Thursday, September 24, 2015
“ ကောလိယမှ ကျိုက်မူခလစေတီ ( သို့ ) မြို့ရိုးစေတီ ”
ကောလိယမြို့၏ အရှေ့ဖက်တွင် ကျိုက်မူခလ ခေါ် မြို့ဦးစေတီ ( သို့ ) မြို့ဦးစွန်းစေတီတည်ရှိပါသည်။ ကောလိယမြို့မှ မွန်လူအကြီးအကဲများသည် ဓာတ်တော် ( ၃၃ ) ဆူမှ သွားတော်တစ်ဆူကိုပင့်ဆောင်လာကြ ပြီး မြို့၏အရှေ့ဖက်တွင်စေတီတစ်ဆူတည်ထားကာ “ ကျာ်မုဟ်လုာ ” ဘွဲ့တော်ဖြင့်ကိုးကွယ်ခဲ့ကြပါသည် ။ ယင်းဘွဲ့တော်မှ ကျိုက်မူခလာ ဖြစ်လာသည် ။ ကျိုက် ၏အဓိပ္ပါယ်မှာစေတီဖြစ်ပြီး မူ မှာအစွန်းဖြစ်၍ ကလာ မှာ ဦးစွာရှေးကမတိုင်မီ ဟုဆိုလိုသည် ။ မြန်မာလိုဆိုရသော် ဦးစွန်းစေတီ ( သို့ ) မြှို့ဦးစေတီဟု ဆိုရမည်ဖြစ်သည် ။ထို ကျိုက်မူကလာမှ တစ်ဆင့် ကျိုက်မူခလာ ။ထိုမှ ယနေ့ခေါ်တွင်နေသော ကျိုက်မူခလ ဖြစ်လာသည်ဟုဆို နိုင်ပါသည် ။ကောလိယမြို့မှာ မွန်မြန်မာတပ်များ၏ ကြားတပ်စခန်းမြို့လည်းဖြစ်ခဲ့သည် ။ တောင်ငူခေတ်က တောင်ငူဘုရင်မင်းခေါင်၏သား “ မင်းရဲကျော်ထင် ”မှာ ဤ ကောလိမြို့၏ မြို့စားလည်းဖြစ်ခဲ့ဘူးပါသည် ။ တစ်ခါတွင် တပင်ရွှေထီးစစ်ချီရာလမ်းကြောင်း၌ ကျိုက်မူခလစေတီကိုဖူးတွေ့ရသဖြင့် စေတီအားပြုပြင်မွမ်းမံ ပေးခဲ့ပြီးဘုရားဒါယကာအဖြစ်ခံယူကာ “ ရန်အောင် ” ဘွဲ့တော်ပေးခဲ့ပါသည် ။ ထို့နောက်ကောလိယမြို့မှာ လည်းနှစ်ပေါင်းကြာညောင်းလာသည့်အခါ ပျက်စီးပျောက်ကွယ်ခြင်းနှင့်အတူ ကျိုက်မူခလစေတီမှာလည်း တောခြုံဖုံးအုပ်ပျောက်ကွယ်ခဲ့ရလေသည် ။
ကျိုက်မူခလစေတီပြန်လည်ပေါ်တော်မူလာပုံမှာ မအူရိုးဇာတိ ဦးဖိုးထူးသည် ဖအောင်ဝဲရွာသူ ဒေါ်အုန်းနှင့် အိမ်ထောင်ကျခဲ့သည် ။ ဖခင်ဦးရွှေပုံသည် မြို့ရိုးနှင့် မအူရိုးရွာပတ်ဝန်းကျင်တို့တွင် လယ်ဧကတစ်ရာကျော် ပိုင်ဆိုင်သူဖြစ်သည် ။ ဦးဖိုးထူးသည် ညီဖြစ်သှူုဦးနိုးနှင့်အတူ ဖခင်၏လယ်ယာများကို ၀ိုင်းဝန်းလုပ်ကိုင်ပေးကြ သည် ။ တစ်နေ့တွင် ကုန်းမို့မို့နေရာမှ ညဖက်အလင်းတန်းများကောင်းကင်ထက်သို့ပျံ့နှံ့တက်သွားသည် လယ်အလုပ်သမားများမြင်တွေ့လိုက်ကြသည် ။တစ်ရက် နှစ်ရက် သုံးရက် ဆိုသလိုရောင်စဉ်တန်းများဆက် တိုက်မြင်နေရသဖြင့် ဦးဖိုးထူးနှင့် ဦးနိုးတို့ကိုလယ်အလုပ်သမားများမှ အသိပေးခဲ့ကြသည် ။ ရွာရှိသက်ကြီး ရွယ်ကြီးများကိုမေးမြန်းကြည့်ရာ ဘုရားကုန်းဖြစ်လိမ့်မည်ဟုဆိုသောကြောင့် ညီအစ်ကိုနှစ်ယောက်၎င်းကုန်း မို့မို့ရှိ ခြုံနွယ်ပိတ်ပေါင်းများကိုရှင်းလင်းတူးဖေါ်ခဲ့ကြသည် ။ ထိုအခါ တစ်ထောင်ခန့်အမြင့်ရှိကြေးဖြင့်ပြုလုပ်ထား သောစစ်သူကြီးရုပ်ထုတစ်ခု ။ ရွှေအစစ်ဖြင့်သွန်းလုပ်ထားသည့် ခြောက်လက်မခန့်ရွှေစေတီတစ်ဆူ ။ ရွှေပန်း ခိုင်နှင့် ဒေါင်းရုပ်ပါသောကြေးပြားများကိုတူးဖေါ်ရရှိခဲ့သည် ။ ( ခန့်မှန်းသက္ကရာဇ် ၁၂၇၅ ခုနှစ် ကဖြစ်သည် ။ ) ဦးဖိုးထူးတို့ညီအစ်ကိုနှစ်ယောက်သည် အောက်ဖက်သို့ဆက်တူးရန်ဆန္ဒမရှိတော့သဖြင့် ပထမအဆင့်မှာပင် ရပ်ဆိုင်းခဲ့ကြသည် ။ အကယ်၍ဆက်တူးမိပါက မူလဌာပနာတိုက်တွင် ကိန်းဝပ်စံပယ်တော်မူနေသော ဗုဒ္ဓ၏ သွားတော်ပွား ( ၃၃ ) အနက်မှတစ်ဆူကို ဖူးမြော်နိုင်ပေလိမ့်မည် ။ ထိုနောက်ညီအစ်ကိုနှစ်ယောက်သည် သဒ္ဓါတရားထက်သန်စွာဖြင့် မန္တလေးမြို့မှစေတီပုံသဏ္ဍန်ကျောက်သားအင်္ဂတေဖြင့်ပုံလောင်းထားသည့် တစ်ဆင့်ပြီးတစ်ဆင့်ထပ်၍ရသော အရစ်အခွေများကိုမှာယူ၍ သူတို့တွေ့ရှိထားသည့် စစ်သူကြီးရုပ် ရွှေစေတီ ရွှေပန်းခိုင် ကြေးပြား စသည်တို့ကိုဌာပနာပြုကာကျောက်စေတီအဖြစ်တည်ခဲ့လေသည် ။
( သွားဓာတ်တော်အကျဉ်း ။ ။ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်တွင်မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ ဂ၀ံပတိရဟန္တာမှ သွားဓာတ်တော်ကိုသယ်ဆောင်လာပြီး မဟာသီရိမာသောကမင်းကြီးအားပေးအပ်ခဲ့သည် ။ ထိုသွားဓာတ်တော်ကို ( ၃၃ ) ဆူပွား၍ သာသနာတော်တည်တံ့ပြန့်ပွားစေရန် စေတီများတည်ခဲ့ခြင်းဖြစ်ပါ သည် ။ထိုစေတီများထဲတွင် ရွှေမောဓောစေတီ ကျိုက်ထီးဆောင်းစေတီ စသောတင်ရှားကျော်ကြားသည့်စေတီများပါ ၀င်ပါသည် ။ အကျယ်သိလိုပါက ကျိုက်မူခလစေ လောကရန်အောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး သမိုင်းစာအုပ်တွင်ဖတ်ရှုလေ့လာနိုင်ပါသည် ။ ဤစာစုများသည်လည်း၎င်းစာအုပ်ထဲမှထုတ်နုတ်ထားခြင်းဖြစ်ပါ သည် ။ )
၎င်းဘရားသမိုင်းစာအုပ်မှ
Labels:
essay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment