Friday, September 18, 2015
သိမှတ်ဖွယ်ရာဆာင်းပါး
` ပြန်ပြောင်းအောင်းမေ့ဖွယ်ရာ ကန်ဦးအနုပညာ ´
ရေးသူ = ဆရာမကြီးဒေါ်မေမေကြည်
၁၉၄၇ - ၄၈ ကားကျောင်းတော်ကြီး အလွန်စည်ကားသော ကာလဖြစ်သည် ။ စားမေးပွဲကြီးအပြီး ကျောင်းပိတ် ခါနီးအချိန်မှာ တစ်လုံးဆရာရောတပည့်ပါ ခြေကုန် ရေကုန် အားသွန်၍ သင်ကြားနာယူခဲ့ရာမှ အနားရသော အချိန်လည်းဖြစ်ပါသည် ။ ကျောင်းကြီးပိတ်တော့မည့်အချိန်ရောက်တော့မည်ဖြစ်၍ သူငယ်တန်းမှစ၍ အတန်း စဉ်လိုက်နှုတ်ဆက်ပွဲကျင်းပကြပါသည် ။ ဒိုက်ဦးကန်ဦးကျောင်းသံဃာစင်မှာ ကျောင်းသားတို့၏ ဇာတ်စင်ဖြစ်ခဲ့ရ ၏ ။ ဆရာဦးစိန်သည် အားကစားလှုပ်ရှားမှုတွင်သာမက အနုပညာဘက်မှာလည်း ဆရာမဒေါ်ခင်ကြည်နှင့် အတူပါဝင်ကူညီခဲ့သူဖြစ်ပါသည် ။
ဆရာဒေါ်ခင်ကြည်၏ သင်ကြားချက်ဖြင့် ငါးတန်းကျောင်းသူတို့၏ `ဂီတဗိမာန် ´ အလိုက်ဖြစ်သော ( ကျောင်း တော်ကြီးမှာ . . . . မင်္ဂလာရှိဘို့ကြုံပြန် . . . ဂုဏ်ဝေလျှံကျောင်းပိတ်ပွဲနွဲရန် . . . ငါးတန်းကျောင်းသူပျိုဖြူတစ်စု အမှန် . . . ( သံပြိုင်ဆိုရန် ) တေးသံ . . . တေးသံ . . . ချိုတေးသံ . . . ။ ပျော်ရွှင်စွာညီညာနွဲလို့သာ ( နှုတ် ဆက်ပါရန် . . . သီဆိုကြပြန် )၂ တပည့်နဲ့ဆရာတွေ . . စုံစွာ . . ကြုံတွေ့ကြလေပြန် . . . ဆရာကြီးနဲ့သာ . . . ဆရာဆရာမများမကျန် . . . စေတနာရည်သန် . . .ကန်တော့ကာဦးပန် . . . အာရုံကျူးကာဦးညွတ်ပါရဲ့အမှန် . . . ( နွေရာသီကျောင်းပိတ်တုံးမှာ ။ ။ ကျန်းမာကြရန် . . နွေရာသီကျောင်းပိတ်တုံးမှာ ။ ချမ်းသာကြရန် ) ၂ စေ တနာရည်သန် . . . အမှန်ပင်သီကျူးတေးဂီတသံအမှန် ။ ) ဟူ၍ကျောင်းသူတွေကဆိုပြီး အတီးပိုဒ်တွင် ( ယခု ဆရာဦးရွှေမြိုင်၏ ညီမများဖြစ်သော ) မအေးမေနှင့် မအေးရွှေတို့က ( ယခု ဆရာမဒေါ်အေးမေနှင့် ဒေါ်အေးရွေ ) ကပြခဲ့ရာ အလွန်နှစ်ခြိုက်ကြပါသည် ။
