Thursday, September 24, 2015
` အရိပ် ´
မနက်ခင်းနေအပူရှိန်မြင့်တက်လာသည်နှင့်အမျှ ဘိုင်းဒါးပွဲရုံတန်းတွင်လည်း အရောင်းအ၀ယ်များက အရှိန်မြင့် လာနေသည် ။ ရုံတိုင်းတွင် လာရောက်ဝယ်ယူကြသောဖေါက်သည်များနှင့်ဈေးစကားပြောသံ ဈေးဆစ်နေကြသံ များဖြင့်ဆူညံနေသည် ။ ကုန်စိမ်းပစ္စည်းများကို သူ့ထက်ငါသာသော အရည်သွေးကောင်းမွန်သည်များရရန် အလုအယက် လှုပ်ရှားနေကြလေသည် ။ ပွဲရုံပိုင်ရှင်များကလည်း အရောင်းထွက်ရေး ၊ လယ်သမားဈေးကောင်း ရရေး ၊ ကိုယ့်အတွက်ပွဲရုံခ ရရေးတို့အတွက် အာပေါက်အောင်ပြောဆိုရသည် ။ ကုန်စိမ်းဆိုသည်က များသော အားဖြင့် ခရမ်းချဉ် ၊ ခရမ်းခေါင်းသီး ၊ ဂေါ်ဖီ ၊ ငရုတ် ၊ ပြောင်းတို့ ပင်ဖြစ်သည် ။ ခရမ်းချဉ်သီးတွင် ထိုင်ဝမ်းသီးလို့ ခေါ်သော အလုံးကြီးကြီး အ၀ိုင်းပုံ နှင့် သေးသွယ်သွယ်ရှိသောခေါင်းစိမ်းသီးဟူ၍ နှစ်မျိုးကိုအများဆုံးရောင်းချ ကြသည် ။ ခရမ်းခေါင်းသီးတွင်လည်း လက်ညှိုးသာသာအရွယ်ကို ပြုတ်သီး ။ ထိုထက်ကြီးသောအသီးကို လတ် သီး ။ အကြီးဆုံးအသီးကို ညိုသီးလို့ခေါ်ကြသည် ။ ကိုင်းသမားတွေက မိမိတို့သီးနှံများကို မိမိနှင့်သက်ဆိုင်သော ပွဲရုံများကိုလာပို့ကြရသည် ။ ထိုသက်ဆိုင်သောပွဲရုံများမှ ကြိုတင်ငွေများထုတ်ယူထားသောကြောင့် မပို့မဖြစ်ပို့ ကြရသည်ကများသည် ။ တကယ်လို့ ပွဲရုံနှစ်ရုံ သုံးရုံခွယူထားသူများဖြစ်လျှင်တော့ ပြဿနာရှင်းကြရမှာ ကျိန်း သေပေသည် ။ ပွဲရုံများမှ ထိုလယ်သမားကိုင်းသမားများကိုကြိုတင်ထုတ်ယူသောငွေအတွက် အတိုးပေးရသလို ကိုယ့်ရဲ့ကုန်စိမ်းသီးနှံရောင်းချပေးရမှုအတွက်လည်း ပွဲခပေးရပေသေးသည် ။ လယ်သမားကိုင်းသမားအတွက် လည်း လုပ်နိုင်လို့လုပ်သလို ။ ပွဲရုံကလည်း လုပ်နိုင်လို့လုပ်တာဖြစ်သည် ။ ဘယ်လိုပဲဖြစ်ဖြစ် လယ်သမားကိုင်း သမားအတွက်က ရာသီဥတုဖေါက်ပြန်မှုကြောင့်သာ မိမိပစ္စည်းပျက်စီးတာသာရှိသည် ။ ဆုံးရှုံးမှုမရှိ ။ ပွဲရုံက