Saturday, September 26, 2015

စိန်နားကပ် ကဗျာနဲ့ အဆိုတော်မင်းအောင် (သို့မဟုတ်) တော်လှန်ရေးနဲ့ အနုပညာရောစပ်ထားတဲ့ ဗိုလ်တိုက်မောင်း (၁)

Add caption သူ့ အကြောင်းပြောမယ်ဆိုရင် ဦးဇင်းတို့မြို့မှာ ပြောမ ကုန်နိုင်တဲ့ ဇာတ်လမ်းတွေ အများ ကြီးပဲ။ သူနဲ့ ရင်းနှီး သူတိုင်းက သူ့ကို အမှတ်ရတိုင်း တဦးဆီနဲ့ပတ်သတ် ခဲ့တဲ့ ဇာတ်လမ်းလေးတွေကို ပြောပြီးအလွမ်းဖြေကြ တယ်။ ဒီဇာတ်လမ်းတွေကိုသာ စုစည်းထားနိုင်မယ် ဆိုရင် မြို့ရဲ့သားကောင်းတစ်ယောက် အကြောင်းကို တခမ်းတနားဖော်ပြတဲ့ စာအုပ်ကြီး တအုပ်ဖြစ်လိမ့်မယ်။ ဟုတ်တယ်။ သူဟာ ဦးဇင်းတို့မြို့ရဲ့ စံပြုထိုက်တဲ့ သားကောင်းတ ယောက်ပဲ။ သူ့မှာ နာမည်တွေများစွာရှိတယ်။ ငယ်သူငယ်ချင်း ကျောင်းနေဘက်တွေက စိန်နားကပ်လို့ပြောမှ သူတို့ရဲ့ စိတ်နဲ့ နှုတ်ထဲမှာ အရသာရှိရှိ ခေါ်လိုက်ရတယ်လို့ ခံစား ကြရတယ်။ ဒီနာမည်လေးဟာ သူတို့ ချစ်သူငယ်ချင်းရဲ့ ရိုးသားမှု၊ မာန်မာနမရှိမှုကို ကိုယ်စားပြုနေတယ်ဆိုတာ စိန်နားကပ်လို့ ခေါ်သူတိုင်းက ရင်ထဲမှာ ခံစားကြရတယ်။ ကိုးတန်းကျောင်းသားရောက်တဲ့အထိ နားကပ်ကြီးကို ပန်ထားဆဲပဲ။ တောဓလေ့ထုံးစံက ယောက်ကျားလေးတွေလည်း ငယ်ငယ်ကလေးကတည်းက နားပေါက်ဖောက်တယ်။ နားဋောင်းဝတ်တယ်။ သျှောင်ကြီးဗွေနဲ့ နေကြတယ်။ ဒီအစဉ်အလာကို သူဟာ အရွယ် ရောက်လာတဲ့အထိ မစွန့်လွှတ်ဘူး။ သူငယ်ချင်းတွေကြားမှာ ရှက်စရာလို့ သူဘယ်တော့ မှ မမှတ်ထင်ခဲ့ဘူး။ ကြာတော့ နောက်ပြောင်သူတွေလည်း လက်လျှော့ပြီး စိန်နားကပ် လို့ပဲ သူ့ကို ချစ်စနိုးခေါ်ကြတော့တယ်။ ပစ္စည်းဥစ္စာနွမ်းပါးပေမဲ့ သူ့မှာ ရိုးသားမှုတွေ ချမ်း သာတယ်။ ကျောင်းတက်တုန်း ဆောင်းဖို့ ထီးမရှိလို့ ဝမ်းမနည်းဘူး။ ခမောက်ကြီးကို ဆောင်းလို့ ကိုးတန်း၊ ဆယ်တန်း အထိမက ကျောင်းဆရာဖြစ်တဲ့အထိ ဆောင်းတယ်။ ဒါတွေဟာ သူထွင်နေတာမဟုတ်ဘူး။ ရှိတာနဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် နေထိုင် တာပဲ။ KTM ဦးဇင်းတို့မြို့မှာ တခုတည်းသော ပင်းမင်းဆိုင်ရှိတယ်။ ဆိုင်နာမည်က အိုကေတဲ့။ ဦးဇင်း နဲ့ ရင်းနှီးတဲ့ အဲဒီ ပင်းမင်းဆိုင်က အဒေါ်ကြီးက ဦးဇင်းကို ပြောတယ်။ “တပည့်တော်လေ အဲဒီကောင်လေးကို စိတ်ထဲက ဘယ်လိုကြည်ညိုမှန်းမသိဘူး။ နေ့ တိုင်း