ဆရာမဒေါ်ခင်ကြည်နှင့် တိုင်ပင်ဖေါ်ဖြစ်ခဲ့သူမှာဂီတအရာတွင်ဝါသနာထုံလှသောဆရာဦးသိန်းမောင်ဖြစ်ပါသည် ။ကျောင်းပြဇာတ်တွင် ပမာဏသီချင်းတွင်မှအစ အဆုံးထိသီချင်းများစပ်ဆိုကာသင်ပြခဲ့ပါသည် ။ ကျောင်းမှတင် ဆက်သော ` ပညာဂုဏ် ´ ပြဇာတ်သည်ရံပုံငွေပွဲပင်ကပြရပါသည် ။ ပမာဏသီချင်းတွင် ` ပညာဂုဏ်ပြဇာတ် ဆန်းကို . . . ကရပါသကို ၊ ညီညီညာညာသတ္တမအဆင့်က ကျောင်းသားမောင်တွေဆို ၊ စေတနာပို . . . . . . . ( ဆရများနှင့်ဆရာမများပါ . . . ဂါရ၀ထားကာ ဦးတင်ခဲ့သလို )၂ . . . ကျောင်းတော်သားနှင့် ကျောင်းသူတွေပါ ဆို . . နှုတ်ဆက်လိုပါသဗျို . . . ကျောင်းတော်သားမို့ . . . အမှားရှိရင်ခွင့်လွှတ်ကြစေလို ´ ဟူသောသီချင်းကို ယခုစာတိုက်မှူးဦးကျော်မြင့် ( ကွယ်လွန် ) ၊ ဆရာဦးကျော် ၊ ဦးမောင်ရွှေ ၊ ဦးဝင်းမောင် ( ဆရာမဒေါ်ခင်ကြည် ၏မောင် ) ( ကွယ်လွန် ) တို့က ချာလီချက်ပလင်ဝတ်စုံဖြင့် မျက်မှန်တပ်ကာကြိမ်လုံးလေး လှည့်ကာ လှည့်ကာ ခြေက ကကြသည်မှာ ပရိတ်သတ်အကြိုက်ဖြစ်ပါသည် ။
ဆက်ပါဦးမည် . . . . . . အပိုင်း ( ၂ ) သို့
` ပြန်ပြောင်းအောင်းမေ့ဖွယ်ရာ ကန်ဦးအနုပညာ ´
ရေးသူ = ဆရာမကြီးဒေါ်မေမေကြည်
ပညာဂုဏ် ပြဇာတ် ကား ဥစ္စာပစ္စည်းမှတပါး အခြားတန်ဖိုးမထားသူဖခင်ဦးကျော်မြင့်တွင် ပညာလိုလားသူသား မောင်မောင်ဝင်းရှိ၍ ဖခင်သုံးဖြုန်းဝတ်စားပျော်ပျော်ပါးပါးနေစေချင်သော်လည်း ပညာလိုလားသူ သားကြောင့် သားအဖနှစ်ယောက် ပဋိပက္ခဖြစ်ခဲ့ရာ သားမောင်မောင်ဝင်းကဖခင်အား ` အနန္တဂုဏ်အင် ကျေားဇူးရှင် ဖခင်ကြီး ခင်ဗျား သောတရွှေနားပန်ဆင်တော်မူပါ . . . ပညာဂုဏ်သတ္တိထူးကို ကျွန်တော်တစိတ်လောက်အစီ ရင်ခံအုံးမှာ . . . ။ ဟိုးရှေးပညာရှိတွေ မိန့်မြတ်ခဲ့တဲ့စကားစဉ်တွေမှာ ဥစ္စာဟူသည် မျက်လှည့်မျိုး ပညာဟူသည် မြတ်ရွှေအိုးတဲ့ ။ သားမဟော်သဓာဇာတ်မှာ ` ပညာရှင်မြတ်သာ အစဉ်လာမှတ်စရာ ထူးမြတ်လှတဲ့ပညာတန်ခိုး ပါ ။´ ဟု စောဒကတက်ခဲ့သော်လည်း ဖခင်ကဒေါပွကာ အိမ်ပေါ်ကနှင်ချခံခဲ့ရပါသည် ။