နောက်တစ်နှစ်ထပ်ယူ လိုက်ရုံသာဖြစ်သည် ။ ပွဲရုံသမားကတော့ဆုံးရှုံးမှုရှိသည် ။ တချို့လည်လွန်းတဲ့သူများက ပွဲရုံနှစ်ရုံ သုံးရုံလောက်ကို ကြိုငွေလှည့်ပတ်ယူ ။ ပြီးတော့ပစ္စည်းမချ ။မကျေနပ်လို့တရားစွဲတော့လည်း စွဲဆိုသူ များနှင့်ဆိုလျှင် ကိုယ်ပေးလိုက်သောငွေကြေးများပြန်ရဖို့ခက်သည် ။ တောင်းရဖန်များလာတော့ စိတ်ပျက်ပြီး လက်လျော့လိုက်ရတာလည်းရှိသည် ။သို့ပါသော်လည်း နှစ်စဉ်နှစ်တိုင်း ဒီဇင်္ဘာလလောက်မှစတင်ပြီး ပွဲရုံများ စတင်လည်ပါတ်မြဲပင်ဖြစ်သည် ။ မိုးလေဖြိုင်ဖြိုင်ကျမှ ပွဲရုံသိမ်းကြသည် ။
ထိုကဲ့သို့ပွဲရုံစတင်သည့်နေ့ရက်တိုင်းတွင်လည်း မနက်ခင်းဆိုဆူညံပွက်လောရိုက်နေတတ်သကဲ့သို့ မွန်းလွဲလာ သည်နှင့်အမျှ တဖြည်းဖြည်းဆူညံမှုတို့လျော့ကြလာသည်ကလည်း ပုံမှန်ရာသီစက်ဝန်းကဲ့သို့ပင်ရှိနေတတ်ပါ သည် ။နေ့ခင်းထမင်းစားပြီးသည်နှင့် ကုန်သည်တို့ကလည်း သင့်တော်ရာနေရာမှာ နားနေသူကနားရင်း အနီးနားကသူများနှင့်စကားလက်ဆုံကြလျှင်ကြ မကြလျှင်လည်း လဲလှောင်းသူလှောင်းနဲ့ အပြန်ခရီးအတွက် အားမွေးနေကြလေ့ရှိသည် ။ ပွဲရုံတန်းမှာရှိသူတို့၏ လောဘတို့တဖြည်းဖြည်းလျော့ကြနေသော်လည်း နွေနေ့ခင်း ရဲ့အပူရှိန်ကိုမလွန်ဆန်နိုင်ကြလို့ထင့် တော်ရုံကိစ္စလောက်ဖြင့် ဘယ်သူမှအပြင်မထွက်ကြတော့ပေ ။ တခါတရံ စိတ်ကူးပေါက်လို့ ထဖွင့်တတ်သော စားသောက်ဆိုင်ဖက်မှ သီချင်းကိုကိုသာ ထွက်ပေါက်တစ်ခုလိုသဘော ထား ပင်လယ်ကမ်းခြေမှာ အပန်းဖြေရသည့်နှယ် ။ သို့ပါသော်လည်း မြန်မာ့ရိုးရာလှည်းတို့ဖြင့် ကုန်ပစ္စည်းတို့ သယ်ဆောင်ရောင်းချနေကြသော်လည်း ထိုသီချင်းဖွင့်သူပိုင်ရှင်တွေက မြန်မာ့ရိုးရာအနုပညာသည်တွေကို မေ့ ပျောက်ထားဟန်တူသည် ။ နွေနေပူပူမှာ ရက်ပ် ( rap ) စာသားများနှင့်အပန်းဖြေရသူအဖို့မှာတော့ အတော် လေးကိုယ်ခံအားကောင်းသူများဖြစ်ဖို့လမ်းစဖွင့်ပေးနေသည်လို့ဆိုရမည် ။ သို့ပေမယ့်လည်း ညခင်းနားခိုရာနေ ရာလေးဖြစ်သည့် ကာရာအိုကေဆိုင်ဖက်တွင် ခေါင်းလောင်းထိုးသံကြားရလေ့ရှိသည် ။ ထိုသီချင်းမျိုးကလည်း တော်ရုံဆိုတတ်သူပင်လျှင် ရွာဓလေ့ ရွာစရိုက်ရွာအသံ ရွာပါတ်ဝန်းကျင်မှာကြားရသည်က အင်မတန်လိုက်ဖက် သည်မဟုတ်ပါလား ။