အမေဈေးထွက်တာကို ဈေးခြင်းကို ထမ်းပြီးပို့ပေးတယ်။ စာပေးစာယူ သွားဖြေခါနီး ကျမှ သူ့အဝတ်အစားထဲက အကောင်းဆုံးနှစ်စုံကို ပင်မင်းလာပေးတယ်။ တပည့်တော် လေ သူများ အဝတ်တွေထက်ကို ပိုစေတနာထည့်ပြီးတော့ လျှော်ပေးလိုက်တယ်။ သူ အဲဒီနှစ်ထည်တည်းနဲ့ တလလုံး ရန်ကုန်မှာ ဘယ်လိုနေမယ်မသိဘူး။” ပင်မင်းဆိုင် အဒေါ်ကြီးရဲ့ စကားထဲမှာ သူ့ဘဝနဲ့ သူ့နေထိုင်မှုတွေပုံပေါ်နေတယ်ထင် တယ်။ ဦးဇင်းတို့ ကျောင်းက ကိုရင်တွေကတော့ သူ့ကို အိုင်အိုလို့ ခေါ်ကြတယ်။ ဇာတ် လမ်းတခုထဲက နာမည်ကြီး ဇာတ်လိုက်အိုင်အိုမင်းအောင်ကို၊ ဒီတော့ ကိုရင်တွေက သူ့ ရဲ့နောက်က နာမည်ကိုဖျောက်ပြီး ရှေ့က စကားလုံးအတိုင်း အိုင်အိုလို့ခေါ်တယ်။ သူဟာ အားတဲ့အချိန် ဘုန်းကြီးကျောင်းမှာပဲ အချိန်ကုန်တယ်။ ရှိသမျှ စာအုပ်တွေကို သိမ်းကျုံးဖတ်တယ်။ အားရင် ဦးဇင်းနဲ့ ကဗျာအကြောင်းတွေ ပြောကြတယ်။ အစက သူ့ကလောင်နာမည်က “မင်းဘုံမှီး” တဲ့။ နောက်တော့ သူ့ကလောင်နာမည်ကို ရဲထိန်လို့ ပြောင်းတယ်။ ဒီကလောင်နာမည်နဲ့ပဲ သဘင်မဂ္ဂဇင်းမှာ ကဗျာတစ်ပုဒ်စပါတယ်။ ကဗျာ နာမည်ကို မှတ်မှတ်ရရ ရှိနေတုန်းပဲ။ “ ပဲ့ပြားပင် မဟုတ်သော ငါတို့သည်” တဲ့ ဒီက လောင်နာမည်ကို ကဗျာဆရာ ငါးသိုင်းချောင်း ဝံသာကလည်း သဘောကျတယ်။ သူ့ကို ဟိုကဗျာအရေးကောင်းတဲ့ ကျောင်းဆရာလို့ ကိုဝံသာကြီးက ခေါ်လေ့ရှိတယ်။ ၁၉၈၇ ခုနှစ်ရဲ့ နွေကို ဦးဇင်းကောင်းကောင်းအမှတ်ရနေတယ်။ သူတို့တီးဝိုင်း ပန်းနု ရောင် (the light pink)မှာ သူက အဆိုတော်။ သူ့ဝိုင်းသားတွေရဲ့ တီးခတ်မှု ပိုပြီး အား ဖြည့်ပေးချင်တယ်။ ဒါနဲ့ သူရန်ကုန်သွားပြီး အတီးပညာသင်တယ်။ တကယ့်ဆရာကြီး ကိုရဲလွင်ဆီမှာ တနွေလုံးသင်တယ်။ တကယ်က သူ့မှာ ငွေကြေးပြည့်စုံတာမဟုတ်ဘူး။ တခါတလေ ကောက်ညှင်းထုပ်နဲ့ မနက်စာ၊ညစာပြီးတယ်လို့ပြောတယ်။ တတ်နိုင်သမျှ တော့ ဦးဇင်းလည်း သူ့ကို စရိတ်တွေထောက်သေးတယ်။ ရင်းနှီးတဲ့ ဘုန်းကြီးကျောင်းကို အပ်ပေးဖို့ စီစဉ်ပေမယ့် လူတဖက်သားကို အားနာတတ်တဲ့သူက နွမ်းပါးတဲ့ သူ့အဒေါ် တွေဆီမှာပဲ အိမ်အလုပ်တွေ ဝိုင်းကူရင်းနဲ့ နေတယ်။ အဒေါ်အိမ်မှာနေတုန်း အစားအ သောက်အတွက် အဆင်ပြေပေမယ့် တနေကုန်သင်တန်းတွေနဲ့ မအားတဲ့ရက်တွေတော့ အစာခံတဲ့ကောက်ညှင်းထုပ်ကို အိတ်ထဲထည့်ထားတယ်။ တကယ်က