လယ်သမားကြီးဦးသန်းမြင့်ကား ပညာလိုလားလှ၍ သားဖြစ်သူမောင်လှကြည် ( ဆရာဦးလှကြည် ) ကားပညာ မလိုလားပေ ။ အပေါင်းအသင်းများနှင့်ပျော်ပါး ကျောင်းပြေးနေ၍ စာမေးပွဲတဖုန်းဖုန်းကျနေ၍ ဖခင်ဆုံးမလျှင် ရှေ့တွင်သာခေါင်းငြိမ့်လျှက် အပေါင်းအဖေါ်တွေနှင့် လည်ပတ်ကာ ( ငယ်ငယ်ထဲက ကျနော့်ဝါသနာ ဖျောက်လို့ မရဘူးဗျာ . . ပေါ့ပေါ့နေ ပေါ့ပေါ့စား ဂေါ်တဲ့အလုပ်သာ ၀ါသနာပါ . . ပညာကတော့ကျွန်တော်မခေဘူးဗျာ . . .လေးတန်းမှာတော့ လေးနှစ်ကြာတာ . . ခြောက်တန်းရောက်ပြန်တော့ ခြောက်ဝါဆိုတာ . . . ဆယ်တန်းကျ ပြန်တော့ ကျွန်တော်မဖြေနိုင်ပါ . . . အဲ့ဒါကြောင့် ပညာရေးကိုစိတ်နာ ဂေါ်တဲ့အလုပ်သာဆက်လုပ်နေတာ ) .။ ဟုပျော်လုံးကြီးနေ၍ ဖခင်ကအိမ်မှနှင်ချခဲ့သည် ။ မောင်လှကြည်က ပညာမလိုလားသူ ဦးကျော်မြင့်ထံရောက်၍ သားအဖနှစ်ယောက်တက်ညီ လက်ညီသုံးဖြုန်းကြသဖြင့်နောက်ဆုံး မွဲပြာကျသွားတော့သည် ။ ပညာလိုလားသူ မောင်မောင်ဝင်းကား ပညာလိုလားသူဦးသန်းမြင့်ထံရောက်၍ ပညာကြိုးစားသင်ယူခဲ့ပြီး အရာရှိဖြစ်လာသည် ။ ဖခင်ရင်း ဦးကျော်မြင့်ကိုလိုက်ရှာရာ ဆင်းရဲနေသောဖခင်နှင့် ကိတ္တိမသားမောင်လှကြည်တို့အားတွေ့ရှိမှ ပညာ ၏တန်ဖိုးရှိပုံကို သဘောပေါက်စေပြီး ဇာတ်သိမ်းခဲ့ပါသည် ။ ထိုပြဇာတ်၌ မောင်လှကြည်နှင့် ကျော်မြင့်တို့ကား အထူးသရုပ်ဆောင် ကောင်းလှပါသည် ။
ထိုခေတ်က စစ်ပြီးကာစဖြစ်၍ ဆရာဝန်ရှားပါးလှသည် ။ နိုင်ငံခြားမှ ဆရာဝန်များနှစ်ချုပ်ဖြင့်ငှားခဲ့ရသည် ။ ဆရာဝန်လက်လှမ်းမမှီသောရပ်ရွာများ၌ ဒေါက်တာရမ်းကုများသည် အသပြာမှတပါး ဘာမှအမှုမထား ၊ စေတနာမပါ ၊ ရမ်းသမ်းကုနေကြသည် ကို သရော်သောအားဖြင့် ` ဆရာဝန် ´ ပြဇာတ်တိုကို တင်ဆက်ခဲ့ပါ သည် ။ ဒေါက်တာ ပေါက်တူးအဖြစ် ယခုဗိုလ်မှူးချစ်မောင် ၊ ဒေါက်တာ၏တပည့် လန်ဒူးအဖြစ် မောင်ရွှေတို့ကား အတွဲညီသော သရုပ်ဆောင်များဖြစ်၍ ဒေါက်တာအစစ် M B B S ဘွဲ့ရဆရာဝန်အဖြစ် ပထမအကြိမ် ဦးကျော် မြင့်ဖြစ်ပြီး ဒုတိယအကြိမ်ကပြရာတွင် ဦးတင်ကြည် ( ၀ါ ) ဦးကျော်ညွန့် ( ဖေါင်တော်သီ ) တို့က သရုပ်ဆောင် ခဲ့သည် ။