ထိုပွဲရုံတန်းတွင် ညခင်းအဆိုသမားရှိသကဲ့သို့ တခါတရံတွင်လည်း နေခင်းဖက် အကသမားလည်းရှိတတ်သည် ။ သီချင်းသံကြားလျှင် ကြားရသောသီချင်းသံနှင့် သူစိတ်ထင်သောအကများဖြင့်တင်ဆက်လေ့ရှိသည် ။ ထိုသူ သည်ကား သူဟုဆိုသည်ထက် သူမဟူဆိုလျှင်ပိုမှန်ပေသည် ။ အရပ်ကမတိုမရှည် ။ ကိုယ်လုံးကပိန်ပိန်ပါးပါး ။ ၀တ်ထားပုံက အပေါ်ကရှင်မီးအင်္ကျီဝေ့စကုတ် ။ အောက်က စကပ်နဲ့ခုန်ဖိနပ် ။နာမည်ကအပျံစာ မဂျမ်းဆိုပဲ ။ အမြဲတမ်းမြင်တွေ့ရသည်တော့မဟုတ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူမရောက်လာသည့်အချိန်နှင့် သီချင်းဖွင့်သံတို့ တိုက်ဆိုင်ခဲ့မည်ဆိုလျှင် ကိန်းဂဏန်းတချို့ဖြင့် မွန်းကြပ်လှသော နေရောင်ခြည်အခိုးငွေ့တို့ဖြင့် ပူလောင်လှ သောနေရာတွင် စိတ်ထွက်ပေါက်တစ်ခုအဖြစ် ဖျော်ဖြေပေးနေသလို ဖြစ်တာက အမှန်ပင်ဖြစ်သည် ။သူမ၏ အက ကိုလူတိုင်းလိုလိုအားပေးနေလေ့ရှိသည် ။ မြန်မာသီချင်းဆိုလျှင် ခေါင်းခါးခြေလက် မှန်မမှန်ဆိုတာထက် ထိုးချင်ရာထိုး ကွေးချင်ရာကွေးနေသည်က များသည် ။ ခေတ်ပေါ်သီချင်းဆိုလျှင်လည်း ဖင်လှုပ် ခေါင်းခါ တို့ဖြင့် သူမစိတ်ထဲရှိသမျှတို့ကို တေးသရုပ်ဖေါ်ထွက်နေသည့်အလား အပီအပြင်ကိုကြဲလေ့ရှိသည် ။ ဆုတက်ချမည့် သူလည်းမရှိလည်းက ။ လက်ခုပ်သံအကျယ်ကြီးကြားချင်တယ်လည်းမအော် ။ အကဲဖြတ်ဒိုင်လူကြီးမင်းများက လည်း မည့်သည့်အမှတ်မှမပေး ။ ပူလောင်မှုကြားမှာ သီချင်းသံသာ သူမဘ၀တစ်ခုလိုဖြစ်နေသည် ။ တခါတရံ သူမကနေသည်ကို ဂန္ထ၀င်သီချင်းမျိုးဖွင့်လိုက်ပါက မျက်စောင်းလှမ်းထိုးကာ ပါးစပ်တပြစ်ပြစ်နှင့်ပြောရင်းထွက် သွားလေသည် ။တစိခုတော့ရှိသည် ။ ညနေစောင်းပွဲရုံတန်းသိမ်းချိန်ဆိုလျှင် သူမနှင့်မျက်မှန်းတန်းမိသောပွဲရုံ များတွင် မုန့်ဖိုးတောင်းလေ့ရှိသည် ။ မျက်မှန်းတန်းမိတယ်ဆိုသည်က မနက်ခင်း အရောင်းအ၀ယ်လုပ်သည့်အ ခါတွင် ခရမ်းချဉ်သီးများကိုတောင်းဖြင့်သာချိန်တွယ်ရောင်းချကြသည်ဖြစ်၍ အလေအလွင့်ရှိသလို ပိုးပေါက်ပါ တာတို့ ပါးဖြူဖြစ်နေတာတို့ ပျော့နေတာမျိုးတို့ဆိုလျှင် ဖယ်ထုတ်ကြသည်ဖြစ်လို့ ထိုခရမ်းချဉ်အမှိုက်များကို ၀ိုင်း သိမ်းပေးလေ့ရှိသောပွဲရုံတို့ကိုဆိုပါသည် ။ ခက်သည်က တောင်းလျှင်လည်းနည်းနည်းများများပေးမှကြိုက်သည် ။နောက်မှယူဆိုလျှင် “ ညတုန်းကတော့ ခဏဆိုပြီး မိုးလင်းသွားပြီးတော့မှ အခုမုန့်ဖိုးလေးတောင်းမှမပေးချင်ဘူး လား ” စသည်ဖြင့် ပေါက်ကရစကားလုံးတွေ တန်းစီထွက်လာတတ်သည် ။ ထို့ကြောင့် နောက်ချင်စချင်သူများ မှအပ မိဂျမ်းမုန့်ဖိုးတောင်းလျှင်ပေးလိုက်ကြသည်က များပါသည် ။
သေချာတာကတော့ ထိုပွဲရုံတန်းလေးတွင် သူမတစ်ယောက်ရှိသည့်အချိန်များက တော်တော်လေးအဆင်ပြေ သည် ။ အလုပ်အားသည့်အချိန် သီချင်းမဖွင့်သည့်အချိန်ဆိုလျှင် သူမကို စကြ နောက်ကြဖြင့် အချိန်ဖြုန်းရလို့ ပင်ဖြစ်သည် ။ ဒီပြင်ဆိုလျှင် အင်မတန်ပျင်းရိဖွယ်ကောင်းသောအချိန်များကိုကျော်ဖြတ်ရသည်မှာ အိပ်ချင်နေသူ တစ်ယောက် မျက်လုံးကို အတင်းဆွဲဖွင့်ထားရသလို ဟိုမရောက်ဒီမရောက် ။ တခါမျက်နှာစိမ်းကုန်သည်တစ် ယောက်က သူမအကြောင်းမသိ စိတ်ကလည်းတိုနေသည်ထင်ပါရဲ့ “ တောက် ….. ဒီအရူးမတော့ ” ဆိုပြီးကျိန်း မောင်းမိတာကို ပြန်ပြောလိုက်တာများ “ ဟဲ့ …. အကောင် ဒီလောကထဲမှာ ငါတစ်ယောက်ထဲရူးတာမဟုတ်ဘူး ဟဲ့ … နင်တို့လည်းရူး မယားတရူး ဥစ္စာရူး ရူးနေကြတာချည်းပဲ ။ ဘုရားဟောတဲ့စကားနားမထောင်ဘူးဖူးလား ။ ငါ့ကရူးတယ်ဆိုပေမယ့်လို့ သူများဆီကညာမစားဘူး ။ ခိုးမစားဘူး ။” စသည်ဖြင့်ကရားရေလွှတ်ပြောပြီး အောက် ပိုင်းစကားတွေပါ ပါလာတဲ့အပြင် ဟိုချွတ်ဒီဖေါ်တွေဖြစ်ကုန်ပြီး စောစောကဟောက်မိတဲ့သူလည်း ကိုယ် ပျောက်ဝိဇ္ဖာဘ၀ရောက်သွားတော့သည် ။ ကျန်တဲ့သူတွေက အားလုံးပြုံးစိစိနဲ့ ဈေးကြီးမိခဲ့တဲ့ ကုန်သည် ပီသနေလေသည် ။