သူဟာ တော်လှန်ရေးနဲ့ အနုပညာကို အချိုးကျစွာ ပေါင်းစပ်ထားသူဖြစ် တယ်။ သူပေးဖတ်လို့ နိုင်ငံရေးစာအုပ်မျိုးစုံ ဖတ်ဖြစ်ခဲ့တယ်။ ကဗျာတွေထဲ စာတွေထဲက နိုင်ငံရေးလျှို့ဝှက်ချက်တွေကို ဖော်ထုတ်တတ်လာတယ်။ မဆလရဲ့ တင်းကြပ်တဲ့ စာ ပေစည်းကမ်းထဲက ထိုးထွက်လာတဲ့ စာတွေကဗျာတွေဆိုရင် ဦးဇင်းနဲ့ သူ အငမ်းမရဖတ် ဖြစ်လာကြတယ်။ ကဗျာဆရာ ငသိုင်းချောင်းဝံသာရဲ့ ခြင်များဆိုတဲ့ ကဗျာလေးကို ဖတ် ပြီး သူကိုဝံသာကြီးနဲ့ တွေ့ဖို့ ကြိုးစားခဲ့တာတွေဟာ အနုပညာနဲ့ နိုင်ငံရေး ရောမွှေထား တဲ့ ဘဝကို သူတည်ဆောက်နေတယ်ဆိုတာ ထင်ရှားတယ်။ မဆလ လက်ထက်က စာ ပေစိစစ်ရေး အထပ်ထပ်ကြားက လွှတ်လာတဲ့ (စာပေစီစစ်ရေး သမားတွေနားမလည် တာလည်းဖြစ်ချင်ဖြစ်မယ်) ကဗျာလေးကို ဒီနေရာမှာ တိုက်ဆိုင်လို့ ရေးပြလိုက်ပါတယ်။ ဒီကဗျာကို ကိုမင်းအောင်ကြိုက်နှစ်သက်တာကလည်း ဘာကြေင့်ဆိုတာ စာဖတ်သူ ဖတ် ပြီးရင် သဘောပေါက်မှာပါ။ B8 ခြင်များ မှောင်လာပြီ ဆိုတာနဲ့ ဖွဖွလှုပ်လှုပ် နည်းတဲ့ ခြင်အုပ်ကြီးမဟုတ်ပါလား ဒီခြင်တွေဟာ မြို့ပြကနေ ဆင်ခြေဖုံးထိ တွေ့တွေ့သမျှ၊ မြင်သမျှလူ သွေးသားစုပ်ယူ သောက်မျို၏။ ဒီအချိန်ပဲ ဆင်းရဲချမ်းသာ ဒါပြဿနာမဟုတ် သွေးစုပ်တဲ့ခြင်၊ သန့်စင်လိုက်စို့ ကျွန်ုပ်တို့လည်း ခြင်မုန်းသူ။ ………………………………………………….. ဤကဗျာကိုဖတ်ပြီးတော့ သူကဗျာဆရာပိုင်ရှင် ကိုဝံသာကြီးဆီ စာရေးတယ်။ ကျွန်တော် လည်း ခြင်မုန်းတဲ့သူပါ။ အဲဒီအချိန်တည်းက သူနဲ့ ကိုဝံသာ ကဗျာမိတ်ဆွေ၊ စာမိတ်ဆွေ အဖြစ် တော်တော်ကြီး ရင်းနှီးသွားခဲ့ကြတယ်။ သူလိုအပ်သမျှ စာအုပ်တွေလည်း တချို့ အလကားနီးပါး ကိုဝံသာက ပေးဖတ်တယ်။ ဒီလိုနဲ့ မြို့အနီအနားက အိမ်ခြေလေးဆယ် ဆိုတဲ့ ရွာမှာ အရပ်ခန့် ကျောင်းဆရာဝင်လုပ်တယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် သူ့ကို ကျောင်းအုပ် နေရာပေးတယ်။ အားလုံး တက်ညီလက်ညီ သင်ကြားပေးမှုကြောင့် တန်းလုံးကျွတ် အောင်တယ်လို့ တမြို့နယ်လုံးမှာ ဂုဏ်သတင်းကြီးခဲ့တယ်။ စာသင်ကြား နေတုန်းမှာလည်း ကလေးတွေကို နံရံကပ်စာစောင်တို့၊ ကျဘမ်း စကား ပြောပြိုင်ပွဲတို့၊ မြို့ပေါ်က စာရေးဆရာ၊ ကဗျာဆရာတွေကို ဖိတ်ပြီး ပွဲတွေကို စဉ်ဆက် မပြတ် လုပ်ပေးတယ်။ ဦးဇင်းနဲ့သူ ၁၉၈၇ ခုနှစ်မှာ ဒိုက်ဦးနဲ့ ရန်ကုန်ကို တယောက်တ မြို့ဆီ ခွဲခွာခဲ့ရတယ်။ ၁၉၈၈ ရောက်တဲ့အခါကျတော့ သူနဲ့ ဦးဇင်း ပြန်လည်ဆုံဖို့ နိုင်ငံ ရေး အခြေအနေတွေက ဖန်တီးပေးလိုက်တယ်။ ဖုန်းမော် အရေးအခင်းအပြီး ဇွန်၊ ဇူလိုင် လတွေမှာ မြို့ပေါ်က အဖွဲ့အစည်းပေါင်းစုံက ထွက်ရှိတဲ့ ကြေငြာချက်တွေ၊ စာရွက်စာ တမ်းတွေကို စုစည်းပြီး သူရှိတဲ့ ဒိုက်ဦးမြို့ကို ပို့ပေးရတယ်။ လူချင်းလည်း မကြာခဏ တွေ့ဆုံပြီး အရေးအခင်းတခု ဖြစ်မြောက်လျှင် ကျရာနေရာက ဝင်ပါကြဖို့ ဆန္ဒစောနေ ကြတယ်။ သြဂုတ် လ (၈) ရက်နေ့ တတိုင်းပြည်လုံး အုံကြွမှုကြီးအပြီး ပစ်ခတ်မှုတွေကြောင့် ခေတ္တ ငြိမ်သက်သွားစဉ်မှာ သူ (ကိုမင်းအောင်) ဟာ ဦးဇင်းရှိရာ ရန်ကုန်မြို့ကို ရောက်လာ တယ်။ ဦးဇင်းတို့နှစ်ယောက် နေ့စဉ်ရက်ဆက် ဆေးရုံကြီး အရေးပေါ်ဌာနဘေးရှိ ကွင်း ပြင်ကွက်လပ်မှာ တခါတရံ ကိုယ်ကနားထောင်သူ၊ တခါတရံ ကိုယ်က ဟောပြောသူ အ ဖြစ်နဲ့ မမောနိုင်မပမ်းနိုင် နေ့ရက်တွေကို ဆေးရုံကြီးမှာ ကုန်ဆုံးစေခဲ့တယ်။ ဒီလိုနဲ့ သြ ဂုတ်လ ၂၂ ရက်နေ့ တမြို့လုံးပြန်ပြီး လမ်းပေါ်ပြန်ထွက်မယ်ဆိုတဲ့ ဆော်သြသံတွေနဲ့ အ တူ မနက်အစောကြီး ရန်ကင်းကနေ ရန်ကုန်မြို့ထဲ ဦးဇင်းတို့နှစ်ယောက် အမြန်ဆုံး ရောက်အောင် သွားခဲ့ကြတယ်။ ဦးဇင်းတို့ကား သိမ်ကြီးဈေးနားရောက်တဲ့အခါ အလံ ကိုင်ပြီး တန်းစီထွက်လာတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတယ်။ အဲဒီ လူအုပ်ကြီးနဲ့အတူ ဦးဇင်းတို့ အလုံသခင်မြပန်းခြံဘက်ကို ဦးတည်ပြီး ရွေ့လျားသွား ခဲ့ကြတယ်။ သခင်မြပန်းခြံအရောက်မှာ စစ်တပ်က လမ်းမှဖြတ်တားလို့ တစ်ယောက်တ ကွဲစီ ကွဲခဲ့ကြတယ်။ ဆေးရုံကြီးမှာ လူတွေစုနေပြီဆိုတဲ့ အသံကြောင့် ဦးဇင်းလည်း ဆေး ရုံကြီးကို ပြန်လည်သုတ်ခြေတင်ခဲ့တယ်။ ဒီလိုနဲ့ ၂၂ ရက်ကုန် ၂၃ ရက်အရောက်မှာ ဆေးရုံကြီးမှာ နာမည်ကြီးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေရဲ့ ဟောပြောပွဲတွေနဲ့ ရန်ကုန်ဆန္ဒပြပွဲကြီးဟာ အောင်အောင်မြင်မြင်ကို ပြုလုပ်နိုင်နေပြီ။ ဆက်ရန်…. အရှင်ဇဝန နိုင်ငံရေးအကျဉ်းသားဟောင်း နေ့သစ်ဝက်ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်။ Copy the BEST Traders and Make Money : http://bit.ly/fxzulu

No comments:

Post a Comment