ဆက်ရန် အပိုင်း ( ၃ ) သို့
` ပြန်ပြောင်းအောင်းမေ့ဖွယ်ရာ ကန်ဦးအနုပညာ ´
ရေးသူ = ဆရာမကြီးဒေါ်မေမေကြည်
ဒေါက်တာရမ်းကု ကိုချစ်မောင်ကသူ၏စွမ်းပကားကို ယခုကဲ့သို့ပြောပြပါသည် ။ ` ဆရာဝန်လောကမှာ နှစ် ယောက်မရှိတာအမှန်ပါလေ . .ဆေးကျမ်းတွေလည်း စိစိညက်ညက်ကြေ . . အစွမ်းအဟုတ်ရှိသလေ .. . ၀မ်း ချုပ်သည်လူတာတွေ ကောက်ညှင်းဓာတ်စာကျွေးခဲ့သလေ . . . အအေးမိသူတွေတော့ ရေခဲရေချိုးစေ . . . လေ ထိုးရင်ဖင်လှန်ပြီးတော့ မီးသတ်ပိုက်နဲ့ဝမ်းချုလိုက်မလေ . . . အို . . ( ကျွန်တော်ဆရာဝန်အစစ်ပါ )၂ မယုံရင် လိုင်စင်ပြမယ် ကြည့်ချင်လိုက်ခဲ့လေ . . .ကျွန်တော်အောင်တာကတော့ အေဘီစီဒီ ဇက်အထိ ဒီလိုတွေ ( အထိုး ခံရဲရင် )၂ ပိုက်မျိုးစုံ ကျွန်တော်မှာရှိတယ် . . ဘယ်ရောဂါမှ မရှောင်ဘူး ထိုးနိုင်တယ် ´ ဟူသောသီချင်းမှာရေ ပန်းစားခဲ့ပါသည် ။ ဆရာဝန်အစစ်ဖြစ်သော ( ကိုကျော်မြင့်နှင့် ကိုကျော်ညွန့် ) တို့ကလည်းအားကျမခံ ` ဆရာ ၀န်အတတ်ကိုမြတ်နိုးနှစ်သက်သူမို့ဗျာ . . . ဆေးကျောင်းတက်လို့ဒီဂရီယူလာ . . . ကိုယ်အင်္ဂါအစိတ်မပိုင်းကို မအိပ်မနေသင်လာခဲ့တာ ( ကျောင်းကဆင်းတော့ . . . ပရယ်တီကယ်မှာ )၂ မမြင်ဝံ့ဆရာဝန်ပါ . . . တကယ်ပင်မှန်ပေတာ . . ကြုံအတွေ့စုံလင်စွာ . . သုံးဆယ့်နှစ်ကောဠာ . . . ကောင်းကောင်းအဟုတ်တကယ် နားလည်ပါရဲ့ ကျွန်တော်တို့ဆေးပညာ ´ ဟူသောတေးကလည်း ပညာသားပါလှပါသည် .။
တက္ကသိုလ်ဝင်ကျောင်းသားကြီးများ၏ ` ဂျာအေး ´ ကလည်းပရိတ်သတ်နှစ်ခြိုက်လှပါသည် ။ ( ဟိုဒင်းတိုင်း ပြည်ဘုရင်ကြီး ` ဘောသော ´ ၌သမီးတော် စက်စက်ယို ရှိရာ သမီးတော်၏ ဖူးစာရှင်အဖြစ် ´ ဂျာအေး `သီ ချင်းကိုအစဆုံးဆိုနိုင်သူကိုမှ သမီးတော်လေးနှင့်ပေးစားမည်ဖြစ်ရာ လိုက်လံကြေငြာသောဝန်ကြီးနှစ်ပါးအဖြစ် ကိုကြီးမောင် ( ကွယ်လွန် )နှင့် ကိုအောင်စိုးတို့က စကောကြီးကိုအုန်းတံမြက်စီးကြီးရှို၍ ရှေ့နောက်ထမ်းပြီး ` ပု လင်းကွဲ နို့ဆီခွက် ဗူးစုတ် ခွက်စုတ်တို့ပါပိုင်သသော ခွေးကျားရှင် ၀က်ကျားရှင် ကြောင်ကျားရှင်မင်းကြီး ဘော သော၏ အမိန့်တော် . . . . ဒူ ဟူ ဟူ ဟုလိုက်လံကြေငြာပုံကား ပရိတ်သတ်ပွဲကျလှသည် ။ ဖူးစာရှင်ရွေးပွဲလာ သောတရုပ်မင်းသား ( ကိုအေးမြင့် ) သည်ဘောင်းဘီတဖက်လိပ်တင်၍ အင်္ဂလိပ်မင်းသားအဖြစ် အသားအလွန် မည်းသော မောင်ညွန့် ( ဆရာဒေါ်သက်သက်ဆက်၏ အစ်ကို ) ကုလားမင်းသားမောင်ညွန့် ( ဗိုလိမှူး အောင် သွင်၏အစ်ကို ) တို့၏ ဟန်ပန်အမူအယာကားလူတိုင်းပါးစပ်စေ့မနေရပါ ။ ` ဘောသော ´ မင်းကြီးကတစ် ယောက်ပြီး တစ်ယောက် ဂျာအေးဆိုခိုင်းရာ ဆုံးအောင်မဆိုနိုင်ပဲ ဆွဲထုတ်ခံရပါသည် ။ နောက်ဆုံးရောက်လာ သူမှာ ` သိချင်လို့လား ´ တိုင်းပြည်မှ ` အပြောဘူး ´ မင်းသား ( မောင်လှမြင့် ဒိုက်ဦးတည်စကပင် တိုင်းရင်း မြန်မာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးဦးရွှေမြိုင်၏သားချောဖြစ်ပါသည် ။ ) ကားပင်ကိုချောတွင် မင်း သားဝတ်စုံဖြင့်ပိုလှပနေပါသည် ။ ဘုရင်ကြီးက ဂျာအေးကိုဆိုခိုင်းရာ ပုလဲမြိတ်စုံဘောလယ် အလိုက်ဖြင့် . . . . . . . . . . .
ဆက်ပါဦးမည် အပိုင်း ( ၄ ) သို့
` ပြန်ပြောင်းအောင်းမေ့ဖွယ်ရာ ကန်ဦးအနုပညာ ´
ရေးသူ = ဆရာမကြီးဒေါ်မေမေကြည်
` ဂျာအေး ကိုတဲ့နော်ဗျာ . . .နော်ဗျား . . . . သူ့အမေရိုက်ပါလို့ . . .
မှောင်လေလေ . . . မှောင်မိုက်မှာတဲ့ . . . . ခြေဆင်းကာငို . . .
အိုလေးရယ်တဲ့ . . . ကိုလူပျို . . ကိုလူပျို . . .. . ထရံပေါက်အသာဖြဲ . . . ခြေထောက်ဆွဲ . . .ဆွဲ . . .လဲ ..
တွဲလဲရယ်နေပါအုံးကွယ် . .. . . . တောင်ဆီကမိုးတွေချုန်း . . . . . . .
အို . . . . အလိုကွဲ့ . . . . မုန့် . . . မုန့် . . . .လုံး ။
အော် . . . ( မုန့် လုံး လေးကိုတဲ့ . . . . .စက္ကူကပ်ခါ . . . ) ၂
ကြာကလပ်မှာ . . . . တင်ပါတဲ့ ဆွမ်းတော်ပွဲ
မျောက်ကလေးရယ်က . . . . ( ပလ္လင်ပေါ် )၂
မြင်မတော် . . . . . ဆင်းကာပြေးတယ်လေး . . . . . . . . .