ထိုပွဲရုံတန်းတွင် အများသူငှာ သူမအပေါ်စိတ်ဝင်စားမှုရှိသလို ကျွန်တော်လည်းစိတ်ဝင်တစားရှိမိသည် ။ သူများ တွေကတော့မသိ ။ ကျွန်တော်ကတော့ အရူးဟုဆိုသူများကို အရင်ကတည်းက စိတ်ဝင်တစားရှိမိသည် ။ ထိုသူ တွေက ရူးနေတာပဲ ဘာမှမသိပါဘူးလို့အထင်သေးလို့မရပါ ။ တစ်ခါကြုံလို့ လူတစ်ယောက်ပြောပြတဲ့ အကြောင်း ဆိုလျှင် တော်တော်လေးသဘျောကမိသည် ။ အရင်စိတ်ရောဂါကုဆေးရုံနားမှာဘောလုံးကွင်းတစ် ကွင်းရှိသတဲ့ ။ အဲဒီလူတွေက ဒီဘောလုံးကွင်းမှာ ညနေတိုင်းဘောလုံးကန်လေ့ရှိတယ် ။ သူတို့ဘောလုံးကန်နေ တာကို ဆေးရုံအပေါ်ထပ်က လူနာတွေကမြင်ရတယ် ။ ဒီလိုနဲ့ဘောလုံးကစားနေရင်းတစ်နေကြတော့ သူခြေထဲ ကဘောလုံးကို တခြားကစားဖော်တစ်ယောက်ပေးရမယ့်အစားမပေးပဲ ကွင်းလယ်မှာတင်တစ်ယောက်ကို ခေါက် လိုက် လိမ်လိုက် နောက်တစ်ယောက်ကို ဖိန့်နဲ့ကျော်လိုက်လုပ်နေတဲ့အချိန်မှာ ကွင်းပြင်ကနေ ဟေ့ကောင်ပေး လိုက်တော့ ပေးလိုက်တော့လို့ အော်ပြောနေတဲ့အသံကိုကြားရသတဲ့ ။ ဒါပေလည်း သူက ဘယ်သူမှမပေးပဲ ဆက်ကစားနေတာ သုံးယောက်လောက်လည်းကြရောဘောလုံးကပါသွားပါလေရော ။ အဲဒီတော့မှ သူ့ကိုဘယ် သူအော်ပြောနေတာလည်းလို့ လိုက်ကြည့်လိုက်တဲ့အချိန်မှာ ဆေးရုံအပေါ်ထပ်က စိတ်ဝေဒနာသည်က ဘာထပ်ပြောတယ်မှတ်လည်း “ ကောင်းတယ် ငါဒီလောက်အော်ပြောနေတာ စောက်ဂရုမှမစိုက်တာ ခုတော့ သူများနောက်ပါသွားပြီပေါ့လို့ ”ပြောပြီးပြတင်းပေါက်ကနေလှည့်သွားတယ်ဆိုပဲ ။ ဒီအဖြစ်အပျက်လေးက ဘာမှတော့မဟုတ်ပေမယ့်လို့ သေသေချာချာစဉ်းစားကြည့်လျှင် ထိုဝေဒနာသည်တွေမှာလည်း အချိန်ပြည့် ဖြစ် နေတာမျိုးမဟုတ်ဘူးဆိုတာကိုညွှန်ပြနေသည် ။ကျွန်တော်စိတ်ဝင်စားတာက ရူးခြင်းဆိုတဲ့ဘာသာရပ်အစား သူတို့တတွေမှာဖြစ်နေတတ်သည့် စိတ်အခြေအနေကိုပင်ဖြစ်သည် ။
