေမေနဲ့ နေရတဲ့ အချိန်ကာလ နည်းခဲ့ပေမယ့်လည်း မေမေ့ကို သိပ်ချစ်ရပါတယ်။ မေမေ မရှိတဲ့နောက် မေမေ ရှိတဲ့ဘ၀နဲ့ မေမေ မရှိတဲ့ဘ၀ ဘယ်လို ကွာခြား သလဲလို့ဆိုရင် ပဲ့ကိုင်သူရှိတဲ့လှေနဲ့ ပဲ့ကိုင်သူမဲ့တဲ့ လှေလို ကွာခြားပါတယ်။ မေမေ မရှိတဲ့နောက် ကျွန်မဘ၀ကို အလိုက်သင့်လေး မျောပါလာခဲ့ပါတယ်။ ဒီလိုနဲ့ ခု အသက် ၄၀ ရောက်တဲ့အထိတိုင် အမေ ချန်ရစ်ခဲ့တဲ့ ခြေရာတွေဆီ မမီနိုင် မလှမ်းနိုင်အောင် ရှိရပါတယ်။ မေမေရဲ့ ပထမဆုံး လုံးချင်းဝတ္ထု “ပျောက်သောလမ်းမှာ စမ်းတ၀ါး” က ၁၉၇၄ မှာ အမျိုးသား စာပေဆုရခဲ့ပြီး ၁၉၉၀ မှာ ကွယ်လွန်ခဲ့တာမို့ စာရေးသက် ၁၆ နှစ်တာ ကာလအတွင်းမှာ လုံးချင်းဝတ္ထု ၂၆ အုပ်နဲ့ မဂ္ဂဇင်းဝတ္ထုတို၊ မဂ္ဂဇင်းဝတ္ထုရှည်ပေါင်းများစွာ ရေးခဲ့ပါတယ်။ အမျိုးသား စာပေဆုကိုလည်း ၄ ဆုတိုင်တိုင် ရယူနိုင်ခဲ့ပါတယ်။ မေမေ ပြောဖူးတဲ့ စကားလေး အမှတ်ရမိပါတယ်။ မြင့်မြင့်ခင်နဲ့ မေဆွိ သားအမိနှစ်ယောက်မှာ မြင့်မြင့်ခင်ကလည်း မြင့်မြင့်ခင် ဆိုပြီး သီးခြားနာမည်နဲ့ ရပ်တည်နိုင်တယ်။ မေဆွိကလည်း မေဆွိရယ်လို့ သီးခြား ရပ်တည်နိုင်တယ်တဲ့။ မေဆွိကို မြင့်မြင့်ခင်သမီးလို့ မိတ်ဆက် ပေးစရာမလိုသလို မြင့်မြင့်ခင်ကို မေဆွိအမေရယ်လို့ အထူး မိတ်ဆက်နေစရာ မလိုဘူးတဲ့။ နှစ်ယောက်သား သားအမိ ဆိုတာကတော့ နှစ်ယောက်လုံးကို အပြန်အလှန် ဂုဏ်တက် စရာဖြစ်ရပါတယ်။ ဒီစကားကို ပြောခဲ့တဲ့ မေမေ အခု ရှိနေမယ်ဆိုရင်တောင် ကျွန်မ မေမေရယ်လို့ မေမေဂုဏ်တက် ရစရာအကြောင်း ကျွန်မမှာ ခုချိန်ထိအောင် ရှိမနေသေးပါဘူး။ ကျွန်မကသာ မေမေ့သမီးရယ်လို့ မိတ်ဆက်ပြီး ဆုံးပါးသွားပြီဖြစ်တဲ့ မေမေ့ရဲ့ အရိပ်ကို ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ မေမေ့သမီး ဖြစ်ခဲ့ရတဲ့အတွက် ကျွန်မ ဘ၀မှာ အမြဲတမ်း ကျေနပ်ပီတိသာ ရမြဲပါ။ ဘယ်လို ချမ်းသာတဲ့အဖေမျိုး၊ ဘယ်လို ချမ်းသာတဲ့ အမေမျိုး မဖြစ်ချင်နေ ခုလို စာပေအသိုင်းအ၀ိုင်းမှာ စာပေနဲ့ နီးနီးစပ်စပ် နေခွင့်ရခဲ့တဲ့ အဖေနဲ့အမေကို ပိုင်ဆိုင်ခွင့် ရတာကိုက ကျွန်မဘ၀အတွက် ကံကောင်းခြင်း လက်ဆောင် တစ်ခုဖြစ်လို့ နောက်ဘ၀သာရှိဦးမယ်ဆိုရင် နောက်ဘ၀ မှာလည်း ဒီအဖေ ဒီအမေနဲ့သာ ဆုံစည်းခွင့် ရချင်ပါသေးတယ်။ ရေးသူ သွယ်သွယ်မျိုးညွန့်

No comments:

Post a Comment