ဂျာအေး . . . . . . ဂျာအေး ´ ဟုဆိုလိုက်ရာ ဘုရင်ကြီးရွှေသဘော်တော်ကျလှ၍ သမီးတော်အားရှေ့တော်ဝင်ခဲ့ ခိုင်းသည် .။ ` စက်စက်ယို ´ မင်းသမီးကား ( ဆရာကြီးဦးသာဒွန်း၏သား ဒေါက်တာဒေါ်လှကြည်၏မောင် ) မောင်မောင်အေးဖြစ်၍ ထိုင်မသိမ်းအကျီ င်္ ထမီအကွဲ ကြက်တောင်စီး၌ ခေါင်းရမ်းပွင့်ကြီးပန်ပြီး ပါးတစ်ဖက်တ ချက်ပေါင်ဒါဖွေးဖွေးကွက်လျက် အပြေးဝင်လာပြီး မင်းသား၏ ပုခုံးကိုကိုင်၍` ` မောင်တော်ဘုရားရဲ့ . .နှမတော်လေးကို ဂျစ်ဒယ်လား . . . ဂျိုက်ဒယ်လား .. . စုံမက်တယ်လား ´ ဟု ပြူးပြူး ပြဲပြဲနှင့်ပြောလိုက်ရာ မင်းသားကလန့်ပြီး ` အောင်မလေးဗျာ ´ ဟုအော်ကာလဲအသွား မင်းသမီး ( မောင်မောင်အေး )က မင်းသား ( မောင်လှမြင့် )ကိုယ်ပေါ်မှာ ကားရားခွရပ်ရင်း မျက်နှာကိုထမီအနားဖြင့်ယပ်ခတ်နေစဉ် ကားလိပ်ချခဲ့ပါသည် ။ ပရိတ်သတ်၏ ရယ်မောသံကတော်တော်နှင့်မစဲနိုင်ဖြစ်ခဲ့ပါသည် ။
ပညာတန်ဆောင်ပြပွဲမှာ ကိုကျောမြင့် ( စာတိုက်မှူး ဦးကျော်မြင့်-ကွယ်လွန် ) ကမျက်လှည့်ဆရာအဖြစ်သရုပ် ဆောင်၍ သူ၏လက်ထောက်အဖြစ်ပါဝင်သူမှာ ကိုသန်းထွန်း ( ဦးသန်းထွန်း ဒုညွန်ကြားရေးမှူး အထွေထွေအုပ် ချုပ်ရေး ) တို့ကလည်း မျက်လှည့်ပွဲပြခဲ့၏ ။ ကိုကျော်မြင့်၏ အိပ်မွေ့ချ မျက်လှည့်ပညာအစွမ်းနှင့် လူဦးခေါင်းခွံ ကဆေးလိပ်သော်ပြသည့်မျက်လှည့် သရုပ်ပြပုံမှာ အံ့ဖွယ်ဖြစ်ခဲ့ပါသည် ။
ထိုပြင် ကိုထွန်းမောင် ( တောင်ပိုင်း ) နှင့် ကိုကံညွန့် ( ပန်တျာကျောင်း အကနည်းပြဆရာ ) တို့က တပင်တိုင်အကများဖြင့် ကပြအသုံးတော်ခံခဲ့သည့်အပြင် မင်းသားအဖြစ် ကိုကံညွန့်နှင့် မင်းသမီးအဖြစ်ကိုမောင် မောင်ဋ္ဌေး ( မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ - ငြိမ်း ) တို့ကနှစ်ပါးသွားအကများဖြင့် ကပြခဲ့ပါသည် .