အခုလည်းထိုကဲ့သို့အဖြစ်အပျက်တစ်ခုကို မိဂျမ်းဖန်တီးလိုက်ပါသေးသည် ။ သူမရှိနေတဲ့နေ့တစ်နေ့ရဲ့ နေ့ခင်း မှာဖြစ်သည်။ ကုန်စိမ်းရောင်းလာသော ထိုမိသားစုက နောက်ကျပြီးနေ့ခင်းဖက်မှ ရောက်လာချိန်ဖြစ်သည်။ သို့ သော်လည်း ထိုနေ့ကသီချင်းဖွင့်ထား၍ သူမကနေသောပွဲရုံတွင်လာရောက်ရောင်းချသည်တော့မဟုတ် ။ ဘေးကပွဲရုံတွင်ဖြစ်သည်။ခရမ်းချဉ်သီးများလာရောင်းသည်ဖြစ်၍ နွားလှည်းဖြင့်လာကြသည် ။လှည်းပေါ်တွင် အ မျိုးသမီးတစ်ယောက် ကလေးတစ်ယောက်ရယ်ပါလာသည် ။ ပွဲရုံရှေ့ရောက်သည့်အခါ လှည်းရပ်လိုက်ချိန်၌ ကလေးနှင့် အမျိုးသမီကဆင်းလိုက်သည် ။ ပြီးတော့ ကလေးကကောင်းကောင်းလမ်းလျောက်တတ်သည့်အ ရွယ်ဖြစ်သည်မို့ လမ်းပေါ်ချပေးလိုက်သည်နှင့် ဦးတည့်ရာလျောက်သွားသည် ။ လှည်းပေါ်က ဖခင်ဖြစ်ဟန်တူ သူကလည်းအေးအေးဆေးဆေး ။ အောက်ရောက်နေတဲ့မိခင်ဖြစ်သူကလည်း ကလေးလမ်းလျောက်သွားတာ တွေ့နေပေမယ့်လို့အေးအေးဆေးဆေး ။ ထိုနေရာမှ မိဂျမ်းကနေသည့်နေရာရောက်လာသည် ။ ခဏရပ်ကြည့် သည် ။ ပြီးတော့ဆက်လျောက်သွားသည် ။ ကလေးသူနားလာရပ်ကြည့်တာမိဂျမ်းသိသည် ။ ဆက်လျောက် သွားတာကိုလည်းသိသည် ။ ထို့နောက်မိဂျမ်းကတာရပ်လိုက်သည် ။ ဟိုကြည့် ဒီကြည့် ကြည့်သည် ။ ထို့နောက် ကလေးနောက်ကိုလိုက်သွားသည် ။ ကလေးအနားရောက်သွားသည့်အခါ သူမကုတ်အင်္ကျီကိုချွတ်လိုက်သည် ။ ထိုနောက်တွင်မူ ကလေးသွားရာနောက်သို့ တကောက်ကောက်လိုက်ပြီး ထီးမိုးပေးနေသလို သူမအင်္ကျီဖြင့် လိုက်မိုးနေတော့သည် ။ ထိုမြင်ကွင်းကိုမြင်သည့် ကလေးအမေက ကလေးကိုလာချီပြီး ပွဲရုံထဲသို့ခေါ်သွားသည် ။ မိဂျမ်းတစ်ယောက်ခါးထောက်ပြီး သူတို့ကိုရပ်ကြည့်နေလေတော့သည် ။
စသအ
၃ . ၄ . ၂၀၀၃
တချိန်တုန်းကအဟောင်းတွေပါ ခုမှစာအုပ်ပြန်တွေ့လို့ ။။။။။။
( အိမ်ပြင် မှတ်စုစာအုပ်များပျောက်ဆုံး )
Labels:
artical
Subscribe to:
Post Comments (Atom)
No comments:
Post a Comment