။ ယိမ်းက ပွဲတွေမှာ ကိုထွန်းလှိုင် ( အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - ငြိမ်း ) နှင့် ကိုဝင်းကြည် ( ဆရာမဒေါ်သန်းရီ၏ မောင် ) တို့ပါဝင်ကပြခဲ့ပါသည် ။ ၇ တန်းကျောင်းသားများ၏ ` မိတ်ဆွေစစ် ´ ပြဇာတ်တွင်လည်း မောင်အုံးခင် ( ပဲခူးတိုင်းဦးစီးအရာရှိ ) မောင်ဝင်း ( ဆည်မြောင်းဦးစီးဌာန - ကွယ်လွန် ) တို့အပြင် ဟိုတယ်ပိုင်ရှင်တရုပ်ကြီး အဖြစ်သရုပ်ဆောင်သူ ကိုအေးမြင့် ( ပဲခူး အ ထ က ၆ ကျောင်းအုပ်ကြီး ) နှင့် ဟော်တယ်မယ်အစိန်အဖြစ် သ ရုပ်ဆောင်သည့်ကိုကံညွန့်တို့မှာ ပရိတ်သတ်အလွန်သဘောကျသူဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့ကြပါသည် ။ အထက်တန်းကျောင်းသားများနှင့် ကူးသန်းရောင်းဝယ်ရေးအခွတ်ပညာသင်ကျောင်းအုပ် ဦးကြည်မောင် တို့ပါ ၀င်သော ကျောင်းရံပုံငွေကပွဲ၏ ` နတ်သျှင်နောင် ´ ပြဇာတ်တို့မှာ ရုံသွင်းကပြခဲ့ရသော အနုပညာမှတ်တိုင်များ ဖြစ်ခဲ့ပါသည် ။
ပျော်ရွှင်စွာပညာသင်ကြားလျက် စွမ်းဆောင်နိုင်သမျှအနုပညာကိုဆောင်ရွက်ခဲ့သည့်အပြင် ဒိုက်ဦးမြို့၏ မီးထွန်း ပွဲတော်မှာ ကိုသိန်းကြွယ် ( သမ၀ါယမ - ကွယ်လွန် ) နှင့် ကိုအုန်းကြွယ် ( စက်မှုလယ်ယာ ငြိမ်း ) တို့ညီအစ်ကို နှစ်ယောက်ဦးစီးပြီး လျှပ်စစ်ရှားပါးချိန်မှာ မင်းလမ်းတာစုံမှ ကန်ဦးကျောင်းထိပ်အထိ လျှပ်စစ်မီးများထွန်းညှိပူ ဇော်ခဲ့ကြပါသည် ။ ကန်ဦးကျောင်းကြီး၏ ကျောင်းဝန်းအတွင်းမှာလည်း လျှပ်စစ်မီးသီးများကို လှပဝေဆာစွာ ထွန်းညှိထားသည်ကိုလည်းတွေ့ရပေမည် ။ နှစ်ကုန်၍ ကျောင်းကြီးပိတ်ခါနီးအချိန်မှာ ကျောင်းသူ ကျောင်းသား များနှင့် ဆရာ ဆရာမများဦးစီးပူးပေါင်းပြီး ကန်ဦးကျောင်းဆရာတော်ဦးကောဏ္ဍည ထံမှာကျောင်းတွင်လိုအပ် သည့်ပစ္စည်းများကိုမေးလျောက်ပြီး နှစ်စဉ်နှစ်တိုင်း အစဉ်လာမပျက်လှူဒါန်းပူဇော်မှုပြုခဲ့ကြပါသည် ။
ဤသို့ဖြင့် ဘက်စုံပညာရေးကိုစတင်အခြေပျိုးပေးခဲ့သည်ဖြစ်ရာ သူငယ်တန်းမှ ဆယ်တန်းအထိ စင်ပေါ်တာပွဲ လည်တင့်စေခဲ့ပြီး တခြားလူမှုရေးလုပ်ငန်းများကိုပါ အဖက်ဖက်ကအချိန်ရလျှင် ရသမျှဘက်စုံသင်ကြားပေးခဲ့ သော ဆရာ ဆရာမများနှင့် မှီခိုရာ ကန်ဦးကျောင်းတော်မြတ်မဟာကား ဘယ်ခါမှ မေ့နိုင်ဖွယ်မရှိပါပေ ။
( အနုပညာခန်း ပြီးပါပြီ ) . . . . ဆက်ရန်ရှိပါသေးသည် ။ ( စာရိုက်သူ )
Labels:
essay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment